Friday, December 21, 2018

(တိုင်းရင်းသားနဲ့လူမျိုးစု-၁) မျိုးမြင့်ချို

0 comments
(တိုင်းရင်းသားနဲ့လူမျိုးစု)
ကျနော် အင်္ဂလိပ်လိုပြောတိုင်း Ethnic Armed Resistance Groups လို့သုံးတယ်။ ဗမာလို လူမျိုးစုလက်နက်ကိုင်ခုခံရေးအစုများလို့ မချောအောင်ပြန်လည်းရပါတယ်။ ကျနော်ကတော့ လူမျိုးစုလက်နက်ကိုင်ခုခံစစ်ဆင်နွှဲနေသူများလို့ ကိုယ့်ဘာသာပြန်ပါတယ်။ ဘယ်တော့မှ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့အစည်းများလို့မသုံးဘူး။ အခု အင်္ဂလိပ်လိုပြောပြောနေကြတဲ့ EAOs ဆို ပိုတောင် စက်ဆုပ်ရွံရှာပါတယ်။

ခက်နေတာက လူမျိုးစုတွေ(အများစု)ကိုယ်၌က တိုင်းရင်းသားလို့အခေါ်ခံရတာကို မပယ်လှန်နိုင်ဘူး၊ မပယ်လှန်ဝံ့ဘူး။ တချို့ဆို သာတောင် သာယာနေသလား မှတ်ရပါတယ်။ ကိုယ့်ကိုယ်ကို တိုင်းရင်းသားလို့သုံးရတာ ခံတွင်းတွေ့နေတာ ဖြစ်နိုင်သလို နှုတ်ကျိုးသွားတာ၊ ဦးကျိုး သွားတာလည်းဖြစ်နိုင်ပါတယ်။ ဒီနေရာမှာလည်း လူမျိုးစုတို့၊ တိုင်းရင်းသားတို့ဆိုတဲ့စကားလုံးတွေကို အင်္ဂလိပ်လို အငြင်းထွက်စေမယ့် Ethnic, Indigenous, Native စတာတွေကို မသုံးလိုပါဘူး။ နိုင်ငံရေးမှာ ဘာသာစကားဟာ အရေးကြီးတယ်ဆိုပေမယ့် ဘာသာဗေဒ ပညာရှင်တွေလုပ်ရမယ့်အလုပ်ကို သူတို့ဘာသာလွတ်လွတ်လပ်လပ် လုပ်ကြပါစေ။ ဘာသာဗေဒကိစ္စကို နိုင်ငံရေးထဲနေရာတကာဆွဲသွင်းရင် အငြင်းအခုံကလွဲလို့ အကျိုးများစရာလည်း သိတ်မရှိလှပါဘူး။

အမှန်က တိုင်းရင်းသားအခေါ်ခံနေရသူတွေဟာ လူမျိုးစုတစုဘဲဖြစ်ပါတယ်။ ဒါကို ဆိုင်ရာလူမျိုးစုတွေမှာ ဘာသာရေးအရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ ဦးစီးဦးဆောင်ပြုနေသူတွေကိုယ်၌က လူ့အနွယ် လူ့အမျိုး လူ့အစုဆိုတဲ့အမြင်အရရော နိုင်ငံရေးအမြင်အရပါ ပြက်ပြက်ထင်ထင် သိဖို့ နားလည်သဘောပေါက်ဖို့လိုပါတယ်။ ဦးဆောင်နေသူတွေကိုယ်တိုင် ဗူးလုံးနားမထွင်းဖြစ်နေတယ်ဆို နောက်လိုက်တွေ ပိုဆိုးကုန်တော့ မပေါ့။ အဲ့လိုလူတွေက လူမျိုးစုအားလုံး တန်းတူရည်တူနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့၊ လွတ်လပ်တဲ့၊ ဒီမိုကရေစီကျတဲ့၊ လူ့အခွင့်အရေးအာမခံတဲ့ ခေတ်မီလူ့ဘောင်တခု တည်ဆောက်ရေးအတွက် နောက်လိုက်တွေကို ဘယ့်နှယ်လို့လမ်းညွှန်မှုပေးနိုင်ပါ့မလဲက အလေးအနက်ထား တွေးစရာပါ။

ငါတို့လည်း မင်းတို့ဗမာလို လူမျိုးစုတစုဘဲ၊ မင်းတို့လည်း ငါတို့နည်းတူ လူမျိုးစုတစုဘဲလို့ မပြောနိုင်ကြတာ တော်တော်များတယ်။ တိုင်းရင်းသားဆိုတဲ့အနက်မှာကိုက တပြည်တည်းနေတာမှန်ပေမယ့် လက်အောက်ခံ ဒါမှမဟုတ် တဆင့်နိမ့်ဆိုတဲ့သဘောပါနေတယ်။ နမ်နှိမ်ထားတဲ့သဘောပါနေတယ်။ တချို့ဆို တိုင်းရင်းသားလို့ပြောလိုက်ရင် ကိုယ်လုံးတီးနေသူတွေ၊ လူသားစားသူတွေ၊ တရွာနဲ့စစ်တိုက် ခေါင်းဖြတ်လူသတ်နေသူတွေ၊ အရိုင်းအစိုင်းတွေ စတဲ့အထိတောင် မြင်သွားကြတယ်။ ပြောကြတာလည်းရှိတယ်။ အဲ့လိုပြောသံတွေကို ကိုယ်တိုင်လည်း ကြားဖူးပါတယ်။

ကျနော်လည်း စစ်သားလုပ်ခဲ့ဖူးသူ၊ ရှမ်းပြည်မြောက်ပိုင်းက တကယ့်ကိုချောင်ကျတဲ့ ဘာမှဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ လမ်းပန်းအဆက်အသွယ် ခက်တဲ့ အဘက်ဘက်မှာနိမ့်ကျနေတဲ့ လူမျိုးစုဒေသတွေကိုရောက်ခဲ့ပါတယ်။ သူတို့တွေဘဝ ဘယ့်လောက် အောက်တန်းနောက်တန်းကျနေ ကြရသလဲကို ကိုယ်တိုင်မြင်ခဲ့ပါတယ်။ ပြည်တွင်းစစ်ဒဏ်ကို ဘယ့်လောက် အလူးအလိမ့်ခံနေရသလဲကို တွေ့ခဲ့ပါတယ်။ ပြည်တွင်းစစ်မှာ ဘက်တဘက်ဘက်က အပြီးထိန်းချုပ်ထားတဲ့ဒေသတွေမှာ နေကြသူတွေက သိတ်မသိသာလှပေမယ့် ဘယ်ဘက်ကမှ အပြတ်မထိန်းချုပ် နိုင်တဲ့ ကြားဒေသတွေကလူတွေဆို ပိုခံရပါတယ်။ တချို့အဲ့လိုဒေသနေလူတွေထဲက နိုင်ငံရေးအသိမဟုတ်တောင် ဘဝပေးအသိအရ ဘဝပြဌာန်းချက်အရတွေးနိုင်မြင်နိုင် သူတွေကတော့ တဘက်ဘက်ကို အပြတ်ဝင်ရပ်ပြီး တဘက်ဘက်ကို အပြတ်ဆန့်ကျင်တဲ့၊ တိုက်တဲ့ နည်းကိုသုံးပြီး မြေစာပင်ဘဝက ကိုယ့်ဘာသာရုန်းထွက်ကြတယ်။ ရုန်းမထွက်နိုင်သူတွေကတော့ မြေစာပင်ဘဝ ရောက်ကြရတာ။ အဲ့ဘဝ ရောက်ရတာကို အပြစ်မပြောပါဘူး။ ဖြစ်နေတဲ့သဘောကို ပြောတာပါ။

လူဟာ ဘယ်သူတိုက်တွန်းတွန်း မတွန်းတွန်း၊ ဘယ်သူ စည်းရုံးရုံး မရုံးရုံး သူလုပ်စရာရှိတာကို လုပ်ပါတယ်။ ဘာလို့ အဲ့လိုလုပ်ရလဲဆို လူဟာ သူသေမှာကို သိလို့ပါဘဲ။ သေမှာသိတဲ့လူဟာ ဘယ်လိုနေမလဲကို သူ့ဘာသာရွေးချယ်တဲ့သဘောပါဘဲ။ ဒီနေရာမှာ စည်းရုံးရေးတွေ၊ ဖိနှိပ် သူတွေ၊ ဖိနှိပ်ခံတွေ၊ တော်လှန်စစ်တွေ၊ ဖေါက်ပြန်စစ်တွေ ဘာတွေနဲ့ပြောမယ်ဆို သီးသန့်ပြောစရာတွေများမှာပါ။ ကျနော်က တိုင်းရင်းသားနဲ့ လူမျိုးစုကိစ္စဘဲကွက်ပြောမှာမို့ အဲ့ဒါတွကို ခန ကျော်ခဲ့ပါရစေ။
(ဆက်ပါ့မယ်)
မျိုးမြင့်ချို(ဒီဇင်ဘာ ၂၁၊ ၂ဝ၁၈)

0 comments:

Post a Comment