Friday, December 21, 2018

(မီးစရေမှုတ် တဘက်စီဆုပ်) မျိုးမြင့်ချို

0 comments
(မီးစရေမှုတ် တဘက်စီဆုပ်)
အပစ်အခတ်ရပ်တာကနေ ငြိမ်းချမ်းရေးကိစ္စအထိ စစ်အုပ်စုကလုပ်မယ်လို့ မပြောရုံတမယ်ပဲ။ အပစ်အခတ်ရပ်ပေးမယ်လို့မပြောဘူး။ စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ဧပြီ ၃ဝ နေ့အထိ ရပ်ဆိုင်းထားပေးမယ်။

ဒီကြားထဲမှာ လက်နက်ချမလား မချဘူးလား။ အညံ့ခံမလား မခံဘူးလား၊ အပစ်ရပ်လက်မှတ်ထိုးမလား မထိုးဘူးလားစဉ်းစား။ ပြည်သူ့စစ်လုပ်မလား၊ နယ်ခြားစောင့်လုပ်မလားဆုံးဖြတ် အချိန်ကတော့ ဒါပဲ။

လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေလို့မသုံးဘူး။ ထိုးဖို့ကျန်နေသေးတဲ့အဖွဲ့တွေလို့ ယတိပြတ်ပြောတယ်။ မထိုးမနေရဆိုတဲ့သဘောပဲ။ ပင်လုံတွေ ပလုံတွေ တခွန်းမှမပါဘူး။ ၂၁ ရာစုတွေ ၂၂ ရာစုတွေ မပါဘူး။ ရာပြည့်ကိုထိပ်တင်ပြီး စစ်ကော်မတီတခုဖွဲ့တယ်။ ဟိုအဖွဲ့တွေကို အဲ့ဒါနဲ့စကားပြောမယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးငြိမ်းချမ်းရေးစင်တာကို မကောင်းတတ်လို့ ထည့်ပြောတယ်။ NLD အစိုးရအကြောင်း တခွန်းမှမပါဘူး။ ထိပ်သီးတွေ ဘိတ်ချီးတွေမပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံတွေ အတိုင်အတောခံတွေ၊ သမ္မတွေ နှမ္မတတွေမပါဘူး။

နောက်ဆုံး ထိုးထိုး မထိုးထိုး အဲ့ဒီကာလအတွင်း လိမ်လိမ်မာမာနေ။ ပြောတဲ့အတိုင်းလုပ်။ မဖေါက်နဲ့ ဖေါက်တာနဲ့ ကျည်ပေါက်သံကြားရမယ်မှတ်။ ပြောကတည်းက အပစ်ရပ်မယ်လို့ ပြောမထားဘူး။ အဲဒီ ရပ်ဆိုင်းထားတဲ့ကာအတွင်းမှာပဲ လိုအပ်ရင် အချိန်မရွေး ထကိုင်မယ်။

သူ ဒါလုပ်တော့မယ် လွှတ်တော်က သဘောတူပေးပေးမပေးပေး၊ အစိုးရက ကြည်ဖြူဖြူမဖြူဖြူ။ အရပ်စကားနဲ့ လူတိုင်းနားလည်အောင် ချုပ်လိုက်ရင်ဒါပဲ။ သူ ကန်ထရိုက်ချပေးထားတဲ့အစိုးရလည်း ကန်ထရိုက်စာချုပ် ၂ဝဝ၈ အတိုင်းနေဆိုတဲ့သဘောပဲ။

ဒါကို အူမြူးတဲ့ကောင်ကမြူး ဝမ်းသာတဲ့ကောင်က သာ။ ဒါ သူတို့ဝမ်းနာ သူတို့သာသိသမို့ ကိုယ်နဲ့မဆိုင်လို့တော့ပြောမရဘူး။ သူတို့အူမြူးတာ ဝမ်းသာတာက သူတို့အကျိုးစီးပွားတွေရှိနေလို့ဆိုပြီး ဘေးထွက်တွေးလို့မရဘူး။ အဲ့ကောင်တွေက သမိုင်းမှာ သူတို့နေရာ ဘာဆိုတာသိပြီး လူတောမတိုးတော့ဘူး။

ကိုယ်တွေ တွေးရမျာက ဗိုလ်ကျလို့ရတဲ့ကောင်ဆိုတာ ဗိုလ်ကျလို့ရသမျှ ကျမှာဘဲ။ သွေးတိုးစမ်းကြည့်ပြီး လုပ်လို့ရတယ်ဆို လုပ်မှာပဲ။ “သူတို့ကိုလုပ်နေတာ ငါတို့ကိုလုပ်တာမှမဟုတ်“လို့တွေးရင် ငါတို့အလှည့်ရောက်လာပါလိမ့်မယ်ဆိုတာကို ကြပ်ကြပ်ဆင်ခြင်ပြီး စုစုစည်းစည်း ဖြစ်နိုင်သမျဖြစ်အောင်လုပ်ကြဖို့လိုပါတယ်။
(မျိုးမြင့်ချို) ဒီဇင်ဘာ ၂၁ ၊ ၂ဝ၁၈

0 comments:

Post a Comment