အမေနဲ့ အမျိုးသားရေးစိတ်ဓာတ်ဒေါက်တာသန်းရင်မာ/ ဖိုးသံ (လူထု)
အမျိုးသားရေးစိတ်ဓာတ်ဟာ အမေ့ ဒီအင်န်အေထဲမှာကို ပါနေတယ်လို့ပြောရင် ရလိမ့်မယ်ထင်ပါတယ်။ အကြောင်းက သူ့အဖေ၊ သူ့အဖိုး တို့ကလည်း ထက်သန်တဲ့ အမျိုးသားရေးစိတ်ဓာတ်ရှိသူတွေ ဖြစ်လို့ပါပဲ။
အမျိုးသားရေးစိတ်ဓာတ်ဟာ အမေ့ ဒီအင်န်အေထဲမှာကို ပါနေတယ်လို့ပြောရင် ရလိမ့်မယ်ထင်ပါတယ်။ အကြောင်းက သူ့အဖေ၊ သူ့အဖိုး တို့ကလည်း ထက်သန်တဲ့ အမျိုးသားရေးစိတ်ဓာတ်ရှိသူတွေ ဖြစ်လို့ပါပဲ။
အမေ အသက်ရလာတာနဲ့အတူ ဗမာနိုင်ငံရဲ့အမျိုးသားရေးလှုပ်ရှားမှုဟာလည်း
ရင့်ကျက်လာခဲ့ပါတယ်။ အရင်ကတော့ ဗမာနိုင်ငံရဲ့အဦးပိုင်း
အမျိုးသားရေးလှုပ်ရှားမှုတွေကို ပဒေသရာဇ်မင်းညီမင်းသားတွေနဲ့ မင်းလောင်းတွေ၊ ဒေသခေါင်းဆောင်တွေက
ဦးဆောင်ခဲ့ကြတာပါ။ သူတို့ဟာ လက်နက်ကိုင်စွဲ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့
သူတို့ထက် လက်နက်ခဲယမ်းပိုကောင်းတဲ့၊ လေ့ကျင့်မှုပြည့်စုံတဲ့ ကိုလိုနီတပ်တွေရဲ့ နှိမ်နင်းမှုကို
ခံခဲ့ရပါတယ်။
အမေ့ရဲ့ အမျိုးသားရေးဝါဒဟာ အဲဒီတုန်းက အကျယ်အပြန့်လွှမ်းမိုးနေတဲ့
ပဒေသရာဇ်အမျိုးသားရေးဝါဒနဲ့ ကွဲပြားပါတယ်။ သူတို့ရဲ့ ကြွေးကြော်သံက “အမျိုး-ဘာသာ-
သာသနာ”ဆိုတာမျိုးဖြစ်ပြီး ခေါင်းဆောင်တွေထဲမှာ သံဃာတော်တွေ အများအပြားလည်း ပါဝင်ကြ
ပါတယ်။ ဒီလိုကြွေးကြော်သံတွေကို ဒီလိုအချိန်မှာကိုင်စွဲနေတာဟာ ကမ္ဘာကြီးနဲ့အဆက်ပြတ်နေတဲ့လက္ခဏာလို့
ပြောနိုင်ပါတယ်။ သူတို့တိုက်ပွဲဟာ တရားမှန်ကန်ပြီး လူထုကြီးရဲ့ထောက်ခံမှုကိုလည်း
သူတို့ ရကြပါတယ်။ ဒါပေမဲ့ ဒီတောင်းဆိုချက် ကြွေးကြော်သံတွေဟာ အကန့်အသတ်
ရှိလှပါတယ်။
တက္ကသိုလ်တွေကနေ ပညာတတ်တွေ
ပိုထွက်လာတာနဲ့အမျှ အခြေအနေတွေဟာလည်း ပိုတိုးတက်လာပါတယ်။ ဗမာပြည်ထဲကို ခေတ်သစ် နိုင်ငံရေး
တင်သွင်းလာတာဟာ ပညာတတ်တွေဖြစ်တယ်လို့ ဆိုရင်မမှားပါဘူး။ တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့
လွတ်လပ်ရေးရလိုတဲ့ဆန္ဒတို့ဟာ အမေ့ရဲ့ရင်ထဲမှာ စွဲမြဲစွာကိန်းအောင်းနေပါတယ်။ အမေဟာ
အဲဒိရင်ဘတ်နဲ့ ရန်ကုန်တက္ကသိုလ်ကိုတက်ခဲ့ပါတယ်။ သူ့ရဲ့အမျိုးသားရေး စိတ်ဓာတ်ဟာ
အဲဒီခေတ်အဲဒီအခါမှာဖြစ်ပေါ်နေတဲ့ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ပေါင်းစည်းမိပြီး
သူ့ခေါင်းထဲမှာ တညီးညီးတောက်လောင် နေတဲ့ မီးရှူးတန်ဆောင်ကြီး ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်သူဟာ လက်တွေ့နိုင်ငံရေးအကြောင်း ပိုနားလည်လာပြီး
တကယ်လှုပ်ရှားလုပ်ကိုင်နေကြတဲ့ သခင်အောင်ဆန်း၊ သခင်ဗဟိန်း တို့လို ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်တွေနဲ့
ထိတွေ့လာရပါတယ်။ အဲဒီနောက် သုံးနှစ်လောက်နေတော ကွန်မြူနစ်ပါတီကို ထူထောင်သူ တွေထဲမှာ
ဒီပုဂ္ဂိုလ်လေးနှစ်ဦးရဲ့နာမည်ကို တွေ့ရတော့တာပါပဲ။ ဒါကြောင့်အမေရဲ့နိုင်ငံရေးအမြင်ဟာ
တက္ကသိုလ်ရောက်ပြီးနောက်ပိုနိုးကြား ပိုအမြင်ကျယ်လာတယ်လို့ဆိုနိုင်ပါတယ်။ သူ့
ရင်ထဲမှာ တိုင်းပြည်ချစ်စိတ်ဓာတ်နဲ့ မတရားတာကိုမုန်းတီးမှုတွေ အလျင်အမြန်တိုးတက်
ကြီးထွားလာရင်း ကျောင်းသားသပိတ်ပေါ်ပေါက်လာတဲ့အခါမှာ ပေါက်ကွဲထွက်ပြီး သူ့ကိုရှေ့တန်းမှာ
မိန့်ခွန်းပြောနေတာတွေ တွေ့ရတော့ တာပါပဲ။
အဲဒီခေတ်တုန်းက လွတ်လပ်ရေးအတွက်
လှုပ်ရှားမှုတွေမှာပါဝင်ကြတဲ့ ပညာတတ်တွေအပေါ်မှာ လက်ဝဲစာပေတွေက အနည်းနဲ့အများ ဆိုသလို
သြဇာသက်ညောင်းကြပါတယ်။ ဒီထဲမှာ အမေလည်းခြွင်းချက်မဟုတ်ပါဘူး။ သမိုင်းကို
အာဃာတမပါပဲကြည့်မယ်ဆိုရင် အဲဒီ ကာလတုန်းက ဒုတိယကမ္ဘာစစ်ကြီးထဲမှာ
ဖက်ဆစ်တွေကိုဆန့်ကျင်တိုက်ခိုက်ရာမှာ ကွန်မြူနစ်တွေဟာ အတက်ကြွဆုံးဆိုတာကိုတွေ့ရမှာပါ။
အမေ့အပေါ်မှာ သြဇာအသက်ရောက်ဆုံးနဲ့
အမေကအကြည်ညိုဆုံး နိုင်ငံရေးသမားကိုပြောပါဆိုရင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ပြောရမှာပါ။
ဆရာကြီးရဲ့အကျင့်သိက္ခာရှိမှု၊ ခိုင်မာပြတ်သားတဲ့ နယ်ချဲ့ဆန့်ကျင်ရေး ကိုလိုနီဆန့်ကျင်ရေးရပ်တည်ချက်နဲ့
ပြည်သူလူထုအတွက် တဘဝလုံးပုံအပ်ထားတာတွေ၊ ဒါ့အပြင် ဗမာစာပေအတွက် ဆရာကြီး
စွမ်းဆောင်ခဲ့တာတွေအတွက် အမေကဆရာကြီးကို ကြည်ညိုလေးစား တာပါ။
အမေတက္ကသိုလ်မှာနေတုန်း နောက်ပိုင်းကျတော့
သူဟာ စာရေးတဲ့အလုပ်နဲ့ စာရေးသူတယောက်ကို ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ အဲဒီစာရေးသူက ကျနော့အဖေပါ။
ရန်ကုန်တက္ကသိုလ်ကထွက်လာပြီးတဲ့နောက်မှ သူဟာ စာနယ်ဇင်းလောကထဲကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။
သူဟာ ဖက်ဆစ် ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုတွေမှာ ပတ်သက်ပါဝင်နေတဲ့သူ့ခင်ပွန်းကို
ကူညီခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့တန်းကတော့ မဟုတ်ပါဘူး။ ၁၉၄၅ ခုနှစ်ထဲမှာ အဖေ့ကို
အင်္ဂလိပ်တပ်ကဖမ်းပြီး ၁ဝ၁ စစ်ကြောင်းအခြေစိုက်တဲ့ ဗန်းမော်ကိုခေါ်သွားခဲ့ပါတယ်။
အမေကလိုက်ပြီး အဖေ လွတ်အောင် ကြိုးစားကြည့်ခဲ့ပါတယ်။
စာနယ်ဇင်းလုပ်ငန်းနဲ့နိုင်ငံရေးဟာ
ခွဲခြားလို့မရလေတော့ သူဟာ ပြည်တွင်းပြည်ပ ဖြစ်ပျက်နေတာတွေကို နေ့စဉ်စူးစမ်း
လိုက်စားနေရ ပါတယ်။ သူဟာ သတင်းစာထဲမှာ နိုင်ငံတကာရေးရာတွေကို နေ့စဉ်ရေးဖို့ တာဝန်ယူလုံးပန်းခဲ့ပါတယ်။
ဒီအတွက် စာတွေ အများကြီးဖတ်ဖို့နဲ့ အသံလွှင့်ဌာနပေါင်းစုံကို နားထောင်ဖို့လိုပါတယ်။
ဒီလိုနဲ့ အမေဟာ လူထုသတင်းစာ၊ လူထုဂျာနယ်တို့ထဲမှာပဲ နစ်နေပြီး တခြားလုပ်ငန်းတွေ ကို
မလုပ်နိုင်သလောက်ဖြစ်နေပါခဲ့ပါတယ်။
ဒီနေရာမှာ ကျနော်အထူးပြောချင်တယ်ဆိုတာက
အမေဟာ ဘယ်နိုင်ငံရေးပါတီမှာမှ မပါဝင်ခဲ့ဘူးဆိုတာပါပဲ။ ဗမာပြည်ကွန်မြူနစ်ပါတီဆိုရင်
ပိုလို့တောင် မဟုတ်ပါသေးတယ်။ ဒါပေမဲ့ လူထုသတင်းစာထဲက သတင်းဆောင်းပါးတွေက
အုပ်စိုးသူတွေ မဟုတ်တာလုပ်တာတွေ၊ အကျင့် ပျက်တာတွေကို ဖွင့်ချဝေဖန်တာတွေလုပ်တော့
အုပ်စိုးသူတွေ မျက်တာကိုခံရပါတယ်။ လွတ်လပ်ရေးရပြီးမှ အဖေအဖမ်းခံရတာ
လေးကြိမ်တောင်မှပါ။
ဒုတိယကမ္ဘာစစ်ဟာ အမေ့ကို စစ်ရဲ့အနိဋ္ဌာရုံတွေကို
အသဲထဲနင့်သွားအောင် သင်ခန်းစာပေးခဲ့ပါတယ်။ ဒါကြောင့် လွတ်လပ်ရေး ရပြီးတဲ့ နောက်မှာ
အမေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေထဲမှာ
တက်ကြွစွာပါဝင်ခဲ့ပါတယ်။ သူဟာဆရာကြီး သခင် ကိုယ်တော်မှိုင်းလိုပုဂ္ဂိုလ်တွေရဲ့ဦးဆောင်မှုအောက်မှာ
လှုပ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့
အမေဟာ သတင်းစာလုပ်ငန်းကို လက်လွှတ် လိုက်ရပြီး ဗမာ့ယဉ်ကျေးမှုအနုပညာနဲ့ ပတ်သက်တာတွေ
ရေးခဲ့ပါတယ်။
သူရေးတဲ့ဒီစာအုပ်တွေဟာ
နိုင်ငံရေးပါတယ်လို့ ဆိုရင်လည်းရ၊ မပါဘူးလို့ဆိုရင်လည်းရပါတယ်။ ဒါပေမဲ့
အဲဒီကာလတုန်းက မြန်မာ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့လိုနေတယ်ဆိုတာကိုတော့ ဝန်ခံရမယ်ထင်ပါတယ်။
အခုအခါရောပါ။ မြန်မာ့ရိုးရာဂီတနဲ့အနုပညာတွေ ပျောက်ကွယ်လုမတတ်ဖြစ်နေတဲ့ ဒီနေ့အခါမှာ
လူထုဟာ အမေ့လုပ်ဆောင်ချက်တွေကို မျက်ရည်တွေအကြားကပြန်ငဲ့စောင်းကြည့် ကြပါတယ်။
ဖိုးသံ (လူထု)
0 comments:
Post a Comment