Saturday, December 15, 2018

ကုန်သွယ်ရေးစစ်စတင်ခြင်း(၇) Kyaw Zaaw Khine

0 comments
ကုန်သွယ်ရေးစစ်စတင်ခြင်း(၇) Kyaw Zaaw Khine
(၂ဝ၁၅။ အယ်လ် (L) ပုံစံတရုတ်အဆင်းရဲ့အစလား)
၁၉၈ဝ ကနေ ၂ဝ၁၅ အတွင်း တရုတ်ပြည်မှာလူဦးရေ (၃၈၆)သန်း တိုးလာတယ်လို့စာရင်းတွေကဖော်ပြတယ်။ အဲဒါဟာ ၃၅ နှစ်အတွင်း မြန်မာနိုင်ငံလူဦးရေရဲ့ (၇)ဆပတ်ဝန်းကျင် တိုးလာတယ်ဆိုတဲ့သဘောပါပဲ။ ကောင်းပြီ အဲဒီတိုးလာတဲ့ လူ ၃၈၆ သန်းကို တခြား အနက် အဓိပ္ပါယ်တခုလောက် ဖွင့်ပေးပါဆိုရင် အဲသည်လူတွေအတွက် အနာဂတ်မှာ အလုပ်တွေလိုလာတယ်ဆိုတဲ့သဘောဖြစ်တယ်။

တရုတ်ဟာ လွန်ခဲ့တဲ့ နှစ်(၃ဝ)လုံးလုံး ရုန်းကန်နေရတာတွေထဲက တခုကတော့ တိုးပွားလာတဲ့သူ့နိုင်ငံသားတွေအတွက် အလုပ်ပေးနိုင်ဖို့က တခုပါတယ်။ အနှစ် ၃ဝ အတွင်း တရုတ်မှာအလုပ်အကိုင် သန်း(၃၅ဝ)လောက် ဖန်တီးနိုင်ခဲ့တယ်။ အဲသည် သန်း ၃၅ဝ ထဲ အရင်အလုပ် လုပ်နေသူတွေပါ ထဲ့ပေါင်းလိုက်ရင် တရုတ်မှာ(၂ဝ၁၅)က အလုပ်လုပ်နေတဲ့သူဦးရေဟာ (၇၇၅)သန်းလောက် ရှိလာတယ်။ လက်ရှိမှာ သန်း(၈ဝဝ)နီးပါး ဖြစ်နေနိုင်တယ်။ လူထုကို အလုပ်မပေးနိုင်ရင် တရုတ်ကွန်မြူနစ်ပါတီ ဆက်လက်အာဏာတည်မြဲဖို့ဆိုတာ ဓါးမိုးပြီး အုပ်ချုပ်ရမယ့်သဘောပဲဖြစ်တယ်။

၂ဝ၁၅ မှာ အလုပ်တွေကို နေရာခွဲကြည့်လိုက်တော့ မြို့မှာရှိတဲ့အလုပ်က သန်း(၄ဝဝ)ကျော်ရှိပြီး တောကအလုပ်က သန်း(၃၇ဝ)ကျော် ဖြစ်တယ်။ ပုဂ္ဂလိကပိုင်အလုပ်တွေက ၁၉၉ဝ လောက်မှာ စတင်လာတာဖြစ်ပြီး ၁၉၉၆ နောက်ပိုင်းမှာ မြို့ပေါ်ပုဂ္ဂလိကုမဏီတွေ တွင်ကျယ်စ ပြုလာပြီး အစိုးရအလုပ်တွေ စပြီးကျဆင်းလာတယ်။ ၁၉၉၈ နောက်ပိုင်းရောက်လာတော့ ပုဂ္ဂလိကအလုပ်တွေက အစိုးရအလုပ်တွေထက် လစာပိုပေးနိုင်လာပြီး အထိုင်ကျလာတယ်။ တရုတ်အလုပ်အကိုင်တွေ ဒီလောက်ပေါပြီး လုပ်ခလစာတွေတိုးလာတာမှာ ဈေးကွက်ထဲကိုဝင် လာတဲ့ ရင်းနှီးမြုပ်နှံငွေတွေကိုကြည့်လိုက်ရင် သိပ်အံသြစရာမလိုတာ တွေ့ရတယ်။ ၁၉၉ဝ မှာ တရုတ်မှာရှိတဲ့ရင်းနှီးငွေအရင်းက ယူအက်စ် ဘီလီယံ (၉ဝ)ကျော်ကနေ ၂ဝ၁၄ မှာ ထရီလီယံ(၄.၆)သန်းကျော်တယ်။ အဆ(၅ဝ)ဆယ် တက်လာတယ်ပေါ့။

နှစ်စဉ် ဘယ်လောက်တက်သလဲ ကြည့်မယ်ဆိုရင်တော့ ၁၇% ကျော်တယ်။ ကုန်သွယ်စစ်(၆)မှာ တရုတ်ချေးငွေ၊ စုစုပေါင်းဘဏ္ဍာငွေအရင်းနဲ့ ဂျီဒီပီတွေကို ယှဉ်ပြခဲ့ပြီးပါပြီ။ အလွယ်မှတ်ချင်ရင်တော့ ချေးငွေ၊ ဘဏ္ဍာငွေရင်းနဲ့ ရင်းနှီးမြုပ်နှံငွေတွေဟာ ၁၉၉ဝ ကစလို့ ၂ဝ၁၄၊ ၂ဝ၁၅ လောက်အထိ နှစ်စဉ် ၁၇ ဒါမှမဟုတ် ၁၈ ရာနှုန်းပတ်ဝန်းကျင်မှာ တိုးတက်နေတာဖြစ်ပြီး ဂျီဒီပီက အဲသည်ကိန်းဂဏ္ဍန်းတွေနောက်မှာ (၂) ရာနှုန်းလောက် နောက်ကျန်ပြီး တိုးတက်နေတာဖြစ်တယ်။

သက္ကရာဇ် ၂ဝဝဝ ပြည့်လို့ (၂၁)ရာစုရဲ့ ပထမငါးနှစ် ၂ဝဝဝ ကနေ ၂ဝ၁၄ ကို ခြုံကြည့်ရင် အမေရိကန်မှာတိုးလာတဲ့ရင်းနှီးမြုပ်နှံငွေဟာ ဒေါ်လာထရီလီယံ (၁)သန်းနီးပါးရှိပြီး တရုတ်မှာ ဒေါ်လာထရီလီယံ(၄)သန်း ကျော်တယ်။ ၂၁ ရာစုမှာ တရုတ်ရဲ့ရင်းနှီးမြုပ်နှံငွေဟာ အမေရိကန်ထက် (၄)ဆလောက် သာသွားပြီ။ ဒါပေမယ့် ဂျီဒီပီက မသာသေးဘူး။ နိုင်ငံတွေ စီးပွားရေးအင်အား အကြီးအငယ်ကို ဂျီဒီပီကို တွက်ပြီးပြောတာဆိုတော့ တရုတ်က ဘယ်နေရာတွေမှာ နောက်ကျကျန်နေသေးတာလည်းဆိုတာကို သိဖို့လိုလာတယ်။

ဂျီဒီပီမှာ လေးခုကြည့်ပြီး တွက်တယ်။ ရင်းနှီးမြုပ်နှံမှုမှာ တရုတ်သာတယ်။ ကုန်သွယ်ရေးမှာလည်း ပိုငွေပြတယ်။ အားနည်းတာက ပြည်သူ တွေရဲ့ ဝယ်လိုအား၊ ပြည်တွင်းစားသုံးမှုမှာ တရုတ်က အမေရိကန်ကို နောက်ကောက်ကျတယ်။ ဆိုလိုတာ နိုင်ငံသားတွေက အမေရိကန်ကို မီအောင် မသုံးနိုင်သေးဘူး။ အရပ်ထဲမှာလိုပြောရင် မချမ်းသာသေးဘူးပေါ့။ နောက်ဆုံးတခုက အစိုးရက ငွေဘယ်လောက်သုံးသလဲ။ အစိုးရက တိုင်းပြည်အတွက် လူထုအတွက် ငွေဘယ်လောက်သုံးသလဲ။ ဒါက ပြောရတာနည်းနည်းခက်တယ်။ အစိုးရအသုံးမှာ ဘဏ္ဍာရေး ဘက်ကကြည့်ရင် ဘတ်ဂျက်ပိုငွေနည်း လိုငွေဖြစ်ပြီး ငွေကြေးပေါ်လစီဘက်ကကြည့်ရင် ငွေသုံးများလား (QE)၊၊ နည်းလား (QT) လား ဆိုတာပါပဲ။

တရုတ်တွေ ဘယ်မှာ ရင်းနှီးမြုပ်နှံလည်းကြည့်ကြမယ်။ ၁၉၈ဝ မှာ စုစုပေါင်း ဆောက်လုပ်ထားတဲ့မြေဧရိယာထက် ၂ဝ၁၅ မှာ (၃၃)ဆ တက်လာတယ်။ ၁၉၉ဝ ကနေကြည့်ရင် ၂ဝ၁၅ မှာ အိမ်ယာတွေမှာ ၁၅ ဆ၊ ရုံးခန်းတွေမှာ ၆ ဆ၊ စီးပွားရေးဆိုင်ရာအဆောက်အဦတွေမှာ ၁၄ ဆ တက်လာတယ်။ မြို့ပြ အဆောက်အအုံလိုအပ်ချက်တွေဖြစ်တဲ့ ရထားလမ်း၊ မြေအောက်ရထားလမ်း၊ ဟိုင်းဝေး၊ လေဆိပ်၊ လျှပ်စစ်ထုတ် လုပ်ရေးနဲ့၊ နည်းပညာ၊ တယ်လီကွန်းလုပ်ငန်းတွေမှာ အကြီးအကျယ်ရင်းနှီးမြုပ်နှံကြတယ်။ ၂ဝ၁၁ ကနေ ၂ဝ၁၃ အထိ တရုတ်ဘိလပ်မြေ ထုတ်တဲ့နှုန်းဟာ အမေရိကန် ၂ဝ ရာစုတစုလုံး လုပ်ထုတ်တဲ့နှုန်းထက် ပိုများတယ်။ တကမ္ဘာလုံးထုတ်တဲ့ စတီးရဲ့တဝက်ကို တရုတ်က ထုတ်တယ်။

လျှပ်စစ်ထုတ်နိုင်စွမ်းဟာ ၁၉၉ဝ က နဲ့ယှဉ်ရင် ၉ဆကျော်တက်လာတယ်။ ဒီနှုန်းတွေ အားလုံးဟာ၂ဝ၁၅ မှာ စကျလာတယ်။ အပေါ်မှာ ပြောခဲ့သလို တရုတ်က ရင်းနှီးသလောက် ပြည်တွင်းစားသုံးမှုက မရှိဘူး။ ဒီတော့ ပြည်ပပို့ဖို့ကို အဓိကအားကိုးရတယ်။ ဒါဟာ တရုတ်ကို ငွေဈေးချဖို့ အမြဲစောင့်ကြည့်ပေးနေဖို့ ဖြစ်စေတယ်။ ဒါမှ အိတ်စ်ပို့ သွက်မှာကိုး။ ဒါပေမယ့် ကမ္ဘာကြီးကလည်း တရုတ်ထုတ်သလောက် လိုက်မသုံးပေးနိုင်ဘူး။ ရေတိုကိုကြည့်တဲ့ တရုတ်ထုတ်လုပ်မှုဟာ ပညာရပ်ဆိုင်ရာစကားလုံးနဲ့ ပြောပါဆိုရင် အလွန်အကျွံထုတ်လုပ်မှု ဒါမှမဟုတ် ပိုလျှံထုတ်လုပ်မှု (Over production) ပါပဲ။ အရင်းစနစ်ရဲ့ ယေဘူယျလက္ခဏာတခုပါ။

ခုကုန်သွယ်စစ်မှာ တရုတ်ကုန်တွေဟာ အဓိကဈေးကွက်ကြီးဖြစ်တဲ့ အဓိကသုံးနိုင်ဖြုံးနှိုင်တဲ့ အမေရိကန်ဈေးကွက်မှာ အခွန်အတုပ်တွေ ပေး နေရပြီဆိုတော့ တရုတ်အကျပ်အတည်းကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် တရုတ်ဟာ ကုန်သွယ်စစ်မဖြစ်လည်း ၂ဝ၁၅ မှာ ငွေတန်ဖိုး ဆက်ချ ခံရမှာကြောက်လို့ တရုတ်ဈေးကွက်ကနေထွက်သွားတဲ့ အရင်းငွေတော်တော်များများ ပေါ်လာပါတယ်။ ကောက်ချက်ချရရင် တရုတ်စီးပွားရေး ဟာ ကုန်သွယ်စစ်မဖြစ်လည်း ကျတော့မှာဆိုတဲ့သဘောပဲဖြစ်တယ်။ သက္ကရာဇ်၂ဝဝဝ ကနေ၂ဝ၁၄ အထိ ဆက်တိုက် ၂ဝ% ကျော် တက်နေ တဲ့ တရုတ်ဆောက်လုပ်ရေးဟာ ၂ဝ၁၅ မှာ ၂% ပဲ တက်တော့တယ်။ ကျန်တာတွေဖြစ်တဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုမှာ ၁၁%ကနေ ၃%၊ စတီးမှာ ၁၄%ကနေ အနုတ်၂%၊ ဘိလပ်မြေမှာ ၁ဝ%ကနေ အနုတ် ၅% ဆိုပြီးဖြစ်လာတယ်။ အိတ်စ်ပို့ ၁၉%ကနေ အနုတ်၉%၊ အင်ပို့ ၁၉%ကနေ အနုတ်၁၇% ဖြစ်လာတယ်။ ၂ဝ၁၅ ရောက်လာတော့ တိုးမထုတ်နိုင်၊ တိုးမဝယ်နိုင်၊ တိုးမရောင်းနိုင်ဖြစ်လာတာကို တွေ့ရတယ်။

ဒီတော့ စီးပွားရေးကျွမ်းကျင်သူတွေက တရုတ်ဟာ ခက်ခဲတဲ့အဆင်းခရီးကို စနေပြီလို့ဆိုပြီး ဒီကနေ ပြန်ကောင်းလာဖို့ဆိုတာ ဂျပန်လိုအယ်ပုံစံ (L) နဲ့ရင်ဆိုင်ရမယ်လို့ဆိုတယ်။ တောက်လျောက်ပြုတ်ကြပြီး နောက်ဆုံးမှာပြန်မတက်နိုင်ပဲ ရေညီမျဉ်းမှာ ငြိမ်ပြီးဆက်သွားရမယ်လို့ ပြောချင် တာဖြစ်တယ်။ L ပုံစံ ဂျပန်ခရီးဟာ ခုဆိုရင် နှစ်၃ဝ နီးပါး ရှိလာခဲ့ပြီဖြစ်တယ်။ ဆိုတော့ ကုန်သွယ်ရေးစစ်ဆိုတာ တရုတ်အဆင်းကို ဘီးတပ် လိုက်တဲ့သဘော ဖြစ်လာမလားစိတ်ဝင်စားစရာဖြစ်တယ်။

(အလယ်အမေရိကရွှေ့ပြောင်းချီတက်ပွဲနဲ့ထိပ်သီးဆွေးနွေးပွဲ)
နိုဝင်ဘာ၆ရက်နေ့မှာ အမေရိကန်မှာ သက်တမ်းဝက်ရွေးကောက်ပွဲ (mid term election) တွေစပါမယ်။ ဗဟိုဘဏ်အကြောင်းရေးခဲ့စဉ်က ဗဟိုဘဏ်အဖွဲ့ဝင်တွေကို တချိန်တည်းမှာ ရွေးကောက်ပွဲမလုပ်စေပဲ (၂)နှစ်တကြိမ် တယောက်သက်တမ်း (၇နှစ်)ကုန်သွားအောင်ချိန်ထားပြီး လူသစ်ကိုထဲ့သွားတယ်။ ရည်ရွယ်ချက်က သမ္မတတယောက်ယောက်က သူ့လက်ထက်မှာ သူ့ပါတီကလူတွေ အကုန်အရေးကြီးတဲ့နေရာ တွေမှာ ထဲ့သွားလို့မရအောင် တားထားတဲ့သဘောပါ။ ၂ဝ၁၆ နိုဝင်ဘာမှာလုပ်ခဲ့တဲ့ ရွေးကောက်ပွဲက သမ္မတရွေးကောက်ပွဲပါ။ ခုဟာက ဥပဒေပြုတဲ့အမတ်တွေကို ရွေးကောက်တာ။ အချိန်ကို တမင်လွှဲထားတာဖြစ်တယ်။ အမေရိကန်မှာ အထက်လွှတ်တော်ကို ဆီးနိတ်ခေါ်ပြီး ပြည်နယ်တနယ်ကို (၂)ဦး ကိုယ်စားပြုပြီး စုစုပေါင်း(၁ဝဝ)ရှိတယ်။ သမ္မတက လျာထားတာအားလုံးကို ဆီးနိတ်ကအတည်ပြုပေးရတယ်။ ဗဟိုဘဏ်ဥက္ကလည်း ဆီးနိတ်က အတည်ပြုပေးတယ်။ ဆီနိတ်တာတွေဟာ သမ္မတလောင်းလျာတွေလို့လည်း ပြောနိုင်တယ်။ မြန်မာပြည်မှာ လိုဆို အမျိုးသားလွှတ်တော်နဲ့ပုံစံတူတယ်။ ဒါပေမယ့် အမျိုးသားလွှတ်တော်က ဆီးနိတ်ကရတဲ့ပါဝါမျိုးကို မရဘူး။ မြန်မာမှာ သမ္မတက လျာထားလိုက်တာတွေကို ပြည်ထောင်စုလွှတ်တော် (အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် (၂)ရပ်ပေါင်း) ကနေ အတည်ပြုချက် တောင်းခံတာဖြစ်တယ်။

သက်တမ်းဝက်ရွေးကောက်ပွဲတွေ နီးလာတာနဲ့အမျှ ရီပတ်ကလီကင်နဲ့ဒီမိုကရက်တွေကြား အားပြိုင်မှုတွေများလာတယ်။ ထရမ့်က ရီပတ်ကလီကင်ကဖြစ်ပေမယ့် ဆီးနိတ်မှာဒီမိုကရက်ကအားကောင်းရင် သမ္မတင်တာတွေကိုပယ်ချပစ်နိုင်တယ်။ ပြီးခဲ့တဲ့လအောက်တိုဘာက အမေရိကန် ဗဟိုတရားရုံးချုပ်မှာလစ်လပ်သွားတဲ့ တရားသူကြီးတဦးကို ထရမ့်ကသူနဲ့နီးစပ်တဲ့ ဘရက်ကာဗာနော့ဗ် (Brett Kavanaugh) ကို လျာထားတယ်။ ဒီမှာ ကာဗာနော့ဗ်ကျောင်းသားဘဝက သူ့ကိုလိင်စော်ကားခံရမှုရှိပါတယ်ဆိုပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြစ်မှုဆိုင် ရာစိတ်ပညာ ပရော်ဖက်ဆာတဦးဖြစ်တဲ့ ခရစ်စတင်းဘလာစေဖို့ဒ်(Christine Blasey Ford)ဆိုသူက ထုတ်ဖော်လာတယ်။ ပထမတော့ ဒီမိုကရက်တွေရဲ့ ထရမ့်အပေါ်အကွက်ဆင် ထိုးနှက်ချက်လို့ဆိုပေမယ့် နောက်ပိုင်းမှာ ရီပတ်ပလီကင်တွေကပါ ဒီကိစ္စကို ထုတ်ဖော်ဆွေးနွေးဖို့ သဘောတူလာပြီး အက်ဖ်ဘီအိုင်ကို နောက်ကြောင်းပြန်စုံစမ်းဖို့ တပတ်အချိန်ပေးခဲ့တယ်။ နောက်ပိုင်းမှာ ဒီလျာထားချက်ကို ပယ်ဖျက်ခွင့် မရဘူး။ ဆီးနိတ်မှာ မဲခွဲတဲ့အခါ ၅ဝ မဲ ၄၈ မဲနဲ့ ကာဗာနော့ဗ်အနိုင်ရခဲ့တယ်။ လက်ရှိ ရီပတ်ပလီကန် ၅၁ ဦး(ဒီမိုကရက် ၄၇ နဲ့ အခြားတသီး ပုဂ္ဂလ၂ဦး)ရှိတဲ့ ဆီးနိတ်မှာလစ်လပ်သွားမှာ ဒီမိုကရက်နေရာအများစုဖြစ်ပြီး ၃၅ နေရာ ပြန်ရွေးရပါမယ်။ အောက်လွှတ်တော်ကတော့ နေရာ အားလုံး(၄၃၅)နေရာ ပြန်ရွေးရပါလိမ့်မယ်။ ဆီးနိတ်ကော ဟောက်စ်(အောက်လွှတ်တော်) မှာပါ လောလောဆယ် ရီပတ်ပလီကန်အမတ်  အနည်းငယ် အသာစီးရထားတာကို ဒီမိုကရက်တွေကပြန်နိုင်မှ သမ္မတ ထင်ရာမစိုင်းနိုင်အောင် ထိမ်းနိုင်မယ်ဆိုပြီး ရွေးကောက်ပွဲလုပ်ခါနီးမှာ နိုင်ငံရေးထိုးနှက်မှုတွေလုပ်နေတယ်လို့ ရီပတ်ပလီကန်တွေက သတင်းဖြန့်နေပါတယ်။ အဲဒီထဲက ရှေ့တန်းရောက်လာတဲ့ ဇတ်လမ်းတခုက တော့ အမေရိကအလယ်ပိုင်းကနေပြီး အမေရိကန်(မြောက်အမေရိက)ကို ရွှေ့ပြောင်းနေထိုင်လိုသူ လူအုပ်စုကြီးစုစည်းချီတက်လာမှု (migrant caravan) ပါပဲ။

ချီတက်လာတဲ့လူအုပ်စုကြီးဟာ ဟွန်ဒူရပ် (လူဦးရေကိုးသန်းလောက်ရှိပြီး ကမ္ဘာပေါ်မှာလူသတ်မှုအမြင့်ဆုံးနိုင်ငံ)က အများဆုံးဖြစ်ပြီး နောက်ထပ်လူတွေက ဂွာတီမာလာနဲ့အယ်ဆာဗေဒို နိုင်ငံတွေကဖြစ်တယ်။ သူတို့လမ်းကြောင်းက မက္ကဆီကို ကိုဖြတ်ပြီးအမေရိကန်ကို ဝင်ရောက်ကြမှာဖြစ်တယ်။ ဒီနိုင်ငံတွေဟာ သူတို့နိုင်ငံတွင်းမှာ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်ခံရမှုနဲ့ လူမျိုးရေးဖိနှိပ်ခံရမှုတွေကြောင့် ကိုယ့်နိုင်ငံတွင်းမှာကို နေထိုင်ဖို့မလုံခြုံ မလွယ်ကူတော့တာကြောင့် အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးခိုဝင်လာကြဖို့ဖြစ်တယ်။

ခရီးလမ်းကြောင်းက ဟွန်ဒူရပ်ကနေ အယ်ဆာဗာဒိုနယ်စပ်၊ အဲဒီကမှ ဂွာတီမာလာကိုဖြတ်ထွက်ပြီး မက္ကဆီကိုနယ်စပ်မြို့ဖြစ်တဲ့ ဂျူချီတန် ကို ဝင်မယ်၊ အဲကနေအမေရိကန်နယ်စပ်ကို ကီလို(၁၄ဝဝ)လောက် ကျန်တယ်။ စုစုပေါင်း ကီလိုမီတာ ၂၅ဝဝ (မိုင် ၁၅ဝဝ) လောက်ရှည်တယ်။ ရန်ကုန်မန္တလေးကားလမ်း အသွားအပြန် ၂ ခေါက်စာလောက်ပေါ့။ အောက်တိုဘာ ၂၂ ရက်နေ့ကစတဲ့ ခုလိုချီတက်လာတဲ့လူစုစုပေါင်းဟာ ၇ဝဝဝကျော် (အမေရိကန် Fox တီဗွီကခန့်မှန်းတာ ၁၄ဝဝဝဆိုတော့ ၂ဆလောက်ရှိတယ်)အထက်မှာရှိပြီး ထောင်ချီတဲ့ အစုလိုက်လာနေတဲ့ သဘောပါ။ ပထမအစုက အမေရိကန်နယ်စပ်ကိုချဉ်းကပ်လာနေပြီး နောက်က ကီလိုမီတာ ရာချီထောင်ချီဝေးတဲ့နေရာတွေမှာ အခြားအဖွဲ့တွေ ရှိနေတယ်။

ဒီတော့ ပြဿနာက မက္ကဆီကိုနယ်စပ်ကို အုတ်တံတိုင်းခတ်မယ်၊ အမေရိကကို ရွှေ့ပြောင်းနေထိုင်လိုသူတွေကို ပိတ်ဆို့မယ်ဆိုတဲ့ ဒေါ်နယ် ထရမ့်ရဲ့ ရွေးကောက်ပွဲကတိစကားနဲ့ တည့်တည့်တိုးလာတာပါ။ ထရမ့်က ခုလာတဲ့လူအုပ်ကြီးကို အမေရိကန်ကို ကျူးကျော်ဝင်ရောက်မှုအဖြစ် ခေါင်းစဉ်တပ်လိုက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ ၅ဝဝဝ ကျော် စေလွှတ်ဖို့ပြောထားပါတယ်။

အမေရိကန်ကို ဝင်ရောက်လိုတဲ့ အကြမ်းဖက်သမားတွေအတွက် ခုလို လူအုပ်ကြီးနဲ့ရောနှောလိုက်ပါဖို့ အချိန်ကောင်းဖြစ်တယ်၊ ခရီးရှည်ကြီး ချီတက်လာတဲ့လူအုပ်စုကြီးမှာ ရောဂါဘယနဲ့ပြဿနာတွေ ပါလာနိုင်တယ်ဆိုတာက တီဗွီသတင်းတွေမှာ လူထုတွေ့ဆုံမေးမြန်းမှုတွေမှာ ကျယ်လောင်လာတယ်။ တဘက်မှာ ဂျော့ဆိုးရော့စ်(Gorge Soros)က ခုချီတက်ဝင်ရောက်လာသူတွေကို ငွေကြေးထောက်ပံ့မှုပေးနေတယ် ဆိုတဲ့သတင်းတွေလည်း ထွက်လာတယ်။ ဆိုးရော့စ်ဆိုတာ ၁၉၉၇ ထိုင်း ငွေကြေးအကျပ်အတည်းဖြစ်အောင် ငွေကစားတဲ့အမရိကန်နိုင်ငံ သား၊ ဟန်ဂေရီဂျူး၊ ဘီလီယံချီချမ်းသာတဲ့ သန်းကြွယ်သူဋ္ဌေးကြီးဖြစ်ပြီး မြန်မာနိုင်ငံရေးစိတ်ဝင်စားသူတွေက သူတည်ထောင်ထားတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (Open Society)နဲ့ တွဲသိထားကြတယ်။ ဟန်ဂေရီမှာ နာဇီလက်ကထွက်ပြေးလာတဲ့ဆိုးရော့စ်ဟာ နာမည်ကျော် လန်ဒန်စီးပွားရေးကျောင်း (LSE – London School of Economic)ကနေ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရပြီး ဖီလော်ဆော်ဖီမာစတာ အောင် ထားသူဖြစ်တယ်။ အဲဒီကမှ အမေရိကန်ကို ရွှေ့ပြောင်းအခြေစိုက်ပြီး အောင်မြင်လာတဲ့ဆိုးရော့စ်ဟာ သူလိုရွှေ့ပြောင်းဝင်ရောက်လာသူ တွေကို အကူအညီပေးနိုင်တာဟာ ယုတ္တိတန်တယ်ဆိုပေမယ့် နောက်ကွယ်မှာ အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရီပတ်ပလီကန် နဲ့ ဒီမိုကရက်တွေကြားက နိုင်ငံရေးကစားကွက်တွေလည်း ဖြစ်လာပါတယ်။ ဆိုးရော့စ်က ဒီမိုကရက်ကိုး။

ဒီကြားထဲမှာကိုပဲ ခုရက်ပိုင်း နာမည်ကြီးလာတဲ့သတင်းတပုဒ်ကတော့ ဆိုးရော့စ်နဲ့ ထရမ့်ကိုဝေဖန်နေတဲ့ အခြားဒီမိုကရက်တွေအိမ်မှာ လက်လုပ်ဗုံးတွေမိတာပါ။ သံသယရှိလို့ ဖမ်းခံထားရသူဟာ ထရမ့်ထောက်ခံသူတဦး ဖြစ်နေတာတွေ့ရတယ်။ နောက်တခုက ပစ်စ်ဘတ်ခ်ျ (Pittsburgh)မြို့မှာ အမေရိကန်ဂျူးတွေကို တိုက်ခိုက်ခံရမှုတခု အောက်တိုဘာ (၂၇)ရက်နေ့က ဖြစ်ပွားခဲ့တယ်။ အသက်(၄၈)နှစ်အရွယ် ရောဘတ်ဘောင်ဝါဆိုသူက ဂျူး အော်သိုဒေါက်စ် ဝတ်ပြုဆုတောင်းခန်းမကိုဝင်ပြီး ဂျူးတွေအားလုံးသေရမယ်လို့ ကြွေးကြော်ပြီး သေနတ်နဲ့ ပစ်ခတ်တဲ့အမှုဖြစ်တယ်။ လူ(၁၁)ဦးသေပြီး ၂ ဦး ဒါဏ်ရာရတယ်။ မြို့သမိုင်းမှာ ဆိုးဝါးတဲ့အကြမ်းဖက် ဘာသာရေးအစွန်းရောက် တိုက်ခိုက် ခံရမှုလည်းဖြစ်တယ်။ ဗုံးပို့ခံရတဲ့ ဂျူးကပြားဆိုးရော့စ်၊ အမေရိကန်ကို ခိုလှုံပြောင်းရွှေ့ဖို့ ချီတက်လာတဲ့လူတန်းကြီးနဲ့အတူ တကြော့ပြန် ဂျူးဆန့်ကျင်ရေးအစွန်းရောက်တွေဟာ လက်ရှိ အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲရဲ့ နိုင်ငံရေးကစားကွက်တွေထဲကို ဝင်ရောက်လာ တယ်။

၆ ရက်နေ့ အမေရိကန်ရွေးကောက်ပွဲမှာ အထက်နဲ့အောက်လွှတ်တော်တွေကို ဘယ်ပါတီအသာစီးရမလဲ မသေချာသေးခင်မှာပဲ နောက်ထပ် ခြေလှမ်းတခုအဖြစ် ထရမ့်က နိုဝင်ဘာတရက်နေ့မှာ တရုတ်သမ္မတရှီကျင်းပင်ကို တိုက်ရိုက်ဖုန်းခေါ်လိုက်တယ်။ ပြည်တွင်းစီးပွားရေး အကျပ်အတည်းအတွက်ခေါင်းပူနေတဲ့ ရှီကျင်းပင်အတွက် ရေငတ်တုန်းရေတွင်းထဲကျသလိုဖြစ်တယ်။

ထိပ်သီးခေါင်းဆောင်၂ ဦး အချိန်အတန်ကြာ တိုက်ရိုက်ဖုန်းပြောအပြီးမှာ တွစ်တာမင်းသားကြီးထရမ့်ဆီက အဆင်ပြေတယ်၊ စကားပြောရတာ အားရကျေနပ်မှုရှိတယ်ဆိုတဲ့ တွစ်တခုတက်လာတယ်။ နိုဝင်ဘာ ၃ဝ နဲ့ ဒီဇင်ဘာ ၁ ရက်မှာ အာဂျင်တီးနားမှာလုပ်မယ့် G20 အစည်းအဝေး မှာ ထရမ့်နဲ့ရှီဟာ ကုန်သွယ်စစ်အတွက် သီးခြားဆွေးနွေးကြဖို့ရှိတယ်။ အဲသည်မှာ မပြေလည်ခဲ့ရင် နောက်ထပ် တရုတ်ကုန်အားလုံးကို အခွန်သတ်မှတ်မယ်၊ မေလက အခွန်သတ်မှတ်ထားတဲ့ကုန်တွေကို အခွန်နှုန်းထပ်မြှင့်မယ်လို့ လေသံပစ်ထားတဲ့ထရမ့်ဟာ တချိန်တည်းမှာပဲ ညှိနှိုင်းတဲ့အခါ သူတို့လိုချင်တဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ စာချုပ်မူကြမ်းတခုပြင်ဆင်ထားဖို့ သူ့လူတွေကို အိမ်စာပေးထားပါတယ်။

အကျပ်အတည်းတွေ ပူပန်စိတ်တွေဟာ လူတွေကို ရွေးကောက်ပွဲကာလတွေမှာ ရှေးရိုးစွဲအတွေးအခေါ်တွေဘက်ကို တွန်းပို့လေ့ရှိတယ်။
ဒီတော့ ထရမ့်ရဲ့ ရွှေ့ပြောင်းလူအုပ်ကြီးကိုတည်ထားတဲ့ ခြောက်လှန့်စစ်ပြင်ဆင်မှုနဲ့ ရှီကျင်းပင်ဖုန်းခေါ်ဆိုမှုဟာ နိုဝင်ဘာလ ၆ ရက်နေ့မှာ အလုပ်ဖြစ်သွားနိုင်ပါတယ်။ ထရမ့်တွက်ကိန်းမှန်ပြီး ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ လွှတ်တော်ကို မစီးမိခဲ့ဖူးဆိုရင်တောင် လာမယ့် ဒီဇင်ဘာ ခရစ်စမတ်နှစ်ကူးကာလနဲ့ ၂ဝ၁၉ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီ တရုတ်နှစ်ကူးတွေမှာ လူထုကိုဖြေလျော့မှု တခုလုပ်ဖို့လိုတယ်ဆိုတာ လောက်တော့ ၂ ဘက် ခေါင်းဆောင်တွေ တွက်ဆထားပါလိမ့်မယ်။ ဒီဇင်ဘာလထဲမှာကုန်သွယ်စစ်ဟာ အတိုင်းအတာတခုအထိတော့ အရှိန်ခနကျဖို့ ဖြစ်လာနိုင်တယ်။ ၆ လကျော် အရှိန်ရလာတဲ့ကုန်သွယ်ရေးစစ်မှာ မျက်စိမှေးမှေးနဲ့ ရှီ ဘက်က မျက်တောင်ခတ်လာလိမ့်မယ်လို့ လက်မတထောင်ထောင်နဲ့ လူရမ်းကားထရမ့်က တွက်ဆထားပုံပါပဲ။ https://www.facebook.com/2011-publishing-514608691929218/

0 comments:

Post a Comment