Sunday, December 23, 2018

(ဤ အတူအံကြသည့် ကျွဲများ) မျိုးမြင့်ချို

0 comments
(ဤ အတူအံကြသည့် ကျွဲများ)
ရုပ်ရှင်ရုံမှာ အလံအလေးမပြုရကောင်းလားဆိုပြီး မထော်မနှမ်းပြောခဲ့ကြတာမှာ မေမေ့သားတွေနဲ့ မအလသားတွေ တလေသံတည်းထွက်ကြတယ်။ အဓိက က စစ်အလံရှေ့မှောက်မှာ ဦးကျိုးကျသွား ရေး ဒူးထောက်ပေးရေးကို တက်ညီလက်ညီ ဝိုင်းလှော်ကြတာ။ ကျုံးသွင်းကြတာပါ။

မအလ သား တွေကတော့ သူတို့အောက် ဒူးမထောက်ရင် ရန်သူသတ်မှတ်ပြီးချေမှုန်းမှာပဲ။ အာဏာနဲ့ပတ်သက်ရင် အညှာအတာဆိုတာ သူတို့အချင်းချင်းကြားမှာတောင်မရှိဘူး။ အာခံတဲ့သူဆို တွေးသာကြည့်။ အလံဟာ သူတို့စစ်အာဏာရဲ့သင်္ကေတပဲ။

မေမေ့သားတွေကကျတော့ မြေခွေးအမြီးပြတ်လို သူတပါးကိုပါ လိုက်ပြတ်စေချင်ကြတာ။ လူတွေကို သူတို့နည်းတူ ၂ဝဝ၈ ကို ဒူးတုပ်ပြီးသစ္စာခံခိုင်းတာ။ တဘက်လှည့်နဲ့ စစ်အာဏာကို ကျိုးနွံခိုင်းတာပါ။ စစ်အုပ်စုကို ခယဝပ်တွားဖို့ မလိမ့်တပတ်နဲ့ ကျုံးသွင်းနေတာ။ စစ်တပ်ပြုသမျှနုရင်း နိုင်ငံရေးဗိုင်းကောင်းကျောက်ဖိအနေခိုင်းတာ။ အမတ်မတယောက်ဆို အလံအလေးမပြုရင် ဖမ်းလို့ဆီးလို့ ထောင်ချလို့ ရတဲ့ဥပဒေရှိတယ်ဆိုပြီး လွှတ်တော်ထဲကနေ ကြိမ်းမောင်းခြိမ်းခြောက်ပါ လုပ်သေးတာ။

အခု ဝန်ထမ်းကျောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ အလေးမပြုရကောင်းလားဆိုပြီး ဆဲဆိုငေါက်ငန်း နေသူတွေကြည့်လိုက်တော့ မေမေ့သားတွေချည်းဖြစ်နေတယ်။ မအလသားတွေက လက်ရှောင် တယ်။ ဝင်ပါလို့မရဘူး။ ခုနေခါမယ် သူတို့အတွက် ဗိုလ်ချုပ်အောင်းဆန်းရဲ့အသုံးဝင်မှုက ပြောလောက်အောင် မလိုတဲ့အခြေအနေဖြစ်နေတယ်။ မအလပုံကို အလေးမပြုတာဆိုရင်တော့ သေနတ်ကျည်ထိုးပြီးတောင် ထွက်ချလာမှာပါ။ လူထုကို ဦးချိုးမှာပေါ့။

မေမေ့သားတွေအများစုရဲ့ ဘာဆေးမှမတိုးတဲ့ရောဂါက ရုပ်တုရောဂါနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရသမျှဇန်းတင်ရင်း ဒေါ်စုအတွက် ရွှေကြိုလုပ်ရေးပဲ။ အဲ့ဒါကို ဘိန်းစွဲသလိုကို စွဲနေကြတာ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အမြင့်ဆုံးအထိတင်ထားချင်တာ။ ဒါလည်း အသုံးချနည်းတမျိုးပဲ။

စစ်အုပ်စုက ဗိုလ်ချုပ်အောင်ဆန်းကိုအသုံးချတဲ့နေရာမှာ မေမေ့သားတွေထက် ကျင်လည်တယ်။ လူမမုန်းအောင်လုပ်တတ်တယ်။ မေမေ့သားတွေကတော့ နဂိုက လူချစ်ခင်ကြည်ညိုလေးစားပြီး သားကို လူစောက်မြင်ကပ်သွားတဲ့အထိ လုပ်ပစ်လိုက်ကြတတ်တယ်။

ဗိုလ်နေဝင်းဆို ပျဉ်းမနားမှာတွဲရိုက်ထားတဲ့ဓာတ်ပုံလေး ထုတ်ထုတ်ပြပြီး ဒုတိယဖခင်ကြီးတို့ မွေးစားဖခင်ကြီးတို့အထိ လုပ်ယူခဲ့တာ။ သန်းရွှေခေတ်ကျတော့ ချောင်ထိုးတဲ့နည်းနဲ့အသုံးချပြီး သူ့ကိုယ်သူ နိုင်ငံတော်အကြီးအကဲဘွဲ့ တပ်ယူတာ။ နေဝင်းလို ရဲဘော်သုံးကျိတ်တွေ ဖက်ဆစ် တော်လှန်ရေးတွေထဲမပါတော့ လုပ်ပြခွင့်မသာတာကြောင်ဖြစ်တယ်။

သိန်းစိန် လုပ်ကွက်မှာ မေမေ့သားတွေရော မေမေကို့ပါ နှပ်ပစ်ပြီးတဲ့နောက် ဗိုလ်ချုပ်ကိုအချစ်ပြတာ ပြန်သိမ်းဖို့အချိန်တန်ပြီလို့ယူဆလို့ ခုလိုတွေပြန်လုပ်လာတာမှန်း သိသာပါတယ်။

သိန်းစိန်ခေတ်ရောက်တော့ ပြန်အသုံးချရမယ့်အချိန်ရောက်ပြီသိလို့ ပွဲပြန်ထုတ်လာတယ်။ ဒေါ်စု ခေါ်ပြီး ဗိုလ်ချုပ်ပုံအောက်မှာ ဓာတ်ပုံအရိုက်ခံလိုက်တော့ “သမ္မတကြီးကိုယုံတယ်“ဆိုပြီး နိုင်ငံရေး ဟစ်တီးရီးယားထရင်း ငေါက်ကနဲထလိုက်သွားတော့ မေမေ့သားတွေက “နိုင်ငံရေးရွေဂဟေတော့ ဆက်မိပြီဟ“လို့ နှစ်ထောင်းအားရတွေဖြစ် ဝမ်းသာလုံးတွေဆို့ပြီး ဒါမှ တို့သမ္မတကြီးကွတွေ ဘာတွေအထိ စကီဇိုဖရီးနီးယားတွေနဲ့ဒိန်းဒလိန်းနတ် နတ်ပူးကုန်ကြတယ်။

မေမေ့သားတွေက ပိုက်ဆံမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပြန်ထုတ်ချင်တယ်။ မအလ သားတွေက အင်းမလုပ်အဲမလုပ် လုပ်နေတယ်။ မေမေ့သားတွေက တပြည်လုံးလိုက်ပြိး ဗိုလ်ချုပ်ရုပ်တွေ ထုချင်တယ်။ မအလ သားတွေက (ဖြစ်နိုင်ရင်) အစိုးရနဲ့ဆိုင်တဲ့၊ နိုင်ငံနဲ့ဆိုင်တဲ့ ရုံးတွေဌာနတွေမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ်ပုံတွေကို မမြင်ချင်တဲ့အချိန်ဖြစ်နေတယ်။

ဒါပေမဲ့ ကျွဲတွေဟာ လိုအပ်လို့ အခတ်ပြနေတာပါ။ တကယ်ခတ်ကြလို့ ခတ်လို့ လူတွေမြေစာပင်ဘဝ တကယ်ရောက်ရတယ်ဆိုတောင် တန်တယ်လို့ ကြံဖန်ဖြေလို့ရပါသေးတယ်။ ခုက ကျွဲနှစ်ကောင် “ဤ“ စာ အတူတူအံနေကြချိန်ဆိုတော့ လူတွေ လက်ခမောင်းမခတ်မိဖို့နဲ့ လက်မှိုင်မချမိဖို့ သတိထားစရာပါ။
ကျနော် တပ်ထဲနေတုန်းကတော့ မနက် ည တန်းစီ အလံတင်အလံချတဲ့အခါ အလံနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခဲ့ဖူးပါတယ်။
မျိုးမြင့်ချို(ဒီဇင်ဘာ ၂၃၊ ၂ဝ၁၈)

0 comments:

Post a Comment