Thursday, December 13, 2018

(အနေမတတ်တဲ့ဆား)မျိုးမြင့်ချို

0 comments
(အနေမတတ်တဲ့ဆား)မျိုးမြင့်ချို
U.S အောက်လွှတ်တော်က ဂျီနိုဆိုက်ဒ်ကိုအတည်ပြုလိုက်တာဟာ စစ်အုပ်စုအတွက်ရော စစ်တပိုင်းအစိုးရအတွက်ပါ နိုင်ငံရေးအရ အတော်အထိနာတဲ့ ထိုးနှက်ချက်ဖြစ်သွားပါတယ်။ အထူးသဖြင့် စစ်တပိုင်းအစိုးရအဖို့ ပိုအနေအစားကျပ်သွားပါတယ်။ နိုင်ငံရေးအရ ပြန်လှန်ချေပဖို့ အခက် အများကြီးတွေ့သွားပါတယ်။ ဂျီနိုဆိုက်ဒ်ဟုတ်ပါတယ်လို့ဝန်ခံလည်း နားထင်မှာတေ့ထားတဲ့သေနတ်က ရှိနေတယ်။ မဟုတ်ပါဘူး ဇွတ်ဆက်ငြင်းလည်း မြောင်းရေထဲ ဒိုက်သရောနဲ့အတူရေစုန်မျောမယ့်ကိန်း ဖြစ်နေပါတယ်။ ချောင်ပိတ်မမိတောင် ကြိုးဝိုင်း ဒေါင့်ထဲတော့ ရောက်သွားပါတယ်။ ဒါ ငြင်းဖို့ခက်တဲ့အခြေအနေ ဖြစ်ပါတယ်။

ဒီ အောက်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ဟာ ဆီနိတ်တင်ပြီးဆုံးဖြတ်ကြရဦးမယ် ထင်ပါတယ်။(ကျနော် သေချာမသိသေးပါ)။ အဲ့သလိုတင်လို့ ဆီးနိတ်ကပါ YES လုပ်လိုက်ရင် သမ္မတအနေနဲ့ တခုခုလုပ်ဖို့(အရေးယူဖို့) လမ်းက ဖြူးသွားပြီလို့ဆိုရမှာဖြစ်ပါတယ်။ အဲ့သလိုတွေသာ ဆက် ဖြစ်လာခဲ့ရင် EU ရဲ့ မြွေမသေ တုတ်မကျိုးလေးလုပ်ပြတဲ့ အရေးယူမှုအပေါ်လည်း သွားသက်ရောက်တော့မှာ သေချာပါတယ်။ အီးယူလုပ်တဲ့ အရေးယူမှုဟာ ယတြာချေတဲ့သဘော စတိလောက်လေးပဲဖြစ်ပါတယ်။ EU ဟာ ဒီကိစ္စရဲ့ အစနဲ့အလယ်မှာ အဆာကျယ်ခဲ့ စွာခဲ့တာမှန်ပေမယ့် ဆင်ကောင်ကြီး အမြီးတစ်ပြလိုက်တာမို့ Rights Organizations တွေနဲ့နိုင်ငံရေးအသိုင်းအဝိုင်းတွေရဲ့ ပြစ်တင်ဝေဘန် လိမ့်နေအောင်ခံလိုက်ရ တာလည်း လူတိုင်းသိပါတယ်။ EU လုပ်ပေးတဲ့အရေးယူမှုကြောင့် စစ်အုပ်စုရော စစ်တပိုင်းအစိုးရရော အသက်ရှူ အတော်ချောင်သွားတာလည်းဖြစ်ပါတယ်။

EU လုပ်ပုံက သူတို့ပုံရိပ်မယွင်းအောင်နဲ့ စစ်တပိုင်း အစိုးရနဲ့မျက်နှာအပျက်မခံချင်တာ ပါ ပါတယ်။ ပြည်တွင်းမှာ မပြီးပြတ်နိုင်သေးတဲ့ NCA ကိစ္စမှာ EU ပါဝင်ပတ်သက်မှုက အတိုင်းအတာတခုအထိတော့ ကြီးကြီးမားမားကိုရှိနေတာမှန်ပေမယ့် ဗမာပြည်မှာ EU ရဲ့ ရင်းနှီးမြှုတ်နှံမှုက ဘာမှ ပြောပလောက်အောင် စူးနေတာလည်း မရှိပါဘူး။ ဗမာပြည်နဲ့ ကုန်သွယ်တယ်ဆိုတာကလည်း အမေရိကန်က ပုဂ္ဂလိကကုမ္ပဏီ အလတ်စားတခုစာ ပမာဏလောက်တောင် အရောင်းအဝယ်မရှိပါဘူး။

အမေရိကန်လည်း ဒီလိုပါပဲ။ ဘာမှ ဟုတ်တိပတ်တိ ရင်းနှီးမြှုတ်နှံထားတာမရှိသလို ကုန်သွယ်ရေးဆိုတာကလည်း နိုင်ငံကြီးတွေနဲ့ယှဉ်တော့ ကလေးကစားသလောက်ပဲ ရှိတာပါ။ ဒါပေမယ့် အမေရိကန်ဟာ တရုတ်နဲ့ကုန်သွယ်ရေးစစ် ဖြစ်နေတယ်ဆိုတာ မမေ့ကြဖို့လိုမယ်ထင်ပါတယ်။ ဗမာပြည်မှာ အမေရိကန်ရဲ့အကျိုးစီးပွားရှိနေတယ်။ ငွေ မဟုတ်ပါဘူး။ စီးပွားရေးမဟုတ်ပါဘူး။ အမေရိကန်ဟာ တရုတ်ကို ဘက်ပေါင်းစုံက ဝိုင်းပတ်ပြီး သူ့ဆီ စီးပွားရေးအရ ဒူးမထောက် ထောက်အောင် လုပ်နေတာဖြစ်ပါတယ်။ ပထဝီနိုင်ငံရေးအရ အညှာကိုင်ဖို့အကောင်းဆုံး တိုင်းပြည်က ဗမာပြည် ဖြစ်နေပါတယ်။

ဗမာဟာ တရုတ်ပြည်နဲ့ ကုန်းတွင်းပိုင်း မိုင်ထောင်ချီ ထိစပ်နေတယ်။ လူထုမှာ စစ်အုပ်စုကိုနိုင်ငံရေးအရ မကျေနပ်ချက်တွေရှိနေတယ်။ စစ်တပိုင်းအစိုးရကို စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေးအပါအဝင် ကိစ္စတော်တော်များများမှာ အားမလိုအားမရ ဖြစ်ရင်းဖြစ်ရင်းကနေ ငြူငြူစူစူဖြစ်နေတယ်။ လူတွေဟာ ကိုယ်တည်မိတဲ့ဘုရားမို့ လဒနားနားကျီးနားနား အဖြစ်ခံနေကြရတာမှန်း အမေရိကန်တင်မက ကမ္ဘာကပါ သိကြတယ်။ အဆိုးဆုံးတွေက တခုက ဘာသာရေးလူမျိုးရေး ပဋိပက္ခတွေ ဖန်တီးထားတာကို မလွန်ဆန်တာဖြစ်နေတယ်။ လူတွေမှာ အထွေထွေကျပ်တည်းမှု၊ စီးပွားရေး နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေးဘာသာရေးမကျေနပ်မှုတွေ ရှိနေပါတယ်။ ပြည်တွင်းစစ် ဆက်ဖြစ်နေတယ်။ အင်အားအကြီးဆုံးလည်းဖြစ် စစ်အုပ်စုနဲ့ အစေးမကပ်ဆုံးလည်းဖြစ်တဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ကြီးတွေက တရုတ်နယ်စပ်တလျှောက်မှာ ခြေကုပ်ယူထားကြတာဖြစ်တယ်။ ဒါကလည်း ယူချင်လို့ သွားယူကြတာမဟုတ်ပဲ သူ့လူမျိုးစုဒေသအရကို ဖြစ်နေတာပါ။ မြစ်ဆုံဆည်ကိစ္စကြီးက မီးတောင်ရှင်တခုလို အချိန်မရွေး ထပေါက်ကွဲလိုက်လို့ရပါတယ်။ ‘မပျက်စီးသေးတဲ့ မြစ်ဆုံအလှကိုမြင်ရတာ စိတ်ကြည်နူးဖွယ်ကောင်းတယ်’ဆိုတဲ့ အမေရိကန်သံအမတ်ကြီးရဲ့စကားမှာ တရားပါ ပါတယ်။ အလကားမဟုတ်ပါ။ ပြည်တွင်းပြည်ပက ဗမာပြည်သားတွေမေးကြည့် ၁ဝဝ မှာ ၈ဝ လောက်က တရုတ်ကို မကြည်ဖြူဘူးဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ သဘောက မစွန်းရင်းတွေကတော့ ရှိနေပြီဆိုတာပါပဲ။

ခု အမေရိကန်က နိုင်ငံရေးအရဦးတည်ပြီး ‘ချ’နေတာက စစ်တပ်ဆိုတာထက် စစ်တပိုင်းအစိုးရဘက် ဇောင်းပေးလာတာ သိသာပါတယ်။ အရင်က စစ်ခေါင်းဆောင်တွေလောက်ကိုပဲ မောင်းမဲပြီး NLD ကို ‘ဖယ်’ထားခဲ့တာဖြစ်ပါတယ်။ ကျားအစား ခံခိုင်းဖို့မလိုသေးလို့ သမင်းလေးအတွက် ကြားကောင်းရုံလေး အသံထုတ်ပေးတာပါ။ နောက်တချက်က စစ်အုပ်စုနဲ့ NLD ကို နိုင်ငံရေးဂဟေဆက်ကြတာမှာ သူတို့ပယောဂ မကင်းခဲ့တာကြောင့်လည်း ပါပါတယ်။ ဒါကို အမေရိကန်ရဲ့ အိုဘားမားခေတ်နိုင်ငံခြားရေးပေါ်လစီအောင်ပွဲလို့တောင် ဝင့်ဝါခဲ့ကြတာကို ဘယ်သူမှ မေ့ကြလိမ့်ဦးမယ်မထင်ပါဘူး။ ဒါပေမဲ့ အမေရိကန်ဟာ သူ့အကျိုးစီးပွားအတွက်ဆို ဘာလုပ်ရလုပ်ရလုပ်ပါတယ်။ သူ ပလ္လင်ပေါ်တင်ပေးခဲ့တဲ့လူကို သူပဲ ကြိုးစင်ပြန်တင်ပါတယ်။ NLD ဟာ သူ နားချလို့ စစ်တပ်နဲ့အကြောင်းပါသွားတဲ့သမီးကညာ ဖြစ်ခဲ့တာမှန်ပေမယ့် သူ့ ကလန်တယ်မြင်ရင်တော့ လပ်ထပ်တုန်းက စိုက်ပေးခဲ့တဲ့ Dowry ကြေး ပြန်တောင်းပါလိမ့်မယ်။

ရခိုင်ကိစ္စ တကြော့ပြန်အသံ ထွက်စကနေ စစ်တပိုင်းအစိုးရက တရုတ်နဲ့ OBOR မှာ လက်မှတ်မထိုးသေးခင်အထိ ရိုဟင်ဂျာကိစ္စကို အမေရိကန်ဘက်က တုံဏှိဘာဝေမနေရုံတမယ် နေခဲ့တာပါ။ OBOR မှာ လက်မှတ်လည်း သွားထိုးလိုက်ရော အန်ကယ်လ်ဆမ် ယမ်းပုံမီးကျ ဖြစ်သွားပါတယ်။ တပြိုင်တည်းမှာပဲ တရုတ်ကို ‘ကိုင်’ဖို့ ချက်ကောင်းနဲ့ အကွက်ကောင်းလည်း ရသွားပါတယ်။ ခု စ ‘ဖျဉ်’လာပါပြီ။ အာဘော် ဖန်တီးတဲ့အဆင့် လွန်သွားပါပြီ။ ပြဿနာရှိလာပါပြီ။ ကိစ္စက အကြီး ကြီး မဟုတ်တောင် ပေါ့သေးသေးတော့ မဟုတ်တော့ပါဘူး။ ဒီလို ပြောလိုက်လို့ ICC တင်ဖို့ဖြစ်လာမယ်တို့၊ R2P အကြောင်းပြပြီး နိုင်ငံစုံတပ်တွေ ဝင်လာတော့မယ်လို့တော့ မျှော်လင့်လို့မရပါဘူး။ အဲ့ဒီ အနေအထားက ဖြစ်ဖို့အကြောင်းလည်း မမြင်ပါဘူး။ စစ်အုပ်စုကို သူ သိတ်ကြီး လက်လွှတ်စံပယ်လုပ်မယ့် အရိပ်အခြေမတွေ့ရသေးပေမယ့် တဘက်လှည့်နဲ့တော့ ကိုင်ပါလိမ့်မယ်။ စစ်အုပ်စုကလည်း အကင်းပါး ပါတယ်။ နိုင်ငံတကာအကြောလည်း နောကြေပါ တယ်။ ဘယ်အချိန် ဘယ်သူပူး ဘယ်သူ့ခွာ နားလည်ပါတယ်။ နောက်တခု အရေးအကြီးအဆုံးအချက်က နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ တရားဝင်မှုအရ စစ်တပ်ဟာ တရားဝင်အစိုးရမဟုတ်ပါဘူး။ ဒါကိုင်ပြီး လက်တလုံးခြားလုပ်မယ်ဆို လုပ်လို့ရပါတယ်။

ခက်နေတာက ပဲလှော်ကြား အညပ်သွားခံတဲ့ စစ်တပိုင်းအစိုးရဆိုတဲ့ ဆားပါပဲ။ ဟုတ်ဟုတ် မဟုတ်ဟုတ် တရားဝင်မှုအရ သူဟာ အစိုးရ ဖြစ်ပါတယ်။ တာဝန်ခံရပါတယ်။ တာဝန်ယူရပါတယ်။ တကယ့်တကယ် ကျားစီးဖားစီးဖြစ်လာရင်“ကျနော်တို့က အစိုးရသာဆိုတယ်”လို့ ဘယ်သူ့ကိုမှ မျက်ရည်ခံထိုးလို့ရဖို့မလွယ်ပါဘူး။ စစ်တပိုင်းအစိုးရရဲ့ မနေတတ်မထိုင်တတ်မှုကြောင့် အမေရိကန်နဲ့အနောက်အုပ်စုရဲ့ ‘ပညာပေး’တွေ မချိမဆန့်မခံရတောင် ကျောင်းမှန်းကန်မှန်း သိအောင်တော့ အလုပ်ခံရမယ်ထင်ပါတယ်။ တိုင်းပြည်နဲ့လူထု ဘယ်လောက် နစ်နာမယ် မနာဘူးကတော့ ခုနေခါမယ် ဘာမှ တွက်ချက်လို့တော့ မရသေးပါဘူး။
မျိုးမြင့်ချို(ဒီဇင်ဘာ ၁၃၊ ၂ဝ၁၈)

0 comments:

Post a Comment