Friday, March 1, 2019

လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၁၄)

0 comments
လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၁၄)
တိမ်ညိုတိမ်မည်းတွေအုံ့ဆိုင်း မှိုင်းညို့ညို့ရိုးမ
ဗကပဌာနချုပ်မှာ ပဲခူးရိုးမကရောက်လာသူ နောက်ထပ် နှစ်ဦးရှိသေးတယ်။ တစ်ဦးက ကျွန်တော်တို့နဲ့အခန်းချင်ကပ်လျက်မှာနေတဲ့ ဦးအောင်စိန်ဖြစ်ပြီး နောက်တစ်ဦးကတော့ ကိုသန်းမောင်ဖြစ်ပါတယ်။ ကိုသန်းမောင်ကို ကရင်သန်းမောင်လို့လဲခေါ်ကြတယ်။ ဦးဘခက်ရဲ့ နောက်ဆုံးနေ့များစာအုပ်ထဲမှာ ကရင်လူငယ်လေးတွေရဲ့ဓာတ်ပုံတစ်ပုံပါတယ်။ အဲဒီဓာတ်ပုံထဲမှာ ကိုသန်းမောင်ငယ် ငယ်ကပုံလည်းပါတယ်။ အဲဒီတုံးက သူ့နာမည်ဟာ မော်စီကိုတဲ့။

သူတို့နှစ်ယောက်စလုံး ဗဟိုကြေးနန်းတာဝန်ခံတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်နှစ်တစ်ခါရွေးကောက်တဲ့ ဗဟိုရုံးပါတီကလပ်စည်း ကော်မတီဝင်တွေလည်းဖြစ်ကြတယ်။ ဗဟိုဌာနချုပ်မှာတော့ ကြေးနန်းဌာနက လူငယ်လူရွယ်လုပ်သားအများဆုံးဖြစ်ပြီး လူငယ်တွေကလဲ သူတို့ကိုချစ်ကြတယ်။

သူတို့ရဲ့ပဲခူးရိုးမအတွေ့အကြုံတွေကလည်း နယ်စပ်မှာနေသူတွေနားထောင်ရရင် ယုံနိုင်စရာတောင်မရှိဘူး။ ငှက်ပြောအူတွေစားပြီး ရက်ပေါင်း များစွာနေကြရတာတို့၊ ထိုးစစ်အမျိုးမျိုးကြား ဖျားကြနာကြတာတို့၊ သခင်သန်းထွန်းအလုပ်ကြံခံရတာ ကိုယ်တိုင်မြင်တွေ့ရလို့ စိတ်ထိခိုက်ရ တာတို့၊ ကိုယ်နဲ့အတူနေခဲ့တဲ့ ရဲဘော်တွေ ကိုယ့်မျက်စိအောက်မှာ ကျဆုံးသွားတာတို့ တကယ့်ကိုအိပ်မက်ဆိုးကြီးလို ရင်ဆိုင်ခဲ့ရတယ်။

အစက အင်အားထောင်ဂဏန်းလောက်ရှိတဲ့ ပဲခူးရိုးမ ဗကပတပ်တွေ တဖြည်းဖြည်းအားလျော့နေပေမဲ့ သူတို့တတွေဟာ စိတ်ဓာတ်မကျဘဲ ရပ်တည်လာခဲ့ကြတာတွေကလည်း လက်ဖျားခါလောက်စရာဖြစ်ပါတယ်။ နောက်ပြီး ဥက္ကဌသခင်ဇင်တို့ အတွင်းရေးမှူးသခင်ချစ်တို့ ကျဆုံးတော့ သူတို့ရုပ်ကလပ်တွေကို ခွဲကြည့်လိုက်တဲ့အခါ ဗိုက်ထဲမှာ မြက်တွေနဲ့သစ်ခေါက်တွေကိုတွေ့ရတယ်ဆိုတဲ့သတင်းဟာ အားလုံး အတွက် တကယ့်ကိုစိတ်ထိခိုက်စရာတွေဖြစ်ရတယ်။ ဒီလိုစိတ်ထိခိုက်စရာတွေဟာ သူတို့အတွက် အင်အားတွေပြန်ဖြစ်လာတာလို့ သူတို့ကပြောကြတယ်။

ပဲခူးရိုးမဟာ တောင်မြောက် မိုင် ၂၅ဝ လောက်ရှည်ပြီး အရှေ့အနောက် ပျမ်းမျှမိုင် ၄ဝ လောက်ကျယ်တဲ့ တောင်တန်းဖြစ်ပါတယ်။ အလယ်ရိုးမ လို့လည်းခေါ်ပါတယ်။ ပဲခူးရိုးမရဲ့ မဟာဗျူဟာအရအရေးပါမှုဟာ ၁၉၄၅ ခု ဂျပန်ဖက်ဆစ်တွေကို တိုက်တုံးကတည်းက သိသာပေါ်လွင်နေ ခဲ့တာပါ။ တောင်ဖက်ကိုဆင်းသွားရင် ရန်ကုန်မြို့တော်ကိုရောက်သွားမှာဖြစ်သလို အရှေ့ခြမ်းနဲ့အနောက်ခြမ်းဒေသတွေမှာလည်း ပဲခူးတောင်ငူပျဉ်းမနားနဲ့ သုံးဆယ် သာယာဝတီ ပြည်စတဲ့ မြို့ကြီးတွေကိုစီးမိုးထားတယ်။ မြောက်ဖက်ကိုတော့ မကွေး-ရေနံချောင်းနဲ့ မသုံးလုံးဒေသဆိုတဲ့ မိတ္ထီလာ၊ မြင်းခြံ၊ မန္တလေးကို တက်သွားလို့လွယ်သွားပြီ။ နောက်ပြီး ပဲခူးရိုးမကနေအရှေ့ဖက်ကိုသွားရင်စစ်တောင်းမြစ်ကို ကူးတာနဲ့ ရွှေကျင်ကျောက်ကြီးနဲ့ ရှမ်းရိုးမအစပ်ကိုရောက်မှာဖြစ်သလို အနောက်ဖက် ဧရာဝတီမြစ်ကိုကူးလိုက်ရင်လည်း ရခိုင်ရိုးမကိုရောက် သွားမှာဖြစ်ပါတယ်။ မြန်မာပြည်မြေပုံရဲ့ အသိမ်ဆုံးခါးပိုင်းနေရာမှာရှိလို့ ပဲခူးရိုးမကိုထိန်းနိုင်ရင် လမ်းပန်းအဆက် အသွယ်အားလုံးကို အလိုလို ထိန်းထားနိုင်မှာဖြစ်ပါတယ်။

ဗကပဟာ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖျက်သိမ်းခံရပြီးနောက်ပိုင်းမှာ ၁၉၆၄ လမ်းစဉ်ကို ချမှတ်လိုက်တယ်။ အဲဒီ လမ်းစဉ်ဟာ ရှေ့ကဆောင်းပါးမှာပါတဲ့အတိုင်း ရုရှားနဲ့တရုတ်ဆိုပြီး ဆိုရှယ်လစ်ဂိုဏ်းကြီးကွဲတဲ့အခါမှာ တရုတ်ဖက်က ပြတ်ပြတ်သားသား ရပ်တည်ကြောင်း အတည်ပြုတဲ့လမ်းစဉ်ဖြစ်သလို ပါတီရဲ့လမ်းညွှန်သဘောတရားကိုလည်း မာ့က်စ်လီနင်ဝါဒသာမက မော်အတွေးအခေါ်ကိုပါ တရားဝင်အသိ မှတ်ပြုလိုက်တဲ့လမ်းစဉ်ဖြစ်ပါတယ်။ ဗကပအပါအဝင် အရှေ့တောင်အာရှနဲ့ လက်တင်အမေရိက ကွန်မြူနစ်ပါတီတွေဟာ မော်အတွေးအခေါ် ကို အရင်ကတည်းက မိမိတို့ တော်လှန်စစ်မှာ လမ်းညွှန်အဖြစ်ထားတာလုပ်ကြပေမယ့် တရားဝင် သဘောတရားတွေထဲ ထည့်တာကတော့ ၁၉၆၆ နောက်ပိုင်းမှသာဖြစ်ပါတယ်။

ဗကပဟာ ၆၄ လမ်းစဉ်ချလိုက်တဲ့အခါမှာ မော်ရဲ့စစ်ရေးသဘောတရားတွေအတိုင်း တစ်ပြည်လုံးအတိုင်းအတာနဲ့ ဒေသကြီး ၃ ခုခွဲလိုက်တယ်။ ပထမတစ်ခုက ဗကပထိန်းချုပ်မှုလုံးဝရရှိထားတဲ့ ပဲခူးရိုးမ၊ ရခိုင်ရိုးမနဲ့ မ ၃ လုံးဒေသဆိုတဲ့ တရိဂံအခြေခံဒေသပါ။ ဒုတိယတစ်ခုကတော့ ဗကပက တစိတ်တဒေသ ထိန်းချုပ်ပြီး အစိုးရတပ်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နေရတဲ့ မြစ်ဝကျွန်းပေါ်နဲ့ မြိတ်ထားဝယ်လိုပြောက်ကျားဒေသတွေ ဖြစ်ပါတယ်။ နောက်ဆုံးတခုကတော့ အစိုးရထိန်းချုပ်မှုအောက်မှာ လုံးလုံးလျားလျားရှိနေတဲ့ မြို့ပေါ်ဒေသတွေဘဲဖြစ်ပါတယ်။

ဒီပိုင်းခြားချက်အပေါ်ကနေ အခြေခံဒေသတွေကို ခိုင်မာအောင်တည်ဆောက်ပြီး PA ပြည်သူ့တပ်မတော်နဲ့ လှုပ်ရှားစစ်ဆင်မယ်။ ပြောက်ကျား ဒေသတွေမှာတော့ လှုပ်ရှားပြောက်ကျားနည်း ပရိယာယ်ကျင့်သုံးမယ်။ မြို့ပြဒေသတွေကိုတော့ ရံဖန်ရံခါ စစ်တပ်သွားလာကူးသန်းရာ လမ်းပန်း အဆက်အသွယ် ဖြတ်တောက်ရေးတိုက်ပွဲတွေလုပ်ပြီး မြို့တွေထဲမှာ အစိုးရဆန့်ကျင်ရေးဝါဒဖြန့်တာတို့ မိမိထောက်ခံသူတွေ စည်းရုံး ပြီးမြေအောက်ပါတီအဖွဲ့အစည်းတည်ထောင်တာတွေလုပ်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေရဲ့ သော့ချက်ကတော့ လှုပ်ရှားနိုင်အား မြှင့်တင်ရေးနဲ့ ပါတီတည်ဆောက်ရေးဆိုတဲ့ လုပ်ငန်း ၂ ခုလုပ်မှအောင်မြင်နိုင်မယ်။ ပါတီကိုတိုး ချဲ့တည်ဆောက်ရမယ်လို့လည်း လမ်းညွှန်ခဲ့ ပါတယ်။ ဒီလမ်းစဉ်ကို ဒေသအသီးသီးဆီ ဗဟိုကိုယ်စလှယ်လွှတ်ပြီး လက်တွေ့အကောင် အထည်ဖော်တာတွေလည်း စလုပ်ခဲ့တယ်။

ဗဟိုရဲ့  လက်တွေ့စတင်အကောင်အထည်ဖော်ဖို့ နေရာအဖြစ် လူဦးရေ ၇ သောင်းကျော်ရှိတဲ့ ပဲခူးရိုးမအနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်ကို ရွေးခြယ်ပြီး အာဏာနီတည်ဆောက်ရေးတွေ လုပ်ခဲ့ကြတယ်။ ပါတီတည်ဆောက်ရေးကို အားဖြည့်ဖို့အတွက် ဗဟိုမာ့က်စ်လီနင်ဝါဒကျောင်း တွေလည်း ဖွင့်ခဲ့ကြတယ်။ စစ်ရေးဘက်မှာ တိုက်ပွဲတွေလည်း ပိုများလာခဲ့တယ်။

ဒီအချိန်မှာ ဗကပဟာ တရုတ်ဘက်ကရပ်တည်မှုနဲ့ မော်အတွေးအခေါ်ကို လမ်းညွှန်အဖြစ်ထားမှုနဲ့ ရပ်တန့်မနေဘဲ တရုတ်ပြည်မှာပြုလုပ် နေတဲ့ မဟာပစ္စည်းမဲ့ယဉ်ကျေးမှုတော်လှန်ရေးကြီးကို ထောက်ခံတာလုပ်လာတယ်။ အဲဒီရဲ့နေုာက်ဆက်တွဲအဖြစ် ကိုယ့်ပါတီတွင်းမှာလည်း ယဉ်ကျေးမှုတော်လှန်ရေးလုပ်ဖို့ အထိဖြစ်လာပါတယ်။ တရုတ်ပြည်မှာ ပြန်လည်ပြင်ဆင်ရေးဝါဒီခေါင်းဆောင်တွေဖြုတ်ချသလို ဗကပတွင်းက ပြန်လည်ပြင်ဆင်ရေးဝါဒီတွေကို ဖြုတ်ချရမယ်၊ အဲသလို ပြန်လည်ပြင်ဆင်ရေးဝါဒီတွေကို အပြုတ်ဖြုတ်နိုင်ရင် ဗမာပြည်တော်လှန်ရေးကြီး အောင်ပွဲခံမှာဘဲလို့လည်း ယူဆလာကြတယ်။ နောက်ဆက်တွဲကတော့ အားလုံးသိကြတဲ့အတိုင်း ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဖြုတ် ထုတ်သတ်တဲ့ ပါတီတွင်းတော်လှန်ရေးလမ်းစဉ်ဆိုတာကို ၁၉၆၆ ဒုတိယနှစ်ဝက်ပိုင်းမှာ ချမှတ်ပြီး အကောင်အထည်ဖော်ကြခြင်း ဖြစ်ပါတယ်။

အဲသလိုဖြုတ်ထုတ်သတ်လုပ်ဖို့ စီစဉ်နေချိန်မှာ ဦးနေဝင်းစစ်အစိုးရဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ တပ်မသစ်တွေနဲ့ ဖြတ် ၄ ဖြတ် လုပ်တာ အောင်ပွဲတွေရလာပြီး တပ်တွေကို ပဲခူးရိုးမဘက်စတင်ရွှေ့ပြောင်းနေချိန်ဖြစ်နေတယ်။ သူတို့ဟာ တရုတ်ပြည်မှာ တပ်နီလူငယ်တွေဖွဲ့ပြီး ယဉ်ကျေးမှုတော်လှန်ရေးလုပ်ပုံအတိုင်း ပဲခူးရိုးမမှာတပ်နီလူငယ်တွေဖွဲ့ပြီး ကွန်မြူနစ်ပါတီရဲ့ ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုဆိုတဲ့ ပါတီစည်းမျဉ်းကို လုံးဝဖျက်သိမ်းပစ်ကြတယ်။ အမှန်တော့ သူတို့အတုယူနေတဲ့ တရုတ်ပြည်ဆိုတာ တရုတ်ကွန်မြူနစ်တွေက အာဏာရထားသူတွေဖြစ်ပြီး စစ်တပ်ကလည်း အဲဒီယဉ်ကျေးမှုတော်လှန်ရေးထဲမှာမပါပါဘူး။ နိုင်ငံကာကွယ်ရေး၊ နိုင်ငံအုပ်ချုပ်ရေးနဲ့ သံတမန်လုပ်ငန်းတွေ နိုင်ငံခြား ဆက်ဆံရေးတွေလည်း ပုံမှန်ဆက်လုပ်နေတဲ့အခြေအနေအောက်မှာလုပ်တာဖြစ်ပါတယ်။ ဒါတောင် တိုင်းပြည်အများကြီးထိခိုက်နစ်နာ ခဲ့ရတယ်။ မြန်မာပြည်အခြေအနေက တရုတ်လိုမဟုတ်ဘဲ တခြားစီဖြစ်ပါတယ်။ စစ်အစိုးရက ဝိုင်းပတ်ချေမှုန်းရေးလုပ်နေတဲ့ကြားက ပါတီရပ်တည်ဖို့ အသည်းအသန် ကြိုးပမ်းနေချိန်မှာလုပ်တာဖြစ်လို့ ထိခိုက်နစ်နာမှုဟာ စာဖွဲ့လို့တောင်မရတော့ပါဘူး။

ဒီနေရာမှာ ဗကပပါတီရဲ့ထိခိုက်မှုထဲမှာ ပါတီတွင်းအတွေ့အကြုံကြီးမားသူတွေ စစ်ရေးကျွမ်းကျင်သူတွေကျဆုံးကုန်ကြလို့ တော်လှန်ရေး မျိုးဆက် လက်ဆင့်ကမ်းဖို့ အများကြီးခက်ခဲသွားခြင်း၊ တနည်အားဖြင့် သွေးအားနည်းရောဂါစတင်ခံစားရခြင်းဆိုတဲ့ နောက်ဆက်တွဲအကျိုး ဆက်ကိုထည့်ဖို့လိုလိမ့်မယ်။ ဗကပမှာ ၁၉၆၈ ခုအရှေ့မြောက်စစ်ဒေသကြီး ပေါ်လာပြီး အင်အားအကြီးဆုံး သူပုန်အဖွဲ့ကြီးဖြစ်လာတယ် ဆိုပေမဲ့ အဲဒီအင်အားစုအသစ်တွေဟာ အရင်ကိုလိုနီခေတ်စစ်နဲ့ တော်လှန်ရေးမျိုးဆက်က ထွက်ပေါ်လာတဲ့ နိုင်ငံရေး နိုးကြားမှုမြင့်တဲ့ လူထုထဲက ပေါက်ဖွားလာတဲ့အင်အားတွေနဲ့ အဆက်ပြတ်သလောက်နီးပါးဖြစ်သွားခဲ့တယ်။ ဒါကြောင့်လည်း NEC လို့ ခေါ်တဲ့ အရှေ့မြောက် စစ်ဒေသပေါ်လာတဲ့အခါ လမ်းစဉ်အမှားကိုပြုပြင်တာတွေလုပ်ပြီး မြို့ပေါ်လှုပ်ရှားမှုတွေပြန်လည်လုပ်ဆောင်ပေမယ့် နယ်စပ်အင်အားတွေနဲ့ ပြည်တွင်းအင်အားတွေပေါင်းစပ်ဖို့ အများကြီးခက်ခဲသွားတာဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၇ ဖြုတ်ထုတ်သတ်အမှားရဲ့အရှိန်ကြောင့် ပညာတတ် အဝန်းအဝိုင်းနဲ့ မြို့ပေါ်နိုင်ငံရေးအင်အားစုအကြား ဗကပကို ကြောက်ရွံ့ထိတ်လန့်သွားစေခဲ့တယ်ဆိုတဲ့အချက်ကိုလည်း မမေ့ဖို့လိုတယ်။

အဲဒီကာလ မဆလစစ်အစိုးရရဲ့ အရာရာလက်ဝါးကြီးအုပ်မှုနဲ့ ဖိနှိပ်မှုမျိုးစုံကြောင့် တစ်ပြည်လုံးက ဆန့်ကျင်နေချိန်ဖြစ်ပါတယ်။ အရင်တုံး ကတော့ အုပ်စိုးသူရဲ့ဖိနှိပ်မှုကို ဆန့်ကျင်ဖို့ဆိုရင် တစ်ခုတည်းသောအမာခံအင်အားဖြစ်တဲ့ ဗကပအလံအောက်ရောက်ကြပေမယ့် ဖြုတ် ထုတ်သတ်အရှိန်ကြောင့် ဗကပထောက်ခံတဲ့အင်အား အတော်လေးကျဆင်းသွားခဲ့တယ်။ တော်ယုံထက်သန်မှုမျိုးလောက်နဲ့ ဗကပနဲ့ အဆက်အသွယ် မလုပ်ကြတော့ဘူး။ ၁၉၆၄ တဝိုက်တုံးက လူထုထောက်ခံမှုနဲ့ တိုက်ပွဲတွေအခြေအနေဟာ ၁၉၅ဝ ကာလကလို မြင့်မား တယ်ဆိုပြီး အစိုးရသတင်းစာတွေကတောင် သတိပေးရတဲ့အခြေအနေ၊ မြို့ပေါ်မှာ ဗကပထောက်ခံသူ သံယောဇဉ်ရှိသူတွေ အများအပြား ရှိခဲ့တဲ့အခြေအနေမျိုးဟာ လုံးဝပြိုပျက်ခဲ့ရတယ်။ ဒီလိုအဆက်ပြတ်သွားမှုဟာ ဗကပ NEC အရှေ့မြောက်ဒေသ ကာလမှာလည်း ပြန်ပြီး မတည်ဆောက်နိုင်တော့ဘူး။ ဗကပဟာ ကိုယ်အခြေခံရမဲ့အင်အားနဲ့ ကြာလေကင်းကွာလာလေ ဖြစ်လာတာဟာ နောင်မှာ NEC အရှေ့ မြောက်ဒေသကျဆုံးခြင်း၊ ဗကပ လက်နက်ကိုင်အလံလည်းကျခြင်းတွေရဲ့ ရှေ့တော်ပြေးနိဒါန်းလို့ဆိုနိုင်ပါတယ်။

တစ်ခုရှိတာက ၁၉၇ဝ နောက်ပိုင်းကာလတွေမှာ အင်ဒိုချိုင်းနား ၃ နိုင်ငံမှာ အမေရိကန်နယ်ချဲ့သမားတွေက ပြင်းပြင်းထန်ထန် ဗုံးမိုးရွာ နေသလို ဗီယက်နမ်လွတ်မြောက်ရေးစစ်ပွဲကလည်း ပြင်းထန်နေတယ်။ ဗီယက်နမ်စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးလည်း ကမ္ဘာအနှံ့မှာ ပေါ်ထွက်နေတယ်။ အမေရိကန်နိုင်ငံထဲမှာ ဗီယက်နမ်စစ်ဆန့်ကျင်ရေးနဲ့ လူသိန်းချီပါဝင်တဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ ထွက်ပေါ်နေတယ်။ ဒီဂယက်တွေကြောင့် မြန်မာပြည်က ပညာတတ်တွေနဲ့ ကျောင်းသားတွေကြားမှာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ငြိမ်းချမ်းရေး စိတ်ဓာတ်တွေ ပြန်ပြီးရှင်သန်လာတယ်။ တာဝန်ကျေစပါး မသွင်းနိုင်တဲ့ လယ်သမားတွေဖမ်းချုပ်တာတွေ စားစရာဆန်တောင်းတဲ့ အလုပ် သမားတွေကို ရက်ရက်စက်စက် ပစ်သတ်တာတွေလုပ်လာတဲ့အခါ ကျောင်းသားလူငယ်တွေထဲမှာ စစ်အစိုးရဆန့်ကျင်တဲ့စိတ်တွေ ပိုပြင်းထန် လာတယ်။ အဖမ်းအဆီးတွေကလည်း သိပ်များလာတယ်။ ဒီအချိန်မှာ စစ်အစိုးရကိုဆန့်ကျင်နေတဲ့ အဖွဲ့အစည်းကိုရှာဖွေလာကြတယ်။ ၁၉၆၉ နောက်ပိုင်း ပေါ်ထွက်လာတဲ့ ဦးနုရဲ့ PDP ပြည်ချစ်လက်နက်ကိုင်အဖွဲ့ဟာ ၃ နှစ်လောက်အကြာမှာ ဝါးအစည်းပြေသလိုဖြစ်နေတယ်။ ဗကပ တစ်ဦးသာ စစ်အစိုးရကို ပြတ်ပြတ်သားသားဆန့်ကျင်နေတာ သူတို့တွေ့သွားကြတယ်။၁၉၇ဝခုများ အလယ်ပိုင်းမှာ မြို့ပေါ်က ကျောင်းသား လူငယ်တွေ ဗကပ NEC အရှေ့မြောက်ဒေသကို တဖွဲဖွဲရောက်ရှိလာကြတယ်။

အထက်ပါအချက်တွေဟာ ဗကပ NECပြိုလည်းရခြင်းရဲ့ ရှေ့တော်ပြေး ပြင်ပအကြောင်းရင်းတွေသာ ဖြစ်ပါတယ်။ အဲဒီကာလအတွင်း ပဲခူးရိုးမ ဗဟိုမှားယွင်းခဲ့တဲ့ အတွင်းပိုင်းအကြောင်းရင်း၊ တနည်းအားဖြင့် ဆန္ဒပိုင်းဆိုင်ရာအမှားတွေကိုထည့်သွင်းမှ သမိုင်းအချက်အလက်ပိုမို ပြည့်စုံ ပါလိမ့်မယ်။ ဗကပဟာ မာ့က်စ်လီနင်ဝါဒတို့မော်အတွေးအခေါ်တို့ဆိုတဲ့ ပစ္စည်းမဲ့လူတန်းစား နိုင်ငံရေးသဘောတရားတွေကို မြန်မာပြည် တော်လှန်ရေးလက်တွေ့နဲ့ ဘယ်လောက်ပေါင်းစပ်နိုင်သလည်းဆိုတဲ့ မေးခွန်းကိုမေးနိုင်မှ ပိုပြည့်စုံလာမှာဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ဗကပပါတီဟာ ၁၉၄၈ ခုလက်နက်ကိုင်တိုက်ပွဲစတင်ပြီးနောက်ပိုင်း လမ်းစဉ်အတော်များများကို ပြောင်းလဲချမှတ် ခဲ့တဲ့ပါတီဖြစ်ပါတယ်။ တချို့လမ်းစဉ်တွေဆိုရင် တစ်ခုနဲ့တစ်ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဖီလာဖြစ်နေတာတောင်ရှိဖူးတယ်။ ၂ နှစ်အတွင်း စစ်နိုင်ရေးလမ်းစဉ်ကနေ ငြိမ်းချမ်းရေးညွန့်ပေါင်းအစိုးရလမ်းစဉ်ကို ပြောင်းလည်းသွားတာကိုဘဲကြည့်ပါ။ အလားတူဘဲ ငြိမ်းချမ်းရေးလမ်းစဉ် ကနေ စစ်အနိုင်တိုက်ရေးလမ်းစဉ်ကို ပြောင်းပြန်တယ်။ ဒီလိုလမ်းစဉ်အပြောင်းအလည်းတွေဟာ မိုးပေါ်ကကျလာတာ မဟုတ်ပါဘူး။

ပါတီတွင်း မတူတဲ့အယူအဆတွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေက ထွက်ပေါ်လာကြတာဖြစ်ပါတယ်။ ဗကပဟာ ၁၉၄၈ ခုကတည်းက လက်နက်ကိုင်တိုက်မလား မတိုက်ဘူးလားဆိုတဲ့ပြဿနာမှာ ပါတီတွင်း အကြိတ်အနယ်အငြင်းပွားမှုတွေ ရှိလာခဲ့တယ်။ အကြမ်းဖက် တော်လှန်ရေးဆိုရာမှာလည်း သပိတ်စုံသူပုန်ထတဲ့နည်းလား၊ မော်စီတုံးရဲ့ ကျေးလက်အခြေခံမြို့ကိုဝိုင်းတဲ့လက်နက်ကိုင်နည်းလမ်းလား ဆိုတဲ့အငြင်းအခုန်တွေလည်း တလျှောက်လုံးရှိနေခဲ့တာပါ။

၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေးကို ဗိုလ်ချုပ်နေဝင်းစစ်အစိုးရက ဖျက်သိမ်းလိုက်တဲ့အခါမှာ ပဲခူးရိုးမ ဗကပ ဗဟိုကော်မတီထဲမှာ ပြင်းထန်တဲ့ အငြင်းပွားမှုတွေ ပေါ်လာတယ်။ အဲဒါကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ရတာဟာ ပါတီကြောင့်လို့ အချင်းချင်းစွပ်စွဲတာတောင် ရှိလာတယ်။ ပေါလစ်ဗျူရိုလူကြီးတွေအထဲမှာ ဗိုလ်ချုပ်နေဝင်းစစ်အစိုးရကို တိုးတက်တဲ့အစိုးရလို့သတ်မှတ်ပြီး လက်တွဲအလုပ်လုပ်လို့ ရတယ်လို့ ယူဆသူတွေလည်းရှိတယ်။ ဒီလို မတူတဲ့အမြင်တွေရှိနေတာဟာ ပါတီတစ်ခုမှာ ဖြစ်လေ့ဖြစ်ထအရာတစ်ခုဖြစ်လို့ အဆန်း မဟုတ် ပါဘူး။ ကွန်မြူနစ်ပါတီတွေဟာ ပါတီတွင်းအမြင်ကွဲပြားမှုတွေကို စည်းမျဉ်းဥပဒေတွေနဲ့ထိန်းပြီး စည်းလုံးညီညွတ် အောင်လုပ်ကြတာပါ။ ဒါပေမဲ့ အဲသလို စည်းမျဉ်းဥပဒေကို လေးစားလိုက်နာရမှန်းမသိရင်တော့ ပါတီဟာ ဂိုဏ်းအုပ်စုတွေအမျိုးမျိုးနဲ့ သွေးကွဲသွားတော့တာပါဘဲ။

၁၉၆၄ လမ်းစဉ်ချမှတ်လိုက်တာဟာ လက်နက်ကိုင်တော်လှန်ရေးဘက်က ရပ်ခံတဲ့အပိုင်းက မဲအများစုရလာတာကြောင့်ဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဒါပေမဲ့ ၆၄ လမ်းစဉ်ချရုံနဲ့ရပ်မသွားဘဲ ပါတီတွင်း ဂိုဏ်းအုပ်စုသဏ္ဍာန်နဲ့တိုက်ခိုက်မှုဟာ ပိုပြင်းထန်လာတယ်။ ၆၄ လမ်းစဉ်ကို လက်မခံနိုင်တဲ့သူတွေကို ပါတီစည်းမျဉ်းဥပဒေအတိုင်း အနည်းစုမှာ ကိုယ့်အမြင်အယူအဆကိုဆက်လက် ထိန်းသိမ်းခွင့်ရှိတယ် ဆိုတဲ့ တည်ရှိခွင့်မပေးတော့ဘဲ ပြန်လည်ပြင်ဆင်ရေးဝါဒီတွေကို ပါတီတွင်းတော်လှန်ရေးလုပ်ရေးဆိုတဲ့ မှားယွင်းတဲ့ လမ်းစဉ်နဲ့အရေးယူတာ တွေဖြစ်လာကြတယ်။ ပါတီတွင်းဒီမိုကရေစီကို အဲသလိုချိုးဖောက်ရုံမက ဗဟိုချုပ်ကိုင်မှုကိုဖျက်ဆီးပြီး တပ်နီလူငယ်တွေက အာဏာသိမ်း လိုက်တာတောင် လုပ်ကြတယ်။ ဒါတွေကိုပြန်ပြောနေတာက တစ်ဦးချင်းအပေါ်အာဃာတထားဖို့မဟုတ်ပါဘူး။ ၁၉၄၈ နောက်ပိုင်း လမ်းစဉ်တွေအမျိုးမျိုးပြောင်းကြ အမှားတွေကျူးလွန်ကြတာတွေကို ပါတီတွင်းမျက်နှာစုံညီဖြေရှင်းမှု သိပ်နည်းလာရင် အမြင်မတူသူတွေ အကြား ဂိုဏ်းအုပ်စုတွေဖြစ်လာတတ်တယ်၊ အဲသလိုဂိုဏ်းအုပ်စုတွေဟာ ပါတီစည်းမျဉ်းဥပဒေတွေကို လစ်လျူရှုလာရင် နိုင်ငံရေးပါတီတစ်ခု ဘုံးဘုံးလဲ ကျဆုံးတတ်တယ်ဆိုတဲ့ သင်ခန်းစာရယူတဲ့ဘက်ကပြောခဲ့တာဖြစ်ပါတယ်။

၁၉၆၇ ပါတီတွင်းအမှားတွေကရလာတဲ့ သွေးထွက်လွန်မှုဟာ NEC အရှေ့မြောက်နယ်စပ်အထိ နာလံပြန်ထမလာတာကြောင့် ဗကပ
ဟာ နိုင်ငံရေးအရ စည်းရုံးရေးအရ လုပ်ဟန်အရ ကြံ့ခိုင်တောင့်တင်းတဲ့ လူသန်ကြီးဘဝကို ပြန်မရလာတာကို သင်ခန်းစာယူဖို့ပါဘဲ။ တစ်ခု ရှိတာက ဗကပဟာ အတွေးအခေါ်ပိုင်း သဘောတရားပိုင်းတွေမှာအားနည်းပြီး တော်လှန်ရေးအတက်အကျမျိုးစုံရင်ဆိုင်ဖူးတဲ့နိုင်ငံရေး ပါတီဖြစ်သလို ပြည်သူလူထုဘက်မှာ ထာဝစဉ်ရပ်တည်နေသေးတဲ့အတွက် တော်လှန်ရေးအကျပိုင်းနဲ့ရင်ဆိုင်ရတဲ့တိုင် ပါတီပျောက်မသွားဘဲ အမှားတွေပြုပြင်ပြီး ပြန်လည်ရပ်တည်လာခဲ့တဲ့ အတွေ့အကြုံတွေရှိတဲ့ ပါတီဖြစ်ပါတယ်။ ပြည်သူဆန့်ကျင်ရေး ပြည်သူကိုညှဉ်းပန်းနှိပ်စက် ရေးတွေမလုပ်သရွေ့ ဒီပါတီကို ပြည်သူက အကာအကွယ်ပေးထားတဲ့ သာဓကတွေလည်းရှိခဲ့ဘူးပါတယ်။ ဒီအချက်က ဗကပကို ဘယ်လို ဆက်လက် အသက်ဆက်ပေးနိုင်မလည်းဆိုတာ စောင့်ကြည့်ဖို့ဘဲရှိပါတော့တယ်။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ ကူးယူဖော်ပြပါသည်

0 comments:

Post a Comment