(ဘေဘီဘွန်းမားစ်နဲ့ မီလန်နီယယ်လ်စဲ)ယေဘုယျသဘောကတော့ ၂၁ ရာစုအကူးမှာ လူလားမြောက်လာကြတဲ့ တနည်းပြောရရင်
မဲပေးခွင့်အရွယ်ရောက်လာကြသူတွေကို millennials တွေလို့ခေါ်ကြပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော် ၂ ရပ်ရွေးကောက်ပွဲတွေမှာ အဲ့ဒီ
မီလန်နီးယယ်လ်စ်တွေထဲကတချို့ မဲပေးကြပါတယ်။ အရွေးခံကြပါတယ်။ လွှတ်တော်ထဲ
ပါလာပါတယ်။ ဒုတိယကမ္ဘာစစ်နဲ့အတူ မွေးဖွားလာခဲ့သူတွေကိုတော့ Baby Boomers
တွေလို့ခေါ်ကြပါတယ်။ စစ်အတွင်းနဲ့စစ်ပြီးစကာလတွေမှာ အမေရိကန်မိသားစုတွေ
သားသမီးလည်း အယူများခဲ့ကြတော့ မွေးချင်း တအူထုံ့ဆင်းတွေများပါတယ်။ သူတို့ဟာ
ခုဆို ဘိုးတော်ဘွားတော်တွေ ဖြစ်နေပါပြီ။ သူတို့ကတော့
လွှတ်တော်တွေထဲထိုင်ပြီး ထိပ်ဆုံးကစောင့်နေသူတွေဖြစ်ပါတယ်။
ခုလောလောဆယ် ဆီးနိတ်နဲ့အောက်လွှတ်တော်ကို ဦးဆောင်ဦးရွက်ပြုနေတဲ့ ရီပတ်ဘလီကင်န်နဲ့ဒီမိုကရက်တွေက Baby Boomers တွေဖြစ်ပါတယ်။ ဒီမိုကရက်တွေက လူမှုဖူလုံရေးခံစားခွင့်၊ စရိတ်နည်းကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးရွယ်အိုများ ဆေးဝါးနဲ့ကျန်းမာရေးအခမဲ့ကိစ္စ၊ လူဝင်မှုကိစ္စစတာတွေကို အမေရိကန်နှုန်းစံတွေလည်းမပျက်ရအောင် ထိန်းထိန်းသိမ်းသိမ်း ညင်ညင်သာသာနဲ့ ဖြည်းဖြည်းချင်းပြောင်းလဲယူချင်သူတွေပါ။
ရီပတ်ဘလီကင်တွေကတော့ နှုန်းစံတန်ဖိုးထက် စစ်သွေးတကြွကြွ စစ်မန်တယစ်ယစ်နဲ့ သူဌေးသူကြွယ်တွေဆောင်ရတဲ့အမြတ်ခွန်ကို လျှော့ချတာ၊ စစ်စရိတ်တွေတိုးသုံးတာ၊ ပတ်ဝန်းကျင်သဘာဝပျက်စီခံပြီး သယံဇာတတွေထုတ်တာ၊ ပြည်ပကုန်သွယ်ရေးတွေမှာ ပို့ကုန်ခွန်တွေ တိုးကောက်တာ၊ လူဝင်မှုဥပဒေတွေတင်းကျပ်တာ၊ ဒုက္ခသည်တွေကို နည်းနိုင်သမျှနည်းနည်းလက်ခံတာစတာတွေကို ဇောင်းပေးပြီးလုပ်ပါတယ်။
ဒေါ်နယ်လ်ထရမ့်ပထမနှစ်အတွင်း လွှတ်တော် ၂ ရပ်လုံး ရီပတ်ဘလီကင်န်တွေ စီးထားနိုင်တုန်းမှာ ခြေမြန်လက်မြန်နဲ့ သူဋ္ဌေးတွေဆီက ၃၅ ရာခိုင်နှုန်း အမြတ်ခွန်ကောက်ကနေ ၂၅ ရာခိုင်နှုန်း အထိလျော့ကျသွားအောင် လုပ်ပစ်ခဲ့ပါတယ်။ တချို့ကိစ္စတွေကို လူမိုက်ဆန်ဆန် ရမ်းရမ်းကားကားနဲ့ သမ္မတအခွင့်အာဏာသုံးပြီး အမိန့်တွေထုတ် တင်းကျပ်ပစ်တာတွေလုပ်ခဲ့ပါတယ်။ အဲ့လို အခွန်လျှော့ဆောင်ရလို့ သူဋ္ဌေးတွေကနေ သူကြွယ်တွေဖြစ်သွားကြသလို တိုင်းပြည်က နှစ်စဉ်ရနေတဲ့အခွန်ငွေမှာ ဒေါ်လာ ဘီယီယံ ရာဂဏန်းလောက် နစ်နာသွားခဲ့ပါတယ်။
ဒီကြားထဲမှာ ကုန်သွယ်ရေးလိုငွေကလည်း တရုတ်နဲ့ အကြီးအကျယ်ပြရုံတင်မက ဥရောပနိုင်ငံတွေနဲ့ပါ လိုငွေပြပါတယ်။ တခါ တိုင်းပြည်မှာ တခါမှမကြုံဖူးလောက်အောင် မြန်ဆန်လွန်းတဲ့ ဘတ်ဂျတ်လိုငွေပြမှုကလည်း ကြောက်ခမန်းလိလိဖြစ်လာပါတယ်။
ဘတ်ဂျတ်မှာ ဒီလောက်လိုငွေပြရတာတာ စစ်စရိတ်တွေ နင်းကန်တိုးသုံးလို့၊ ပြည်ပကြွေးမြီတွေအတွက် အတိုးတွေပေးနေရလို့၊ လူမှုဖူလုံရေးနဲ့ကျန်းမာရေးဆေးဝါး စားနပ်ရိက္ခာစတာတွေအတွက် အကုန်အကျများလို့ စရိတ်ထောင်းလို့စသည်ဖြင့် အကြောင်းပြချက်တွေလည်း အသီးသီးထုတ်ပြကြပါတယ်။
ရီပတ်ဘလီကင်တွေကတော့ အဲ့ဒီ ဘတ်ဂျတ်လိုငွေကို ထေမိအောင် ဆင်းရဲသား ဝင်ငွေနိမ့်ပါးသူတွေကိုပေးနေတဲ့ခံစားခွင့်နဲ့ အထောက်အပံ့တွေကို လျှော့ချပစ်ရမယ် ဒါမှမဟုတ် ဖြတ်တောက်ပစ်ရမယ်လို့ပြောပြီး ဒီမိုကရက်တွေကတော့ သူဋ္ဌေးတွေအပေါ် အခွန် ဖိဖိစီးစီးပြန်ကောက်ဖို့ပြောပါတယ်။
ရီပတ်ဘလီကင်န်တွေကတော့ ရှင်းပါတယ် သူဋ္ဌေးကြေးပံ့ပြီး ကျောက်ခဲရေညှစ်မယ့်ရပ်တည်ချက်ပါ။ သူတို့အတွင်း အဲ့ဒီရပ်တည်ချက်က ပြဿနာမဟုတ်ပါဘူး။ လုပ်ပုံလုပ်နည်းအပေါ် အငြင်းမပွားပါဘူး။ အချိန်အပေါ်ဘဲ အခြေအတင်ပြောနေကြတာပါ။ ဒီမိုကရက်တွေထဲကျတော့ သူတို့လုပ်ချင်တာတွေကို လုပ်ဖို့ရာ အကန့်အသတ်တခုရှိလာပါတယ်။ အဲ့ဒါကတော့ အပေါ်မှာပြောခဲ့တဲ့ Baby Boomers တွေနဲ့ millennials တွေကြားမှာပါ။
ဘေဘီဘွန်မားစ်တွေက သက်တော်ရှည်အမတ်ကြီးတွေ နိုင်ငံရေးအဝါးဝနေသူတွေ၊ အချိန်အဆကြီးသူတွေ၊ အတွက်အချက်တတ်သူတွေ၊ အရည်လည်သူတွေဖြစ်ပြီး မီလန်နီယယ်စ်တွေကတော့ လူသစ်တန်းအမတ်တွေ၊ နိုင်ငံရေးထဲ သိတ်ထဲထဲဝင်ဝင် မရှိသေးသူတွေ၊ တုံးဆိုတိုက် ကျားဆိုကိုက် လုပ်ချင်သူတွေ၊ ဇယားရွေ့ရတာ ဝေ့လည်ကြောင်ပတ်လုပ်ရတာကို မနှစ်ခြိုက်သူတွေ၊ အဝါးမဝအရည်မလည်သေးသူတွေလိုဖြစ်နေပါတယ်။
မီလန်နီယယ်လ်စ်တွေကို သူဋ္ဌေးသူကြွယ်တွေအပေါ် အခွန်တိုးကောက်မယ်။ စီးပွားရေးကို စားသုံးသူအခြေပြုပုံစံကနေ တရုတ်လုပ်ခဲ့သလို ပို့ကုန်အဓိကစီးပွားရေးပုံစံပြောင်းမယ်။ စစ်စရိတ်လျှော့ချမယ်။ လူမှုဖူလုံရေးခံစားခွင်၊ ဆင်းရဲသားထောက်ပံ့ကြေး၊ ဆေးဝါးနဲ့ကျန်းမာရေးစရိတ်နည်း စောင့်ရှောက်မှုစတာတွေကို ပိုကောင်းအောင် လူတွေခံသာသထက်ခံသာအောင်လုပ်မယ်။ Green Deal လို့ခေါ်တဲ့ ပတ်ဝန်းကျင်သဘာဝကြီး အထိအခိုက် အပျက်အစီးနည်းအောင် ကုန်ထုတ်လုပ်မှုနဲ့ သံယံဇာတထုတ်လုပ်မှုတွေလုပ်မယ်၊ လုပ်တဲ့နေရာမှာလည်း မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်နဲ့လုပ်မယ်။ လိုအပ်ရင် ဥပဒေအသစ်တွေ ရေးဆွဲတင်သွင်းအတည်ပြုမယ်ဆိုပြီး ဆော်သြနေကြတာပါ။
လေလောဆယ်မှာ ဒီမိုကရက်တွေနဲ့အတူ အမေရိကန်နှုန်းစံတန်ဖိုးနဲ့နေချင်တဲ့ ရှားရှားပါးပါး ရီပတ်ဘလီကင်န်တွေအတွက် ခေါင်းကြီးနေရတဲ့ပြဿနာကတော့ နာဇီဝါဒခေါင်းပြန်ထောင်လာတာ၊ ဂျူးဆန့်ကျင်ရေးတွေပျံ့နှံ့လာတာ၊ ပြောင်းရွှေ့ဝင်ရောက်လာသူတွေအပေါ် မလိုမုန်းထားဖြစ်လာတာ၊ လူမျိုးရေး ဘာသာရေးအမုန်းတရားအခြေခံ ရာဇဝတ်မှုတွေ တိုးလာတာတွေအပြင် Anarchism နဲ့ Anarchists တွေ မြန်မြန်ဆန်ဆန် ပြန်ကြီးထွားလာပြီး လှုပ်လှုပ်ရွရွဖြစ်လာတာတွေ ဖြစ်ပါတယ်။ မကျေနပ်မှုဖြစ်ပါတယ်။ လူဖြူကြီးစိုးရေးဝါဒနဲ့အတူ အဲ့ဒါကိုခုခံဖို့ လူနည်းစုတွေကြားမှာလည်း လူမျိုးအလိုက် ကွန်မြူနတီအလိုက် ကိုယ်ပိုင်ဝိသေသလက္ခဏာဆောင်တဲ့စုဖွဲ့မှု စည်းရုံးစုစည်းမှုတွေ ပေါ်လာပါတယ်။ အားပြိုင်မှုတွေလည်း ဖြစ်လာပါတယ်။ အဲ့ဒါတွေက လူတွေ ခေါင်းခဲ့နေရတာပါ။
တခါ တဘက်မှာကျတော့လည်း Occupy Wall Street နဲ့ ပြင်သစ် Yellow Vest လှုပ်ရှားမှုကနေ ပျံ့နှံ့လာတဲ့ မငြိမ်မသက်မှုတွေဟာလည်း မော်ဒန် ခေတ်သစ်ဝါဒီလို့ဆို Modern Anarchists တွေရဲ့ လှုံ့ဆော်မှုတွေ ပါနေတာက အထင်အရှားဖြစ်ပါတယ်။ မင်းမဲ့ဝါဒီတွေကို သေချာဃန သရုပ်မခွဲတတ်ရင် ကွန်မြူနစ်တွေ ဆိုရှယ်လစ်တွေနဲ့ရောထွေးပြီး တွေးမြင်သွားတတ်ပါတယ်။ ဒီ မင်းမဲ့ဆန်ဆန်၊ အဖွဲ့အစည်းမရှိ၊ ဦးဆောင်သူမရှိ၊ နိုင်ငံရေး(အာဏာ)ရည်မှန်းချက်မရှိတဲ့လှုပ်ရှားမှုတွေကို အရင်းရှင်တွေအနေနဲ့ တွေးကြောက်နေစရာတောင် မလိုပါ။ ဒါပေမယ့် ဒီ Anarchists တွေ ဆိုရှယ်လစ်တံဆိပ်တုံးထုပြီး လှန့်လုံးထွင်လိုက်တော့ ဘုမသိဘမသိအမေရိကန်တွေကြား ဂယောင်ခြောက်ခြားဖြစ်ကြပါတယ်။ ခု ရီပတ်ဘလီကင်န်တွေက ဘန်းနီဆန်းဒါးစ်တို့နဲ့ ခုနပြောတဲ့ မီလန်နီယယ်လ်စ်တို့တွေကို ထိုးနှက်တာမှာ ဆိုရှယ်လစ်တွေလို့ တံဆိပ်ကပ်ပါတယ်။ ကွန်မြူနစ် ဆိုရှယ်လစ်သံကြားရင် တီ ဆားနဲ့တွန့်သလို တွန့်တတ်တဲ့လူ့အဖွဲ့အစည်းဆိုတော့ ရီပတ်ဘလီကင်န်တွေရဲ့တိုက်ကွက်က ထိရောက်သင့်သလောက် ထိရောက်တယ်လို့ဆိုရမှာပါ။
အဲ့ဒီလှုပ်ရှားမှုတွေဟာ ဘယ်သူက ဦးဆောင်ဆောင် ဘယ်သဏ္ဍန်နဲ့ဘဲ ဖြစ်လာဖြစ်လာ ဖြစ်လာစေတဲ့အဓိကအခြေခံကတော့ လူမှုရေးမမျှတမှု၊ ဘဝအဆင့်အတန်းနဲ့ ဝင်ငွေ ကွာဟမှုကြောင့်ပေါ်လာတဲ့ စီးပွားရေးအရမကျေနပ်မှုတွေဖြစ်ပါတယ်။
အရင်းရှင်စနစ်ရဲ့ အရင်းအနှီးပိုင်ဆိုင်ချယ်လှယ်သွေးစုပ်နိုင်မှု၊ လူတန်းစားကွာဟချက်ကြီးမားမှု၊ လူမှုရေးမမျှတမှုစတဲ့ လူမှုစီးပွားအခြေခံပြဿနာတွေကို အရင်းရှင်စနစ်အတွင်းကနေပဲ အတွင်းကျကျ ပွင့်ပွင့်လင်းလင်းရှုမြင်ချဉ်းကပ်တာမလုပ်ပဲ သူပေးထားတဲ့နည်းတွေ ခွင့်ပြုထားတဲ့ဥပဒေတွေသုံးပြီး တတ်နိုင်သမျှပြေလည်အောင်မဖြေရှင်းပဲ တံတိုင်းပဲကာကာ ခြံပဲခတ်ခတ်၊ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေပဲလုပ်လုပ်၊ တရားဥပဒေစိုးမိုးရေးတွေပဲ တင်းကျပ်တင်းကျပ်၊ အပေါ်ယံကျတဲ့ ပြုပြင်ဖာထေးရေးတွေပဲလုပ်လုပ် အရာထင်ထင် ထိထိရောက်ဖြစ်ဖို့တော့ လမ်းမမြင်ပါဘူး။
ဒီလိုဘဲ ဂျာအေးသူ့အမေရိုက် မုန့်လုံးစက္ကူကပ်နဲ့ ပိန်လိုက်ဖောင်းလိုက်ဖြစ်နေဦးမယ်မြင်ပါတယ်။
အမေရိကန်အရင်းရှင်စနစ်နဲ့လစ်ဘရယ်လ်ဒီမိုကရေစီဟာ ဆိုဗီယက်ယူနီယံပြိုသလို ဝုန်းကနဲ ဘုန်းဘုန်းလဲပြိုသွားမယ့် အခြေအနေတော့ မဟုတ်ပါဘူး။ အဲ့လိုလည်း မမျှော်လင့်စကောင်းပါဘူး။
ပြန်ချုပ်ရရင် လာမယ့်လွှတ်တော်ရွေးကောက်ပွဲတွေနဲ့ ၂ဝ၂ဝ သမ္မတရွေးကောက်ပွဲတွေမှာ အဲ့ဒီ မီလန်နီယယ်လ်စ် မဲံဆန္ဒရှင်တွေရဲ့အဆုံးအဖြတ်ဟာ တိုင်းပြည်ရဲ့ကံကြမ္မာဖြစ်မှာပါ။ ဒီနေရာမှာ ကံကြမ္မာကို လားရာဆိုတဲ့သဘော ပန်းတိုင်ဆိုတဲ့သဘော Destination လောက်ပဲဆိုလိုပါတယ်ခင်ဗျား။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၇၊ ၂ဝ၁၉)

0 comments:
Post a Comment