(အဂတိလိုက်စားတယ်ဆိုတာ)
ကိုယ်ကျိုးရှာ အဂတိလိုက်စားတဲ့စစ်ဗိုလ်တွေကို ဘာမှမလုပ်နိုင်သေးပေမယ့် ခုလို ကိုယ့်လူထဲက အဂတိသမားတွေကို အရေးယူပြတယ်ဆိုတာနဲ့တင် ပြည်သူက ရွှင်လန်းလှပါပြီ။ စစ်ဗိုလ်တွေကို အရေးယူနိုင်မယ့်တနေ့ဆို တိုင်းပြည်ဘယ်လောက် နှစ်ထောင်းအားရရှိလိုက်မလဲက ပြောနေစရာတောင်လိုမယ်မထင်ပါ။
အပေါ်ယံလောက် စတိသဘောလောက်လုပ်ပြပြီး မဲမြှူတာဆိုရင်တော့ နိုင်ငံရေးသိက္ခာဆယ်စရာအဖတ်မကျန်အောင် ဖြစ်မှာပါ။ အဂတိလိုက်စားမှုကိုဖော်ထုတ်ရာမှာ ပါတီနဲ့အဆက်အစပ်လည်း လူသိရှင်ကြားထုတ်ပြန်ဖို့လိုပါလိမ့်မယ်။ များများစားသူဟာ ပါတီရန်ပုံငွေများများထည့်လေ့ရှိပါတယ်။ ခုက ပါတီတွင်း နေရာကောင်းရဖို့အတွက် လဘ်ထိုးရတာမဟုတ်ဘဲ အစိုးရကိစ္စဖြစ်နေတာမို့ဆိုပြီး ပါတီနဲ့ခွဲတွေး ခွဲပြောလို့မရပါ။ အဂတိလိုက်စားရာကရတဲ့ငွေထဲကနေ ပါတီရန်ပုံငွေခေါင်းစဉ်နဲ့ ဘယ်ရွေ့ဘယ်မျှထည့်ဝင်ခဲ့တာ ရှိမရှိကိုပါဖော်ထုတ်ရမှာပါ။ ရှိတယ်ဆိုရင် လက်ခံယူခဲ့သူကို ပါတီစည်းမျဉ်းအရ ကိုင်တွယ်ဖို့လိုပါလိမ့်မယ်။
ဟိုဘက် အစိုးရကိစ္စမှာတော့ အဂတိလိုက်စားခဲ့တာတွေအတွက် လူကိုအရေးယူရုံမက ငွေကြေးနဲ့ပစ္စည်းတွေကိုပါ နိုင်ငံတော်ဘဏ္ဏာအဖြစ် သိမ်းဆည်းတာတွေအထိ လုပ်ရမှာပါ။ အစိုးရမှာ အဂတိကင်းစင်တဲ့အစိုးရ မရှိပါ။ အဂတိ နည်းနိုင်သမျှနည်းအောင်ပဲ လုပ်လို့ရပါတယ်။
အဂတိလိုက်စားတဲ့အစိုးရတာဝန်ရှိသူတွေကို အရေးယူလို့ အစိုးရဂုဏ်သိက္ခာကျတာမဟုတ်ပါ။ ဂုဏ်သိက္ခာတက်တဲ့အပြင် ပါတီပါ နံမည်ကောင်းထွက်ပါတယ်။ လူတွေ ချီးမွမ်းထောမနာပြုကြမှာပါ။ သာဓုခေါ်မှာပါ။ တကယ်လည်းလဘ်စားတယ်ဆို ကိုယ့်ပြန်ချောက်ချောက် မချောက်ချောက် ဥပဒေကြောင်းအရရော ပါတီစည်းကမ်းအရရော ထိထိရောက်ရောက် အရေးယူရမှာပါ။
ငြိမ်းချမ်းရေးရမှ ပါတီပြုပြင်ရေးလုပ်မယ်ဆိုတဲ့ မဆီမဆိုင် စကားတွေလည်းရပ်ပါ။ ပါတီဟာ အချိန်တိုင်း သန့်ရှင်းရေးလုပ်နေရမှာပါ။
လဘ်ဆိုတာ ငွေထုတ်ကြီးပိုက်ပြီးလာပေးမှ မဟုတ်ပါ။ ဝန်ကြီးချုပ်ကတော်ရဲ့ရွှေဆိုင်မှာ ရွှေတွေကို ကာလပေါက်ဈေးအတိုင်း ဘောက်ချာအတိအကျဖြတ် အခွန်အတိအကျဆောင်ပြီး ပိဿာဆယ်နဲ့ချီ ဝယ်လိုက်ရင်လည်း တဘက်လှည့်နဲ့ အာဏာဝယ်တဲ့အဂတိမြောက်ပါတယ်။
မျိုးမြင့်ချို(မတ် ၁ဝ၊ ၂ဝ၁၉)
0 comments:
Post a Comment