ဒီမိုကရေစီနိဂုံးလော(သို့မဟုတ်)အီလစ်ဘရယ်ဒီမိုကရေစီနှင့်အာဏာရှင်များ ခေတ်ဆန်းလာခြင်း(၂) Gin
Suan Tung
ဒီမိုကရေစီဟာ ၂ဝ-ရာစုအတွင်း
ကောင်းကောင်းမွန်မွန်တည်ရှိနိုင်ခဲ့တာဟာ အမေရိကန်နိုင်ငံရဲ့သြဇာအာဏာကြီးစိုးမှုက
တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တယ်။ အမေရိကန်ရဲ့ဦးဆောင်မှုကို တခြားနိုင်ငံများက
အလိုလိုနဲ့ လိုက်တုဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ယနေ့မှာတော့ အမေရိကန နိုင်ငံက
၎င်းရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ လစ်ဘရယ်တန်ဖိုးစံများကို ထိန်းသိမ်းကာကွယ်သူ
အခန်းကဏ္ဍကနေ နောက်ဆုတ်ရုတ်သိမ်း သွားခဲ့ ပြီဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ
တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့ရဲ့ လွှမ်းမိုးမှုကြီးထွားလာခြင်းက
အမေရိကန်နိုင်ငံနှင့် ဥရောပတို့က ၎င်းတို့ရဲ့ စံပြနေရာကို ဆုံးရှုံးသွားစေပြီး
ဒီမိုကရေစီပျံ့နှံ့ခြင်းကိုလည်း အားလျော့သွားစေခဲ့တယ်။
တရုတ်နိုင်ငံရဲ့စီးပွားရေးနှင့်
နည်းပညာဆိုင်ရာ တိုးတက်အောင်မြင်မှုများနှင့် ရုရှားနိုင်ငံရဲ့
အာဏာရှင်ခေါင်းဆောင်မှုတို့ကိုကြည့်ပြီး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များနှင့်
ပြည်သူလူထုကြီးက ဒီမိုကရေစီမဟုတ်တဲ့ အာဏာရှင်အုပ်ချုပ်ရေးအောက်မှာလည်း
စီးပွားရေးနှင့် နည်းပညာ တိုးတက် အောင်မြင်ခြင်းတွေရရှိနိုင်တယ်ဆိုတာကို
မြင်တွေ့လာကြတယ်။ Freedom House ရဲ့လေ့လာချက်စာရင်းများအရ ၁၉၉ဝ ခုနှစ်မှာ
“မလွတ်လပ်တဲ့နိုင်ငံ” လို့ သတ်မှတ်တဲ့နိုင်ငံတွေက ကမ္ဘာ့ဝင်ငွေရဲ့ ၁၂-ရာခိုင်နှုန်း
ရှိခဲ့ပေမယ့်၊ ယနေ့မှာတော့ ၃၃-ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး၊ ၁၉၃ဝ ပတ်ဝန်းကျင်များက
ဥရောပမှာ ဖက်ဆစ်ဝါဒကြီးထွားလာတဲ့အချိန်နှင့် စစ်အေးကာလအတွင်း ဆိုဗီယက်က
ပါဝါအထွတ်အထိပ် ရောက်ရှိတဲ့အချိန်များကအခြေအနေနဲ့ စံချိန်တူညီနေတယ်။ ဒီ့အပြင်၊
နောက်ငါးနှစ်လောက်မှာဆိုရင် တရုတ်၊ ရုရှားနှင့် ဆော်ဒီအာရဗျနိုင်ငံတို့ အပါအဝင်
”မလွတ်လပ်တဲ့” နိုင်ငံများရဲ့ဝင်ငွေများဟာ အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများရဲ့
ကမ္ဘာ့ဝင်ငွေထက် ပိုမိုများပြားလာနိုင် တယ်လို့လည်း လေ့လာသူများက ဆိုကြတယ်။
ဒါပေမယ့် ဒီမိုကရေစီရဲ့ အကြီးမားဆုံးစိန်ခေါ်မှုဟာ
ပြင်ပရန်မှမဟုတ်ဘဲ ဒီမိုကရေစီစနစ်အတွင်းကဖြစ်တယ်လို့ လေ့လာသူများက သုံးသပ် ခဲ့ကြတယ်။
တစ်နည်းအားဖြင့်၊ ဒီမိုကရေစီရဲ့အကြီးဆုံးပြဿနာက မဲပုံးကနေ စတင်ခဲ့တယ်လို့
ဆိုကြတယ်။ အစိုးရများအနေဖြင့် မဲပေးတဲ့ သူတွေကို ရေတိုအတွက်
သူတို့လိုအပ်တာတွေကို(မက်လုံး)ပေးပြီး ရေရှည်အတွက်ရင်းနှီးမြှုပ်နှံမှုကို
လျစ်လျူရှုထားတတ်ကြတယ်။
တစ်ဖက်မှာ နိုင်ငံသူနိုင်ငံသားများအနေဖြင့်
လစ်ဘရယ်ဒီမိုကရေစီကို လိုလားကြိုက်နှစ်သက်ကြတာဟာ လစ်ဘရယ်ဒီမိုကရေစီရဲ့ ဥပဒေ သတ်မှတ်ချက်များနှင့်
တန်ဖိုးစံများကြောင့်ပဲမဟုတ်ဘဲ စီးပွားရေးနှင့် ပထဝီနိုင်ငံရေးများအရ အစွန်းအထွက်
အများဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အတွက်ကြောင့်လည်း ဖြစ်တယ်။ တစ်နည်းအားဖြင့်၊
လွတ်လပ်တဲ့နိုင်ငံတွေမှာ ပုဂ္ဂလိကလွတ်လပ်မှုနှင့်လူမှုနေထိုင်မှုစနစ်က
ပိုမိုကောင်းမွန် တယ်လို့ ဖြစ်တယ်။
လစ်ဘရယ်ဒီမိုကရေစီများဟာ
သူတို့နိုင်ငံသူနိုင်ငံသားများရဲ့ လူမှုနေထိုင်မှုစနစ်ကိုတိုးတက်စေဖို့
ပျက်ကွက်လာတာ၊ လူထုကြီးရဲ့တောင်းဆို မှုနှင့်မျှော်မှန်းထားတာတွေကို လိုက်လျောဖို့ပျက်ကွက်လာတာနဲ့အမျှ၊
လူထုကြီးကလည်း အစိုးရကို ပြစ်တင်ရှုတ်ချလာကြတယ်။ ပိုမို ကောင်းမွန်တဲ့နည်းစနစ်များ၊
အခွင့်အရေး အကျိုးအမြတ်များကို လိုလားလာကြတယ်။ လစ်ဘရယ်ဒီမိုကရေစီများက
အင်စတီးတူးရှင်း ယိုယွင်းမှုနဲ့ ကြုံတွေ့လာတာနဲ့အမျှ၊ လစ်ဘရယ်ဝါဒကိုဆန့်ကျင်ဘက်ပြုတဲ့
ပေါ်ပြူလစ်လှုပ်ရှားမှုများဟာ ဘရားရှဲလ်ကနေ ဘရာရှီးလျား၊ ဝါဆောကနေ ဝါရှင်တန်တို့မှာ
ပေါ်ပေါက်လာခဲ့တယ်။ ထို့အတူ၊ လစ်ဘရယ်ဒီမိုကရေစီများကိုအားပျော့တဲ့
အင်စတီးတူးရှင်းများအဖြစ် ကြည့်မြင်လာကြတဲ့ ပြည်သူပြည်သားတွေက အာဏာရှင်ဆန်ဆန်၊
ပိုပြီးသန်မာတဲ့နိုင်ငံအုပ်ချုပ်ရေးစနစ်များ၊ ပိုပြီးသန်မာတဲ့နိုင်ငံ့ ခေါင်းဆောင်များကို
သဘောကျနှစ်သက်လာကြတယ်။ ဥပမာ၊ ၁၉၉၇ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်များအတွင်းမှာ ပြင်သစ်၊
ဂျာမဏီနှင့် အီတလီနိုင်ငံတွေမှာဆိုရင် ဒီမိုကရေစီထက် အာဏာရှင်စနစ်ကိုလိုလားတဲ့လူဦးရေက
သုံးဆလောက်တိုးပွားလာခဲ့တယ်လို့ လေ့လာချက် တခုမှာ ဖော်ပြထားတယ်။
Steven Levitsky & Daniel Ziblatt
တို့က၊ ယနေ့ခေတ်မှာ ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ်ဝါဒနှင့် စစ်အာဏာအုပ်ချုပ်ရေးဝါဒတို့လို
ဗြောင်တင် အာဏာရှင်စနစ်တွေက ကမ္ဘာ့နိုင်ငံအများစုကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်။
စစ်အာဏာသိမ်းယူခြင်းနှင့် တခြားအကြမ်းနည်းနဲ့ အာဏာ ရယူခြင်းတွေဟာ မရှိတော့သလောက်
နည်းပါးသွားခဲ့ပြီဖြစ်တယ်။ စစ်အေးအလွန်ကာလကစပြီး ဒီမိုကရေစီကျဆင်းမှု
အများစုရဲ့အကြောင်း ရင်းကိုကြည့်ရင် စစ်ဗိုလ်များနှင့် စစ်သားများကြောင့်မဟုတ်ဘဲ
ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရများကိုယ်တိုင်ကြောင့်ဖြစ်တယ်လို့ ဆိုခဲ့ကြတယ်။
ဗီးနီးဇူးအဲလားရဲ့ ဟူဂိုချာဗက်(Hugo Chavez)လိုပဲ၊ ဂျီးအိုးဂျား၊ ဟန်ဂေရီ၊
နီးကာရားဂိုးအား၊ ပီရူး၊ ဖိလစ်ပိုင်၊ ပိုလန်၊ ရုရှား၊ သီရိလင်္ကာ၊ တူရကီနှင့်
ယူကရိန်းနိုင်ငံတွေမှာ ရွေးကောက်တင်မြောက်ထားတဲ့ခေါင်းဆောင်တွေက ဒီမိုကရက်တစ်
အင်စတီးတူးရှင်းများကို ပြောင်းပြန်လှန်ပစ်ခဲ့ကြတယ်လို့ သူတို့ တင်ပြခဲ့ကြတယ်။
ယနေ့ခေတ်ကို
အာဏာရှင်ဆန်တဲ့ခေါင်းဆောင်များ၊ ဒါမှမဟုတ် လူသန်မာခေါင်းဆောင်များရဲ့ခေတ်(Age of
the Strongmen)လို့လည်း ခေါ်နိုင်တယ်။ ဒီ Strongmen ခေါင်းဆောင်တွေက အနောက်တိုင်း
လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများကို တိုက်ရိုက်ဝေဖန်တိုက်ခိုက်ရဲကြတယ်။
ဝင်စွက်ဖက်ရဲကြတယ်။ ဥပမာ၊ ပူတင်ရဲ့ ရုရှားက အမေရိကန်နှင့်ပြင်သစ်တို့ရဲ့
ရွေးကောက်ပွဲတွေမှာ ဝင်စွက်ဖက်ခဲ့တယ်။ ဒီ့အပြင်၊ ပူတင်က အာဏာရှင်တစ်ယောက်လိုပဲ
ပြောင်ပြောင်တင်းတင်းပြုမူပြီး ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တချို့ရဲ့
အထင်ကြီးလေးစားခြင်း၊ အတုယူခြင်းကို လက်ခံရရှိတယ်။ ဟန်ဂေရီရဲ့ အိုဘန်က
လစ်ဘရယ်ဝါဒကိုပစ်ပယ်ပြီး အီလစ်ဘရယ်ဒီမိုကရေစီတည်ထောင်ဖို့ ကြေညာခဲ့တယ်။ မူစလင်တို့
နိုင်ငံအတွင်း ဝင်ရောက်ပြောင်းရွေ့ခြင်းကို ကျူးကျော်ဝင်ရောက်ခြင်း
(“Invasion”)လို့ ဘောင်ခတ်ပြီး ပြောင်းရွေ့သူများကို အဆိပ် (“Poison”)လို့ ခေါ်ခဲ့
တယ်။
တူရကီသမ္မတ အာရ်ဒိုဂန် (Recep Tayyip
Irdogan)က ပြီးခဲ့တဲ့၂ဝ၁၆ခုနှစ်တုန်းက အာဏာသိမ်းယူဖို့ကြိုးစားမှုကိုအကြောင်းပြပြီး
သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်များနှင့် သတင်းမီဒီယာသမားများကို ပစ်မှတ်ထားပြီး
တိုက်ခိုက်ဖြိုခွဲခဲ့တယ်။ ဖိလစ်ပိုင်သမ္မတဒူတာတေး (Rodrigo Roa Duterte)က
လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်လိုပြုမူပြီး
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်။
အမေရိကန်နိုင်ငံရဲ့ ထရမ့်က သတင်းမီဒီယာများကိုတိုက်ခိုက်ပြီး၊ တရားရေးနှင့်ဥပဒေများကိုလည်း
ဝင်စွက်ခဲ့တဲ့အပြင် သူတို့ရဲ့အာဏာကို လည်း မျက်ကွယ်ပြုခဲ့တယ်။ ဒီ့အပြင်၊
အမေရိကန်ဦးစားပေး သီးခြားနေရေးဝါဒများကို ဟောကြားပြီး ပြောင်းရွှေ့နေထိုင်မှုဆန့်ကျင်ရေး
စိတ်ထားများကို ဖြန့်ခဲ့တယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီလိုမျိုး လူဆိုးကြီးတွေလိုပြုမူတဲ့
ဒီပုဂ္ဂိုလ်များဟာ မဲဆန္ဒနဲ့ရွေးကောက် တင်မြောက်ထားတဲ့ခေါင်းဆောင်များ၊ ပြည်သူက
ရွေးကောက်ထားတဲ့အစိုးရများ၊ “တရားဝင်” ဘောင်အတွင်းကနေ မိမိတို့စိတ်ကြိုက်ပြုမူ ကြတဲ့နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြတယ်။
ရလဒ်အနေနဲ့၊
ဒီလိုမျိုးနိုင်ငံခေါင်းဆောင်များရဲ့ ပေါ်ပြူလစ်ဝါဒနှင့် အာဏာရှင်ဆန်တဲ့လုပ်ရပ်တွေကြောင့်
လစ်ဘရယ်တန်ဖိုးစံများနှင့် ဒီမိုကရက်တစ်နည်းစနစ်များက မှေးမှိန်ပျောက်ကွယ်သွားနိုင်ပြီး
နိုင်ငံရေးယိုယွင်းမှုက ပိုမိုမြန်ဆန်လာနိုင်တယ်။ အထူးသဖြင့်၊ နိုင်ငံရေးနှင့်
စီးပွားရေးအင်စတီးတူးရှင်း ခိုင်ခိုင်မာမာမရှိတဲ့နိုင်ငံတွေမှာ ဒီမိုကရေစီဆုတ်ယုတ်ကျဆင်းမှုကို
မြန်မြန်ဆန်ဆန်နဲ့ ကြုံတွေ့ရနိုင်တယ်။ အမေရိကန်နှင့်(အနောက်)ဥရောပတို့လို
တိုးတက်ပြီးနိုင်ငံ၊ ဒီမိုကရေစီအခြေခိုင်မာပြီးသား နိုင်ငံတွေမှာလည်း
အာဏာရှင်ဆန်တဲ့အစိုးရများ၊ ပေါ်ပြူလစ်အမျိုးသားရေးလှုပ်ရှားမှုများ၊နှင့်
ကိုယ်ပိုင်လက္ခဏာနိုင်ငံရေးများက အတွင်းအပြင်၊ အလွှာပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ
လစ်ဘရယ်ဒီမိုကရေစီကို နှောင့်ယှက်ဖျက်ဆီးပြီး အင်စတီးတူးရှင်းယိုယွင်းမှုကို
ဖြစ်ပေါ်လာစေနိုင်တယ်လို့ လေ့လာသူများက ပြောကြတယ်။
ယနေ့မှာတော့ အနောက်တိုင်း
လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများရဲ့ ယဉ်ကျေးမှုအရနှင့် စီးပွားရေးအရ ဦးဆောင်လွှမ်းမိုးတဲ့ခေတ်ဟာ
အဆုံး သတ်ခါနီးဖြစ်ပြီလို့ တွေ့မြင်ရတယ်။ လစ်ဘရယ်ဒီမိုကရေစီများအနေဖြင့်
အင်စတီးတူးရှင်းယိုယွင်းမှုလက္ခဏာများ ထင်ထင်ရှားရှား ပြသနေ တဲ့အချိန်မှာ
အာဏာရှင်ပေါ်ပြူလစ်ခေါင်းဆောင်များက လစ်ဘရယ်ဒီမိုကရေစီကိုအစားထိုးဖို့
အီလစ်ဘရယ်ဒီမိုကရေစီကို ဖန်တီးတည် ဆောက်နေကြပြီး၊ ဗြောင်တင်အာဏာရှင်များအနေဖြင့်
သူတို့ရဲ့နိုင်ငံသူနိုင်ငံသားများကို အနောက်တိုင်းရဲ့ အချမ်းသာဆုံးနိုင်ငံများရဲ့ လူနေမှု
အဆင့်အတန်းမျိုးကို ကမ်းလှမ်းပေးနေကြတယ်လို့ Yascha Mounk & Roberto Stefan
Foa တို့က ရေးသားခဲ့ကြတယ်။
သူတို့အနေနဲ့ အနောက်တိုင်း
လစ်ဘရယ်ဒီမိုကရေစီဟာ သြဇာလွှမ်းမိုးမှု ပြန်လည်ရရှိနိုင်ဖို့အလားအလာတွေ
ရှိနိုင်သေးတယ်လို့ ဆိုကြတယ်။ အဲဒီအတွက် လမ်းကြောင်းတစ်ခုကတော့
စီးပွားရေးလမ်းကြောင်းဖြစ်တယ်။ အာဏာရှင်နိုင်ငံများရဲ့ လတ်တလော စီးပွားရေး
အောင်မြင်မှုများဟာ ရေတိုပဲခံနိုင်မယ်လို့် Mounk & Foa တို့က မြင်ကြတယ်။
ရုရှားနှင့် ဆော်ဒီအာရဗျတို့က နိုင်ငံ့ဝင်ငွေအတွက် သဘာဝ လောင်စာအပေါ်မှာ
အဓိကမှီခိုကြတယ်။ တရုတ်နိုင်ငံရဲ့ လတ်တလောဖွံ့ဖြိုးတိုးတက်မှုဟာ မြင့်တက်လာနေတဲ့
Debt Bubbles များနှင့် ကောင်းမွန်အသာပေးတဲ့ လူဦးရေအခြေအနေကြောင့်ဖြစ်ပြီး၊
နိုင်ငံတော်က ငွေးကြေးအကျပ်အတည်း ကြုံတွေ့လာရပြီး လက်ရှိလူဦးရေ အခြေအနေက
သေဆုံးပျောက်ကွယ်သွားခြင်းနဲ့ ကြုံတွေ့လာတာနဲ့အမျှ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့
အခက်အခဲကြုံတွေ့ မှာဖြစ်တယ်။ အဲဒီအတောအတွင်းမှာ
အနောက်တိုင်းလစ်ဘရယ်ဒီမိုကရေစီနိုင်ငံအနေနဲ့ စီးပွားရေးအရ
ပြန်လည်အောင်မြင်လာနိုင်ခြေ ရှိတယ်လို့ သူတို့က ဆိုကြတယ်။
နောက်တစ်ခုကတော့၊ ဘရာဇီးလ်၊ အိန္ဒိယနှင့်
အင်ဒိုနီးရှားတို့လို တက်သစ်စဒီမိုကရေစီနိုင်ငံများက လစ်ဘရယ်ဒီမိုကရေစီအတွက်
ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ပြီး လစ်ဘရယ်ဒီမိုကရေစီတန်ဖိုးစံများကို
ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့စေဖို့ဖြစ်တယ်။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ဆိုရင် အပြောင်းအလဲကြီးကြီးမားမား
လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတွေအနေနဲ့ လစ်ဘရယ်ဒီမိုကရေကို
ခုခံကာကွယ်ဖို့ဟာ သူတို့ရဲ့ နိုင်ငံခြားပေါ်လစီများရဲ့အရေးပါတဲ့အချက်လို့
ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ကြဖူးဘူး။ ဥပမာ၊ ရုရှားက ကရေမီးယားကို တိုက်ခိုက်သိမ်း
ပိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ရုရှားကို ဝေဖန်ရှုတ်ချဖို့မဲပေးတဲ့နေရာမှာ
ဘရာဇီးလ်၊ အိန္ဒိယနှင့် တောင်အာဖရိကနိုင်ငံတို့က မဲပေးဖို့ ရှောင်ရှားခဲ့ကြတယ်။ ရုရှားကို
စီးပွားရေးပိတ်ဆို့ဖို့အရေးကိုလည်း ကန့်ကွက်ခဲ့ကြတယ်။ အင်တာနက်နှင့်
သတင်းမီဒီယာကို ထိန်းချုပ်ကန့် သတ်ရေးဆိုင်ရာမှာလည်း အာဏာရှင်နိုင်ငံများနဲ့
ဘက်ပါခဲ့ကြတယ်လို့ Mounk & Foa တို့က တင်ပြခဲ့ကြတယ်။ ဒီ့အပြင်၊ ဒီလိုတက်သစ်စ
ဒီမိုကရေစီနိုင်ငံများဟာ မြောက်အမေရိက၊ အနောက်ဥရောပနှင့် အရှေ့အာရှကနိုင်ငံတချို့တို့လို
အခြေခိုင်မာပြီးသား နိုင်ငံတို့လောက် ခိုင်မာမှုမရှိဘူး။ ပြီးတော့ တလောတုန်းက
တူရကီ၊ အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ မက္ကဆီကိုနှင့်ဖိလစ်ပိုင်နိုင်ငံများမှာ
ဒီမိုကရေစီကျဆင်းမှု များဟာ အဲဒီနိုင်ငံများထဲက တချို့တွေက
ချို့ယွင်းတဲ့ဒီမိုကရေစီနိုင်ငံများ၊ ဒါမှမဟုတ် အာဏာရှင်နိုင်ငံများအဖြစ်
ပြန်လည်ပြောင်းလဲသွားနိုင် ခြေရှိတယ်ဆိုတာကို ဖော်ပြနေတယ်။ အဲဒီလိုအခြေအနေမှာ
ဒီနိုင်ငံများအနေဖြင့် သြဇာအာဏာကျဆင်းနေတဲ့ဒီမိုကရေစီများနဲ့ ပူးပေါင်း မယ့်အစား
အာဏာရှင်ပါဝါများနဲ့ပူးပေါင်းဖို့ကို ရွေးချယ်နိုင်ခြေရှိကြတယ်လို့ သူတို့က
ဆိုကြတယ်။
နောက်တစ်ခုအနေနဲ့၊
ဒီမိုကရေစီနိုင်ငံများဟာ စီးပွားရေးအရနှင့် နိုင်ငံရေးပါဝါအရကျဆင်းသွားပြီး
၎င်းတို့ရဲ့ ကိုယ်ပိုင်စိန်ခေါ်မှုပြဿနာများကို မဖြေရှင်းနိုင်ဘူးဆိုရင်
ဒီမိုကရေစီစနစ်ရဲ့လိုလားအပ်မှု၊ စွဲဆောင်မှုဟာ တဖြည်းဖြည်းနဲ့ပျောက်ဆုံးသွားမှာဖြစ်တယ်။
ဒါပေမယ့်လို့ အာဏာရှင် နိုင်ငံများရှိ ပြည်သူပြည်သားများဟာ လူမှုနေထိုင်မှုစနစ် အခြေအနေကောင်းမွန်လာတာနဲ့အမျှ
လစ်ဘရယ်ဒီမိုကရေစီရဲ့ သဘောတရားတွေ ကို ပြန်ပြီး စိတ်ဝင်စားနိုင်ခြေ၊
လိုလားလာနိုင်ခြေရှိတယ်။ တကယ်လို့ အီရန်၊ ရုရှားနှင့် ဆော်ဒီအာရဗျတို့လို
အာဏာရှင်နိုင်ငံကြီးတွေက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေပြုလုပ်ရင်
ဒီမိုကရေစီရဲ့စုပေါင်းစွမ်းအားဟာ သိသိသာသာကြီး အားကောင်းလာမှာဖြစ်တယ်။ တကယ်လို့
တရုတ်နိုင်ငံက အဲဒီလိုသာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်လာမယ်ဆိုရင်ဖြင့်
အာဏာရှင်စနစ်ရဲ့ ခေါင်းထောင်လာခြင်းဟာ တချက်တည်းနဲ့ အဆုံးသတ်သွားမှာဖြစ်တယ်လို့
Mounk & Foa တို့က ရေးသားခဲ့ကြတယ်။
ဒါပေမယ့် Mounk & Foa တို့အနေနဲ့၊
ဒါဟာ အနောက်တိုင်းလစ်ဘရယ်ဒီမိုကရေစီက ကမ္ဘာကိုလွှမ်းမိုးတဲ့သမိုင်းရှည်ကြီးက
အဆုံးသတ် သွားခဲ့ပြီဆိုတာကို တခြားနည်းနဲ့ပြောဆိုတာပါပဲလို့ ဆိုကြတယ်။
သူတို့အနေနဲ့၊ အခု ကျန်ရှိတဲ့မေးခွန်းကတော့ အနောက်တိုင်း လစ်ဘရယ် ဒီမိုကရေစီအနေနဲ့
၎င်းရဲ့လက်ရှိအခြေအနေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ
ဒီမိုကရေစီရာစုနှစ်ကို ဖန်တီးလေမလား၊ ဒါမှမဟုတ် ဒီမိုကရေစီဟာ အတိတ်က
စီးပွားရေးနှင့်နိုင်ငံရေးအရအောင်မြင်ခဲ့ဖူးတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုအဖြစ်နဲ့သာ
ကမ္ဘာ့ရဲ့ တစ်ထောင့်တစ်နေရာမှာ ကျန်ရှိနေလေမလားဆိုတာပါပဲလို့ ရေးသားခဲ့ကြတယ်။
ဒီမိုကရေစီဟာ အဆိုးဆုံးအကျပ်အတည်းကို ၂ဝ၁၇
ခုနှစ်မှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး၊ ၎င်းရဲ့ အခြေခံသဘောတရားများဖြစ်တဲ့ လွတ်လပ်မျှတ တဲ့
ရွေးကောက်ပွဲများ၊ လူနည်းစုအခွင့်အရေးများ၊ သတင်းမီဒီယာလွတ်လပ်ခွင့်များ၊နှင့်
တရားဥပဒေစိုးမိုးရေးတို့ဟာ ကမ္ဘာတစ်ဝန်းမှာ တိုက်ခိုက်ခံနေရတယ်လို့ Freedom House
ရဲ့လေ့လာချက်တစ်ခုမှာ ဖော်ပြထားတယ်။ နိုင်ငံရေးအခွင့်အရေးနှင့် ပြည်သူလူထုလွတ်လပ်ရေး
အခြေအနေများကိုကြည့်ရင် နိုင်ငံ(၇၁)နိုင်ငံက ဆုတ်လျော့ကျဆင်းမှုနဲ့ ရင်ဆိုင်နေရပြီး
(၃၅)နိုင်ငံကပဲ တိုးတက်မှုရှိခဲ့တယ်လို့ တွေ့ရတယ်။
ဒီ့အပြင်၊ ၂ဝဝ၆ ခုနှစ်ကနေစပြီး
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လွတ်လပ်မှုကျဆင်းခြင်း (၁၂)နှစ်တာကာလ ဆက်တိုက်ဖြစ်ပေါ်လာ
ခဲ့တဲ့အတောအတွင်းမှာ နိုင်ငံ(၁၁၃) နိုင်ငံက net decline နဲ့ ကြုံတွေ့နေရပြီး၊ (၆၂)နိုင်ငံကသာ
တိုးတက်မှုရှိခဲ့တယ်လို့ ဖော်ပြထားတယ်။
လစ်ဘရယ်စနစ်များနှင့်တန်ဖိုးစံများဟာ
ပေါ်ပြူလစ်လှုပ်ရှားမှုများ၊ အစွန်းရောက်အမျိုးသားရေးဝါဒများ၊
ဘာသာရေးအယူသည်းမှုများနှင့် အာဏာရှင်အုပ်ချုပ်ရေးစနစ်များကြောင့် ကမ္ဘာ့နိုင်ငံအနှံ့မှာ
နှောင့်ယှက်ဖျက်ဆီးခံနေကြတယ်။ ဒါပေမယ့် ယနေ့လစ်ဘရယ်ဝါဒရဲ့အကြီးဆုံး ရန်သူဟာ
ရှေးဟောင်းအာဏာရှင်များမဟုတ်တော့ဘဲ မဲဆန္ဒနဲ့ရွေးကောက်တင်မြောက်ထားတဲ့အစိုးရများဖြစ်ပြီး
ဒီမိုကရက်တစ် ဘောင်ထဲကနေ တရားဝင်မှုအခွင့်အရေးနဲ့ တစ်စတစ်စ
အာဏာရှင်ဆန်လာကြတာဖြစ်တယ်။ ဒီအာဏာရှင်ဆန်လာတဲ့ တစ်ပိုင်းဒီမိုကရေစီ
(Quasi-democracy)ခေါင်းဆောင်များအနေဖြင့် အုပ်ချုပ်ရေးအပြင် တရားစီရင်ရေးနှင့်
ဥပဒေများကိုလည်း ထိန်းချုပ်ချယ်လှယ်ဖို့ ကြိုးစားကြပြီး သတင်းမီဒီယာများကိုလည်း
ပစ်မှတ်ထားပြီးတိုက်ခိုက်တာ၊ ပိတ်သိမ်းတာတွေလုပ်ကြတယ်။
ဒီ့အပြင်၊ ပေါ်ပြူလာခေါင်းဆောင်များနှင့်
အီလစ်ဘရယ်ဒီမိုကရေစီများက လူထုကြီးကို စိတ်ဝမ်းပြိုကွဲဖို့ ကြိုးစားလုပ်ဆောင်တတ်ကြတယ်။
ဥပမာ၊ ဆင်းရဲ-ချမ်းသာ အင်မတန်မှကွာဟမှုက နိုင်ငံတော်တော်များများမှာ လူတွေကိုအစွန်းနှစ်ဖက်ရောက်အောင်
နှစ်ခြမ်းကွဲစေခဲ့တယ်။ တစ်ချို့နိုင်ငံတွေမှာဆိုရင် အစိုးရက
ပြည်သူတို့ရဲ့စိုးရိမ်ကြောက်ရွံ့စိတ်၊ ဒေါသစိတ်တို့ကိုအသုံးချပြီး၊ Immigration
နှင့် Refugee ကိစ္စများ အပါအဝင် လူမျိုးစုအခွင့်အရေးများ၊
လူနည်းစုအခွင့်အရေးများနှင့် ဘာသာရေးအခွင့်အရေးများကို အန္တရာယ်သဖွယ်ရေးခြယ်ပုံဖော်ပြီး၊
ဘောင်ခတ်ပြောဆိုပြီး၊ လူထုနဲ့ရန်တိုက်ပေးကြတယ်။ သတင်းမီဒီယာများကို
ပိတ်သိမ်းတာမဟုတ်ရင် သတင်းဖြန့်ဝေရေးယန္တရားများအဖြစ် အသုံးပြုကြပြီး၊
သူတို့ရဲ့ပြိုင်ဘက်များကို ပြဿနာဖန်တီးသူများ၊ အန္တရာယ်ရှိသူများ၊
လူဆိုးလူမိုက်များအဖြစ်ဖြင့်ပုံဖော်ကြပြီး သူတို့ကို သူတို့ကျတော့
ခွန်အားကြီးသူများ၊ ကာကွယ်စောင့်ရှောက်သူများ၊ ကယ်တင်ရှင်များအဖြစ်ဖြင့် ဖော်ပြကြတယ်။
လစ်ဘရယ်ဒီမိုကရေစီ
စံနစ်များတိုက်ခိုက်ခံရတာဟာ ဒေါသထွက်ရုံ၊ ပေါက်ကွဲရုံ၊ ဒါမှမဟုတ်
ကြောက်ရွံ့တုန်လှုပ်ရုံနဲ့ ပြောင်းလဲသွားမယ့် အရာတွေမဟုတ်ပါ။
လစ်ဘရယ်ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲဖို့ဆိုရင် မဲပုံးကနေစတင်ပြီး
ပြုပြင်ပြောင်းလဲရေးလုပ်ရမှာဖြစ်တယ်။
ကျွနှုပ်တို့အနေဖြင့်၊ ကမ္ဘာတစ်ဝန်းက
ပေါ်ပြူလစ်ခေါင်းဆောင်များနှင့် အာဏာရှင်များတို့ရဲ့လုပ်ရပ်များကို ၂ဝ၁၇-၂ဝ၁၈
ခုနှစ်တွေမှာ မြင်တွေ့ ခဲ့ရပြီဖြစ်တယ်။ ဒါကြောင့်၊ မဲဆန္ဒပေးတဲ့အခါ
မိမိတို့ရွေးချယ်တင်မြောက်မယ့်အစိုးရများကို သေချာရွေးချယ်ဖို့ လိုအပ်တယ်။ ခဏတာ ကောင်းစားဖို့ကိုပဲမကြည့်ဘဲ
ရေရှည်အတွက် လွတ်လပ်မှုနှင့်ကြီးပွားခြင်းကို ကြည့်ဖို့အရေးကြီးတယ်။ ပြီးတော့၊
ဒေါသစိတ်ကြောင့် ဒါမှမဟုတ် ငြီးငွေ့မှုကြောင့် ကျွန်ုပ်တို့ရဲ့လွတ်လပ်မှု၊
အခွင့်အရေးနှင့်အနာဂတ်ကို အာဏာရှင်လက်ထဲ လက်လွတ်စပယ် ပစ်ထိုးပေးလိုက်ဖို့မဟုတ်ပါ။
ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ်ဝါဒနှင့်
စစ်အာဏာရှင်အုပ်ချုပ်ရေစနစ်တွေအောက်မှာ ဘယ်လိုအသက်ရှင်နေထိုင်ရသလဲဆိုတာ ကိုယ်တိုင်
မကြုံတွေ့ခဲ့ရဘူးဆိုရင်တောင် အဲဒီအုပ်ချုပ်ရေးစနစ်များရဲ့ဆိုးမွေများကို ယနေ့ထိ
တွေ့မြင်နိင်ဆဲ၊ ခံစားနေကြရဆဲဖြစ်တယ်။ ဒီ့အပြင်၊ လွတ်လပ်တဲ့နိုင်ငံတွေဟာ
ပုဂ္ဂလိကလွတ်လပ်မှုများနှင့် လူမှုနေထိုင်မှုဆိုင်ရာ ကြီးပွားခြင်းများကိုလည်း ပိုပြီး
ပေးကမ်းနိုင်ကြတယ်။ ဒါကြောင့်၊ လူထုကြီးကိုအသိပညာပေးဖို့၊နှင့် Think Tank
အဖွဲ့အစည်းများနှင့် Civil Society အရပ်သားပြည်သူလူထုအဖွဲ့အစည်းများ လက်တွဲကြဖို့၊
ပူးပေါင်းလုပ်ဆောင်ကြဖို့ အရေးကြီးတယ်။
ဒီ့အပြင်၊ နိုင်ငံရေးအခွင့်အရေးများနှင့်
ပြည်သူလူထုရဲ့လွတ်လပ်ခွင့်များကို ထိန်းသိမ်းကာကွယ်ဖို့အတွက်ဆိုရင်
နိုင်ငံတကာဒီမိုကရေစီ လှုပ်ရှားရေးအဖွဲ့အစည်းများနဲ့လည်း မဟာမိတ်ဖွဲ့ပြီး
အတူတူရပ်တည်ဖို့၊ ဝန်းရံကြဖို့၊ လုပ်ဆောင်ကြဖို့လိုအပ်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်ခွင့်ဟာ
တခြားနိုင်ငံများရဲ့လွတ်လပ်ခွင့်နဲ့လည်း သက်ဆိုင်နေတယ်။ ဒီ့အပြင်၊
ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရ အဖွဲ့အစည်းများအနေဖြင့်လည်း ပြင်ပရန်များနှင့်
အာဏာရှင်အုပ်ချုပ်ရေးစနစ်များရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို တားဆီးကာကွယ်နိုင်ဖို့ရန်
နိုင်ငံရေး၊ စီးပွားရေးအင်စတီးတူးရှင်းများကို ခိုင်မာတည်တံ့အောင်တည်ဆောက်ကြဖို့
အရေးကြီးတယ်။ လူမျိုးစုများ၊ လူနည်းစုများကို ဘေးဖယ်မထားဘဲ၊ တန်းတူညီမျှအခွင့်အရေး၊
နိုင်ငံရေးမှာပါဝင်ခွင့်များနှင့် အစိုးရဌာနတွေမှာ အလုပ်လုပ်ကိုင်ခွင့်တွေကိုပေးအပ်ဖို့
လိုအပ်တယ်။ ပြီးတော့ လူမျိုးပေါင်းစုံမူဝါဒများကိုလည်း လိုအပ်ရင်လိုအပ်သလို
ပြဌာန်းထားဖို့ အရေးကြီးတယ်။ အတူတူပေါင်းသင်း နေထိုင်ရေးကိုသင်ယူကြဖို့ လိုအပ်တယ်။
ဒီလိုမှသာ နိုင်ငံတော်ဟာ တည်ငြိမ်အေးချမ်းပြီး၊ လစ်ဘရယ်တန်ဖိုးစံများကလည်း ရေရှည်
ဆက်လက် တည်တံ့နိုင်မှာဖြစ်တယ်။
တစ်ဖက်မှာ ဒီမိုကရေစီနိုင်ငံကြီးများအနေဖြင့်
နိုင်ငံများကို အနောက်တိုင်း ဒီမိုကရေစီပုံသဏ္ဍာန်သွင်းဖို့ ဖိအားပေးလုပ်ဆောင်တာ
မဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံရေးဂုဏ်အင်လက္ခဏာများနှင့်တန်ဖိုးစံများကိုလည်း
သိရှိနားလည်တန်ဖိုးထားတတ်ကြဖို့ လိုအပ်မှာဖြစ်တယ်။
0 comments:
Post a Comment