ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း(မောင်ကြည်သစ်၁၅)
ပြင်ပအရာဝတ္ထုများတွင်သူ့
ပကတိအတိုင်းရှိခြင်းသဘောသာ ပါရှိ၏။ လူတွင်မူ သူ့ ပကတိအတိုင်းရှိခြင်းရော၊ ကိုယ့်တွက်ကိုယ်ရှိခြင်းပါ
ပါရှိ ပေသည်။ လူသားတွင် ပြင်ပရုပ်ဝတ္ထုများ၌လုံးဝမရှိသည့်သိစိတ် ရှိ၏။ လွတ်လပ်မှုရှိ၏။
“သိစိတ်သည်ဖြစ်တည်မှု၏ ကိုယ်စားပြု ဖော်ဆောင် ချက်ဖြစ်သည်။ နတ္တိဘဝ(ဝါ) သုညဘဝ(Nothingness)
သည် သိစိတ်၏အကြောင်းတရားဖြစ်သည်။ သို့ဖြစ်၍ သိစိတ်၏ကိုယ်ပိုင်တည်ရှိမှု အတွက်အကြောင်းတရားမှာ
သိစိတ်ပင်ဖြစ်ပေသည်” ဟု ဆာ့တ်က ဖွင့်ဆိုသည်။
ဆာ့တ်၏အမြင်အရ
လူ၏သိစိတ်တွင် မည်သည့်အကြောင်းရင်းခံမျှမရှိပေ။
မည်သည့်အနှစ်သာရ ဂုဏ်ရည်လက္ခဏာမျှလည်းမရှိပေ။ ထို့ကြောင့်သိစိတ်သည် သုညဘဝ သုညသဘော ဖြစ်သည်။
သိစိတ်ပါဝင်နေသော လူသား၏ဘဝမှာလည်း သုညဘဝ၊ သုည အဖြစ်ပင် ဖြစ်ချေတော့သည်။
လူသည် မည်သည့်ပြဌာန်းချက်၊
မည်သည့် ဂုဏ်ရည်အနှစ်သာရမျှမရှိဘဲ ဖြစ်တည်လာရသောသတ္တဝါ ဖြစ်၏။ မိမိဘဝ၏အတွက် မိမိဘာသာ
မိမိ ဖြစ်တည်နေရသောသတ္တဝါဖြစ်၏။ မိမိဘဝဖြစ်တည်မှုကို ရရှိပြီးမှသာလျှင် ကိုယ်နှစ်သက်ရာဘဝကို
ကိုယ်ကိုယ်တိုင် ရွေးချယ်၍ တည် ဆောက်ယူရသောသတ္တဝါ ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် လူ့သိစိတ်၏သုညဘဝ၊ နတ္တိသဘောရှိနေမှုသည် ကျွန်ုပ်တို့လူသားများ၏
လွတ်လပ်မှုအတွက် ရေခံမြေခံ အခြေအနေပေးချက်ဖြစ်၏။ လူသား၏လွတ်လပ်မှုသည် သူ၏ ဖြစ်တည်မှု၏
အစိတ်အပိုင်းတရပ် မဟုတ်၊ ဂုဏ်ရည်မဟုတ်ပေ။ လူသား၏ဖြစ်တည်မှုကိုယ်၌ကပင် လွတ်လပ်မှုဖြစ်သည်။ လူဟူသည်
လွတ်လပ်မှုပင် ဖြစ်ပေသည်။ ပြုမူ ဆောင်ရွက်ခြင်း ဟူသည် လူ့လောကကြီးတခုလုံး၏ ပုံသဏ္ဍန်အနေအထားကို
ပြုပြင်ဖန်တီးလိုက်ခြင်းဖြစ်ပေသည်။
လွတ်လပ်မှုနှင့်
လူသည် ထပ်တူထပ်မျှဖြစ်ကြောင်းကို စစ်အတွင်းကရေးသားခဲ့သော ယင်ကောင်များ(TheFlies)ပြဇာတ်တွင်
ဆာ့တ်က တင်ပြခဲ့သည်။ ယင်းပြဇာတ်တွင် မမိမိကိုအာခံသော အောရက်စ်တေး(Crestes)ကို ဇီးယု(Zeus)နတ်မင်းကြီးက
“မင်းကို ဘယ်သူဖန်ဆင်း ခဲ့သလဲဆိုတာ သိတယ်မဟုတ်လား” ဟုခြိမ်းခြောက်သည်။ ထိုအခါ အောရက်စ်တေးက
“မှန်ပါတယ်။ ခင်ဗျား ကျုပ်ကို ဖန်ဆင်းခဲ့တာပါ။ ဒါပေမယ့် ခင်ဗျား အမှားတခုကျူးလွန်ခဲ့တယ်လေ။
ဒါကတော့ ခင်ဗျားက ကျုပ်ကို လွတ်လပ်သူအဖြစ်ဖန်ဆင်းခဲ့တာပဲ” ဟုဆိုကာ ဇီးယု၏ ပြဌာန်းမှုကိုငြင်းဆိုပြီး
သူ၏ လွတ်လပ်မှုကို ကြွေးကြော်ခဲ့သည်။
သို့ရာတွင်ဤ
လွတ်လပ်မှုသည် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မင်္ဂလာတပါးတော့ မဟုတ်ပေ။ အဘယ်ေ့ကြာင့်ဆိုသော်
ရှင်သန်သောအသိစိတ် ရှိနေသည့်လူသားသည်
မိမိမဖြစ်သေးသောအလားအလာဖြစ်ခြေများဆီသို့ မည်သည့် အထိန်းအချုပ်မျှမရှိဘဲ လွတ်လပ်စွာရှေူဦးတည်
ပြောင်းလဲနေကြသည့်အတွက်ကြောင့် ဖြစ်၏။ ထို့ကြောင့် လူ၏ဘဝဖြစ်တည်မှုသည် တည်မြဲမှုမရှိပေ။
လုံခြုံမှုလည်း မရှိပေ။ လူသားသည် လွတ်လပ်မှုကို ရရှိလိုက်သည်နှင့်အတူ မိမိဘဝလုံခြုံမှုကိုလည်း
စွန့်လွှတ်လိုက်ရပေသည်။ “လွတ်လပ်မှုအတွက် တန်ရာတန်ကြေးကို ပေးဆပ်ရသည်”ဟု ဆာ့တ်က ဆိုပေသည်။
လူသားတွင် လွတ်လပ်မှုနှင့်အတူ တာဝန်ယူရခြင်းဟူသော ဝန်ထုပ်ဝန်ပိုးသည် ထက်ကြပ်မကွာ လိုက်ပါလာသည်သာ
ဖြစ်၏။
ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်သော
ကျောက်တုံးကမူ လူကဲ့သို့မဟုတ်၊ ကျောက်တုံးတွင်သိစိတ်မရှိ၊ ပြဌာန်းသတ်မှတ် ခံထားရသည်ဖြစ်၍လည်း လွတ်လပ်မှုမရှိပေ။
ထို့ကြောင့် ကျောက်တုံးတတုံးတွင် မည်သည့်တာဝန်မျှမရှိ၊ မည်သည့် စိုးရိမ်သောကမျှ မရှိ၊ ၎င်းတွင်ကျောက်တုံးဘဝမှ
အခြားအရာတခုသို့ မိမိဘာသာကူးပြောင်းရောက်ရှိ မသွားနိုင်၊ တနည်းအားဖြင့် ကျောက်တုံးတွင်
မည်သည့် ဖြစ်စရာအလားအလာ မရှိပေ။ ထို့ကြောင့် ကျောက်တုံးဘဝသည် တည်မြဲ၏။ လူကဲ့သို့ သေဆုံးခြင်းလည်းမရှိပေ။
သို့ဖြစ်၍ “ကျောက်တုံးဘဝသည် လုံခြုံအပြည့်ရှိသည်”ဟု ဆာ့တ်က ဆိုခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူ
စားပွဲတလုံးတွင်လည်း မည်သည့်စိုးရိမ်စရာမျှရှိမည် မဟုတ်ပေ။ စားပွဲဟူသည် ပြဌာန်းခံအရာဝတ္ထု
ဖြစ်သည်။ လက်သမားက ပြုလုပ်ဖန်တီး၍ ဖြစ်ပေါ်တည်ရှိလာရခြင်းဖြစ်၏။ ထို့ကြောင့် ၎င်းတွင်ဘာ
တာဝန်မျှမရှိ။ မိမိ ရပ်တည်မှုအတွက် လည်း ဘာမျှ စိုးရိမ်စရာမလိုပေ။ မလုံခြုံစရာလည်း မရှိပေ။
သို့သော်
လူသားကမူ မိမိဘဝကို မိမိဘာသာမိမိ ဖန်တီးတည်ဆောက်ယူရပေသည်။ ဤကမ္ဘာလောကကြီးအတွင်း “လူ”
ဟူ၍ ဖြစ်တည် လာကတည်းက သူ ပြုမူဆောင်ရွက်သမျှအားလုံးအတွက် သူ့တွင်တာဝန်ရှိလာ၏။ ကိုယ့်ဘဝအတွက်
ကိုယ့်မှာသာ တာဝန်အပြည့်အဝရှိ၏။ လူသားသည် ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ့်ဘာသာကိုယ် ရွေးချယ်ပြီးလျှောက်လှမ်း
ချီတက်ရပေသည်။ ထို့ကြောင့် လူသားတွင် သိစိတ်ရှိရုံမျှမက လွတ်လပ်မှုလည်းရှိ၏။ ဤလွတ်လပ်မှုအတွက်
ပေးဆပ်ရမည့်တန်ဖိုးမှာလည်း တပါတည်း ကပ်၍ပါလာ၏။ ယင်းကား ကိုယ့်တာဝန်ကိုယ်ခံယူလိုက်ခြင်း(ဝါ)
မိမိဘဝလုံခြုံကင်းမဲ့ခြင်းဖြစ်၏ဟု ဆာ့တ်က ဖွင့်ဆိုပေသည်။
ထို့ကြောင့်
ယန်းပေါ့ဆာ့တ်က “လူ၏လွတ်လပ်မှုသည် ဒဏ်ခတ်ခံလွတ်လပ်ခြင်းဖြစ်သည်” ဟု ဆိုခဲ့ခြင်းဖြစ်၏။
“ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းလှသောလွတ်လပ်မှု” ဟုလည်း သတိပေးခဲ့၏။
ဤသို့ ဒဏ်ခတ်ခံရခြင်းမှာ
တစုံတဦးက ပြဌာန်းချမှတ်ပေး၍ မဟုတ်ပေ။ ဤကမ္ဘာလောကကြီးအတွင်း လူသားအဖြစ် ဖြစ်တည်လာရခြင်း
ကသာ လူကို ဒဏ်ခတ်လိုက်ခြင်းဖြစ်၏။ ဤသို့သောဒဏ်ခတ်ခံရခြင်းမှာ လူသားတွင်ပကတိရှိနေသော
အဖြစ်တရပ်၊ အခြေအနေတခုသာ ဖြစ်၏ဟု ဆာ့တ်ကဖွင့်ဆိုခဲ့၏။
0 comments:
Post a Comment