ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်
(အပိုင်း၁၈)
ကိုယ်ကလွဲငရဲ။
ယန်းပေါဆာ့တ်အလိုအားဖြင့်
လူသည် ဤလောကအတွင်းသို့ မည်သည့်ပြဌာန်းချက်မှမပါဘဲ စွန့်ပစ်ခံရပြီး ရောက်ရှိလာရခြင်းဖြစ်သည်။
လူအဖြစ် မွေးဖွားဖြစ်တည်လာချိန်တွင် လူတွင်မည်သည့်အနှစ်သာရမှ မရှိပေ။ မိမိပြုမူဆောင်ရွက်ချက်များဖြင့်
မိမိဘဝ၏ အနှစ်သာရ ဂုဏ်ရည်များကို တည်ဆောက်ယူရပေသည်။ သို့ဖြစ်၍ လူ့ဘဝဟူသည် ပြုမူဆောင်ရွက်ချက်အားလုံးကို
စုပေါင်းထားခြင်းဖြစ်၏။ လူပုဂ္ဂိုလ် တဦးသည် ဤသို့မိမိဘဝကိုတည်ဆောက်ရာ၌ အပြုအမူများကို
လွတ်လပ်စွာရွေးချယ်နိုင်၏။ ထို့ကြောင့် လူတွင် သူ့အပြုအမူ အားလုံး အတွက် လုံးဝတာဝန်ရှိ၏။
မိမိလွတ်လပ်စွာရွေးချယ်ပြုမူဆောင်ရွက်ချက်များအတွက် လုံးဝတာဝန်ရှိ၏။ မိမိ လွတ်လပ်စွာရွေးချယ်
ပြုမူ ဆောင်ရွက်ချက်များအတွက် မိမိသာလျှင် လုံးဝတာဝန်ယူရပေမည်။ လူ့တာဝန်ကိုသိသောလူသာလျှင်
စစ်မှန်စွာဖြစ်တည်မှုရှိသောသူ ဖြစ်၏။ လူပီသသောသူ ဖြစ်ပေသည်။ တာဝန်သိသောလူတိုင်းသည် ပူပန်သောကဝေဒနာကို
ခံစားရမည်သာဖြစ်၏။ သို့ရာတွင် အချို့သောလူတို့သည် တာဝန်ကိုရှောင်ကြ၏။ ရင်မဆိုင်ဝံ့ကြ။
လွတ်လပ်မှုကြောင့် ပြင်းပြစွာခံစားရမည်။ “လွတ်လပ်မှု၏ဖွားဖက်တော်”ဝေဒနာ များမှရှောင်ရှားလို
ကြ၏။
ထိုသူတို့သည်
အပြုအမူရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ကိုစွန့်လွှတ်ပြီး မိမိတို့သည် မလွတ်လပ်ဟုထင်မြင်လာကြသည်။
လူ့ပတ်ဝန်းကျင် နိုင်ငံရေး အခြေအနေများ၊ လူမှုရေးထုံးဓလေ့များ၊ ဘာသာရေးကျင့်ဝတ်များက
သူတို့၏အပြုအမူများကိုအဆုံးအဖြတ်ပေးသည်ဟု မြင်လာကြ၏။ ဤအခြေအနေဆုံးဖြတ်ချက်များအရသာ
မိမိတို့သည် လှုပ်ရှားပြုမူနေရခြင်းဖြစ်၏ဟု ခံယူလာကြသည်။ ဤသို့ဖြင့် သူတို့သည် လူ့ဘဝ၏
စစ်မှန်စွာဖြစ်တည်နေမှုကိုစွန့်လွှတ်ပြီး မိမိကိုယ်မိမိ ရုပ်ဝတ္ထုပစ္စည်းဘဝသို့ နှိမ့်ချပစ်လိုက်၏။
လူစစ်စစ်ဘဝမှ ကျောက်ရုပ်ဘဝရောက်သွား ကြ၏။ သူတို့သည် ကျောက်ရုပ်တခုကဲ့သို့ ဘာမျှအပူအပင်မရှိ၊
သောကဝေဒနာမရှိ နေလိုကြသူများဖြစ်ကြ၏။ ဤကဲ့သို့ မိမိတို့၏ လွတ်လပ်သောအဖြစ်ကို ရှောင်လိုသူများ(ဝါ)ရင်မဆိုင်ဝံ့သူများသည်
မိမိကိုယ်မိမိ ပြန်လည်ပြီးလိမ်လည်လှည့်စားကြ သူများသာဖြစ်သည်။ မိမိကိုယ်မိမိ ပြန်လည်ပြီးလိမ်လည်ခြင်း၊
လှည့်စားခြင်းကို“မရိုးသားမှု(Bad Faith)”ဟု ဆာတ့်ကခေါ်၏။
မရိုးသားမှုသည်
လိမ်လည်ခြင်းနှင့်ဆင်တူသော်လည်း ထပ်တူထပ်မျှမဟုတ်ပေ။ လိမ်လည်ခြင်းသည် အမှန်တရားကို
အခြားသူတဦးဦး မမြင်မသိစေရန် ဖုံးကွယ်ထားခြင်း ဖြစ်၏။ ယင်းတွင် လိမ်လည်သူနှင့်အလိမ်ခံရသူ
အနည်းဆုံးပုဂ္ဂိုလ်နှစ်ဦးရှိ၏။ မရိုးသားမှုကမူ မိမိကိုယ်မိမိ ပြန်၍ အမှန်တရားကို ဖုံးကွယ်ထားခြင်းဖြစ်၏။
ယင်းတွင် လိမ်လည်သူနှင့်အလိမ်ခံရသူမှာ မိမိတဦးတည်းသာဖြစ်၏။ မရိုးသားမှုသည် ပြင်ပ လက္ခဏာရှိသောအရာ
မဟုတ်ပေ။ မိမိသိစိတ်အတွင်း၌သာရှိနေသည့်အရာ ဖြစ်ပေသည်။ မရိုးသားမှုသည် လူအချို့တွင်ရံဖန်ရံခါ
ပေါ်တတ်သော်လည်း အချို့လူများကမူ မရိုးသားမှုကို တသက်လုံးပေါင်းဖော်သွားကြသည်ဟု ဆာ့တ်က
ဆို၏။
မရိုးသားမှုကိုသရုပ်ဖော်ပြသော
ဥပမာတခုကို ဆာ့တ်က ဤသို့ပေးခဲ့၏။ မိန်းမပျိုတဦးတွင် သူမကို ချဉ်းကပ်၍ ချစ်ရေးဆိုထားသူရှိ၏။
တနေ့တွင် ထိုသူနှင့်အပြင်သို့သဘောတူ လိုက်လာခဲ့သည်။ အပြင်သို့ခေါ်ထုတ်သော သူ့သဘောကိုလည်း
သူမသည် အလုံးစုံရိပ်စားမိ၏။ သို့ဖြစ်၍ မိမိမှာဆုံးဖြတ်ချက်အဖြေတခု ချရတော့မည်ဖြစ်ကြောင်း
သူမ သိထား၏။ ထိုစဉ် သူမလက်ကို သူဆုပ်ကိုင်ကာ ပွတ်သပ်ချော့မြှူ လာ၏။ မိမိ ဘာလုပ်ရမည်နည်း။
ဆုံးဖြတ်ချက်တခုခုတော့ ချက်ချင်း ချမှဖြစ်မည်။ မိမိလက်ကို ဒီအတိုင်းထားပါက သူ့အလို
သူ့သဘော အတိုင်းလိုက်လျောရာ ကျမည်။ အပေါစားများ ဆန်သွားမည်လား။ ဤသို့မဟုတ်ဘဲ မိမိလက်ကို
ရုပ်လိုက်ပါက နောင်တွင်သူနှင့် အဆက် အသွယ်ပြတ်သွားနိုင်သည်။ တခုချုတော့ ပြတ်ပြတ်သားသား
ဆုံးဖြတ်ရမည်။ သို့သော် သူမက ဘာမျှမလုပ်ခဲ။့ ဘာမျှ မဆုံးဖြတ်ခဲ့။ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းပစ်လိုက်သည်။
ဤနေရာတွင်
မရိုးသားမှု ဝင်လာတော့၏။ သူမလက်ကို သူ့လက်ထဲတွင် ဒီအတိုင်းထားခြံ၏။ သူ၏ ပွတ်သပ်ချော့မြှူမှုကို
ဂရုမပြုမိသလို နေလိုက်၏။ မသိသလို သဘောထားလိုက်၏။ မိမိတွင် သိစိတ်မရှိတော့သလို ပြုမူလိုက်၏။
ဤသည်မှာ သူမသည် မိမိကိုယ်မိမိ ရုပ်ဝတ္ထုပစ္စည်းသဖွယ် ပြောင်းလဲခံယူလိုက်ခြင်းဖြစ်၏။ သူမ၏လက်သည်
သစ်သားချောင်းတချောင်းပမာ သက်မဲ့ အရာဝတ္ထုတခုဖြစ်သွားပြီး ငြင်းဆန်ခြင်းလည်းမရှိ။ လိုက်လျောခြင်းလည်း
မရှိတော့ပေ။ စင်စစ်မူ သူမသည် မိမိဘာသာမိမိ လူသားစစ်စစ်တဦး၏ ရွေးချယ်ပိုင်ခွင့်ကို
ဆုံးရှူံးခံလိုက်ခြင်းဖြစ်၏။ မိမိ၏လွတ်လပ်မှုကို မိမိဘာသာမိမိ ငြင်းပယ်လိုက်ခြင်းဖြစ်၏။
မိမိကိုယ်မိမိ ပြန်လည် လှည့်စားလိမ်လည်လိုက်ခြင်း ဖြစ်၏။ “မရိုးသားမှု” နွံအိုင်ထဲသို့
မိမိဘာသာမိမိ ခုန်ဆင်းလိုက်ခြင်းဖြစ်ပေတော့သည်။
ကိုယ်ဘ့ဝအပေါ်
ကိုယ်ပြန်လိမ်လည်လှည့်စားနေကြသော ဤသို့သော မရိုးသားမှုများသည် ဤလောကတွင် အများအပြားရှိနေ၏။
ထာဝရဘုရား၏ဖန်ဆင်းမှုကြောင့် လူဖြစ်လာရသည်ဟု ယုံကြည်နေကြသူများသည် မရိုးသားမှုအဖြစ်အတွင်း
တနည်းတဖုံရောက်သွားကြ သူများသာဖြစ်သည်။ မိမိဘဝကို ထာဝရဘုရားက ပြဌာန်းစိုးမိုးထား၏။
မိမိပြုမူဆောင်ရွက်ချက်မှန်သမျှသည် ထာဝရဘုရားအလိုတော်အရ ဖြစ်သည်။ သို့ဖြစ်၍ မိမိတို့သည်
လွတ်လပ်သူများ မဟုတ်ဟုယူဆကြကာ မိမိကိုယ်မိမိ ပြဌာန်းခံများအဖြစ် လိမ်လည်၍ အသွင်ပြောင်းကြ၏။
ထိုနည်းတူ
ဖရိုဒ်ဂိုဏ်းသား စိတ်ပညာရှင် (Freudian Psychologist)တို့သည်လည်း မိမိကိုယ်မိမိ ပြန်၍လိမ်လည်နေကြသူများဖြစ်၏။
သူတို့က လူတို့၏အပြုအမူလုပ်ဆောင်ချက်မှန်သမျှသည် ယင်းတို့၏ မိသားစုပတ်ဝန်းကျင်အခြေအနေ၏ရောင်ပြန်ဟပ်
ရိုက်ခတ်ချက်များသာ ဖြစ်၏။ လိင်ပိုင်းဆိုင်ရာစွမ်းအား(Libidinal Energy)မှ ထွက်ပေါ်လာသောရလဒ်များသာဖြစ်သည်ဟု
ယုံကြည်ကြ၏။ ဖရိုဒ်ဂိုဏ်းသားတို့သည် ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် တာဝန်ယူဖြေရှင်းရမည်ဟူသော
အချက်ကိုလက်မခံကြ။ လူ့ဘဝစစ်မှန်စွာဖြစ်တည်မှုကိုရှောင်ပြီး မိမိဘဝပြင်ပရှိ ပတ်ဝန်းကျင်အခြေအနေကို
အပြစ်ဖို့တာဝန်ယူစေကြ၏။ အလွန်မှားယွင်းသော အယူအဆကြီးသာဖြစ်၏။ ကိုယ့်ကိုယ်ကိုပြန်လည်လှည့်စား
ထားခြင်းသာဖြစ်၏။ မရိုးသားမှုကြီးသာဖြစ်၏ဟု ဆာတ့်က ဖရိုဒ်ဂိုဏ်းသားစိတ်ပညာရှင်တို့ကို
စွပ်စွဲပြစ်တင်ခဲ့၏။
ဝမ်းနည်းစိတ်ပျက်စရာကောင်းသည်မှာ
လူအတော်များများသည် ဤမရိုးသားမှု ဘဝထဲတွင် ကိုယ့်ကိုယ်ယ်ကိုပြန်လှည့်စားပြီး နေထိုင်ပျော်မွေ့
နေကြခြင်းဖြစ်၏။ ဤသို့ မရိုးသားသောလူများ တဦးနှင့်တဦး ဆက်နွယ်ဖွဲ့စည်းကြသည့်လူမှုရေးစနစ်များ၊
လူ့ အဖွဲ့အစည်းများအတွင်း ရိုးသား သန့်စင်စွာ လူပီပီသသ အသက်ရှင်နေထိုင်နိုင်ရန်မှာ
အတော်ပင်ခက်ခဲလှသည်ဟု ဆာ့တ်က ယူဆ၏။
လူ့အဖွဲ့အစည်း(အနောက်တိုင်း)အတွင်း
ပုဂ္ဂလလူသားတဦးသည် အခြားလူသားများနှင့် မလွဲမသွေဆက်ဆံလာရသောအခါတွင် မိမိ၏ လွတ်လပ်မှုသည်
ခြိမ်းခြောက်ခံလာရ၏။ ဤလောကတွင် လူသားတို့သည် တဦးကိုတဦး ကိုယ်ကျိုးစီးပွားကိုကြည့်ပြီး
ဆက်ဆံကြ၏။ မိမိ အတွက်အသုံးဝင်မှု ရှေ့ရှူကြ၏။ လူတဦးသည် အခြားသူတဦးကို ရုပ်ဝတ္ထုပစ္စည်းတခုသဖွယ်
အသုံးချလိုကြ၏။ အခြားလူပုဂ္ဂိုလ် တဦးသည်လည်း မိမိကဲသို့လွတ်လပ်သူဖြစ်နေပါလားဟူသောအသိကို
မေ့ထားကြ၏။ လွတ်လပ်မှုဆုံးရှူံးသွားသောလူသားသည် လူစင်စစ်မှ အရာဝတ္ထုအဖြစ် ဈာန်လျှော ကျဆုံးသွားမည်သာဖြစ်၏။
ထို့ကြောင့် ဆာ့တ်က ပုဂ္ဂလလူသားတဦးအတွက်“ငရဲဟူသည် အခြားသူများ ဖြစ်သည်”ဟု ဆိုလေ၏။
လူပုဂ္ဂိုလ်တဦး၏
စစ်မှန်စွာဖြစ်တည်နေသည့် လူစင်စစ်ဘဝမှနေ၍ ရုပ်ဝတ္ထုပစ္စည်းဘဝသို့ ပျက်စီးသွားစေခြင်းအကြောင်းတရပ်မှာ
မိမိနှင့် ဆက်ဆံပေါင်းသင်းလာရသော အခြားလူသားများဖြစ်ကြ၏။ လူသားစင်စစ် ဧကန်ဖြစ်နေပါလျှက်နှင့်
လူမဟုတ်တော့သည့်ဘဝကို ရောက်သွားစေသည်မှာ အခြားလူများဖြစ်၏။ ပြုလုပ်ဖန်တီးသူဘဝမှ အပြုခံရုပ်ဝတ္ထုဘဝသို့
သက်ဆင်းသွားခြင်းမှာ ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းလှသည့်ငရဲပြည်သို့ ရောက်သွားသကဲ့သို့ဖြစ်သည်။
ဤအဖြစ် ဤအခြေအနေကို ဆိုက်ရောက်သွားစေသူမှာ အခြားလူများဖြစ်၏ဟု ဆာ့တ်က ဆိုလိုခြင့်းဖြစ်ပေသည်။
ဤလောကတွင်
လူတို့သည် တဦးနှင့်တဦး လူလိုသူလိုဆက်ဆံခြင်းမပြုကြသဖြင့် ပုဂ္ဂလလူသား၏ စစ်မှန်သောဖြစ်တည်မှုကို
နားမလည်နိုင်ကြ၊ မခံယူနိုင်ကြတော့ပေ။ ဤသို့ဖြင့် လူ့လောကကြီးအတွင်း လိမ်လည်လှည့်စားမှုများပြည့်လွှမ်းလာတော့၏။
ဟန်ဆောင် လောကကြီး ဖြစ်လာတော့၏ဟု ဆာ့တ်က ပြောကြား၏။
0 comments:
Post a Comment