(သမ္မာတဲ့ဘဏ္ဏာအရင်း)
လက်ငင်းဝယ်နိုင်သူတွေကျတော့ တမျိုးပါ။ လက်ထဲငွေမရှိပဲအိမ်ဝယ်ချင်ရင် ကိုယ့်ကိုယုံပြီး ချေးမယ့်သူဆီမှာ ချေးရပါတယ်။ ငွေချေးရင် အတိုးပေးရပါမယ်။ အတိုးမပေးချင်ရင် မချေးရုံပဲရှိပါတယ်။ မချေးချင်ဘူးဆိုရင် အိမ်ပိုင်နဲ့မနေရုံပါဘဲ။ ကိုယ့်ကိုယုံပြီး ချေးလောက်တဲ့ Credit Score လည်း ကိုယ့်မှာ ရှိရပါတယ်။ သူတို့ဘက်က မပိုင်ရင် ခြင်မရိုက်ပါ။ ဒါကို သေချာနားလည်ထားရပါတယ်။
ဘဏ်တိုးနှုန်း နည်းတာများတာက ပုံသေကားချပြောလို့မရပါ။ အတိုးနှုန်းမြှင့်ထားတဲ့အချိန် ဝယ်မိရင်ဖြစ်ဖြစ် အတိုးနှုန်းချထားတဲ့အချိန် ဝယ်ဖြစ်ရင်ဖြစ်ဖြစ် ရေရှည်ကျတော့ အတူတူလောက်ပဲပြန်ကျပါတယ်။ သူတို့တွက်နည်းတွေနဲ့ သေချာတွက်ပြီး ပိုက်စိတ်တိုက်ထားပြီးသား ဖြစ်ပါတယ်။ အိမ်ခြံမြေဈေးကွက်ကလည်း အမြဲအတက်အကျရှိပါတယ်။ အတိုးနှုန်းလည်းချထားချိန် အိမ်ခြံမြေဈေးကွက်လည်း ကျနေချိန်ဆို သာမန်ထက် နည်းနည်းသက်သာပြီး ရတတ်ပါတယ်။
အိမ်ကိုလည်း ဘယ်နှနှစ်အကြွေးကြေနဲ့ဝယ်မှာလဲက လစဉ်ပြန်ဆပ်ရတဲ့ အပေါ် အတော်စကားပြောပါတယ်။ Down Payment လို့ခေါ်တဲ့ တန်ဖိုးရဲ့ ၂ဝ ရာခိုင်နှုန်း ပေးမယ် မပေးဘူးကလည်း စကားပြောပါတယ်။ တပြားမှ Down Payment မပေးဘဲ ဝယ်လို့ရတာတွေလည်းရှိပါတယ်။ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဘဏ်ဘက်က သူမနာအောင် အသေးစိတ် တွက်ချက်ပြီးသားဖြစ်ပါတယ်။ ဒီဘက်မှာ တကျပ်လျှော့လိုက်ရင် ဟိုဘက်က တကျပ်ပြန်ယူသွားပါတယ်။
အိမ် ကိုယ့်လက်ထဲရောက်ပြီဆိုရင် လစဉ်ပေးမင်န့် မှန်မှန်ပေးရပါတယ်။ (အိမ်အာမခံတွေ Property Tax တွေအပြင် အခြားထွေလီကာလီ တွေလည်း ပေးရပါတယ်။ ဒါတွေတော့မပြောတော့ပါ) အတိုးလည်းသတ် အရင်းလည်းဆပ်နေရတာပါ။ အကြောင်းအမျိုးမျိုးကြောင့် ဘဏ်ချေးငွေ (အတိုးအရင်း)ကို သတ်မှတ်ကာလလွန်တဲ့အထိ မပေးနိုင်ရင် ဘဏ်ကလာပြီး သိမ်းသွားပါတယ်။ ငွေစာရင်းကိစ္စ ဘဏ်ကိစ္စတွေ ဘဏ်နဲ့ရှင်းရပါတယ်။ အိမ်ဆုံးသွားကြတာ များပါတယ်။ အဲ့ဒါ ဘဏ္ဏာအရင်းရှင်စနစ်နဲ့ မပိုင်ဝက်မွေး အိမ်ဝယ်နည်းကားဖြစ်ပါတယ်။
ပြောရရင် အသေးစိတ်အချက်အလက်တွေ အများကြီးဖြစ်မှာပါ။ ဒါပေမယ့် ဒီမှာက ဒီလောက်ဘဲပြောရမှာကတကြောင်း ကျနော်ကိုယ်တိုင်လည်း ငွေကြေးကိစ္စ၊ ဘဏ်ကိစ္စ၊ ဥပဒေကိစ္စတွေ မသိလှတော့ မပြောရတာကတကြောင်း ဖြစ်ပါတယ်။ ယေဘုယျပြောရရင် ကျနော်တို့ဒီမှာ ကားတွေအိမ်တွေကို ဒီအတိုင်းပဲ ဝယ်ရပါတယ်။ တပြည်လုံးကလူတွေ၊ ကုမ္ပဏီကြီးငယ်တွေ၊ စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းတွေရဲ့ငွေတွေဟာ ဘဏ္ဏာအရင်းရှင်လက်မှာ အကုန်သွားစုပါတယ်။ အညွန့်မှန်သမျှ အသပြာပိုင်စိုးသူက ခူးစားသွားပါတယ်။ နောက်ဆုံး အိတ်နဲ့လွယ်သွားတာ သူတို့ပါ။
အခု ရွှေပြည်ကြီးမှာဖြစ်နေတာက စီမံကိန်းကြီးတွေလည်း လုပ်ချင်တယ်။ လက်ထဲမှာ ပိုက်ဆံလည်းမရှိဘူး။ ချေးမယ့်ငှားမယ့်သူ ယုံကြည်လောက်တဲ့ Credit လည်းမရှိဘူး။ မရှိရတာက ဒီလောက် ဆင်းရဲတဲ့ပြည်မှာ ဒေါ်လာ ဘီလီယံပေါင်းများစွာကြွယ်ဝနေတဲ့ စစ်သူကြွယ်ကြီးတွေနဲ့ ခရိုနီကြီးတွေရဲ့ မသမာမှုတွေကြောင့်က အဓိကပါ။ အစိုးရဲ့လုပ်ရည်ကိုင်ရည် စွမ်းဆောင်ရည်၊ အေးချမ်းသလား၊ လုံခြုံသလား၊ ဥပဒေစိုးမိုးမှုရှိလား၊ အာမခံချက်ကောင်းမကောင်း၊ အခြေခံအဆောက်အဦ၊ အကျင့်ပျက်ခြစားမှု စတဲ့အကြောင်းပေါင်းစုံ မသေချာမရေမရာဖြစ်နေမှုတွေလည်းပါပါတယ်၊ အဲ့ဒါတွေရှိနေတာ့ ကိုယ့်အပေါ် ယုံမှတ်ပြီး ပုံမအပ်ရဲတာလည်း ပါပါတယ်။
အဲ့သလို ဘက်ပေါင်းစုံက Credit မရှိတော့ ငွေလှည့်မယ့်လူမရှိဘူး။ မချေးချင်မငှားချင်ဘူး။ လာပြီး ရင်နှီးမြှုပ်နှံရမှာတောင် အင်တင်တင် ဖြစ်နေကြတာပါ။ ဒီတော့ နံမည်ပျက်စာရင်းအသွင်းခံခဲ့ရဖူးတဲ့ တရုတ်ပြည်ပိုင် ဘဏ်တခုက ချေးမယ်၊ မြို့တည်မလား တည်။ သူတို့အကျိုးအမြတ်က ဒါ ဒါ လိုချင်တယ်။ မင်းတို့က ဒါ ဒါယူ။ တိုင်းထွာတွက်ချက်ကြည့်၊ နှစ်ဘက် ကိုက်မယ်ထင်ရင်လုပ်မယ်ဆိုပြီး ငွေထုပ်ပိုက်ဝင်လာပါတယ်။
ဗမာပြည်က တက်လာသမျှ အစိုးရတိုင်းမှာ ကျန်တာတွေမှာ ဘာအောင်အောင်မြင်မြင် မရှိရင်သာရှိရမယ် ဘယ်လိုမှ ပျောက်အောင်ကုမရတဲ့ ရောဂါကလည်းရှိပါတယ်။ အဲ့ဒါက မြို့သစ် နန်းသစ်တည်ချင်တဲ့ စိတ္တဇနာပါ။ ဒီတော့ တကယ် လိုအပ်လို့ဖြစ်စေ၊ လိုရမယ်ရဖြစ်စေ၊ မြို့သစ်တည်ချင်တဲ့ စိတ္တဇနာကြောင့်ဖြစ်စေ မြို့သစ်တည်မယ့်ဘက်တော့ တာစူနေပါတယ်။ ရတဲ့ဆီကငွေနဲ့ ဖြစ်အောင်လုပ်တော့မယ့်သဘောလည်း ဖြစ်နေပါတယ်။
ဒီတော့ ဘက်ပေါင်းစုံကရှုမြင်တဲ့အမြင်တွေနဲ့ ပညာရှင်ပေါင်းစုံက အကောင်းအဆိုး အကျိုးအပြစ်တွေကို တွက်ချက်ပြတယ်။ ဆွေးနွေးကြတယ်။ ငြင်းခုန်ကြတယ်။ ဒါ ကောင်းတဲ့ကိစ္စပါ။ တရုတ်မို့လို့ဆိုပြီး ဘာအချက်အလက်မှမရှိဘဲ ဆန့်ကျင်နေသူတွေလည်း ရှိမှာပါ။ ဆင်းရဲသားတွေအတွက် တန်ဖိုးနည်းအိမ်ယာတွေ ဆောက်ပေးလို့ တောင်းဆိုသူတွေလည်း တောင်းဆိုမှာပါ။ ကောင်းကျိုးများပြီး ဆိုးကျိုးနည်းတယ်ဆို တည်ရုံပေါ့ ဒီမြို့သစ်ကြီး။ ဆိုးကျိုးများပြီး ကောင်းကျိုးနည်းတယ်ဆို ရပ်တန်းကရပ်ပေါ့။ ကလေးကစားသလိုတော့ လုပ်လို့မဖြစ်ပါ။ ပြည်နဲ့ချီတဲ့ကိစ္စကြီးကိုး။ နောက်ဆုံး တကယ်အဆုံးအဖြတ်ပေးမှာက ငွေရှင်ကြေးရှင်ကိုယ်စားလှယ်ဖြစ်တဲ့အစိုးရဘဲဖြစ်ပါတယ်။
ကျနော်တို့ သတိချပ်ရမှာက ဘယ်ဘဏ္ဏာအရင်းရှင်မဆို စေတနာဗလဝနဲ့ ရော့အင့် မလုပ်တာကိုဖြစ်ပါတယ်။ အချိန်တန်တော့ အညွန့်ခူးစား သွားပါတယ်။ နည်းနည်းဆိုးတာနဲ့ များများဆိုးတာပဲကွာပါတယ်။ ခုက နည်းနည်းဆိုးတဲ့လူတွေမလာတော့ များများဆိုးတဲ့သူနဲ့ နှစ်ပါးသွားနေကြတဲ့သဘောဖြစ်နေတာမျိုးပါ။ နည်းနည်းဆိုးတဲ့လူတွေ များများလာအောင်ဆိုတာ အိမ် သာမှ ဖြစ်မယ့်သဘောပါ။ ကျနော်တို့ အိမ် သာအောင်လုပ်ကြရမှာပါ။ စစ်အုပ်စု၊ စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ရှိနေသရွေ့ကတော့ အိမ် သာဖို့ ခဲယဉ်းနေဦး အလှမ်းဝေးနေဦးမှာပါ။
နောက်ဆုံးချုပ်ရရင်တော့ ကျနော် ခင်ဗျားနဲ့တခြားတခြားသော ကမ္ဘာသူကမ္ဘာသားတွေရဲ့ရှာသမျှငွေဟာ ဘဏ္ဏာအရင်းရှင်တွေဆီမှာ လမ်းဆုံးသွားပါတယ်။ အဲ့ဒီမှာ စုပုံသွားပါတယ်။ ငွေရှိတဲ့သူ ငွေရှိသွားပါတယ်။ ပိုက်ဆံဟာ ပိုက်ဆံဆီသွားပါတယ်။ သမ္မာတဲ့ဘဏ္ဏာအရင်းကို မသိုးထမင်းမသိုးဟင်းနဲ့ရှာလို့ ထမင်းမသိုးရင် ကံကောင်းတယ်ဆိုရမှာပါ။
မျိုးမြင့်ချို(မတ် ၁၁၊ ၂ဝ၁၉)

0 comments:
Post a Comment