(ရှေးရိုးဟာ ရှေးရိုးထဲမှာ စွဲလို့ကျန်လေ)
အမေရိကန်ရိုမင်ကက်သလစ်တွေက ဒီဇင်ဘာ ၂၅ ကိုခရစ္စမတ်စ်ကျင်းပပြီး အမေရိကန်နေ
ရုရှားအော်သိုဒေါ့က်စ်ခရစ်ယာန်တွေက ဂျန်နဝါရီ ၆ ရက်မှာ ကျင်းပပါတယ်။
ပြက္ခဒိန်ကွာခြားမှုကြောင့်ဖြစ်ပါတယ်။ သူတို့လည်း အမေရိကမှာနေတာဆိုတော့ ဒီဇင်ဘာ ၂၅ မှာ
အခြားခရစ်ယာန်တွေနဲ့အတူ ခရစ္စမတ်စ်ပွဲဆင်နွှဲကြပေမယ့် ဂျန်နဝါရီ ၆ မှာတော့
သူတို့ခရစ္စမတ်အခါတော်ကို ထပ်ကျင်းပပါတယ်။ အခြားခရစ်ယာန်တွေနဲ့အတူ
ခရစ်ယာန်မဟုတ်တဲ့မိတ်ဆွေတွေကိုလည်း ဖိတ်ပါတယ်။ ကျနော့်မိတ်ဆွေတွေထဲမှာ
ရုရှားလူမျိုး အော်သိုဒေါ့စ်ခရစ်ယာန်ဘာသာဝင်မိတ်ဆွေ မိသားစုလည်းရှိပါတယ်။
သူတို့ရဲ့ဘာသာအပေါ်လေးနက်မှုနဲ့ ဘာသာသွန်သင်ချက်ကို စောင့်ထိန်းမှုတွေမှာတော့
လျော့ရဲရဲမရှိကြတာ သတိပြုမိပါတယ်။ ဥပုတ်စောင့်ရမယ့်ရက် စောင့်တာ၊
အသားမစားရမယ့်မစားတာ၊ ဘုရားကျောင်းသွားရမယ့်အချိန်သွားတာ၊ ကျမ်းစာဖတ်တာ
ဆွေးနွေးတာ၊ ပို့ချနာယူတာတွေကို မပျက်မကွက်နဲ့ လေးလေးစားစား
လိုက်နာလုပ်ဆောင်ကြတာလည်း တွေ့ရပါတယ်။ သာရေးနာရေးကိစ္စတွေမှာပါလေ့ရှိကြတဲ့
ဘာသာရေးဆိုင်ရာအစီအမံတွေကိုလည်း ရုရှားထုံးဓလေ့နဲ့ ခရစ်ယာန်ဘာသာနှစ်ခုပေါင်း
အစဉ်အလာအတိုင်း ကျကျနနလုပ်ကြပါတယ်။
လူနည်းစုတွေဖြစ်တဲ့အလျှောက်
သူတို့ကွန်မြူနတီလေးဟာ သေးပင်သေးငြားလည်း စုစုစည်းစည်းကျစ်ကျစ်လစ်လစ်နဲ့
အစဉ်အလာတွေကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းရင်း တတ်နိုင်သလောက်ထိန်းသိမ်းနေကြပါတယ်။
ဒါပေမဲ့ အမေရိကန်လိုနိုင်ငံမှာ ဇာတိပုညဂုဏ်မာနနဲ့ မိမိကလေးတွေကို ကြီးပြင်းစေဖို့ ဒါမှမဟုတ်
မိဘတို့ခြေဖဝါးထပ်ကြပ်နင်းအောင် လုပ်ယူဖို့လည်းမလွယ်သလို အဲ့သလိုဖြစ်ဖို့လည်း
မမျော်လင့်ကြတာများပါတယ်။ ကမ္ဘာတဝှမ်းမှာ ဘာသာမကိုးကွယ်သူတွေ
တနေ့တခြားတိုးပွားလာသလို အမေရိကလည်း ကမ္ဘာ့မိသားစုထဲကဆိုတော့ ပြေးမလွတ်ပါဘူး။
အိမ်ထောင်ပြုကြ ချစ်သူရှာကြတာမှာလည်း အမျိုးဘာသာ သာသနာဆိုတာထက် ဘဝအတွက်အဆင်ပြေမယ့်
ဘဝအဖော်ကိုရွေးချယ်ကြတာပါ။
ကျနော်တို့ ဗမာကွန်မြူနတီမှာလည်း
အလားတူကိစ္စတွေက ရှိနေကြတာပါ။ အမိအဖတွေအများစုကတော့ ကိုယ်ကိုးကွယ်တာကို သားသမီးလည်း
ကိုးကွယ်စေချင်၊ ကိုယ်နဲ့လူမျိုးတူ ဘာသာတူသူတွေကို လက်ဆက်စေချင်ပေမယ့် လက်တွေ့မှာ
သူတို့ဆန္ဒအတိုင်း ရာနှုန်းပြည့် မဖြစ်တာတွေ့ရပါတယ်။ အဖြူနဲ့ယူလို့ အမည်းနဲ့ယူလို့
မက္ကဆီကန်နဲ့ယူလို့ ဟစ်စပန်းနစ်နဲ့ယူလို့ ဘာနဲ့ယူလို့ ညာနဲ့ယူလို့ဆိုပြီး
သားသမီးကို သေခန်းပြတ်တို့ဘာတို့လုပ်လည်း လုပ်လုပ်ဘဲရှိတာပါ ဘာအရာမှ
မထင်တာတွေ့ရပါတယ်။
အရင်က ဘာသာရေးနဲ့ ဘာသိဘာသာနေခဲ့ပေမယ့်
ဒီရောက်မှ ဘာသာရေးတွေပိုလုပ်လာကြတဲ့ ဗမာပြည်ဖွားမိဘတွေလည်း မနည်းပါဘူး။ ဒါကလည်း
ယဉ်ကျေးမှုအကြီးကြီးထဲနေရတဲ့ ယဉ်ကျေးမှုအသေးလေးတွေရဲ့ခုခံတတ်တဲ့သဘာဝဖြစ်ပါတယ်။
သူတို့သားသမီးတွေကိုလည်း အဲ့ဒီယဉ်ကျေးမှုနဲ့ အံဝင်စေချင်လို့ ဘာသာရေးပွဲလမ်းနဲ့
အခမ်းအနားတွေ ဓလေ့ထုံးစံပျော်ပွဲရွှင်ပွဲတွေရှိတဲ့အခါတိုင်း သားသမီးတွေကို
အပါခေါ်လာကြပေမယ့် ကလေးတချို့ခမျာ စိတ်မသက်မသာနဲ့ လူတွေကြားထဲ
စိတ်ကျဉ်ကျဉ်းကျပ်ကျပ်နဲ့ ဘာလုပ်ရမှန်း ဘာပြောရမှန်းမသိဘဲ အနေရခက်နေတာတွေတွေ့ရသလို
တချို့အရွယ်ရောက်စပြုကလေးတွေဆို သူတို့ကို ခေါ်မသွားဖို့ မိဘတွေကို
ကြိုပြောတာတွေလည်းရှိပါတယ်။ တခါတလေမှာ ကလေးက ပုဆိုးတွေ ထမိန်တွေ တိုက်ပုံတွေ
ရင်ဖုံးတွေ မဝတ်တတ်ရတဲ့ကြားတဲ့ ကော်နဲ့တောင့်နေတဲ့ ခေါက်ရိုးအထင်းသားဖြစ်နေတဲ့
အဝတ်အစားတွေကို ကလေးတွေကို တောင့်တောင့်ကြီးတွေဆင်ပေးပြီး
ပွဲထဲခေါ်လာတာတွေလည်းမြင်ရပါတယ်။ ကလေးတွေခမျာ အဲ့ဒီအဝတ်အစားတွေနဲ့ နေရထိုင်ရခက်ပြီး
ရှက်နေသလိုလို သူ့ကိုယ်သူ ယုံကြည်မှုမရှိသလိုလိုဖြစ်နေတဲ့ခံစားမှုတွေ မျက်နှာမှာ
အတိုင်းသားပေါ်နေပါတယ်။
ကျနော့်မိတ်ဆွေ အော်သိုဒေါ့က်စ်မိသားစုထဲက
အမေရိကန်မွေး အမေရိကန်ကြီး ကလေးတွေလည်း အလားတူစိတ်မွန်းကျပ်မှုတွေနဲ့
နပမ်းလုံးနေကြရတာပါ။ လူမျိုးရဲ့ရိုးရာဓလေ့ပျော်ပွဲရွှင်ပွဲတွေ ပါတီတွေ
လူမှုရေးနဲ့ဆိုင်တဲ့အခမ်းအနားတွေမှာတော့ ဘာပြဿနာမှမရှိပေမယ့်
ဘာသာရေးဆိုင်ရာကိစ္စတွေမှာတော့ သိတ်အံဝင်ဂွင်ကျ မဖြစ်တာများပါတယ်။
အမေရိကန်မွေးအမေရိကန်ကြီး ကလေးတွေထဲမှာ ဘာသာအပေါ်တိမ်းညွှတ်မှုနဲ့ လေးနက်မှုမှာ
သူတို့မိဘတွေလောက် မနက်ရှိုင်းတာက များပါတယ်။ တချို့ဆို ဘာမှကို မကိုးကွယ်တော့တာပါ။
ဘာသာမကိုးကွယ်သူတွေဖြစ်လာပါတယ်။ မိဘတွေလည်း အတော်လေး စိတ်ထိခိုက်ကြမှာပါ။ Cultural
Shock လို့ခေါ်တဲ့ မတူတဲ့ယဉ်ကျေးမှုနဲ့တိုးမိပြီး စိတ်မှာခံစားဖြစ်ပေါ်တတ်ကြတဲ့
ခြောက်ခြားမှုမျိုးဖြစ်ကြရပါတယ်။ နာကျင်ကြရပါတယ်။ ရင်ထုမနာ ဖြစ်ကြရပါတယ်။
ဒီမှာမွေး ဒီမှာကြီးတဲ့ကလေးတွေ
ဘာသာအယူမရှိတာနဲ့ ကျနော်တို့ မရှိတာဟာ ခြားနားပါတယ်။ ကျနော်တို့က ဘာသာရှိမိဘတွေက
မွေးဖွားခဲ့တယ်။ ဆိုင်ရာဘာသာအဝန်းအဝိုင်းထဲမှ ကြီးပြင်းခဲ့တယ်။
အဲ့ဒီဘာသာရဲ့အဆုံးအမ အကွပ်အညပ် အကြပ်အမတ်နဲ့နေခဲ့တယ်။ အချိန်အရွယ်ရောက်တော့ ဘဝကို
တွေ့ကြုံခံစားရင်း ဖြတ်သန်းလာတယ်၊ စာဖတ်တယ် လေ့လာတယ် တွေးခေါ်စဉ်းစားတယ်။
ဒီလိုနဲ့နောက်ဆုံးမှာ ငါ့အတွက် ဘာသာမလိုတော့ဘူးလို့ စိတ်ဒုံးဒုံးချနိုင်ချိန်မှာ
ဘာသာနဲ့လမ်းခွဲခဲ့တယ်။ သူတို့ကတော့ ဖတ်တာမှတ်တာ လေ့လာတာ စဉ်းစားဆင်ခြင်တာ တွေးတောတာ
ဘဝကိုတွေ့ကြုံခံစားဖြတ်သန်းတာတွေ အကုံအလုံမဟုတ်သေးတဲ့ အရွယ်နဲ့အချိန်မှာတင် လူဟာ
ဘာမှ မကိုးကွယ်လည်းဖြစ်တယ်။ လူမှာ ဘာသာမရှိလည်းရတယ်ဆိုတဲ့အသိနဲ့
နေလိုက်ကြတာမျိုးလို့ ယေဘုယျပြောရမယ်ထင်ပါတယ်။
ပြန်ကောက်ရရင် အော်သိုဒေါ့က်စ်ခရစ်ယာန်ကို
ရှေးရိုးစွဲခရစ်ယာန်ဆိုပြီး ပြန်ကြတာ ငယ်ငယ်ကတည်းကကြားဖူးလို့
နားယဉ်နေပြီဆိုပေမယ့် ရှေးရိုးစွဲလို့ပြောသံကြားတိုင်း စိတ်ထဲဘဝင်တော့သိတ်မကျမိပါ။
အစဉ်အလာ ဓလေ့ထုံးစံတွေကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းဆက်ခံကြပေမယ့်
အခြားသောဘာသာအယူမှာ စိတ်နှလုံးနုညံ့သိမ်မွေ့သူတို့နည်းတူ သူတို့လည်းထပ်တူကျပါတယ်။
လူ့နှလုံးသားကို နုညံ့သိမ်မွေ့အောင်၊
သူတပါးဝေဒနာနဲ့ ဒုက္ခသုက္ခကို ခံစားနားလည်ပေးတတ်အောင်၊ ဝေမျှကူညီပေးတတ်အောင်၊
ရက်စက်ကြမ်းကြုပ်မှု ကြမ်းတမ်းခက်ထန်မှုတွေ နည်းပါးသွားအောင်၊ လူမျိုး ဘာသာ
အသားအရောင် ကျားမ မခွဲခြားဘဲ ချစ်ချစ်ခင်ခင်နေတတ်အောင်၊ အဆုံးစွန်ပြောရရင်
တိုင်းပြည်နိုင်ငံ လူမျိုး ဘာသာအစွဲသန်မှုတွေထက်၊
ပညာဉာဏ်မပါတဲ့မျိုးချစ်စိတ်ဆိုတာတွေထက် လူသားချစ်စိတ် ကမ္ဘာမြေကိုချစ်တဲ့စိတ်
ယိုင်းပင်းကူညီလိုစိတ်တွေနဲ့အတူ မိမိဘဝကိုတွယ်တွယ်တာတာတာ အခြားသူတွေဘဝကိုလည်း
ထွေးထွေးပွေ့ပွေ့နေနိုင်အောင်က လူ့ဆင်ခြင်တုံတရားနဲ့ တွေးခေါ်မြော်မြင်မှုကသာ
လက်တွေ့ကျကျနဲ့ အဓိကနေရာကနေ ဆောင်ကျဉ်းပေးနိုင်ပါတယ်။ တည့်မတ်ပေးနိုင်ပါတယ်။ လူ့
ဆင်ခြင်တုံတရားနဲ့ တွေးခေါ်မြော်မြင်မှုကသာ အခရာကျပါတယ်။
ကျနော့်မိတ်ဆွေ
ရုရှားအော်သိုဒေါ့က်စ်ခရစ်ယာန်ဘာသာဝင်မိသားစုလည်း အစဉ်အလာ ဘာသာကိုးကွယ်မှု
လူမျိုးရဲ့ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ နောက် နောက်
ဆင်းသက်ပေါက်ဖွားလာတဲ့မျိုးဆက်တွေကြားမှာ ဟန်ချက်ညီအောင်ထိန်းရင်း
နိစ္စဓူဝအမေရိကန်ဘဝကို ဖြတ်သန်းနေရတာပါပဲ။
မျိုးမြင့်ချို (မတ် ၃၊ ၂ဝ၁၉)
မျိုးမြင့်ချို (မတ် ၃၊ ၂ဝ၁၉)
0 comments:
Post a Comment