ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်
(၁၁)
“ငါသည်ပင်
ငါ၏လွတ်လပ်မှု ဖြစ်၏” (ဆာ့တ်)
နှစ်ဆယ်ရာစုသည်
စက်မှုသိပ္ပံယဉ်ကျေးမှုက လွှမ်းမိုးအုပ်စည်းထားသောခေတ်ဖြစ်သည်။ သိပ္ပံပညာသည်သဘာဝလောကရှိ
အရာဝတ္ထုများကို ဓမ္မဓိဌာန်ကျကျ စူးစမ်းလေလ့ာခြင်းပြုရ၏။ ထို့နောက် ယင်းတို့နှင့်ပတ်သက်သည့်
ယေဘုယျနိယာမတရားများကို ထုတ်ဖော်၏။ ထို သိပ္ပံနိယာများမှတဆင့် သိပ္ပံနည်းပညာ စက်မှုအတတ်ပညာများကိုအသုံးပြု၍
လူ့အဖွဲ့အစည်းအတွက် ကုန်ပစ္စည်း အမျိုးမျိုးတို့ကို စဉ်ဆက်မပြတ် တီထွင်ထုတ်လုပ်ပေး၏။
ဤသို့ဖြင့် သိပ္ပံပညာသည် ဓမ္မဓိဌာန်သဘော (Objectivity) ဆောင်သည့် ရုပ်ဝတ္ထုပစ္စည်းများကိုလေ့လာရာတွင်
အသုံးဝင်လှ၏။ အောင်လည်းအောင်မြင်လှပါ၏။
ဤသို့သော
သိပ္ပံပညာ၏အောင်မြင်မှု၊ တိုးတက်မှုတို့ကိုစံနမူနာပြု၍လူနှင့်လူ့အကြောင်းကိုလေ့လာရာ၌လည်း
သိပ္ပံပညာကိုအားကိုးလာကြ၏။ သိပ္ပံနည်းအတိုင်း လိုက်လာကြ၏။ ထို့ကြောင့်လည်း နိုင်ငံရေးပညာ၊
စီးပွားရေးပညာ၊ သမိုင်းပညာစသည့် လူနှင့်လူ့အကြောင်းကို စနစ်တကျ စူးစမ်းလေ့လာသည့် လူမှုရေးသိပ္ပံ(Social
Science) ပညာများတို့သည် သဘာဝသိပ္ပံပညာ(Subjectivity)က ရုပ်ဝတ္ထုပစ္စည်းများကို လေ့လာသကဲ့သို့ပင်
ဓမ္မဓိဌန်ကျမှုအပေါ် အခြေတည်ခဲ့ကြ၏။ သီးခြားပုဂ္ဂိုလ် လူသားတဦးချင်းစီထက် “လူ"ဟူသော
ယေဘုယျသဘော၊ ဓမ္မဓိဌာန်သဘောတို့ကို အလေးအနက်ထားခဲ့ကြသည်။ လူဟူသည် ရုပ်ဝတ္ထုပစ္စည်းများကဲ့သို့ပင်သဘောထားကာ
ဓမ္မဓိဌာန်သဘောဖြင့် မှတ်ရှူခဲ့ကြသည်။ ဤသို့ဖြင့် နှစ်ဆယ်ရာစု လူ့အသိညာအားလုံးသည် ဓမ္မဓိဌာန်သဘောအပေါ်
အခြေစိုက်ထားပေသည်။
ယန်းပေါဆာ့တ်သည်
ယင်းသို့ သူ့ခေတ်ကိုလွှမ်းမိုးသြဇာပြုထားသော ဓမ္မဓိဌာန်သဘောကို လုံးဝ ဆန့်ကျင်ငြင်းပယ်ခဲ့ပြီး
ပုဂ္ဂလဓိဌာန်သဘောကို ရှေ့တန်းတင်တွေးခေါ်ခ့ေဲပသည်။ လူပုဂ္ဂိုလ်တဦးချင်းစီ၏ဘဝကိုဗဟိုပြု၍
သူ့ဒဿနကျမ်းများ၊ ဝတ္ထုများ၊ ပြဇာတ်များကို ရေးဖွဲ့ခဲ့၏။ ဆာ့တ်၏ ဒဿနတရပ်လုံးတွင်အဓိကပစ်မှတ်မှာ
ပုဂ္ဂလဓိဌာန်သဘော၏အရေးပါမှု ဖြစ်ပေသည်။
“အမှန်တရားဆိုတာ
ပုဂ္ဂလသဘောဖြစ်တယ်”ဟူသော ဖြစ်တည်မှုဝါဒဖခင် ကဲကီးဂါးဒ်၏အဆိုအမိန့်ကို ဆက်လက်ခံယူခဲ့သည်။
“လူဆိုတာရေညှိတပင် မဟုတ်ဘူး။ မှိုတပွင့် ဒါမမှဟုတ်ပန်းဂေါ်ဖီတပွင့်လည်း မဟုတ်ဘူး။ ပုဂ္ဂလဘဝတခုကိုပိုင်ဆိုင်ထားတဲ့
ပရိုဂျက်တရပ် ဖြစ်တယ်။ လူဆိုတာ မိမိကိုယ်ကိုယ်ကို မိမိ တည်ဆောက်ဖော်ဆောင်ချက်ဖြစ်တယ်။
ဒါဟာ ဖြစ်တည်မှုဝါဒရဲ့ အခြေခံအကျဆုံး
ခံယူချက်ဖြစ်တယ်”
ဟု ဆာ့တ်က ဖွင့်ဆိုပေသည်။ ဖြစ်တည်မှုဝါဒီ၏အခြေခံမှာ ပုဂ္ဂလလူသားတဦးချင်းစီ၏ ဘဝဖြစ်သည်ဟု
ဆိုလိုခြင်းဖြစ်ပေသည်။
(ကောင်းကင်ဘုံမှ
ဓမ္မဓိဌာန်စိတ်ကူးထည်)
ယေဘုယျသဘော
(The General) ဓမ္မဓိဌာန်သဘောတို့ကို ဦးစားပေးစဉ်းစားခြင်းမှာ အနောက်တိုင်းဒဿနသမိုင်းတွင်
ရှေးဟောင်း ဂရိဒဿနခေတ်ကတည်းကပင် ရှိခဲ့ပေသည်။ အထူးသဖြင့် အနောက်တိုင်းဒဿနကို ပညာရပ်တခုအဖြစ်
ပီပီပြင်ပြင်ဖြစ်အောင် ဖော်ဆောင်ပေးခဲ့သည့် ဂရိဒဿနဆရာကြီးပလေတို (Plato 428 348
B.C)သည် ဓမ္မဓိဌာန်သဘောကို ဦးထိပ်ပန်ဆင်ခဲ့သူဖြစ်ပေသည်။
ယန်းပေါဆာ့တ်က
ဆရာကြီးပလေတိုသည် ကောင်းကင်ဘုံ၏ပြီးပြည့်စုံမှုကို ခုံမင်မက်မောဂရုစိုက်လွန်းသည့်အတွက်ကြောင့်
အောက်ခြေ လွတ်သွားပြီးတကယ့် လက်တွေ့လောကကမ္ဘာမြေပြင်ပေါ်ရှိ မပြီးပြည့်စုံမှုများကိုမေ့သွားသူဖြစ်သည်ဟု
မှတ်ချက်ချခဲ့၏။
ပလေတိုအတွက်
အာရုံခံစားမှုဖြင့်တွေ့သိနေရသော သီးခြားအရာများတည်ရှိရာ ဤကမ္ဘာလောကသည် အစစ်အမှန်လောက
မဟုတ်ပေ။ အစစ်အမှန်၏ ဖော်ဆောင်ချက်များသာဖြစ်သည်။ အသွင်သဏ္ဍန်လောကသာဖြစ်သည်။ တကယ့်အစစ်အမှန်လောကမှာ
ဆင်ခြင်ခြင်း သက်သက် (PureReason)ဖြင့်သာရှိရသော စိတ်ကူးထည်(Idea) များရှိရာလောက ဖြစ်ပေသည်။
ယင်းစိတ်ကူးထည်တို့သည် မည်သည့် အခါမျှပြောင်းလဲပျက်စီးခြင်းမရှိပေ။ ထာဝရတည်မြဲနေသည့်ပုံစံတရားများ(Form)
အသိပညာများ(Concept) ဖြစ်ကြပေသည်။ ယင်းစိတ်ကူးထည်သဘောတို့သည် သီးခြားအရာများထက် ပို၍
အဓိကကျ၏။ သီးခြားအရာတို့၏ဖြစ်တည်မှုသည် ယင်း စိတ်ကူးထည်တို့ အပေါ် မှီတည်နေရ၏။ တစ်နည်းအားဖြင့်ဆိုသော်
ယင်းစိတ်ကူးထည်များသည် ဖြစ်တည်မှုထက် အရင်ရှေ့ကျသောတရားများဖြစ်၏။ ပို၍ အခြေခံကျသောသဘောများလည်းဖြစ်၏ဟု
ပလေတိုကခံယူပေသည်။
ပလေတိုအယူအရမူ
ကျွန်ုပ်တို့ လက်တွေ့မြင်နေရသော အဆင်းများ၊ ကြားနေရသော အသံများ၊ ခံစားရသောအရသာများသည်
တခဏ သဘောများသာဖြစ်၏။ ပြောင်းလဲပျက်စီးကြ၏။ ထို့ကြောင့် ယင်းတို့သည် အစစ်အမှန်တရားများ
မဟုတ်ကြ။ ဤအရောင်အဆင်း၊ အနံ့ အရသာတို့နောက်ကွယ်တွင်ရှိနေသည့် ထာဝရတည်တံ့နေသောပုံစံတရားများ(ဝါ)
အနှစ်သာရသဘောတို့သာလျှင် တကယ့် အစစ်အမှန် တရားများဖြစ်ကြ၏။
မိန်းမပျိုတဦးသည်
မည်မျှပင်လှပပါသည်ဟုဆိုဆို၊ ‘လှပခြင်း’တည်းဟူသော အနှစ်သာရစိတ်ကူးထည်နှင့်ယှဉ်လိုက်ပါက
စာဖွဲ့စရာ မရှိလောက်အောင် အသေးအဖွဲဖြစ်သွားမည်သာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤလက်တွေ့လောကရှိ
သီးခြားမိန်းမပျိုတဦးချင်းစီ ၏အလှအပဟူသည်“လှပခြင်း”တည်းဟူသော စိတ်ကူးထည်တရားမှ ဆင်းသက်လာသောကြောင့်ဖြစ်၏။
ဤစိတ်ကူးထည်အနှစ်သာရတရား၏
လက်ဝေခံများသာလျှင်ဖြစ်သောကြောင့် ဖြစ်၏။ “လှပခြင်း” ဟူသောစိတ်ကူးထည် ယေဘုယျ အနှစ်သာရတရားရှိပြီးမှ
ဤစိတ်ကူးထည်နှင့်အဆင့်အဆင့် လိုက်လျောညီထွေရှိနေကြသည်။ သီးခြားမိန်းမပျိုတဦးစီတို့ကို
လှသည်၊ ပိုလှသည်၊ အလှဆုံးဟူ၍ လူသားတို့က သတ်မှတ်နိုင်ကြ၏။ ထို့ကြောင့် လှပခြင်းတည်းဟူသော
စိတ်ကူးယဉ်“အနှစ်သာရ”သည်အရင်ဦးစွာ တည်ရှိပြီးမှ လှပသောမိန်းမပျိုဟူသော သီးခြားဖြစ်တည်မှုသည်
ရပ်တည်နိုင်ပေ၏။ တနည်းအားဖြင့်ဆိုရသော် ပလေတို၏ဒဿနအရ “အနှစ်သာရသည် ဖြစ်တည်မှုထက် ပို၍
အဓိကကျ၏။ ပို၍အရင်ရှေ့ကျ၏”ဟု ဆိုနိုင်ပေသည်။
ဤအယူအဆကို
ရှူထောင့်သုံးခုမှ အောက်ပါအတိုင်း ရှူမြင်နိုင်၏။ အချိန်ကာလအစီအစဉ်အတိုင်း ဆိုပါလျှင်
“လှပခြင်း”ဟူသော ယေဘုယျစိတ်ကူးထည် အနှစ်သာရ သဘောသည် လှပပါသည်ဟုဆိုသောမိန်းမပျို မမွေးဖွားခင်ကတည်းကပင်
ရှိနေပြီဖြစ်၏။ ယုတ္တိဗေဒသဘောအရဆိုလျှင် “လှပခြင်း” စိတ်ကူးထည်အနှစ်သာရသဘောသည် ကျွန်ုပ်တို့လူသားများ၏
စိတ်ထဲတွင်အရင်ဦးစွာရှိမနေခဲ့ပါက ဤမိန်းမပျို လှပါသည်ဟု မည်သို့မျှ ပြောဆိုသတ်မှတ်နိုင်မည်
မဟုတ်ပေ။
တန်ဖိုးသဘောအရဆိုပါလျှင်“လှပခြင်း”စိတ်ကူးထည်
အနှစ်သာရတရားသည် လှပပါသည်ဟုဆိုသော သီးခြားအရာတိုင်းထက် ပို၍ အရေးကြီးပေ၏။ ပလေတို၏ဒဿနအရ
လှပသောမိန်းမပျို “ဖြစ်တည်မှု”သည် တခဏသဘောသာ ဖြစ်သည်။ ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေ၏။
သမုတိသဘောကို ဆောင်နေခြင်းသာဖြစ်၏။ ထို့ကြောင့် ဤသို့သော သီးခြားမိန်းမလှကလေးများသည်
ထာဝရသဘော ဆောင်ယူလျှက်ရှိသည့် လှပခြင်းတရား(အနှစ်သာရ)လောက် အရေးမကြီးပေ။ တန်ဖိုး မထားအပ်ပေ။
လှပပါသည်ဆိုသော မိန်းမပျို တဦးသည် မွေးဖွားလာ၏။ အရွယ်ရောက် ကြီးပြင်းလာ၏။ ထို့နောက်
အိုမင်းရင်ရော့်သွား၏။ နောက်ဆုံးသေဆုံးပျောက်ကွယ် သွားမည်သာဖြစ်၏။ သူမ၏ အလှအပသည် အချိန်ကာလ
ခဏတခုအတွင်းမှာသာ ရှိနိုင်၏။ နောက်ဆုံး မည်သည့်အလှအပမျှ မရှိတော့ဘဲ ပျက်ပျယ်သွားမည်သာဖြစ်၏။
သို့ရာတွင်“လှပခြင်း” စိတ်ကူးထည်အနှစ်သာရကမူ အချိန်ကာလ၏ဘောင်ခတ် ကန့်သတ်မှုကို ကျော်လွန်နေ၏။
ဘယ်တော့မှ ပျက်ပြယ်သွားလိမ့်မည်မဟုတ်ပေ။ အစဉ်အမြဲ ထာဝရတည်တံ့နေမည်သာဖြစ်၏။
0 comments:
Post a Comment