Wednesday, March 27, 2019

(ဖက်ဆစ်တော်လှန်ရေးနေ့က ရတဲ့ဒဏ်ရာ) မျိုးမြင့်ချို

0 comments
(ဖက်ဆစ်တော်လှန်ရေးနေ့က ရတဲ့ဒဏ်ရာ)
စစ်ပွဲဆိုတာ သေနတ်နဲ့တိုက်တာ။ သေနတ်ဟာ လူသေတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့လူကို အလောင်းကောက်မီရင် ကောက်တယ်။ သင့်တော်ရာမှ အလံအုပ်မြေမြှုပ်လိုက်တယ်။ ပြီးပြီ။ အလောင်းကောက်မမီရင် လက်နက်အပါမခံပဲ အလောင်းကို လက်လွှတ်လိုက်ရတယ်။ အလောင်းရော လက်နက်ပါ ပြန်ကောက်ချိန်မရရင်တော့ ထားခဲ့တော့ ဒီအတိုင်းပဲ။ ဒါ ကျသွားတဲ့ စစ်သားအလောင်းအတွက် အပြီးသတ်အဖြေပဲ။


ဒဏ်ရာ ရတဲ့လူကျတော့ ဖြစ်နိုင်သမျှ ပြန်ဆွဲရတယ်။ မသေမရှင်ဖြစ်နေရင်တောင် ကိုယ့်လက်ထဲမှာ သေဖို့လုပ်ရတယ်။ မဆွဲနိုင်လို့ ဒဏ်ရာရတဲ့လူချန်ခဲ့ရပြီး ရန်သူ့လက်ပါသွားရင် သတင်းတွေပေါက်ကြားတာ၊ ဝါဒအဖြန့်ခံရတာ၊ စိတ်ဓာတ်စစ်ဆင်ရေးအလုပ်ခံရတာ၊ နောက်ဆုံး အမျိုးမျိုးနှိပ်စက်ညှဉ်းပမ်းလို့ဝတော့ ဖျောက်ဖျက်ပစ်တာခံရတယ်။


တကယ့်စစ်ပွဲကြီးတွေမှာ အမိန့်လည်းနာခံ၊ စည်းကမ်းလည်း ကောင်း၊ ဥပဒေလည်း လိုက်နာပါတယ်ဆိုတဲ့ တပ်ကြီးတွေတောင် စစ်ဦးဘီလူးဆို သုံ့ပန်းပေါ်လစီချိုးဖေါက်ကြတာ အထင်အရှားပဲ။ ဒီတော့ ပြည်တွင်းစစ်လို၊ လူမျိုးရေးဘာသာရေးအခြေခံပဋိပက္ခတွေလို လက်နက်စွဲကိုင် ဖက်ပြိုင်ကြတဲ့စစ်လိုမျိုးတွေမှာ သုံ့ပန်းပေါ်လစီကျင့်သုံးတယ်ဆိုတာ နားရှိလို့ကြားရတဲ့စကားထက်မပိုဘူး။


တိုက်ပွဲဖြစ်နေချိန်မှာ လူ့စိတ်ဟာ သားရဲမင်းရဲစီးနေတယ်။ ငါ့သတ်ဖို့လာတဲ့ကောင် ငါမသတ်သူသတ်မှာပဲဆိုတဲ့အတွေးက ဦးဆောင်နေတယ်။ ဒီတော့ ဒဏ်ရာနဲ့အရှင်မိလာတဲ့ လက်ရသုံ့ကို ဂလဲ့စားချေတဲ့သဘောနဲ့ဆက်ဆံမှာဘဲ။


အရှင်မလိုချင်ဘူး၊ မြို့မှာ ကွန်မြူနစ်ရှားလို့ တောထဲသွားဖမ်းခိုင်းတာမဟုတ်ဘူး၊ ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့၊ ကွန်မြူနစ်ဆို သန္ဓေသားတောင်မထားနဲ့စတဲ့ အပြီးအပြတ်အမိန့်မျိုးရထားတဲ့ စစ်သားဟာ ဒဏ်ရာနဲ့လူကိုတွေ့တာနဲ့ ပစ်သတ်လိုက်မှာပဲ။ ဒါကို မှားတယ်မှန်တယ်၊ တရားတယ် မတရားဘူး၊ မျှတတယ် မမျှတဘူးပြောနေခြင်းမဟုတ်။ စစ်ဖြစ်ရင် အရင်ဆုံးကျဆုံးသွားတာက အဲ့ဒါတွေဖြစ်နေပြီဘဲ။ စကားအဖြစ်ပြောရင်တော့ ပြောလို့ရမှာဘဲ။


စစ်သားဟာ သူနဲ့အတူတိုက်နေတဲ့လူကို တိုက်ဖော်တိုက်ဘက် သေဖော်သေဘက် သတ်ဖော်သတ်ဘက်လို့ သဘောထားတယ်။ ကိုယ့်လူထိရင် နာတယ်။ ဒဏ်ရာဗလဝ သွေးအလိမ်းလိမ်းနဲ့ မချိမဆန့်ခံနေရတဲ့ ကိုယ့်လူမြင်ရင် ကြောက်စိတ်နဲ့တကွ လက်စားချေချင်စိတ် သတ်ချင်ဖြတ်ချင်စိတ် ရမ်းချင်ကားချင်စိတ်ဖြစ်တယ်။ ကိုယ့်လူအထိများရင် ကိုယ့်အလှည့်လာတော့မှာလည်းသိတော့ ကြောက်တယ်။ မသေချင်ဘူး။ ဒီတော့ သတ်တယ်။ ဒါကိုပဲ ရဲဘော်စိတ်လို့ စစ်သားစိတ်လို့ပြောတယ်။ ကြေးစားစစ်သားမှာတောင် ဒီစိတ်မျိုးရှိတယ်ဆိုရင် တခုခုကို ယုံကြည်စိတ်နဲ့တိုက်တဲ့စစ်သားမှာ ဒီစိတ်ဟာ ပိုတောင်ရှိတယ်ဆိုတာ မမှားဘူး။


ဒီတော့ ကိုယ့်ရှေ့မှာ ဒဏ်ရာရသွားတဲ့ကိုယ့်လူကို ဒီအတိုင်းပစ်မထားဖို့ လူနာတက်ကောက်ဖို့ စစ်သားရဲ့ဗီဇစိတ်ကိုက အလိုအလျှောက် စေ့ဆော်ပြီးပြီးသား တိုက်တွန်းပြီးပြီးသားဖြစ်နေတယ်။ အမိန့်တောင် စောင့်နေစရာမလိုဘူး။ ဒဏ်ရာနဲ့ကိုယ့်လူကို ပစ်ထားခဲ့ပြီး ကိုယ့်အသက်လုပြေးရင်း ကျည်ကွယ်မျက်ကွယ်ကိုရောက်ပြီဆိုတာနဲ့ စစ်သားဟာ မိမိအပြုအမူအတွက် ကိုယ့်ကိုယ်ကိုယ်ရှက်ရွံ့စိတ် သိမ်ငယ်စိတ် နားကျည်းစိတ်ဖြစ်ပြီး သူ့စစ်စိတ်စစ်မန်ကို ထိခိုက်သွားတယ်။ သူ့ စစ်သားဗီဇပျက်သွားတယ်။ သူရဲဘောကြောင်တဲ့အကောင်လို့ ကိုယ့်ကိုယ်ကိုယ်ထင်သွားတယ်၊ လူတွေက ကိုယ့်ကိုအဲ့သလို အထင်အမြင်သေးတဲ့မှာပဲဆိုတဲ့ အငုံ့စိတ်ဝင်သွားတယ်။ ဒါ စစ်သားအဖြစ်နဲ့ ကျနော်ရခဲ့တဲ့အတွေ့အကြုံက ရတဲ့အသိပဲ။ စစ်သားဘဝက ပြဌာန်းလိုက်တဲ့ စစ်သားသိ စစ်သားစိတ်ပဲ။


ကိုယ့်စစ်သားက ဒဏ်ရာလည်း ရနေပြီ၊ ရှင်လည်းမရှင်နိုင်တော့ဘူး ပြန်သယ်ဖို့လည်း မဖြစ်နိုင်တော့တဲ့တိုက်ပွဲအခြေအနေကြောင့် တပ်မှူးက ကိုယ်တိုင်ဆုံးဖြတ်ပြီး ပစ်သတ်လိုက်ရင်ဖြစ်ဖြစ် သတ်မိန့်ပေးလို့ တယောက်ယောက်ကပစ်သတ်လိုက်ရင်ဖြစ်ဖြစ် အဲ့ဒီ စစ်တပ်မှာရှိနေသေးတဲ့ ကျန်တဲ့စစ်သားတွေရဲ့စိတ်ဟာ ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။ သွေးပျက်သွားတယ်။ ငါတို့လည်း ဒီလိုဖြစ်ရင် ဒီလို ကြမ္မာငင်မှာပါလားဆိုတဲ့ ကြောက်စိတ်တွေဖြစ်လာတယ်။ အချင်းချင်း မယုံသင်္ကာဖြစ်လာတယ်။ အထက်အမိန့်အပေါ် တပ်မှူးတွေအပေါ် နာခံလိုစိတ်ထက် အာခံလိုစိတ်တွေ မသိမသာဖြစ်လာတယ်။ ဒါမျိုး အဖြစ်များလာတဲ့အမျှ တပ်ဟာ အအုပ်အစည်းပျက်လာတယ်။ အမိန့်နာခံမှု လျော့ရဲလာတယ်။ စစ်တိုက်ဖို့ခက်လာတယ်။ နောက်ဆုံးမှာ အောက်ခြေကစတဲ့ တပ်တွင်းပုန်ကန်မှုတွေအထိဖြစ်ပြီး တပ်ပျက်တယ်။


စစ်တပ်ဆိုတာ အမိန့်နဲ့အုပ်ချုပ်တာ။ သူလည်းယောက်ကျား ကိုယ်လည်းယောက်ကျား၊ သူလည်း သေနတ်တလက် ကိုယ်လည်းတလက်၊ သူလည်း အသက်တချောင်း ကိုယ်လည်းအသက်တချောင်းချင်းအတူတူ လူလူချင်း အမိန့်ပေးပြီး သေခိုင်းသတ်ခိုင်းနေတာ။ အမိန့်ကြောင့် သတ်နေသေနေကြတာ။ အမိန့်ဟာ အသက်ပဲ။ အဲ့သလို အဖွဲ့အစည်းမှာ အမိန့်မနာခံရင် သတ်ပစ်တာ ဘာမှမဆန်းပေမယ့် ဒဏ်ရာနဲ့ကိုယ့်လူကို မဆွဲနိုင်တော့တာနဲ့ ပစ်သတ်တယ်ဆိုတာ သေဖော်သေဘက် သတ်ဖော်သတ်ဖက်စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တာဖြစ်တယ်။ အမိန့်မနာခံစရာ ဖီဆန်ပုန်ကန်စရာဖြစ်စေတယ်။ စစ်တိုက်လို့မရတော့ဘူး။ တပ်ပျက်ဖို့လမ်းစဖြစ်လာတယ်။


ဒီတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ဒဏ်ရာနဲ့ကိုယ့်လူကို ရှေ့တန်းကတိုက်ပွဲမှာ အရပြန်ဆွဲရမှာပဲ။ ပစ်ထားခဲ့လို့မရဘူး။ လူနာကိုပစ်ထားခဲ့ရင်တောင် စည်းရုံးရေးက ကျလှပြီ ပစ်ပါသတ်လိုက်လို့ကတော့ ဘာမှဆိုဖွယ်ရာမရှိပဲ။ ဆေးကုတာ ပြန်လည်ပြုစုပျိုးထောင်တာတွေက နောက်တန်းကအလုပ်။ စစ်ဆေးရုံ ဆေးခန်းတွေအလုပ်၊ ခြေတုလက်တုဆေးရုံတွေ အလုပ်။


အစိုးရစစ်တပ်တွေမှာ ဒါတွေအကုန်ရှိတယ်။ ပြည့်စုံတာ မပြည့်စုံတာလောက်ပဲကွာတယ်။ သူပုန်တွေ လက်နက်ကိုင်တ်ာလှန်ရေးတွေမှာကျ ကိုယ်ပိုင်လွတ်မြောက်နယ်မြေရှိရင် ဒါမှမဟုတ် ကိုယ် ကျောပေးထားတဲ့နိုင်ငံ ဒါမှမဟုတ် ဒေသက ခွင့်ပြုရင် ဒဏ်ရာရစစ်သားအတွက် ဆေးရုံဆေးခန်းကိစ္စက လုပ်လို့ရတယ်။ သဘောက တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ကိုယ်ပိုင်လွတ်မြောက်နယ်မြေမရှိရင် ကျောကပ်ထားတဲ့ပြည်(ဒေသ)လိုတယ်။ အဲ့ဒီပြည် အဲ့ဒီဒေသက ကိုယ့်တော်လှန်ရေးအတွင် စိတ်ပိုင်း ရုပ်ပိုင်း အတွေးအခေါ်ပိုင်းတွေပါကူတာဆို အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပဲ။ အဲ့သလောက်ကြီးအထိ ထောက်ခံမှုမရှိတောင် ကိုယ့်ကို စာနာပြီး သူတို့နယ်မြေအတွင်းမှာ ကိုယ့်လူနာတွေအတွက် ဆေးရုံဆေးခန်း ကုသမှု အနားယူစခမ်းစတာတွေလောက် လုပ်ခွင့်ပေးတယ်ဆို မဆိုးဘူး။ ကျန်တဲ့ လက်နက်ခဲယမ်း အရင်းအမြစ်တို့၊ သိုလှောင်တာတို့၊ ရိက္ခာတို့ဘာတို့ ညာတို့တွေတောင်မပါသေးဘူး ဒီ လူနာကိစ္စ ဆေးရုံဆေးခန်းကိစ္စ ကုသမှု စောင့်ရှောက်မှုကိစ္စလောက်နဲ့တင် ခေါင်းခဲစရာ ဘယ်လောက်ကောင်းသလဲတွေးကြည့်ပါ။


ခု AA နဲ့ စစ်အာဏာရှင်ခါးပိုက်ဆောင်တပ် ချနေတယ်။ စစ်တိုက်နေတယ်။ သေမှာပဲ။ ဒဏ်ရာ ရမှာပဲ။ အလောင်းတွေ ကျင်းတူးမြှုပ်လိုက်ပေမယ့် လူနာတွေ ဘယ်နား သွားထားမလဲ။ ကျောကပ်ထားတာပဲဆိုပြီး ဘင်္ဂလားဒေ့ရှ်သွားအားကိုးလို့ မရဘူး။ ကိုယ်တသက်လုံး မွှေးထားတဲ့မီးအတွက် သူတို့ဘက်စာနာစိတ်ကို ယောင်လို့တောင်မျှော်လို့မရနိုင်ဘူး။ သူတို့ဘက် လူနာထားဖို့ ကျွံဝင်လာတာနဲ့ ဆီး ချထဲ့လိုက်မှာပဲ။ ဘေးချင်းကပ် ချင်းပြည်နယ်ကိုရော။ ပိုတောင်ဆိုးသေး။ စစ်အာဏာရှင်တပ်နဲ့ပေါင်းပြီး မျိုးကန်းအောင် လုပ်ပစ်မှာဘဲ။ နဂိုကမှ လူမျိုးအရထူးခြားချက်ရှိရတဲ့အထဲ ရခိုင်အစွန်းရောက်တွေ မွှေတဲ့ဒဏ်ခံ သူတို့လည်းခံနေရတာ။ အိန္ဒိယလည်း တဆင့်ကျော် မျှော်လို့မရဘူး။ ခုတောင် မီဇိုပြဿနာ နာဂပြဿနာတွေမှာ စစ်အာဏာရှင်နဲ့ပင်းပြီး ကိုင်သွားတာကိုကြည့် အဖြေကရှင်းနေတယ်။


ဒီတော့ ဘာလုပ်မလဲ ဒဏ်ရာနဲ့ ကိုယ့်လူကို ပစ်သတ်မလား။ ပိုဆိုးကုန်မယ်။ ဒါဆို အရပ်သားတွေကြား ရွာတွေကြားပို့ပြီး တိုးတိုးတိတ်တိတ်ကုလား ထားမလား။ ဒါလည်း ရေရှည်မှာ မဖြစ်နိုင်ဘူး။ စစ်အုပ်စုက အုပ်ချုပ်ရေးယန္တရားကိုကိုင်ထားတယ် အစိုးရနဲ့ပေါင်းထားတော့ လက်တန်ရှည်တယ်။ မြို့ပို့ပြီး ဆေးကုမလား။ တွေးတောင် တွေးမရဘူး။


AA ခေါင်းဆောင်တွေမပြောနဲ့ ကျနော်တောင် အဲ့ဒါလေး(ဒဏ်ရာရသူကိစ္စ၊ လူနာကိစ္စ ဆေးရုံဆေးခန်းကိစ္စ၊ ကုသမှုကိုစ္စ၊ အနားယူစခမ်းကိစ္စ)တွေးတာတောင် ရင်ပူတယ်။ စိတ်ထိခိုက်တယ်။ စိတ်တွေ မွန်းကျပ်တယ်။ တခါတလေ စိတ်လက်ဆင်းရဲတဲ့အတွေးနဲ့ အိပ်မပျော်ဘူး။ ကျနော် AA ကို ထောက်ခံတယ်မထောက်ခံဘူး ဘာမှမပြောဘူး။ ကျနော် စစ်သားဖြစ်ခဲ့တုန်းက စစ်သားစိတ် စစ်သားဗီဇလေးတခုတည်းအပေါ်တင်ကြည့်ပြီး AA အနာဂတ်အတွက်ရင်လေးနေတာဘဲ။ စစ်သားစိတ်နဲ့ စစ်သားစစ်သားချင်း ကိုယ်ချင်းစာကြည့်တာဘဲ။
မျိုးမြင့်ချို
မတ် ၂၇၊ ၂ဝ၁၉

0 comments:

Post a Comment