Monday, March 11, 2019

(အကြွေ) မျိုးမြင့်ချို

0 comments
(အကြွေ)အမေရိကားမှာ လူတွေက အိမ်ပြန်လာလို့ လက်ထဲအကြွေစေ့တွေပါလာရင် ဗူးတဗူးဗူးထဲထည့်ပြီး သိမ်းထားတတ်ကြတယ်။ သတ်သတ်ကြီး စုတဲ့သဘောတော့လည်း မဟုတ်ပါဘူး။ များသောအားဖြင့် ကလေးတွေပျော်ပါစေဆိုတဲ့သဘောက ကဲပါတယ်။ လမ်းလျှောက်တတ်စ ကလေးတွေကလည်း ဒယိမ်းဒယိုင်နဲ့လမ်းလျှောက် အဲ့ဒီအကြွေစေ့ဘူးကြီး မနိုင့်တနိုင်နဲ့ မ မ ပြီး ဧည့်သည်လာရင် ထုတ်ထုတ်ပြရတာလည်း အမောပေါ့လေ။ များရင်များသလောက် လေးလည်း အတော်လေးပါတယ်။ အကြွေစေ့ဆိုရာမှာ တဒေါ်လာတန်အကြွေစေ့ကနေ ပဲနိစေ့အထိ ဆိုပါတော့။ အရွယ်လေး နည်းနည်းရလို့ ပိုက်ဆံစုတတ်ပြီဆိုရင်တော့ Piggy Bank လို့ဆိုတဲ့ စုဗူးလေးတွေထဲ ငွေစက္ကူအရွက်ကလေးတွေ အခေါက်လိုက်လေး ခေါက်ခေါက်ထည့်ပြီး စုတာမျိုးပါ။ အကြွေစေ့တွေ သိတ်များလာရင်တော့ လူကြီးတွေက ဘဏ် ဒါမှမဟုတ် စတိုးဆိုင်ကြီးတွေသွားပြီး အကြွေစေ့တွေနဲ့ ငွေစက္ကူလဲလှယ်ကြပါတယ်။ လဲတဲ့နေရာမှာလည်း ကိုယ်အကောင့်တ်ဖွင့်ထားတဲ့ဘဏ်မှာသွားလဲရင် လဲခသက်သာပေမယ့် တခြားနေရာတွေ သွားလဲရင်တော့ လဲခအနေနဲ့ ၁ဝ ရာခိုင်နှုန်းလောက်ပေးရပါတယ်။ လဲတာကတော့ ဘာမှမခက်ပါ။ ငွေရေတဲ့စက်ထဲ အကြွေစေ့တွေ ဝေါကနဲသွန်ချလိုက်ရုံပါဘဲ။ စက်က သူ့သူဟာ ဘာအစေ့က ဘယ်နှစေ့ ဘာအစေ့က ဘယ်နှစေ့ဆိုရေတွက်ပြီး စုစုပေါင်း ဘယ်နှဒေါ်လာလို့ အဖြေတခါတည်း တွက်ပေးလိုက်တာ ဖြစ်ပါတယ်။ မြန်ပါတယ်။ ကျနော်တို့လင်မယား တခါက ၅ နှစ်စာလောက် သိမ်းထားတဲ့အကြွေစေ့တွေသွားလဲတာ ဒေါ်လာ ၃ ရာနီးနီးတောင် ရပါတယ်။ ဒါတောင် ကြားထဲမှာ ကျနော်က တမတ်စေ့တွေ တော်တော်များထုတ်ပြီး သုံးလိုက်ပါသေးတယ်။

ဒီမှာကတော့ အကြွေစေ့လည်း အကြွေစေ့အလျှောက် အသုံးတည့်ပါတယ်။ ကုန်စုံဆိုင်၊ လက်လီဆိုင်၊ ဓာတ်ဆီဆိုင်တွေလို နေရာတွေမှာ ဈေးဝယ်တာဆို အကြွေစေ့က သူလည်းအသုံးဝင် ကိုယ်လည်း အသုံးတည့်ပါတယ်။ ၅ မတ်ဖိုးဝယ်မယ်ဆို ကိုယ့်ဆီ တဒေါ်လာတန်နဲ့ တမတ်စေ့တစေ့ ပေးလိုက်ရင် သူရောကိုယ်ပါ အလုပ်မရှုပ်တော့ဘူးပေါ့လေ။ တခါသား ကျနော် ဧည့်သည်သောက်ဖို့ ဓာတ်ဆီဆိုင်ကို ဆေးလိပ်အဝယ်ထွက်လာတာ ပိုက်ဆံအိပ်က အိမ်မှာမေ့ကျန်ခဲ့တယ်။ ဒါနဲ့ ကားထဲပြန်ပြီး မောင်းသူဘေးခွက်ထဲက အကြွေစေ့တွေကို တဆုပ်ကြီးနှိုက်လာပြီး ဆိုင်ရှင်ကို ရှင်းလည်းရှင်းပြ ရေလည်းရေပေးဖို့ တောင်းပန်ရတယ်။ ကျနော်က အမေရိကန်မှာသာနေတာ အကြွေစေ့တွေကို မမှားအောင် ခုထိ ကျင်ကျင်လည်လည် မရေတတ်သေးဘူး။ နောက်တခုက လက်ချောင်းတွေက လက်ဖျားထိပ်တွေ လက်သည်းတွေမှ မရှိတာဆိုတော့ အကြွေစေ့လေးတွေကို ကြမ်းပေါ်ကနေ ကောက်လို့မရဘူးလေ။ အရောင်းသမားက ကျနော့်ကြည့်ပြီး စိတ်မကောင်းဖြစ်သွားပုံရပါတယ်။ ရတယ် ငါရေပေးမယ်ဆိုပြီးရေလိုက်တာ ၄ ဒေါ်လာနဲ့ သုံးမတ်ရှိတယ်။ ဆေးလိပ်ဗူးက ၅ ဒေါ်လာနဲ့ဆင့်ခြောက်ဆယ်။ ကျနော့်လည်း ရှိတာက ဒါအကုန်ပဲ။ ဒါနဲ့ ဒါယူထားလိုက် ငါ အိမ်တချက်ပြန်ပြီး ပိုက်ဆံအိပ် ယူလိုက်ဦးမယ်ဆိုတော့ သူက ယူမနေပါနဲ့ တော်ကြာနေ သွားလိုက်ပြန်လိုက်နဲ့ တခုခုဖြစ်ပြီး ရဲနဲ့တိုးမှ လိုင်စင်မပါဘဲ ကားမောင်းမှုပါ ထပ်တိုးနေဦးမယ်၊ ငါစိုက်ပေးလိုက်မယ်ဆိုပြီး ဆေးလိပ်တဗူး ပေးလိုက်ပါတယ်။ ကျေးဇူးတင်ကြောင်း သေသေချာချာပြောပြီး ပြန်ထွက်လာရင်း စိတ်ကောင်းရှိတဲ့မောင်မင်းကြီးသားကို ကျေးဇူးတင်မိပါတယ်။

တခါတော့လည်း ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တဲ့ မိတ်ဆွေတယောက်ပြောဖူးတယ်။ သူ့ဓာတ်ဆီဆိုင်ရှိတဲ့ရပ်ကွက်က နည်းနည်းဆိုးတယ်။ စရိုက်ကြမ်းသမားတွေလည်းများပြီး လုတာယက်တာတွေလည်း မကြာမကြာဖြစ်တတ်တဲ့နေရာတဲ့။ အိမ်မှာ ရေမလာလို့ မနက်မနက်ဆို ဓာတ်ဆီဆိုင်လာ အိမ်သာတက်တဲ့လူတွေလည်း မနည်းဖူးတဲ့။ တနေ့တော့ ဆိုင်မှာ လူကျနေချိန်ကြီး ရုပ်ကြမ်းကြီးနဲ့ အာဖရိကန်အမေရိကန်ကြီး တယောက်ရောက်လာပြီး ပစ္စည်းတွေဝယ်သတဲ့။ ဝယ်လည်းပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာပေါ် အကြွေစေ့ဗူးကြီး ဟောကနဲသွန်ချလိုက်ပြီး ရေယူပေါ့လို့ ပြောတာတဲ့။ ပြောပုံကြီးကလည်း လန့်စရာကြီးတဲ့။ အဆင်မပြေရင် တခုခုထလုပ်တော့မယ့် ပုံကြီးတဲ့။ အကြွေစေ့တွေကလည်း တမတ်စေ့ ဆယ်ပြားစေ့တောင် မဟုတ်ပဲ အဲ့ထက်သေးတဲ့အစေ့တွေချည်းပဲတဲ့။ ဝယ်ထားတာကလည်း ဒေါ်လာ ၃ဝ ဖိုး ရှိတယ်တဲ့။ သူသာ အဲ့ဒါတွေ ထိုင်ရေနေရင် နောက်လူတွေစိတ်တိုပြီး ပြန်ထွက်ရင်ထွက် မထွက်ရင် သူ့ကိုကျိန်ဆဲတော့မှာပဲတဲ့။ အကြွေတွေမို့လို့ မယူနိုင်ဘူး မရောင်းဘူးလို့ပြောလိုက်လို့ ဟိုလူကြီးက မကျေနပ်လို့ရဲခေါ်လိုက်ရင် သူပြဿနာတက်မှာပဲတဲ့။ ဒါနဲ့ ခင်ဗျားအကြွေတွေက ခန့်မှန်းချေဘယ်လောက်ရှိမလဲဆိုတော့ ဟိုလူကြီးက မသိဘူးလေ ရေကြည့်ပေါ့လို့ပြောတယ်တဲ့။ ဒါနဲ့သူလည်း ဝယ်ထားတဲ့ငွေကြည့်ပြီး ကဲ ဒေါ်လာ ၃ဝ ပဲထားလိုက်၊ ငါ အဲ့ဒါနဲ့ ဖြတ်လိုက်မယ်ဆိုတော့ အဲ့လူကြီးက ငါ့ဟာက ဒေါ်လာ ၃ဝ ထက်ပိုနေရင်ရောတဲ့။ ကဲဒါဆိုလည်း ခင်ဗျားဘာသာ တနေရာရာမှာ သွားရေချေ၊ ပြီးမှ တူရာတူရာပိုက်ဆံစေ့တွေစုစုပြီး ဆယ်ဒေါ်လာ ဆယ်ဒေါ်လာ အထုတ် ၃ ထုတ်ထုတ်ပြီးယူလာခဲ့တော့၊ ခုတော့ ဒီပစ္စည်းတွေလည်းယူသွားပါ၊ ခင်ဗျားပြန်လာလို့ ကျနော်ရှိလည်း ကျနော့်ပေး၊ ကျနော်မရှိလို့ တခြားတယောက်ယောက်ရှိလည်း သူ့ပြောပြီး ပေးသွားပါလို့ လုပ်လိုက်ရတယ်တဲ့။ ငွေတော့ သူစိုက်ပေးလိုက်တယ်တဲ့။ စိတ်လည်း အတော်ညစ်သွားတယ်တဲ့။

အဲ့လူကြီးက တပတ်လောက်နေမှပြန်လာပြီး ဆယ်ဒေါ်လာ ဆယ်ဒေါ်လာထုတ်ထားတဲ့အထုတ်လေး ၃ ထုတ် ပေးတယ်တဲ့။ ဒါနဲ့သူလည်း စိတ်မကောင်းဖြစ်သွားပြီး ကဲအခု ခင်ဗျား လိုချင်တာ ဒေါ်လာ ၃ဝ ဖိုးကြိုက်တာသာ ထပ်ယူသွား။ နောက်လည်း လိုချင်တာရှိလာပေါ့၊ ဒါပေမယ့် အကြွေတွေတော့ ရေပြီးမှယူလာပါလို့ပြန်ပြောတော့ ဟိုလူကြီးက မျက်ရည်တွေဝိုင်းပြီး မင်းဟာ စိတ်ကောင်းရှိတဲ့လူပါ၊ ဘုရားသခင်ကောင်းချီးပေးပါစေပြောရင်း မျက်စေ့မှိတ်ပြီး အကြာကြီးဆုတွေတောင်းပေးတယ်တဲ့။ အဲ့ဒီက နောက်ပိုင်း အဲ့လူကြီးလာတဲ့အခါ အကြွေစေ့တွေကို ရေပြီးမှ ယူလာတော့တယ်တဲ့။

ပြောချင်တာက ၂ ခုပါ။ တခုက အစိုးရကတရားဝင်ထုတ်ထားတဲ့ငွေဆိုရင် တရားဝင်မဖျက်သိမ်းသေးသရွေ့ အကြွေစေ့ဖြစ်နေပေ့စေ သူ့တန်ဖိုးအတိုင်း ရှိနေပါတယ်။ ဒါကို ဘာ့ကြောင့်ညာ့ကြောင့် အကြောင်းပြပြီး ဒီငွေနဲ့မဝယ်ဘူး မရောင်းဘူး၊ ဒီငွေကိုလက်မခံဘူး လုပ်လို့မရပါ။ လုပ်ရင် လုပ်တဲ့သူဟာ ဥပဒေချိုးဖောက်တာပါ။ အပြစ်ရှိပါတယ်။ တိုင်တန်းရင် အရေးယူခံရပါ့မယ်။

နောက်တခု တမင်တကာ ညစ်ချင်စိတ်ကြောင့်ဖြစ်စေ တကယ့်ကို အဖြစ်မှန်ကြောင့်ဖြစ်စေ ခုနလိုလူကြီးမျိုးနဲ့တွေ့တဲ့အခါ ကျနော်တို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာပါ။ ဒေါ်လာ ၃ဝ ဆိုတာ အဲ့ဒီမိတ်ဆွေ ၂ နာရီစာလုပ်ခလောက်ရှိပါတယ်။ သူဆုံးလည်းဆုံးပေ့စေတော့ဆိုပြီး မရှည်တဲ့စိတ်ကို မျက်စေ့မှိတ်ပြီးရှင်းလိုက်တာဖြစ်ပါတယ်။ သူ့ဖြေရှင်းနည်း မှားလား မှန်လား၊ အကောင်းဆုံးဖြေရှင်းနည်းလားက ကျနော် ခုထိဆုံးဖြတ်လို့မရသေးတာပါ။
ခင်ဗျားရော ဘယ်လိုထင်လဲ။
မျိုးမြင့်ချို(မတ် ၁ဝ၊ ၂ဝ၁၉)

0 comments:

Post a Comment