Friday, March 22, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်၁၉)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်၁၉)
(သက်သေပြစရာမလိုသော ဖြစ်တည်မှု)
အနောက်တိုင်းဒဿနသမိုင်းတွင် ဆင်ခြင်မှုကြီးစိုးသောခေတ် ရှိခဲ့၏။ ထိုခေတ်မှ ဒဿနဆရာကြီးဒေးကားသည် ဆင်ခြင်မှုကိုအသုံးပြု၍ သူ့ဘဝဖြစ်တည်မှုကို သက်သေထုတ်ခဲ့၏။ ဒေးကားသည် ပထမဦးစွာ ဤလောကရှိအရာရာတိုင်းကို သံသယဖြစ်ခဲ့၏။ နောက်ဆုံး သံသယမဖြစ်နိုင်သောအရာကို ရှာကြည်သော့အခါသူ၏စဉ်းစားခြင်း ဖြစ်နေသည်ကိုတွေ့ရှိ၏။ မည်သည့်အရာကို သံသယရှိရှိ၊ စဉ်းစားခြင်းကိုမူ သံသယမဖြစ်နိုင်ပေ။ အကြောင်းအမှာ သံသယဖြစ်ခြင်းသည် စဉ်းစားခြင်းတမျိုးဖြစ်၏။ သံသယ ဖြစ်မှုကိုပြန်၍သံသယ မဖြစ်နိုင်။ ထို့ကြောင့် မိမိစဉ်းစားခြင်းသည် ဧကန်မုချရှိနေန၏။ စဉ်းစားခြင်းရှိလျှင် စဉ်းစားသူသည်ရှိရမည်။ အကြောင်းမှာ စဉ်းစားသူမရှိဘဲ စဉ်းစားခြင်း မရှိနိုင်သောကြောင့်ဖြစ်၏။ လူသားသည် စဉ်းစားဆင်ခြင်ခြင်းမှတဆင့် မိမိ၏ဖြစ်တည်မကို ရှင်းရှင်းလင်းလင်းသိလာရ၏။ လူသည် ဆင်ခြင်စဉ်းစားတတ်သောသတ္တဝါအဖြစ်နှင့်သာ မိမိကိုယ်မိမိပြန်၍သိရှိရခြင်းဖြစ်၏။ ထို့ကြောင့်ဒေးကားက'ကျွန်ုပ်စဉ်းစားသည်၊ ထို့ကြောင့် ကျွန်ုပ်ရှိ၏ (I think, therefore I am)' ဟု ဆိုခဲ့ပေသည်။

ဂျာမန်တွေးခေါ်ရှင်ကြီးကားလ်မာ့က်စ် လက်ထက် ရောက်သောအခါ ဒေးကား၏အဆိုသည် ပြောင်းပြန်ဖြစ်သွား၏။ မာ့က်စ်က ရုပ်ဝတ္ထု ပစ္စည်းများနှင့် လူသတ္တဝါများသည် အရင်ဖြစ်တည်လာ၏။ ထို့နောက်မှ စဉ်းစားတွေးတောမှုသည်ပေါ်လာ၏။ ထို့ကြောင့် 'လူသည် ရှိ၊ ထို့ကြောင့် သူသည်စဉ်းစားရ၏။' (Man is, therefore he thinks) ဟုအဆိုပြုလိမ့်မည်ဖြစ်၏။ ယန်းပေါဆာ့တ်အမှူးပြုသည့် ဖြစ်တည်မှုဝါဒီ တို့သည် မာ့က်စ်၏ စီးပွားရေးပြဌာန်းခံဝါဒနှင့်သမိုင်းဆိုင်ရာရုပ်ဝါဒကို ငြင်းပယ်ကြ၏။ သို့ရာတွင် လူဟူသည် ပထမဦးဆုံး ဘဝဖြစ်တည်မှုကို ရရှိရမည်။ ထို့နောက်မှ သူ၏စဉ်းစားဆင်ခြင်မှုသည် ပေါ်လာရခြင်းဖြစ်သည်ဟူသောအယူအဆကိုမူ လက်ခံကြသည်။ ဤနေရာတွင် လူ့ဘဝ မည်ကဲ့သို့ဖြစ်တည်လာသနည်းဟူသောမေးခွန်း ပေါ်လာပေသည်။

ဖြစ်တည်မှုဝါဒီတို့ကမူ လူ့ဘဝဖြစ်တည်မှုကို ဘာမှသက်သေပြနေစရာမလိုဟု မြင်ကြရ၏။ အဘယ့်ကြောင့်ဆိုသော် လူသားတို့ ဖြစ်တည် နေရသော ဤလောကကြီးကိုယ်၌က ဘာမှအဓိပ္ပါယ်မရှိသောလောကကြီးဖြစ်နေသောကြောင့် ဖြစ်၏။ မည်သို့မျှ ယုတ္တိမရှိသောလောကကြီး ဖြစ်နေသောကြောင့်ဖြစ်၏ဟု ဆိုကြပေသည်။

ရှေးကပေါ်ထွန်းခဲ့သော အစဉ်အလာဒဿနများတွင် တွေးခေါ်ရှင်များသည် မိမိတို့၏အတွေးအခေါ်စနစ်များ၊ မိမိတို့၏ဝါဒများ ဘက်ပေါင်းစုံမှ ရှေ့နောက်ညီညွတ်ဆီလျှော်စွာဖြင့် ပြည့်စုံပြီးမြောက်ရေးအတွက် သက်သေထုတ်ရန်ကြိုးပမ်းရင်း အချိန်ကုန်ခဲ့ကြသည်။ မိမိဘဝဖြစ်တည်မှုကို အရေးမစိုက်ကြပေ။ ဖြစ်တည်မှုဝါဒီများအတွက်မူ ဤသို့မဟုတ်။ မိမိတို့ လူဖြစ်လာရသော ကမ္ဘာလောကကြီးသည် ဆင်းရဲဒုက္ခများ၊ စိုးရိမ်ပူပန် သောကရောက်စရာများ၊ အခက်အခဲအကြပ်အတည်းများဖြင့် ပြည့်နေသောလောကကြီးဖြစ်ကြောင်း မျက်ဝါးထင်ထင်သိမြင်လာရ၏။ ဤသို့သောလောကကြီးတွင် မိမိဘဝ၊ မိမိဖြစ်တည်မှုကိုလျစ်လျှူရှူ၍မရတောပေ့။ အတွေးအခေါ် စနစ်များ၊ ဒဿနဝါဒများကို ခမ်းခမ်းနားနား တည်ဆောက်ရန်ကြိုးပမ်းရေးထက် မိမိဘဝဖြစ်တည်မှုကိုဦးစားပေးကာ တွေးခေါ်စဉ်းစားလာရတော့၏။

လူဟူသည် ဘာမျှအဓိပ္ပါယ်မရှိသော ဒုက္ခဆင်းရဲမှုတွေပြည့်လွှမ်းနေသော ဤကမ္ဘာလောကအတွင်းသို့ ခဲတလုံးကို ရေကန်ထဲပစ်ချလိုက်သလို အပစ်ချခံရသောသတ္တဝါဖြစ်၏။ ဤသို့ အပစ်ခံချရပြီး လူသားအဖြစ် ဖြစ်တည်လာရသည့်အခြေအနေတွင် မိမိဘဝ ဖြစ်တည်မှုကို ဘာမျှ သံသယပွားစရာမလိုပ။ ဖြစ်တည်လာရသောလူ့ဘဝတွင် ဘယ်ပုံဘယ်နည်း ဆက်၍ စခန်းသွားရမည်ဟူသောကိစ္စသာ အရေးကြီးသည်။ မိမိဘဝကို စစ်မှန်သောဘဝဖြစ်လာစေရန် မည်သို့တည်ဆောက်ယူရမည်ဟူသည်ကိုသာ အလေးအနက်ထားစဉ်းစားရန် လိုသည်ဟု ဖြစ်တည်မှုဝါဒီတို့ကခံယူထားကြသည်။

ယန်းပေါဆာ့တ်သည် လူ့ဘဝဖြစ်တည်မှုနှင့်ပတ်သက်သောအယူအဆကို ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ စောစောပိုင်းကာလများ ၁၉၃၈ ခုနှစ် ကတည်းက သူရေးသားထုတ်ဝေခဲ့သည့် 'အော်ကလီဆန်ခြင်း' ဝတ္ထုတွင်ဖွင့်ဆိုရှင်းလင်းခဲ့၏။ ထိုဝတ္ထု၏ အဓိကဇာတ်ဆောင် ရိုကွင်တင်မှ တဆင့် သူ့အယူအဆကိုတင်ပြခဲ့သည်။ ရိုကွင်တင်က'လူ့ဘဝဖြစ်တည်မှုဆိုတာ စိတ်ကူးကမ္ဘာကြီးဖန်တီးပြီး စဉ်းစားတွေးတောမှုနဲ့ချဉ်းကပ်လို့ ရကောင်းတဲ့အရာမဟုတ်ဘူး။ ခင်ဗျား (ပုဂ္ဂလလူသားတဦး)ရဲ့အတွင်း အဇ္ဈတ္တအသည်းနှလုံးပေါ်မှာ အနိုင်ကျင့်ပြီး အပေါ်စီးနဲ့ခွထိုင်ထားတဲ့ စက်ဆုပ်ရွံရှာမုန်းတီးစရာသားကောင်ကြီးပဲဖြစ်တယ်' ဟု ပြောဆိုလေသည်။

အမှန်စင်စစ် လူ့ဘဝဖြစ်တည်မှုအပေါ် သံသယဝင်နေခြင်းသည် ဘာမှ အဓိပ္ပါယ်မရှိပေ။ အလေးအနက်ထား၍စဉ်းစားရမည့် ပြဿနာလည်း မဟုတ်ပေ။ တကယ့်ပြဿနာမှာ လူသားတို့သည် မိမိတို့၏ စစ်မှန်စွာဖြစ်တည်နေမှုကို မကြာခဏဆိုသလို မျက်ခြေပြတ် သွားတတ်ကြခြင်း ဖြစ်၏။ လူပီပီသသဖြစ်နေသော မိမိ၏ဘဝအစစ်အမှန်(ဝါ)ကိုယ့်ဘဝအတွက်ကိုယ်ကိုယ်တိုင်ဖြစ်တည်နေမှုကို မရှူမြင်နိုင် ကြခြင်းဖြစ်သည်။
ဘာေ့ကြာင့် မျက်ချေပြတ်သွားရသနည်း။ ဘာေ့ကြာင့် မရှူမြင်နိုင် ဖြစ်သွားရပါသနည်း။

လူ့လောကတွင် လူသားတို့သည် တဦးနှင့်တဦး ဆက်ဆံပေါင်းသင်းကြရာ၌ မိမိအတွက် အသုံးချ၍ရမည့်ရုပ်ဝတ္ထုပစ္စည်းတခုပမာသဘောထား ကြ၏။ ပြုမူကြ၏။ သို့ဖြင့် လူသားတို့သည် မိမိကိုယ်မိမိ ယုံကြည်မှုပျောက်လာကြ၏။ မိမိဘဝအပေါ်မိမိ ရိုးသားမှုလွင့်ပြယ်သွား၏။ မိမိသည် မည်သူ၏သြဇာပြု လွှမ်းမိုးမှုကိုမျှမခံရသော ကိုယ်ပိုင်ပြဌာန်းမှုရှိသော လွတ်လပ်စစ်မှန်စွာ ဖြစ်တည်နေသောသတ္တဝါဖြစ်ကြောင်း မေ့လျော့ သွားကြ၏။ ကိုယ့်ကိုယ်ကို ပတ်ဝန်းကျင်လောက၏ ပြဌာန်းခံရုပ်ဝတ္ထုပစ္စည်းတခုပမာ ထင်မြင်လာကြသည်။ ဤအမြင်သည် မကြာခဏ လူ့စိတ်အတွင်း ပေါ်လာတတ်၏။ ကြာလာသောအခါ အကျင့်ပါသွားပြီး လူဟူသည် အရာဝတ္ထုတခုပမာဖြစ်သည်ဟူသောအမြင်သည် ခိုင်မာ သွားတော့၏ဟု ဆာ့တ်က ဆို၏။ လူပုဂ္ဂိုလ်တဦးသည် ရှင်သန်မှုမဲ့နေသောအပြုခံ၊ အပြဌာန်းခံရုပ်ဝတ္ထုပတ်ဝန်းကျင်နှင့် အမြဲထိတွေ့နေရ၏။ ဤရုပ်ဝတ္ထုပစ္စည်းများသည် ရုပ်သေးဆရာကြိုးဆွဲသည့်အတိုင်း လိုက်ပါလှုပ်ရှား နေရသော လွတ်လပ်မှု လုံးဝမရှိသည့်ရုပ်သေးရုပ်များ ကဲ့သို့ပင်ဖြစ်ကြောင်း သိရှိကြသည်။ သို့ရာတွင် သူကိုယ်တိုင် အခြားလူသားများနှင့် ထိတွေ့ဆက်ဆံလာရသောအခါ ထိုသူတို့သည် မိမိအား အသုံးချခံ ရုပ်ဝတ္ထုပစ္စည်းတခုသဖွယ် သဘောထားကြကြောင်း တွေ့သိရပြန်၏။ ဤသို့ဖြင့် မိမိမှာလည်း ရုပ်သေးတရုပ်လိုဖြစ်နေပါရောလား၊ မိမိလည်ပင်းတွင် ရုပ်သေးကြိုးသည် တပ်ပြီးသားဖြစ်နေပါသလားဟု ခံစားလာရ၏။ သြော်ငါဘ့ဝဟာလည်း ဒီလူ့အဖွဲ့အစည်း ဒီ လူ့လောက ကြီးထဲမှာ သတ်မှတ်ပြဌာန်းခံရပြီးသားဖြစ်နေပါလား။ ကိုယ်ပိုင်ရွေးချယ်မှုမရှိဘဲ လူ့အဖွဲ့အစည်းရဲ့ဓလေ့ထုးံစံတွေ၊ စည်းကမ်းတွေ၊ ဥပဒေ ဆုံးဖြတ်ချက်တွေအတိုင်း တသဝေမတိမ်းလိုက်နာနေရတဲ့ အပြုခံပစ္စည်းတခုသာဖြစ်နေပါလားဟု ထင်မြင်လက်ခံကြတော့သည်။ လူများစု သည် ဤအမြင်၊ ဤသဘောထားကို ဘဝင်ကျကျပင် လက်ခံထားကြသည်ကိုတွေ့ရ၏။ ဤအမြင်ခံယူချက်ကို နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ ယုတ်စွအဆုံး ဘာသာရေးအရသော်လည်းကောင်း မိမိထက် သာလွန်ကြီးမြင့် နေသည့် အခြားလူသားများနှင့် တွေ့ဆုံဆက်ဆံလိုက်ရသောအခါတွင် ပို၍ ထင်ထင်ရှားရှားခံစားလာခဲ့ရသည်ကို တွေ့ရပေသည်။

ဤလူ့အဖွဲ့အစည်းထဲတွင် သြဇာအာဏာကြီးသူများ၊ ကြွယ်ဝချမ်းသာသူများ၊ ရာထူးဂုဏ်သိမ်ကြီးမြင့်သူများသည် သူ့ထက်နိမ့်ကျသော အခြားသူများနှင့်ဆက်ဆံရသောအခါ ကိုယ်နှင့်တန်းတူထားပြီးဆက်ဆံကြသည် မဟုတ်ပေ။ လူကို လူလို သဘောထားကြသည်မဟုတ်။ အရည်အချင်းမရှိသူတွေအဖြစ် နှိမ့်ချပြီး အပေါ်စီးနှင့်မြင်ကြသည်သာဖြစ်၏။ သူတို့ဆန္ဒရှိသလို စိတ်ကြိုက်ပြဌာန်းထားသည့်အခြေအနေထဲရှိ အခိုင်းခံ၊ အပြုခံများအဖြစ် သဘောထားကြသည်သာဖြစ်၏။ အသုံးချခံအရာဝတ္ထုတခုလို ဆက်ဆံကြပေ၏။ ဤအခြေအနေ၊ ဤပတ်ဝန်းကျင်၊ ဤလူ့အဖွဲ့အစည်းတွင် စစ်မှန်စွာဖြစ်တည်နေသည့်လူဟူသည် မည်သို့ရှိနိုင်မည်နည်း။ လူတို့သည် နေရင်းထိုင်ရင်း အလိုလို လူစင်စစ်မှ ရုပ်သေးရုပ်များ၊ အရာဝတ္ထုများဖြစ်သွားကြတော့၏ ဟု ယန်းပေါဆာ့တ်က ဆိုပေသည်။

ထို့ပြင် လူသားတို့သည် မိမိတို့ လုပ်ချင်ကိုင်ချင်သည်များကို ပြုလုပ်ဆောင်ရွက်နိုင်ကြသောအခါတွင် ဤကမ္ဘာလောကကြီးတွင် သူ လုပ်ချင်တာဖြစ်သည်။ ဤကမ္ဘာလောကကြီးတခုလုံးကို သူပိုင်ဆိုင်သည်ဟု ထင်မြင်လာတတ်ကြ၏။ သို့သော် ဤ လောကကြီးတွင် မိမိဆန္ဒရှိသောအရာတိုင်းကို အမြဲတမ်း လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းကို သိရှိလာသောအခါ၌လည်းကောင်း၊ မိမိသည် ပတ်ဝန်းကျင်လောကကြီး၏ မျက်စိဒေါက်ထောက် အစစ်ဆေးခံနေရကြောင်းသတိပြုလာသောအခါ၌လည်းကောင်း သူ့အမြင်သည် ပြောင်းပြန်ဖြစ်သွားမည်သာ ဖြစ်သည်။ ဤကမ္ဘာလောကကြီးကသာလျှင် မိမိတကိုယ်လုံးကို ပိုင်ဆိုင်ထားသည်ဟု ကောင်းစွာသိမြင်ခံစား လာပေမည်။ ဤသို့ခံစားချက်နှင့်အတူ သူ၏ လွတ်လပ်မှုသည်ပျောက်သွား၏။ အပြုခံရုပ်ဝတ္ထုတခုသာ ဖြစ်သွားတော့၏။ ထိုအခါ သူသည် ဘဝ၏ လွတ်လပ်မှုအရသာကို မခံစားနိုင်တော့ပေ။ ဘဝ၏စိန်ခေါ်ချက်ကို ရဲဝံ့စွာ ရင်မဆိုင်နိုင်တော့ဘဲ ကိုယ့်လိပ်ပြာ ကိုယ်မလုံသည့် အဖြစ်သို့ ရောက်သွားတော့၏။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးရှက်နေတော့၏။  ဤကဲ့သို့ လူတဦးသည် ကိုယ့်ဘဝကိုယ်ပြန်ပြီး ရှက်စိတ် ဝင်လာပါက မိမိအတွက်မိမိဘာသာရှိခြင်းတည်းဟူသော စစ်မှန်စွာဖြစ်တည်နေသည့်လူ့ဘဝကို နားလည်နိုင်စွမ်း ရှိတောမ့ည် မဟုတ်ပေ။
ဤသို့သော လူစင်စစ်မှ မိမိကိုမိမိလျှောချပြီး ရုပ်ဝတ္ထုပစ္စည်းအဖြစ် ထင်မြင် ခံစားသွားစေသည့်အခြေအနေ၊ ပတ်ဝန်းကျင်အားလုံးတို့ကို တွန်းလှန်ဖယ်ရှားပစ်ရမည်။ ဤသို့တွန်းလှန်ရုန်းကန်ရင်း လူသားသည် စစ်မှန်စွာဖြစ်တည်နေသောလူ့ဘဝ (ဝါ) လူသားပီသသောလူ့ဘဝကို မိမိဘာသာမိမိ တည်ဆောက်ယူရမည်ဟု ဖြစ်တည်မှုဝါဒီများက တွန်းအားပေးကြလေသည်။

0 comments:

Post a Comment