Friday, March 15, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၁၃)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၁၃)
ဤသဘောကို ယန်းပေါဆာ့တ်သည် လူသားနှင့်သက်မဲ့ရုပ်ဝတ္ထုပစ္စည်းတခု(မောင်းချဓား)နှင့် နှိုင်းယှဉ်ရှင်းလင်းခဲ့သည်။ မောင်းချဓားတချောင်း ဖြစ်လာပုံကို တွေးကြည့်ပါ။ မောင်းချဓားဟူသည် ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်၏။ ထို ပစ္စည်းကို ပန်းပဲဖိုအလုပ်ရုံတွင်ပုံသွင်းပြုလုပ်ရ၏။ ဤသို့ မပြုလုပ်မီ မောင်းချဓား၏ပုံသဏ္ဍန်အရည်အသွေး စသည့် စိတ်ကူးတို့သည် ပန်းပဲသမား၏ခေါင်းထဲတွင် ရှိနေပြီးဖြစ်သည်။

ထို့နောက် ပန်းပဲသမားသည် သူ့ပုံစံ၊ သူ့အရည်အသွေးအတိုင်းဖြစ်လာအောင် သံထည်ကုန်ကြမ်းပစ္စည်းကို မီးအပူပေးခြင်း၊ ထုထောင်းခြင်း ပြုကာ ပုံသွင်းဖော်ဆောင်ယူရ၏။ ဤနည်းဖြင့် မောင်းချဓားသည် ဖြစ်တည်လာရပေသည်။ ဤနေရာတွင် ပန်းပဲသမား၏ခေါင်းထဲရှိပုံစံများ၊ အရည်အသွေးများ စသည့် စိတ်ကူးထည်အနှစ်သာရသည် မောင်းချဓားတလက် ဖြစ်တည်လာမှုထက် အရင်ရှေ့ကျပြီး ပို၍လည်း အဓိက ကျနေသည်ကို တွေ့ရပေမည်။

လူသားတွင်လည်း မောင်းချဓားလို ရုပ်ဝတ္ထုပစ္စည်းမှာကဲ့သို့ အနှစ်သာရသည် ဖြစ်တည်မှုထက်အရင်ကျသည်ဟု ဆိုနိုင်မည်လော။ ပို၍ အဓိကကျသည်ဟု ပြောနိုင်မည်လော။ အကယ်၍သာ ဤသို့ခံယူလိုက်ပါက လူသားသည် ရုပ်ဝတ္ထုပစ္စည်းနှင့် ဘာမျှထူးခြားတော့မည် မဟုတ်ပေ၊ ရှင်သန်မှုအလားအလာ ဆိတ်သုဉ်းသွားပေတော့မည်။ တီထွင်ဖန်တီးမှုလည်းရှိတောမ့ည်မဟုတ်။ လူဖြစ်ရခြင်းဂုဏ်သိက္ခာကို လည်း ရှာ၍ ရတော့မည် မဟုတ်။

ထာဝရဘုရားကို ယုံကြည်သူများအတွက်မူ လူသား၏ဂုဏ်သိက္ခာကိစ္စကိုရှင်းလင်းရန် လွယ်ကူကောင်း လွယ်ကူပေလိမ့်မည်။ ပန်းပဲသမား သည် သူ့ခေါင်းထဲရှိ စိတ်ကူးပုံစံအနှစ်သာရအတိုင်း မောင်းချဓားကို ထုတ်လုပ်လိုက်သကဲ့သို့ ထာဝရဘုရားသည်လည်း သူ၏မဟာဝိဉာဉ် တော်ထဲတွင်ရှိနေသော “လူ”ဟူသည့် စိတ်ကူးထည်အတိုင်း လူသားတဦးစီကို ဖန်ဆင်းထုပ်လုပ်လိုက်ခြင်းဖြစ်သည်။ ဤတွင်လူသားကို ထာဝရဘုရားက ဖန်တီးထုတ်လုပ်လိုက်ရုံမျှမက လူတဦးချင်းစီအတွက်သုခ၊ ဒုက္ခ အကောင်းအဆိုးများကိုလည်း တပါတည်း သတ်မှတ် ပေးခဲ့ပေသည်။ ထို့ကြောင့် လူသားသည် ထာဝရဘုရား၏ပြဌာန်းခံများဖြစ်သွားပြီး ပုဂ္ဂလလွတ်လပ်မှုပျောက်သွားပေတော့သည်ဟု ဆာ့တ်က မှတ်ချက်ချလေ၏။

အမှန်စင်စစ်“အနှစ်သာရ” နှင့် “ဖြစ်တည်မှု”တို့၏ ရှေ့ဖြစ်၊ နောက်ဖြစ်ကိစ္စ၊ ပိုပြီးအဓိက ကျ မကျ ကိစ္စသည် အနောက်တိုင်းဒဿနသမိုင်းတွင် အတန်ပင်အရေးပါပြီး နက်နဲသည့်ပြဿနာတရပ် ဖြစ်ပေသည်။ ထာဝရဘုရားကို ယုံကြည်သက်ဝင်ကြသူများကိုပင် မဆိုထားဘိ၊ ထာဝရ ဘုရားကို ငြင်းပယ်ခဲ့ကြသည့် ဘုရားမဲ့ဝါဒီတချို့ပင် ပုဂ္ဂလလူသား၏ ဖြစ်တည်မှုအရေးကြီးပုံကို မျက်စိလည်သွားတတ်ကြပေသည်။ သူတို့ ကလည်း လူသားတွင် အနှစ်သာရက ဖြစ်တည်မှုထက်အလျင်ကျသည်။ ပို၍ ပဓာနကျသည်ဟု ယူဆခဲ့ကြသည်ကိုတွေ့ရပေသည်။

“ထာဝရဘုရားကို မယုံကြသော ဒီဒါရိုး(Diderot 1713­1784)၊ ဗော်လ်တိုင်းယား(Voltaire 1694­1778)၊ ကန့်(Kant 1724­1804) တို့ ကဲ့သို့သော တွေးခေါ်ရှင်များမှာတောင် အနှစ်သာရက ဖြစ်တည်မှုထက်ရှေ့ကျတယ်ဆိုတဲ့အယူအဆမျိုးရှိနေတယ်။ သူတို့က လူသား တဦးချင်းစီမှာ လူ့သဘာဝ(Human Nature)ဆိုတာရှိတယ်လို့ ခံယူကြတယ်။ ဒါဟာ လူဖြစ်ရခြင်းဆိုတဲ့ ယေဘုယျအနှစ်သာရသဘောကို ရှေ့တန်းတင် စဉ်းစားလိုက်တာဖြစ်တယ်။ ပုဂ္ဂလလူသားဆိုတာ ဒီယေဘုယျတရားရဲ့ သီးခြားဖော်ဆောင်ထားတဲ့ ကိုယ်ပွားတွေသာ ဖြစ်တယ်ဆိုတဲ့အယူအဆကို ဆိုက်ရောက်သွားပြီး ပုဂ္ဂလလူသားရဲ့ဖြစ်တည်မှုဘဝကို မှေးမှိန်သွားစေတယ်”ဟု ဆာ့တ်ကရှူမြင်ခဲ့သည်။

လူ့သဘာဝဟူသော ယေဘုယျအနှစ်သာရသဘောနှင့် ဘောင်ခတ်ပြီး လူကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးပမ်းနေသောလုပ်ရပ်မှန်သမျှသည် အချည်းအနှီးသာဖြစ်၏။ ဤနည်းအားဖြင့် လူသား၏ပုဂ္ဂလဘဝဖြစ်တည်မှုကို မည်သို့မျှနားလည်သဘောပေါက်မည်မဟုတ်ဟု ဆာ့တ်က ဆိုလိုခြင်းဖြစ်ပေသည်။

ဤသို့ဆိုလျှင် ပုဂ္ဂလလူသားတဦး၏ အမှန်တကယ် စစ်မှန်သောဘဝဖြစ်တည်မှုဟူသည် အဘယ်နည်း။ ဤမေးခွန်းအတွက်အဖြေကို “အရှိ တရားနှင့်သုညဘဝ”ဟူသော သူ၏ ဂန္ထဝင်ဒဿနကျမ်းတွင်အခြေခံကျကျတင်ပြရှင်းလင်းပေးခဲ့သည်။

(ဒဏ်ခတ်ခံ လွတ်လပ်ခြင်း)
၁၉၄၃ ခု နှစ်တွင် ယန်းပေါဆာ့တ်သည် “အရှိတရားနှင့်သုညဘဝ” ကို ရေးသားထုတ်ဝေခဲ့သည်။ သူ့ဒဿနဖြစ်တည်မှုအတွက် အခြေခံ လက်စွဲကျမ်းဖြစ်ပေသည်။ စာမျက်နှာ ၇ဝဝဝ ကျော်မျှထူထဲလှသော စာအုပ်ဖြစ်သည်။ စာအုပ်အရေအတွက် အနည်းငယ်မျှသာ ရောင်းခဲ့ ရသည်။ ထိုစဉ်က ယင်းစာအုပ်၏ဂယက်မှာလည်း ဘာမျှကြီးကြီးကျယ်ကျယ်မရှိခဲ့။ စာအုပ်ပါ အယူအဆတို့ကိုလည်း ဆေးနွေးချက်ချက် မရှိသလောက်ဖြစ်ခဲ့၏။ စီးပွားရေးအရသော်လည်းကောင်း၊ အသိပညာအရသော်လည်းကောင်း အောင်မြင်သောစာအုပ် မဟုတ်ခဲ့ပေ။

သို့သော် ယခုအခါတွင်မူ ကမ္ဘာပေါ်တွင်အကျော်ကြားဆုံးဒဿနကျမ်းတဆူ ဖြစ်လာပေသည်။ အင်္ဂလိပ်၊ ဂျာမန်၊ ရုရှ၊ စပိန် စသည့် ကမ္ဘာ့ ဘာသာစကားများစွာသို့ ဘာသာပြန်ဆိုရသောကျမ်း ဖြစ်လာ၏။ ယင်းအတွက် အဖွင့်ကျမ်းများ၊ ဝေဖန်ရေးစာအုပ်များမှာလည်း ဘာသာ စကားမျိုးစုံနှင့်ထွက်ပေါ်လျှက်ရှိပေသည်။

ဒဿနတရပ်ကိုဖန်တီးခြင်းသည် လက်ရာမြောက်ဂန္တဝင်အနုပညာတရပ်ကို ဖန်တီးသကဲသို့ပပင်ဖြစ်၏။ နက်ရှိုင်းလှသည်နှင့်အမျှ သိမ်မွေ့ လှသောကိစ္စများဖြစ်၏။ သာမန်အားဖြင့် ချက်ချင်းသိရှိနားလည် ချည်းကပ်ခံစားနိုင်သောအရာများမဟုတ်ပေ။ ဆာ့တ်၏ “အရှိ တရားနှင့် သုညဘဝ”မှာလည်း ထို သဘောအတိုင်းဖြစ်ခဲ့ပေသည်။

“အရှိတရားနှင့်သုညဘဝ” ၏ အဓိကရည်ရွယ်ချက်မှာ ပုဂ္ဂလလူသားဟူသည် မည်သို့သော အရှိတရားဖြစ်သနည်းဟူသောပြဿနာကို ဖြေရှင်းရန်ဖြစ်သည။် ယင်းကျမ်း၏ခေါင်းစဉ်ကပင် ဖြေရှင်းချက်အနှစ်ချုပ်ဖြစ်ပေသည်။ ဆာ့တ်အလိုအရ လူသားတွင် အရှိတရားရော သုည ဘဝကပါ ပါဝင်နေသည်။ ရှိခြင်းသဘော(Being) ရော၊ မရှိခြင်းသဘော(Not­ being) ပါ ပါဝင်နေပေသည်။ တနည်းအားဖြင့်ဆိုသော် လူသားသည် သူ့ပကတိအတိုင်းရှိခြင်း(Being­in­itself) အနေဖြင့်လည်းကောင်း၊ ကိုယ့်အတွက်ကိုယ်ရှိခြင်း(Being­for­itself) အနေဖြင့် လည်းကောင်း ဖြစ်တည်နေသည်ဟု ဆာ့တ်က ယူဆပေသည်။

သူ့ပကတိအတိုင်းရှိခြင်းဟူသည် မိမိတို့မူရင်းသဘောသဘာဝအတိုင်းရှိနေ ဖြစ်နေကြသော သက်မဲ့အရာဝတ္ထုပစ္စည်းများကိုဆိုလိုခြင်း ဖြစ်ပေသည်။ ယင်းတို့သည် အသိခံတရားများဖြစ်ကြသည်။ ပြင်ပလောကတွင် ဓမ္မဓိဌာန်ကျကျတည်ရှိနေကြ၏။ ယင်းတို့သည် မိမိဘာသာ မိမိ ရပ်တည်နိုင်ကြ၏။ သိပ်သည်း ပြည့်ဝခိုင်မာမှုသဘော ရှိကြ၏။ ထုထည် ပုံသဏ္ဍန်ရှိကြ၏။ သို့သော် ယင်းတို့တွင် သိစိတ်မရှိကြကုန်။ ထို့ကြောင့် ယင်းတို့တွင်စိတ်လှုပ်ရှားမှုမရှိ။  ခံစားမှုမရှိ။ လိုအင်ဆန္ဒမရှိကြပေ။ သို့ဖြစ်၍ ယင်းတို့တွင် ပူပန်သောကရောက်နေစရာလည်း မရှိကြ။ မိမိရပ်တည်မှုအတွက် စိုးရိမ်ကြောင့်ကြရန်လည်းမလိုပေ။ ဤရုပ်ဝတ္ထုပစ္စည်းတို့သည် အသိခံအရာများ ဖြစ်ကြ၏။ အပြုခံ၊ ပြဌာန်းခံ အရာများဖြစ်ကြ၏။ ယင်းတို့၏အရွယ်အစား၊ အတိုင်းအတာ၊ ပုံသဏ္ဍန်အနေအထား၊ မည်သည့်ပစ္စည်းဖြင့်ပြုလုပ်ထားသည်၊ မည်ကဲ့သို့ အသုံးဝင်သည်တို့ကို သိရှိထားပါက ယင်းတို့အကြောင်းကို လူတို့သည် အကဲဖြတ်နိုင်င်ပေသည်။
သို့ရာတွင် လူသားတဦးတယောက်နှင့်ပတ်သက်လာသောအခါတွင်မူ ဤသို့မဟုတ်တော့ပေ။ လူတဦး တယောက်၏ ကိုယ်ခန္ဓာရုပ်ပိုင်း အနေအထား၊ ပုံသဏ္ဍန်သဘောလက္ခဏာရပ်များနှင့် လူ့အဖွဲ့အစည်းအတွင်းသူ၏အသုံးကျမှုတန်ဖိုးကို သိနားလည်ရုံမျှဖြင့် ဤလူ၊ ဤပုဂ္ဂိုလ် အကြောင်းကို ရေရေရာရာ ဇစ်ဇစ်မြစ်မြစ် သိရှိနားလည်နိုင်ပြီဟု မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားတွင် ဤသို့သော ရုပ်ပိုင်း ဆိုင်ရာလက္ခဏာရပ်များအပြင် အထူးအရေးပါလှပြီး လူသားတို့ ပြည့်ပြည့်စုံစုံမသိရှိရသေးသည့် ကြန်အင်လက္ခဏာရပ်တမျိုးသည် ထပ်ဆင့် တည်ရှိနေသောကြောင့်ဖြစ်သည်။ ယင်းကားလူသား၏သိစိတ်(Consciousness) ဖြစ်ပေသည်။ သိစိတ်ကို ပေတံဖြင့်တိုင်းတာ၍ မရ။ ယင်းသိစိတ်ကြောင့် လူသားသည် ကမ္မသဘောဆောင်သည့် အပြုခံအရာဝတ္ထု(ပကတိ အတိုင်းရှိခြင်း) တို့၏ အဆင့်အတန်းကို ကျော်လွန်၍ သွား၏။ မြင့်မြတ်သွား၏။ မိမိနှစ်သက်ရာဘဝကိုရွေးချယ်နိုင်သည့် ပုဂ္ဂလဓိဌာန် သဘောဆောင်သည့်အရှိတရား (SubjectiveBeing) အဆင့်သို့တက်လှမ်းရောက်ရှိ လာနိုင်ပေ၏။ ယင်းသို့သော အရှိတရားကို ဆာ့တ်က ကိုယ့်အတွက်ကိုယ်ရှိခြင်းဟု ခေါ်ဆိုခဲ့ပေသည်။

0 comments:

Post a Comment