Saturday, March 2, 2019

(ဟပ်မိစပ်ရာ) မျိုးမြင့်ချို

0 comments
(ဟပ်မိစပ်ရာ)
House of Representative လို့ခေါ်တဲ့ အောက်လွှတ်တော်မှာ ဒီမိုကရက်အမတ်က ၂၃၅၊ ရီပတ်ဘလီကင်န်က ၁၉၇ ဖြစ်လို့ နန်စီပလိုစီက House Speaker လူများစုခေါင်းဆောင်အနေနဲ့ လွှတ်တော်သဘာပတိဖြစ်တာပါ။ Senate လို့ခေါ်တဲ့ အထက်လွှတ်တော်မှာက ရီပတ်ဘလီကင်န်အမတ်က ၅၃၊ ဒီမိုကရက်က ၄၇ ပါ။ ဒါ့ကြောင့် မစ်ခ်ျမက်ကောနယ်လ်က Senate Majority Leader လို့ခေါ်တဲ့ ဆီးနိတ်သဘာပတိဖြစ်တာပါ။

ခု သမ္မတရဲ့ရှေ့နေဟောင်း လွှတ်တော်စုံစမ်းရေးကော်မတီရှေ့မှောက် လာရောက်ထွက်ဆိုသွားတဲ့ ထွက်ချက်တွေကိုင်ပြီး ထရမ့်ပ်ကို Impeachment ခေါ်တဲ့ အယုံအကြည်မရှိအဆိုတင်ပြီး သက်တမ်းမပြည့်ခင်ဖြုတ်ချမယ်လို့ ကြုံးဝါးသူကြုံးဝါးပါတယ်။ သမ္မတပြုတ်ပြီး သာမန်လူပြန်ဖြစ်သွားရင်တော့ သူကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေတကယ်ထင်ရှားရင် တရားစွဲအရေးယူအပြစ်ပေးလို့ရပါတယ်။ သမ္မတဖြစ်နေတုန်းတော့ တရားစွဲလို့မရပါ။ ဒါပေမဲ့ သမ္မတဖြုတ်ရေးလိုင်းက လူပြောများလို့ ရှေ့တက်လာတာပါ။ ကြိုက်သူတွေလည်းရှိပါတယ်။ လက်တွေ့တော့မဆန်ပါ။ ဖြစ်လည်း မဖြစ်နိုင်ပါ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီမကျတာတွေအကုန်ကို လူထုမပါဘဲ လွှတ်တော်ထဲကနေပြင်မယ်။ ပြင်လို့မရတဲ့ဥပဒေမရှိ ဆိုပြီးပြောနေသလိုမျိုး ခတ်ဆန်ဆန်လို့ ကောက်ချက်ဆွဲကြည့်ပါတယ်။

သမ္မတကို အယုံအကြည်မရှိအဆိုတင်ရင် အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃ ပုံ ၂ ပုံလိုပါတယ်။ ဒါမှ အဆိုအောင်ပါတယ်။ ခု အဲ့လောက်မရှိပါ။ ရီပတ်ဘလီကင်အမတ်တွေက ထရမ့်ကို ဘယ်လိုပဲ ငြူစူငြူစူ သူတို့လူလည်းဖြစ် ပါတီသိက္ခာလည်း ငဲ့ကွက်ရမှာမို့ ဒီမိုကရက်ဘက်က ဘယ်လောက်စည်းရုံးစည်းရုံး ပဲ့ပါသွားဖို့ မလွယ်ရေးချမလွယ်ပါ။ ရီပတ်ဘလီကင်န်အမတ်တွေထဲမှာ ထရမ့်ပ်ကို တိုက်ခိုက် ထိုးနှက်နေတာတွေရှိတယ်ဆိုပေမယ့် မိုးထဲရေထဲ(သမ္မတဖြုတ်ရေးလို)ဆို ကိုယ့်လူဘက် ကိုယ့်ပါတီဘက်ပဲရပ်မှာပါ။ ပြည်သူတွေ တိုင်းပြည်တွေဆိုတာက မဲဆွယ်တဲ့အချိန်ကျ ပြောကြပါလိမ့်မယ်။ လူမကြည့်နဲ့ပါတီကြည့်တို့၊ ပြည်သူတွေအတွက်တို့ တိုင်းပြည်အတွက်တို့ဆိုတဲ့သဘောမျိုးတွေလို့ ထင်ရင်ရပါတယ်။ ဗမာပြည်မှာတော့ စစ်အမတ် တမတ်သား ကလန်ရင် ရွာပျက်ပါတယ်။

အဲ့ဒီမှာ ဒီမိုကရက်တွေထဲက သက်တမ်းရင့် နိုင်ငံရေးအဝါးဝ လုပ်တတ်ကိုင်တတ်လည်းရှိသူတွေဆီက အသံတသံထွက်လာပါတယ်။ အယုံအကြည်မရှိအဆိုတင်ပြီး ဖြုတ်ချမယ်ဘာညာဆိုတာတွေကို လူထုအားရဝမ်းသာအောင်ပြောတာလောက်ပဲ ကောင်းတယ်။ မဲဆွယ်ဖို့လောက်ပဲထားပါ။ ကိုယ့်အချင်းချင်းကြား မဆွေးနွေးနဲ့ မီဒီယာတွေကိုမပြောနဲ့ လူရယ်စရာဖြစ်မယ်။ အောက်လွှတ်တော်မှာ အဆိုအောင်ဖို့မဖြစ်နိင်သလို အထက်လွှတ်တော်မှာဆို တွေးတောင်ကြည့်နေစရာမလိုဘူး အဆိုရှူံးမှာဘဲ။ ဒီတော့ ကိုဟင်ပြောတဲ့ အချက်အလက်တွေရော ထရမ့်ပ်ကိုယ်တိုင်ပြောတဲ့စကားအမှားတွေ မုသားတွေ ဖင်တခွန်းခေါင်းတခွန်းတွေအပြင် ပြည်တွင်းနဲ့ နိုင်ငံခြားရေးပေါ်လစီမှားတွေကို သေချာမှတ်ကျကျနန အချိန်ယူစိစစ်ပါ ကျွမ်းကျင်သူတွေနဲ့ဆွေးနွေးပါ စကားလုံး ညင်ညင်သာသာနဲ့ ကျကျနနထိုးနှက်နေပါ။ လုပ်တဲ့နေရာမှာလည်း သူ့ကို အပြစ်တင်အပြစ်ဖို့တဲ့သဘောပါတဲ့ မိမိထင်မြင်ချက်နဲ့ ကောက်ချက်ဆွဲမှုကို ရှောင်ပါ။ ဆီလိုအပေါက်ရှာတာ သိတ်မလုပ်နဲ့။ သူ့အပေါက်က သူ့ဟာသူထွက်ကျလာတာကိုပဲ စောင့်ခပ်ပြီး အရသိမ်းပါ။ လူတွေကို မီဒီယာတွေကို(သိပြီးသားရော မသိရသေးတာတွေကိုပါ) ချက်နဲ့လက်နဲ့ အကိုးအကားအထောက်အထားနဲ့ ရှင်းပြချပြပါ။ လူတွေ သူတို့ဘာသာ တွေးယူစဉ်းစား ဆုံးဖြတ်နိုင်အောင်လုပ်ပေးပါ။ သဘောက အရင်အစိုးရမကောင်းလို့၊ စစ်တပ်ကညစ်ပတ်ထာ၊ ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့်စတာတွေ သိတ်မပြောနဲ့တော့။ ကိုယ်ဘာလုပ်မလဲဘဲပြော ဆိုတဲ့သဘောသွားလို့ ဟပ်ကြည့်လည်း ထပ်မိမယ်ထင်ပါတယ်။

ဆိုတော့ ဒီမိုကရက်တွေ ခုကြံနေတဲ့ အခြေအနေနဲ့ဟပ်တယ်ဆိုတဲ့ အကြံက ပိုပြီး လက်တွေ့ကျ Pragmatic ဖြစ်တယ်ဆိုပေမယ့် ပါတီတွင်းမှာ ဒီလိုင်းက အပီအပြင်တော့မကျသေးဘူး။ ပြီးခဲ့တဲ့လွှတ်တော်ရွေးကောက်ပွဲကနေ နိုင်ငံရေးထဲဝင်လာတဲ့ အမတ်ငယ်တွေ မယ်တက်ကြွ ဖိုးတက်ကြွတွေက ခံနေသေးတယ်။ အလက်ဇန်ဒရီယာ ကိုးတက်ဇ်တို့လို မျက်နှာသစ်တွေပါ။ သူတို့က လူသစ်တန်းတွေဆိုပေမယ့် ထက်ထက်မြက်မြက် ပြောရဲဆိုရဲ တိုင်းပြည်အတွက် တကယ်လုပ်ပြလိုက်မဟဲ့ဆိုတဲ့ စိတ်ဓာတ်ကိန်းနေတာပါ။ ပါတီအရေးက သူတို့ခေါင်းထဲမှာ ဒုတိယနေရာမှာဖြစ်ပါတယ်။

သက်တော်ရှည်အမတ်ကြီးတွေကတော့ သူတို့ကို ဖြည်းဖြည်းချင်း နားလည်းချ အဆီတဝင်းဝင်း ကိုယ်ပိုင်ပရောဂျက်လေးတွေလည်း များများချချက်ပေးရင် အေးဆေးဖြစ်သွားမှပါဆိုပြီး သိတ်တော့ စိတ်မပူကြပါဘူး။

တရုတ်စီးပွားရေးသမား ပြောနည်းကားလို့ပေါ့။ ခုတက်လာတဲ့သူကြီးက မလွယ်ဘူး၊ စာအုပ်ကြီးသမား အတိအကျကိုင်မှာ ဘယ်သူ့မှ မညှာဘူးဆိုတော့ တရုတ်ကြီးက သူ့မှာ ပါးစပ်ပါလားတဲ့။ ပါတယ်ဆိုတော့ မပူပါနဲ့တဲ့။

ပါးစပ်ပါ ရွာရောက်မရောက်မသေချာပေမယ့် ပါးစပ်ဆိုတာ ပြောဖို့နဲ့စားဖို့ မဟုတ်လား။ စားတတ်ရင် အရိုးစူဖို့မပြောနဲ့ သွားကြားတောင် မညပ်ပါဘူး။ အဲ့လိုတွေးလည်း အေးဆေးက အေးဆေးဖြစ်သွားမယ် ထင်ပါတယ်။
မျိုးမြင့်ချို မတ် ၁၊ ၂ဝ၁၉

0 comments:

Post a Comment