Sunday, December 6, 2020

၂၀၂၀ ရွေးကောက်ပွဲအပေါ်ကြည့်မြင်ခြင်း (A.ငြိမ်း)

0 comments

၂၀၂၀ ရွေးကောက်ပွဲအပေါ်ကြည့်မြင်ခြင်း

A.ငြိမ်း

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) ရဲ့ ဖောင်ပိတ်ဆောင်းပါး

(၁)

ဒီနေ့ပုံပေါ်လာတဲ့အပေါ် စဉ်းစားစရာအချက်များ -

ရွေးကောက်ပွဲရလဒ်က အများခန့်မှန်းထားသလို အဖြေထွက်မလာခဲ့ဘူး။ ဒီချုပ် တာဝန်ရှိသူတွေပင် ဒီလိုမှန်းမထားခဲ့ပါဘူးလို့ ပွင့်ထွက်လာတယ်။ ရလဒ်က သိပ်ကြီးနေလို့ ဖြစ်တယ်။

 

ဘာ့ကြောင့်ပါလဲ။

ကိုဗစ်နဲ့စစ်အုပ်စု (ကြံ့ဖွံ့၊ မဘသ နဲ့ အခြံအရံပါတီများအပါ) က အဆုံးအဖြတ်ပေးသွားတာ ဖြစ်တယ်။ ကိုဗစ်ကာလ တတိုင်းပြည်လုံး ကူကယ်ရာမဲ့ဖြစ်နေချိန် အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရရဲ့ အခွင့်အာဏာကို အသုံးချတတ်တဲ့အတွက် လူထုရဲ့အားကိုးမှုနဲ့ ပုံအပ်မှုကို အရယူသွားနိုင်ခဲ့တယ်။ ဒီအချိန်မှာ သူတယောက်သာ ပြောနိုင်ဆိုနိုင် စည်းရုံးနိုင်တာဖြစ်တယ်။ သူက အကူအညီတွေ ဖောဖောသီသီ ပေးနေချိန် ကျန်ပါတီတွေက သာရေးနာရေး ကူညီသလောက်ပဲ ထည့်ဝင်နိုင်ခဲ့ကြတယ်။ သူက တတိုင်းပြည်လုံးကို ဝါဒဖြန့်ချိရေးစကားတွေ စည်းရုံးရေးစကားတွေ နားလျှံကျသည်အထိ အထပ်ထပ်အခါခါ စိတ်ကြိုက်ပြောနိုင်ပေမယ့် ကျန်ပါတီတွေက နာရီဝက်လောက်ပဲ အာမနှံ့လျှာမနှံ့ ပြောခွင့်ရခဲ့တယ်။ မီဒီယာတွေနဲ့ လေလှိုင်းကဗျူးတာ၊ ကြေညာချက်ထုတ်နိုင်တာကလည်း လက်တဆုပ်စာပါတီတချို့ပဲ တတ်နိုင်တယ်။ ဒါကလည်း ဘယ်လောက်မှ ပျံ့နှံ့တာမဟုတ်။

 

ဒီအချိန် သခွပ်ပင်က မီးတကျည်ကျည်လုပ်နေတဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေက ကာလုံခေါ်ပေးရမယ်၊ အာဏာသိမ်းပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စကားတွေအပြင် လူသေတဲ့အထိ လက်ပါလာကြတော့ ဒီချုပ်ဘက် တွန်းပို့သလို ဖြစ်သွားခဲ့တယ်။ ဒီနေရာမှာ စစ်အုပ်စုနဲ့ နောက်တော်ပါတွေ အတွက်အချက်လွဲခဲ့ကြတယ်။ စစ်တပ်အပိုင်စားရထားတဲ့ ၂၅% ရယ်၊ ရတတ်သမျှ ကြံ့ဖွံ့မဲရယ်၊ တိုင်းရင်းသားတွေမဲ၊ ဒီမိုကရေစီပါတီတွေထဲက ဆွဲဆောင်လို့ရနိုင်တဲ့မဲရယ် ပေါင်းလိုက်ရင် အထက်စီးကဖြစ်နိုင်တယ် ထင်ခဲ့ကြတယ်။ ကာချုပ် ပြောစကားတွေနဲ့ သူ့ခြေလှမ်းတွေကြည့်ရင် ဒီလိုစိတ်ကူးယဉ်ထားကြောင်း သိနိုင်တယ်။ ဒီအထဲမှာ ခြိမ်းခြောက်တာတွေ၊ လွဲမှားတဲ့ ဟန်ရေးပြမှုတွေနဲ့ အလိမ်အညာတွေပါနေတာ လူထုက မသိဘဲနေပါ့မလား။ ဒါပေမဲ့ မဲလည်းအပြတ်အသတ်ရှုံးရော ကာချုပ်ကြီး တဆစ်ချိုး ပြောင်းလဲရပ်တည်လာခဲ့တယ်။ သူကြိုက်သလို စေစားခိုင်းစေထားတဲ့ မိုက်ဖော်ဆိုးဖက်ကြံ့ဖွံ့ကိုပင် အသေဆိုးနဲ့ သေခဲ့ပေရော့ဆိုပြီး ပစ်ထားလိုက်တော့တယ်။ ကြံ့ဖွံ့ခမျာ သွားလေသူ နောင်တော်ကြီး တစည နောက် မြောင်းထဲပစ်ချခံလိုက်ရပါပြီ။

(တချိန်က US မှာ လက်ယာစွန်းကနေ လေကြီးလေကျယ်ပြောပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရီပတ်ဘလီကင် သမ္မတလောင်း ဂယ်ရီဂိုးဝါတား အပြတ်အသတ်ရှုံးတော့ ကာတွန်းဦးဖေသိန်းက 'Go into the water' ဂိုးဝါတား ရေထဲခုန်ဆင်း သေလိုက်ပါတော့လား ဆိုတဲ့ သဘောမျိုး ကြေးမုံသတင်းစာထဲကနေ သရော်ခဲ့တာကို သတိရမိတယ်။)

 

ဒီနေရာမှာ အာဏာသိမ်းဖို့ ခြေလှမ်းပြင်ထားမှု ရှိမရှိ ၊ ဒီချုပ်အနိုင်ရဖို့ အပေးအယူလုပ်ပြီး စစ်တပ်က ဟပေးခဲ့သလား။

အာဏာသိမ်းနိုင်တယ်လို့ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ဂယက်ရိုက်ခတ်မှုရှိခဲ့တယ်။ တချို့ အခိုင်အမာယုံကြည်ခဲ့ကြတယ်။ "သိမ်းခဲ့သော်" ဆိုပြီး ဗမာပြည်အခြေစိုက် ပြည်ပမီဒီယာသမားတချို့ ခြေလှမ်းပြင်ထားကြတာကတော့ အမှန်ပါ။ အပေးအယူကိစ္စကိုတော့ သူတို့ သတိထားမိတဲ့ အချက်အလက်တချို့ကိုဆုပ်ကိုင်ပြီး ပြောကြတာ ဖြစ်တယ်။ ဒါပေမဲ့ ခုအထိ ဖော်ပြချက် အခိုင်အမာ မတွေ့ရသေး။ သမိုင်းမှာ ဒါမျိုးက ကြာကြာဖုံးထားလို့ ရတာမဟုတ်။

 

(၂)

စစ်အုပ်စုဘက်က လုပ်ဆောင်ချက်အမှားများ

တိုင်းနဲ့ပြည်နယ်တွေမှာ အနိုင်ရပါတီတွေက အစိုးရဖွဲ့ရေး၊ ဝန်ကြီးချုပ်ခန့်ရေး အဆိုပြုချက်ဟာ တိုင်းရင်းသားတွေကို အတန်အသင့် ဆွဲဆောင်နိုင်စရာရှိတဲ့အပေါ်မှာ သူတို့က မျှော်လင့်ချက် အတော်ထားနေပုံရတယ်။

 

ပြည်သူတွေက USDP ကို ပြန်လည် တမ်းတနေပြီလို့ 'ထမင်းတနပ်ပဲစားကြဆိုတဲ့ လမ်းညွှန်ချက်လောက်သာ ပေးတတ်တဲ့ လယ်/ဆည် ဝန်ကြီးဟောင်းပြောတဲ့ကိစ္စ - လူရိုသေ ရှင်ရိုသေလူက ပြောတယ်ဆို ဟုတ်တုတ်တုတ်၊ သူ့လို သိန်းဆုကြီး အစောင် ၁၁၀ တချိန်တည်း ပေါက်ခဲ့တယ်လို့ ငွေမဲကငွေဖြူလုပ်ထားတဲ့ ဒုဗခကဟောင်းက ထပြောတော့ ပွဲပျက်တာပေါ့။ ဒါတောင် ထပ်ဆင့် လိုက်သေးတယ်။ ဒီလို ပေါက်တာ အကြိမ်ကြိမ်တဲ့။

မဲရပေါက်ကွက်ကွက်ကလေးဘက်ကကြည့်ရင် လူရွေးမှန်တာ မရှိမဟုတ်။ ဥပမာ ရေတပ် စစ်ဦးစီးချုပ် (ဟောင်း)၊ သမ္မတရုံးဝန်ကြီး (ဟောင်း) တယောက် ကယားပြည်နယ်ဘက်မှာ အရွေးခံရတယ်။ သူက လူနည်းလွန်းတဲ့ မဲဆန္ဒနယ်မှာ ငွေကိုရေမြောင်းထဲ ဒလဟော ဖွင့်ချ သုံးတတ်တဲ့သူ (ဒါက UDP ဦးကျော်မြင့်နည်းပါ) ကြံ့ဖွံ့မှာ သူ့လိုသုံးနိုင်တဲ့ စစ်ဗိုလ်တွေ တထွေးတမကြီးရှိပေမယ့် နှမျောတာ၊ မသုံးတတ်၊ မသုံးချင်တာ စသည် ရှိမှာပေါ့။ လက်တွေ့လမ်းမှန်တွေ့ပြီဆိုပြီး ၂၀၂၅ မှာ ထသုံးမလားမသိ။

 

ကြံ့ဖွံအခြေအနေက ဂွဲသတ်လို့ ရစရာမရှိ။ ဒီအတိုင်းသွားလို့ မဖြစ်တော့ဘူးဆိုပြီး သူတို့ထဲက တစုံတရာဩဇာရှိသူ - လူတချို့တောင် ရေးကြသားကြ၊ ဗျူးလာကြတာ သတိထားမိတယ်။ ဦးအောင်ဇေယျခေတ်ကလို ဗမာချင်း စုစည်းရမယ်လို့ နှပ်ကြောင်းပေးသူကပေး (အင်မတန်အန္တရာယ်များတဲ့ လှုံ့ဆော်ချက်ပါ။) လက်ယာစွန်းအာဏာသိမ်းဖို့ လှုံ့ဆော်သူက လှုံ့ဆော် (တပြည်လုံး သွေးချောင်းစီးမယ့်ကိစ္စပဲ)

 

(၃)

လူထုအခန်းကဏ္ဍ

လူထုက လက်တွေ့ပဲကြည့်လေ့ရှိတယ်။ လက်တွေ့က အမှန်တရားရဲ့စံထားချက်ပဲ။ ကြံ့ဖွံ့ထောက်ခံသူတွေက အုံလိုက်ကျင်းလိုက် ဒီချုပ်ဘက် ကူးပြောင်းတဲ့ဒေသတွေကို လေ့လာကြည့်တော့ နဝတ ခေတ်၊ နအဖ ခေတ်မှာ 'ငတ်နေပါပြီလို့ ဘယ်သူမှ မထုတ်ဖော်ရဲ၊ ဦးသိန်းစိန်ခေတ် ထွေအုပ်တွေဆီသွားတင်ပြတော့ ပုဒ်ထီး၊ ပုဒ်မ အဟောင်းအသစ်တွေနဲ့ အချုပ်ခံရတာ နည်းရော့လား။ ခုငတ်နေကြချိန် ဒီချုပ်က အလုံးအခဲလိုက် ထောက်ပံ့တယ်။ ဒီအစိုးရမှ မဲမပေးရင် ဘယ်သူ့ပေးရမှာလဲ ဖြစ်လာကြတယ်။ ဒီချုပ် ရုပ်ပြ သိပ်ကောင်းသွားတယ်။ ဒေါ်စု ပြောသမျှ လိုက်နာတဲ့အခြေ ရောက်သွားတယ်။

 

တခါ လက်တွေ့ကလာတဲ့ ဘဝပေးအသိအရ သေနင်္ဂဗျူဟာကိုလည်း ချထားမိလိုက်ကြတယ်။ စစ်အုပ်စုလက် အာဏာပြန်ပါသွားကြမှာ ကြောက်ကြတယ်။ မဲအကွဲခံလို့ မဖြစ်ဘူး။ အစိုးရဖွဲ့နိုင်တာကလည်း ဒီအုပ်စု ၂ ခုပဲရှိတယ်။ စစ်အုပ်စုကို အာဏာပြန်ကိုင်ခွင့် မပေးနိုင်ဆိုပြီး ဒီချုပ်ကို ပုံပေးလိုက်ကြတာ ဖြစ်တယ်။ ဒီအထဲမှာ စစ်အုပ်စုကို စက်ဆုပ်လွန်းလို့ ဒီချုပ်ကို မကျေလည်ကြသူတွေတောင် ပါကြတယ်။ ဒီဒဏ်ကို စစ်အုပ်စုနဲ့မိုက်ဖော်ဆိုးဖက်တွေသာမက ပါတီသစ်တွေပါ ရောယောင်ခံလိုက်ကြရတာဖြစ်တယ်။

နောက် အသက် ၆၀ ကျော်သက်ကြီးရွယ်အိုမဲဆန္ဒရှင်တွေ အဆင်ပြေအောင် မဲရုံသွားဖို့ အိမ်အရောက်ခေါ်ပေးတာ ပြန်ပို့တာ၊ မလာနိုင်သူတွေ မဲပေးနိုင်အောင် အိမ်အထိလိုက်လာပြီး မဲပေးစေတာတွေက လူထုကို ဘဝင်ကျသွားစေကာ ဒီချုပ်အနေနဲ့ လက်ကျန်မဲတွေ စစ်ထုတ်ယူသွားနိုင်ခဲ့ပြန်တယ်။ (အသက် ၆၀ ကျော်တွေကို အိမ်တွေမှာ မဲပေးခိုင်းတာဖြစ်)

လူထုရဲ့သဘောသဘာဝခုက အမျိုးသားခေါင်းဆောင်လို့ သူတို့ယုံကြည်လက်ခံထားလိုက်ပြီဆိုရင် မှားမှားမှန်မှန် ထောက်ခံတတ်တဲ့အလေ့အထရှိတာ ဖြစ်တယ်။ (ဥပမာ ICJ ကိစ္စ ဖော်ပြခဲ့ကြတာကြည့်) ဒီအချက်က ဒီချုပ် ရွေးကောက်ပွဲနိုင်စေတဲ့ အကြောင်းတခု ဖြစ်တယ်။

 

အထက်ပါကိစ္စ မီဒီယာတွေကလိုက်တဲ့အခါ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူနဲ့ UEC တို့က လက်ရှောင်နေခဲ့တယ်။ ဒီချုပ်ပြောရေးဆိုခွင့် ရှိသူကတော့ ဘယ်အဖွဲ့အစည်းကမဆို ဥပဒေနဲ့အညီ ဆောက်ရွက်ရင်တော့ စိုးရိမ်စရာမရှိပါဘူးလို့ မယုတ်မလွန်ဖြေတာ သတိထားမိတယ်။

----

 

ကာချုပ် လှုပ်ရှားလွန်းနေတယ်။ B plan အတွက်လား၊ သူ့ပုံရိပ်ကောင်းဖို့အတွက်လား။

ရွေးကောက်ပွဲရှုံးပြီးတဲ့နောက် သူတဆစ်ချိုးပြောင်းလဲ ရပ်တည်လိုက်တာ တွေ့ခဲ့ကြရပြီ။ ကိုယ့်တံတွေးကိုယ်ပြန်မျိုရမယ့်အချိန် ရောက်ပြီ။သူ့ပုံရိပ်က တပ်ထဲမှာရော လူထုတွင်းမှာပါ ထိုးကျနေပြီ။ ၂၀၂၀ မှာ ငြိမ်းချမ်းရေး အရယူပြမယ်ဆိုတဲ့ ဟန်ရေးပြမှုကလည်း ရှိထားတယ်။

 

ပထမဆုံး လူတသန်းကျော် မဲပေးခွင့်ဆုံးရှုံးထားတဲ့ ရခိုင်မှာ ရွေးကောက်ပွဲ ပြန်လုပ်ပေးသင့်ကြောင်း AA နဲ့ သဘောထားတူညီကြောင်း ဖော်ပြခဲ့တယ်။ ကျိုင်းတုံမှာ UWSA ကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီး NCA တက်ဖို့ ထပ်ဖိတ်ခေါ်ခဲ့တယ်။ ခုနောက်ဆုံး ကချင်နှစ်ခြင်းအသင်း KBC ဥက္ကဋ္ဌနဲ့တွေ့ပြီး ကိုဗစ်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေ ပြောခဲ့တယ်။ မြစ်ဆုံကိစ္စပြောတဲ့အခါမှာ မေခနဲ့မလိခဆုံတဲ့နေရာမှာ လုပ်တာကို လူထုကသဘောမတူဘူးလို့ KBC ဥက္ကဋ္ဌကပြောတော့ ဒါကို သူ့အနေနဲ့ ငြင်းစရာမရှိဘူးလို့ ပြန်ပြောတယ်။

 

သူ့လှုပ်ရှားမှုတွေထဲမှာ ဒီချုပ်သဘောထားနဲ့ တထပ်တည်းကျတာတွေရှိသလို ခွဲရပ်ပြတာလည်း တွေ့ရတယ်။ AA နဲ့ သဘောတူတဲ့ကိစ္စမှာတော့ UEC ကို တရားခံလုပ်တယ်။ ဒါ့ကြောင့် UEC က လုံခြုံရေးကိစ္စကြောင့် ရခိုင်ရွေးကောက်ပွဲ မြို့နယ်တချို့ ချန်လှပ်ခဲ့တာဟာ အစိုးရရော တပ်ရဲ့သဘောထားပါ ယူလုပ်ခဲ့တာဖြစ်ကြောင်း ဖြေရှင်းရတယ်။

 

တပ်ချုပ်အနားယူမယူ ပြဿနာ၊ ဒုသမ္မတ လုပ်မလုပ်ကလည်း တိုင်းပြည်မှာ ပွဲဆူနေတဲ့ကိစ္စတရပ် ဖြစ်နေတယ်။ ဘယ်သူမှ အသေအချာ မပြောနိုင်။ သူ့တပ်ကတောင် မပြောနိုင်တဲ့ကိစ္စဆိုတော့ ငြင်းကြရုံပဲရှိတယ်။ ပြောနိုင်တာတခုက ရှေ့သွားတွေရှိခဲ့ပြီ။ ဥပဒေတွေ ပြောမနေနဲ့၊ 'ငါဘုရင် ဘယ်နှပတ် ပတ်ပတ် - ပတ်လို့ရတယ်ဆိုတာပါပဲ။

ဘာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ရှေ့ရေးနဲ့ ဆိုင်နေလေတော့ မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။

 

(၄)

နိုင်ငံ၏ လားရာ

လက်ရှိအနေအထားအရ ပြည်သူကလွဲရင် နိုင်ငံရဲ့နိုင်ငံရေးသွင်ပြင်ကို ပြောင်းလဲပစ်နိုင်မယ့် အင်အားစုကြီး ၃ ခု ရှိတာ တွေ့နိုင်တယ်။ ဒီချုပ်၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်တယ်။ အားပြိုင်မှုမှာ အသာစီးရဖို့ ဒီချုပ်နဲ့စစ်တပ်က တိုင်းရင်းသားတွေကို ဆွဲဆောင်နေတဲ့ကာလ ဖြစ်တယ်။ ဒီချုပ်က အမျိုးသားညီညွတ်ရေးအစိုးရပုံစံချပြပြီး စည်းရုံးတယ်။ စစ်တပ်က ဘာသာရေး၊ ငြိမ်းချမ်းရေး၊ စစ်ဘေးရှောင်အရေး၊ စစ်ရပ်ဆိုင်းထားရေး၊ မြစ်ဆုံကိစ္စ စတာတွေမှာ သူ့ရဲ့တင်းမာတဲ့ပေါ်လစီတွေကို ဖြေလျှော့ပြပြီး သူ့ပုံရိပ်ကောင်းအောင် တက်သုတ်နှင်လုပ်လာတယ်။ တဖက်မှာ ရွေးကောက်ပွဲရလဒ်ကို တားနိုင်အောင် လုပ်နေပြန်တယ်။

 

တိုင်းရင်းသားတွေရဲ့တည်ရှိမှုနဲ့လားရာ-

လက်နက်ကိုင်ထားတဲ့အင်အားစုတွေက ပထမပိုင်းမှာ ခုအချိန် ဒူးနှံ့ပြီးနေနိုင်တဲ့ UWSA- ဝကို အားကျကြတယ်။ နောက်ပိုင်းမှာ AA က အားကျစရာ ဖြစ်လာပြန်တယ်။ သူတို့ထဲမှာ လှုပ်လှုပ် လှုပ်လှုပ် ပါ။ ဒါကို ဒီချုပ်နဲ့စစ်တပ်ဘက်က မသိဘဲ မနေပါ။ သူတို့နှစ်ဖက် မျှခြေကိုက်နေတာက ပြည်ထောင်စု မပြိုကွဲရေး- ဒို့အရေး” ပဲ။ ဒါကို ဗန်းတင်ကြပါလိမ့်မယ်။ ဒီကိစ္စအတွက် ဦးဆောင်မှုအခန်းကို နှစ်ဦးစလုံးကလိုချင်လို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်လာကြခြင်းပဲ ဖြစ်တယ်။

 

ဒီချုပ်တင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ဓာတ်ပြားဟောင်းကြီး ဖုန်သုတ်ပြီးဖွင့်ပြတာပဲ ဖြစ်တယ်။ အဲဒါက ဒီချုပ်ဆိုတာ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့အဖွဲ့ကြီးဖြစ်တယ်၊ ပြည်ထောင်စုပုံသဏ္ဌာန်ဆောင်တယ်။ တိုင်းရင်းသားတွေကို ထိပ်တန်းရာထူးတွေ ပေးထားတယ်မဟုတ်လား၊ (ဒီနေရာမှာတော့ စစ်တပ်ထက်သာတာ အမှန်ပဲ။) နောင်လည်း အလှည့်ကျပေးမယ့် ပေါ်လစီရှိတယ်ဆိုတဲ့ အဆိုပြုချက်ပဲ ဖြစ်တယ်။ ဒီလောက်နဲ့တော့ တိုင်းရင်းသားတွေ ဘဝင်ကျလောက်စရာ မရှိ။ စိတ်ကူးယဉ်သူတချို့တော့ ရှိနိုင်တယ်။ ဖြစ်လာနိုင်စရာရှိတာက တိုင်းရင်းသားပါတီတွေထဲမှာ စိတ်ဝမ်းကွဲသူကွဲ တပါတီနဲ့တပါတီ အစေးမကပ်တာက မကပ်၊ စတာတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ နိုင်ငံရေးအသိရေချိန် မြင့်တက်လာကြပြီမို့ ဒါကို ကျော်လွှားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိတယ်။

မိမိတို့အနေနဲ့ တိုင်းပြည်အနာဂတ် ကောင်းစေချင်ပါတယ်။ ဒါပေမဲ့ အခုထိတော့ စိတ်ချထား နိုင်တဲ့အခြေအနေမျိုး မတွေ့မိသေးပါ။

 

(၅)

နိဂုံး

နိုဝင်ဘာလကုန်ပိုင်း မီဒီယာနဲ့ နိုင်ငံရေးလောကသားတွေ အာရုံထားလာကြတဲ့ကိစ္စတချို့နဲ့ ဖောင်ပိတ်လိုက်ချင်ပါတယ်။

တခုက 'လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်မဖြစ် သိနိုင်ဖို့အတွက် ရွေးကောက်ပွဲမှာမဲပေးခဲ့တဲ့ မြို့နယ်ပေါင်း ၂၁၈ မြို့နယ်က တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေရဲ့ မဲပေးတဲ့ဖြစ်စဉ်တွေကို တပ်မတော်က ပြန်လည်စိစစ်နေတယ်ဆိုတဲ့ တပ်ရဲ့ထုတ်ပြန်ချက်၊ နောက်တခုက ဒီကိစ္စနဲ့တပြေးညီ ကာချုပ်ရဲ့ခြေလှမ်းစိပ်စိပ်နဲ့လှုပ်ရှားမှုတွေကို အထက်မှာ တင်ပြခဲ့ပြီးပါပြီ။

 

စိစစ်နေတာလား အကွက်ဖော်နေတာလား -

ပွဲက ပြီးနေပြီ။ အပြီးမခံနိုင်တဲ့ စစ်အုပ်စုကြောင့်ပေါ်လာတဲ့ကိစ္စ ဖြစ်တယ်။ သူတို့မှာ A Plan - B Plan ဆိုတာ ရှိတယ်။ နဲ့ အသုံးမတည့်ရင် ပြောင်းသုံးတော့တာပဲ။ ပွဲပြီးနေပြီဆိုတာကို ဥပဒေကြောင်းအရပဲ ပြန်ကြည့်ပါမယ်။

 

(၁) တပ်က နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းတခုဖြစ်လို့ နိုင်ငံရေးနဲ့ကင်းရှင်းရမယ်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ ဘယ်နိုင်ငံရေးပါတီကို ရွေးကောက်ပွဲမှာ မဲပေးရမယ်ဆိုတာကို မိမိဘာသာ လွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်။ မဲပေးခြင်းဟာလည်း လျှို့ဝှက်မဲပေးစနစ် ဖြစ်ရမယ်။ ဒါကို ဖွဲ့စည်းပုံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေက အကာအကွယ်ပေးထားတယ်။ ဒီလို အကာအကွယ် မပေးထားရင်လည်း သူတို့ဥပဒေတွေက လူရယ်စရာ ဖြစ်မယ်။

 

(၂) အရင်တုန်းက တပ်တွင်းမဲရုံတွေပဲ ရှိခဲ့တယ်။ ဒီနှစ်မှ ဒီချုပ်ကတောင်းဆိုလို့ တပ်ပြင်ပမဲရုံဆိုတာ ဖြစ်လာတာ။ ဒါပေမဲ့ တပ်တွင်း ဝင်ရောက်စည်းရုံး မဲဆွယ်ခွင့် မရှိဘူး။ တိုက်ခိုက်ရေးတပ်တွေဆိုရင်လည်း ရှေ့တန်းထွက် အကြောင်းပြပြီး အတော်များများ ကြိုတင်မဲ ဖြစ်ကုန်တယ်။ အခုလာပေးသူတွေက (သိရသလောက်) တပ်မိသားစုတွေနဲ့ နောက်တန်းအင်အားလောက်ပဲ ရှိတယ်။ အခြေစိုက်တပ်နဲ့ တိုက်ခိုက်ရေးတပ် မဟုတ်တဲ့ လက်ရုံးတပ်ဖွဲ့တွေရှိတဲ့ မိတ္ထီလာ၊ မင်္ဂလာဒုံလို နေရာလောက်ပဲ တပ်ပြင်ပ မဲရုံတွေမှာ မဲပေးများတယ်။

 

(၃) အရင်တပ်တွင်းမဲရုံတွေမှာ မဲပေးရစဉ် သူတို့လုပ်တဲ့ပုံစံက တပ်ထဲမှာ ကြံ့ဖွံ့ကိုပဲ မဲပေးရမယ် လို့ အမိန့်သဘော တခါတည်း ထုတ်ထားတာ၊ တချို့တပ်တွေဆို ရှေ့တွင်ပဲ ဆန္ဒမဲလက်မှတ်မှာ တံဆိပ်တုံးထုခိုင်းတာ လုပ်တယ်။ တချို့ဆို (ဒါတွေက အရစ်ရှည်လို့) တပ်ရေးဗိုလ်ကြီးကပဲ သူတယောက်တည်း စုပြုံတံဆိပ်တုံးထုကာ မဲပုံးထဲထည့်လိုက်တာ ဖြစ်တယ်။ မဲထည့်သူတွေအနေနဲ့ကလည်း တပ်တွင်းမဲရုံရလဒ်ထွက်လာရင် အပြင်လူမပါတာမို့ ဘယ်သူဘယ်ပါတီ မဲပေးတယ်ဆိုတာ မသိရင်တောင် အတိုက်အခံကို မဲပေးတယ်ဆိုတာ သိနိုင်တာမို့ ကြံ့ဖွံ့ကလွဲလို့ မဲမပေးဝံ့ကြပါ။

 

(၄) ၁၉၉၀ တုန်းကလည်း ဒီတပ်တွင်းမဲရုံတွေမှာပဲ ဒီချုပ်က မဲနိုင်ဖူးတာပဲ။ ကိုကိုးကျွန်းတောင် နိုင်တယ်။ မင်္ဂလာဒုံလည်း နိုင်တယ်။ သူတို့ လွတ်လွတ်လပ်လပ်သာ ဆန္ဒပြခွင့်ရရင် တစည နဲ့ ကြံ့ဖွံ့ကို မဲပေးမှာ မဟုတ်ဘူး။

 

(၅) အခု ပြန်စိစစ်တယ်ဆိုလည်း ဘာမှလုပ်နိုင်လိမ့်မယ် မထင်ဘူး။ မဲမသမာမှု၊ မဲလိမ်မှုရှိတယ်ဆိုတာ သူတို့အခေါ်နဲ့ဆို 'တရားမဲ့ပြုကျင့်မှု ရှိခဲ့တယ်ဆိုတာက သက်သေထင်ရှားပြနိုင်မှရမယ့်ကိစ္စ၊ ကြံ့ဖွံ့ကို မဲမပေးရုံနဲ့ တရားမဲ့ ပြုကျင့်တယ် ပြောမရဘူး။ ကြိုတင်မဲတွေကလည်း ပါတီတွေရဲ့ ကိုယ်စားလှယ်တွေ ရှေ့မှာပဲ ရေတွက်တာ ဖြစ်တယ်။ ဒါတွေ အကုန်လုံးက စာရင်းနဲ့အင်းနဲ့ သက်ဆိုင်ရာပုံစံ စာရွက်တွေမှာ တရားဝင်ရေးသွင်း မှတ်တမ်းတင်လက်မှတ်ရေးထိုးကြရတာ ဖြစ်တယ်။

 

(၆) အခု ပြောနေကြတဲ့ သေတဲ့သူက မဲလာပေးတာ၊ ၂ ခါပြန် မဲပေးတာဆိုတာတွေကလည်း အနည်းစုပဲ ဖြစ်ပါလိမ့်မယ်။ ဒါတွေက မဲစာရင်း မတိကျတာတွေကလာတာ၊ သန်းခေါင်စာရင်းကို အခြေမခံတဲ့ ရပ်ကွက်ထဲ တအိမ်တက်ဆင်း အမှန်တကယ်နေသူ စာရင်းကောက်လို့ ဖြစ်လာတာ၊ သူတို့လိုက်ကောက်တဲ့အချိန် လူမရှိရင် အဲဒီအိမ်က မပါတော့ဘူး။ သေတဲ့လူလည်း လဝက ရုံးမှာ မှတ်ပုံတင်ပြန်အပ်တာ၊ သန်းခေါင်စာရင်းမှာ စာရင်းဖျက်တာကို ကာယကံရှင်မိသားစုက လုပ်မထားရင် သူလည်း update ဖြစ်မှာ မဟုတ်ဘူး။ ဒီကိစ္စမှာတော့ ရွေးကော်နဲ့ လဝက မှာ အားနည်းချက်တွေ အများကြီးရှိတယ်။ ထွေအုပ်နဲ့ သိပ်မပတ်သက်ဘူး။

 

(၇) ဒီတော့ သူတို့ အခုလုပ်နေတာတွေကြည့်ရတာ စစ်အုပ်စုအနေနဲ့ ရသေ့စိတ်ဖြေ လုပ်နေပုံပဲ။ နောက်တော်ပါတွေက 'အရေးအကြောင်းရှိရင် တို့ခေါင်းဆောင်တွေက အားမကိုးရပါဘူးထင်သွားမှာလည်း အထင်ခံနိုင်ပုံမရဘူး။ ဒါပေမဲ့ ဘယ်လို အပြစ်ရှာလို့ရမလဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါ။ နောက်သိဖို့လိုတာက ရွေးကောက်ပွဲဥပဒေအရ ဖွင့်တဲ့အမှုအားလုံးဟာ ရွေးကော်က ဖွဲ့ပေးတဲ့ ရွေးကောက်ပွဲခုံရုံးကပဲ စစ်ရမှာ။ အယူခံတက်ရင်လည်း အဲဒီမှာပဲ တဆင့်မြင့်ရုံးကို တက်ရမှာ။ ရွေးကော် (UEC) က နောက်ဆုံး ချလိုက်တဲ့ဆုံးဖြတ်ချက်ဟာ အတည်ပဲ။ ဖိုင်နယ်ပဲ။ နောက်ထပ် ဘယ်မှာမှ ထပ်အယူခံတက်ခွင့်မရှိဘူး။ တရားလွှတ်တော်ချုပ်လည်း တက်ခွင့် မရှိဘူး။ ရာဇဝတ်အရ စွဲရင်လည်း ပိုခက်မယ်။ သက်သေခံဥပဒေအရ သက်သခံပြဖို့ရာ အထောက်အထားရဖို့ ခက်တယ်။

 

(၈) ဒါ့ကြောင့် အချုပ်ပြောရရင် စစ်တပ်က အခုလုပ်နေတာတွေဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းသွားဖို့နေနေသာသာ မဲဆန္ဒနယ် တခုချင်းတောင် ရလဒ်ပြောင်းဖို့ခက်တယ်။

 

(နောက်ဆက်တွဲ)

စစ်တပ်ရဲ့ နိုဝင်ဘာ ၃၀ ထုတ်ပြန်ချက်မှာ (လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် သံသယကင်းဖို့အတွက် မြို့နယ် ၂၁၈ မြို့နယ်က တပ်မတော်သားတွေနဲ့ တပ်မိသားစုတွေရဲ့ မဲပေးတဲ့ဖြစ်စဉ်တွေကို ပြန်စိစစ်နေတယ်။ ) လို့ဖော်ပြပြီး နောက်တခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေဆီက ကူးယူခွင့်တောင်းဆိုထားတယ်လို့ ဖော်ပြပြန်တယ်။ ဒီကိစ္စ UEC က မြို့နယ်ကော်မရှင်ခွဲတွေကို လှမ်းတားလိုက်တယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး လွှတ်တော်အသီးသီး၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရင်းဇယားများနဲ့ ရာခိုင်နှုန်းများကို ထုတ်ပြန်ကြေညာချက်” ဖော်ပြပေးလိုက်ရတယ်။

လက်ရှိဗမာ့မြေပေါ်နိုင်ငံရေးဟာ ဒါပါပဲ။ ကိုယ့်အင်အားကိုထုတ်သုံးဖို့ အကွက်ချောင်းနေတဲ့ နိုင်ငံရေး၊ ဆီလို အပေါက်ရှာနေတဲ့ နိုင်ငံရေး၊ လူထုကို အခြေမခံရဲတဲ့နိုင်ငံရေး၊ ပေါ်ပြူလာနိုင်ငံရေး၊ ငွေရှိမှ အာဏာရှိမှ လမ်းပေါက်နိုင်တဲ့နိုင်ငံရေးတွေဆိုတာ ဝမ်းနည်းစဖွယ် တွေ့နေရကြောင်းပါ။ ဗမာပြည်ရဲ့အခြေအနေဟာ အဲဒီရွေးကောက်ပွဲကြောင့်ပိုဆိုးလာတဲ့ ကိုဗစ်-၁၉ရောဂါလိုပဲ ဇာတ်လမ်းကအခုမှအစပဲရှိသေးတယ်။ ပြည်သူလူထုအနေနဲ့ ရင်စည်းပြီးရင်ဆိုင်ဖို့ပြင်ထားကြသင့်ပါတယ်။

၄- ၁၂- ၂၀၂၀

0 comments:

Post a Comment