Monday, December 7, 2020

ပြည်ထောင်စု ပြဿနာ (အပိုင်း ၃)

0 comments

ပြည်ထောင်စု ပြဿနာ (အပိုင်း )

(ရဲဘော်ကြင်မောင်)

ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

 

ဩစတြေးလျတွင် အခြေချနေသော မောင်အောင်မျိုးဆိုသူက စာတမ်းတခု ပြုစုသည်။ ထိုအထဲတွင် အမေရိကန်အခြေချ ဗိုလ်ချစ်မြိုင်၏ြောဆိုချက်များ ပါသည်။

ဗိုလ်ချစ်မြိုင်က ဗိုလ်လက်ျာကို တပ်မတော်တခုလုံးကို ကရင်တွေအုပ်စီးနေပြီ၊ ကရင်တပ်တွေက ဗမာရွာတွေကို မီးလောင်တိုက် သွင်းနေပြီ၊ အားလုံးသတ်၊ အားလုံးရှို့ လုပ်နေပြီဟု တိုင်ကြောင်း၊ ဗိုလ်လက်ျာက ကရင်တွေဘက်က ကာကွယ်ကြောင်း ရေးထားပါသည်။

ဗိုလ်ချစ်မြိုင်အပြောအရဆိုလျှင် - ကွန်မြူနစ်တွေထံမှ သိမ်းဆည်းရမိသည်ဟု ဆိုသောလက်နက်များမှာ ကွန်မြူနစ်တို့၏ လက်နက်အစစ်အမှန်များမဟုတ်၊ လူသတ် မီးရှို့ လုပ်ချင်တိုင်းလုပ်ပြီး သက်သေပြသည့်အနေနှင့် အခြားမှလက်နက်များကို သက်သေခံပစ္စည်းအဖြစ် တင်ပြနေကြတာဖြစ်သည်ဟု ဆိုသည်။

လူတွေသတ်၊ မီးတွေရှို့တာတော့ တောင်သူလယ်သမားတွေက သက်သေခံလိမ့်မည်။

(နေဝင်းနေရာရလာခြင်း)

ဗိုလ်လက်ျာက ထိုအရေးတွင် ဗမာ တပ်မှူးတပ်သားများအကြား နာမည်ပျက်သွားသည်။ နေဝင်းက နာမည်ကောင်းယူသည်။

ဉာဏ်များပြီး ကောက်ကျစ်သောဦးကျော်ငြိမ်း စီမံရေးဆွဲကာ အမြဲတမ်းခိုးထုပ်ခိုးထည်နှင့်မိလေ့ရှိသူ မလည်ရှုပ် ဦးသိန်းဖေ (မြင့်) ရိုက်ကူးသည့် “ လက်ဝဲညီညွတ်ရေး ” ဇာတ်လမ်းတွင် နေဝင်းသည် လက်ဝဲညီညွတ်ရေးခေါင်းဆောင်ကြီး ဖြစ်သွားသည်။

လက်ဝဲညီညွတ်ရေး “ တပ်မတော် ၉ ဦးကော်မတီ ” တွင်

၁။ နေဝင်း

၂။ ဗိုလ်ဇေယျ

၃။ ဗိုလ်ရဲထွဋ်

၄။ ဗိုလ်ချစ်မြိုင်

၅။ ဗိုလ်တင်ဦး

၆။ ဗိုလ်တင်မောင်

၇။ ဗိုလ်ထွန်းစိန်

၈။ ဗိုလ်သောင်းကြည်

၉။ ဗိုလ်စောထွန်းစိန်တို့ ပါကြသည်ဟု ဆိုသည်။

ထို (၉) ဦးကို သတိပြုကြည့်စေချင်သည်။ သူတို့​နောက်ကြောင်းတွေရေးလျှင် ရှည်နေလိမ့်မည်။ ဆိုရှယ်လစ်နာမည် ထွက်နေသူ တယောက်မျှမပါ၊ ယခုတလော လူပြောများသည့် (လူဖြူများက ပိုပြောသည့် ) တပ်ရင်း (၄) ကလူ တယောက်မျှမပါ။ သူတို့က ဆိုရှယ်လစ်တွေဖြစ်နေ၍ မပါခြင်းဖြစ်သည်။

နေဝင်းက မြောက်ပိုင်းတိုင်းမှူးအနေနှင့်ပါခြင်း ဖြစ်သည်၊ တပ်ရင်း (၄) ကိုယ်စားလှယ်မဟုတ်ပါ။ ဗိုလ်ဇေယျက စစ်ဦးစီး (ပ) အဖြစ် ပါနေခြင်းဖြစ်သည်။ ကျန်လူများက တပ်ရင်း (၃) မှ ၃ ယောက်၊ တပ်ရင်း (၆) မှ ၂ ယောက်၊ တပ်ရင်း (၅) နှင့် တပ်ရင်း(၁) မှ ၁ ယောက်စီဖြစ်သည်။ တပ်ရင်း (၄) မပါ။

ဦးကျော်ငြိမ်းက ပါးသည်။ လည်သည်။ နေဝင်းကိုပဲ ပါနေစေသည်။ “ နစ် ” ကို သံယောဇဉ်တွယ်နေသူများ၊ ကြားနေများကိုပဲ လက်ဝဲထဲ ထည့်ပေးသည်။ အတိုချုပ်လျှင် ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်တို့ တောခိုရသည်။ ကြားနေများ ဗိုလ်ချစ်မြိုင်၊ ဗိုလ်တင်ဦး (NLD ဗိုလ်တင်ဦးမဟုတ်)၊ ဗိုလ်တင်မောင် (မြတ်ထန်)၊ ဗိုလ်သောင်းကြည် (တခါက ကွန်မြူနစ်)၊ ဗိုလ်စောထွန်းစိန်တို့ကို (ဗိုလ်ဇေယျက နောက်ဖေးပေါက်ကနေ ကာကွယ်ရေးဝန်ကြီးနေရာတောင်းသည်ဆိုသော လုပ်ဇာတ်ဖြင့်) နေဝင်းဘက်သား ဖြစ်သွားစေသည်။

ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျစသူများမှာ ဗကသ (ကျောင်းသားသမဂ္ဂ) ဗဟိုမှလာသူများ ဖြစ်သည်။ တပ်တွင်းဩဇာ ရှိကြသည်။ နေဝင်းလို မဟုတ်။ နေဝင်းကို တင်ချင်လျှင် ဗိုလ်ဇေယျကို ဖယ်ရမည်။

BIA. BDA. PBF အတွင်းမှ တပ်မှူးအများစုသည်လည်း နယ် ဗကသများမှဖြစ်ကြသည်။ ဗိုလ်ထွန်းစိန် (အိမ်စောင့်ခေတ် ရန်ကုန်မြို့တော်ဝန်) လို သမဂ္ဂဆန့်ကျင်ရေးသမား အနည်းအကျဉ်းသာ ပါသည်။

နေဝင်းကို ကာကွယ်ရေးဝန်ကြီးနေရာ အစိမ်းလိုက်ပေးလျှင် အောက်ခြေက ကြည်ကြည်ဖြူဖြူ ရှိမည်မဟုတ်။ ထို့ကြောင့် ပါးသော၊ လည်သော ဦးကျော်ငြိမ်းက ဦးနုကို အရင်ဆုံးစည်းရုံးသည်။ ဦးနုက နေဝင်းကို ကာကွယ်ရေးဝန်ကြီးနေရာပေးရန် သေချာသွားမှ (ဦးနု၏ တာတေစနေသားကြည့်) သူငယ်ချင်း ကွန်မြူနစ်ပျက် သိန်းဖေ(မြင့်) ကို အသုံးချသည်။

နေဝင်းကို ကာကွယ်ရေးဝန်ကြီးနေရာပေးချင်လျှင် ဗကသဟောင်း ဗိုလ်ဇေယျကို အရင်ဖယ်ရမည်။ ဗိုလ်လက်ျာကိုတော့ ဖယ်ပြီးပြီ။

ထို့ကြောင့် “ လက်ဝဲညီညွတ်ရေး ” ဇာတ်လမ်းဆင်သည်။ နေဝင်းကို ထိပ်တင်သည်။ တပ်မတော် (၉) ဦးကော်မတီတွင် ပါသူများမှာ ဗိုလ်ထွန်းစိန်ကလွဲလျှင် ဗကသဟောင်းများချည်းဟု ဆိုနိုင်သည်။ နေဝင်းထက် ဗိုလ်ဇေယျနှင့် ပို၍နီးစပ်ကြသည်။

ဗိုလ်ဇေယျက ဗကသဟောင်း တဦးလည်းဖြစ်၊ သခင်ကိုယ်တော်မှိုင်းအဖွဲ့က တဦးလည်းဖြစ်သည့် ဦးနုကို ယုံယုံကြည်ကြည် သွားပြီး ပြောမိသည်။ နေဝင်းကို ကာကွယ်ရေးဝန်ကြီး နေရာပေးလျှင် အောက်ခြေက ကျေနပ်မည်မဟုတ်ဟု ပြောမိသည်။ ဦးနုကို ဦးကျော်ငြိမ်းနားသွင်းပြီးဟု သိလျှင် ပြောမိမည်မထင်။

ဦးကျော်ငြိမ်းကတဆင့် နေဝင်းသိသွားသောအခါ သူ့အကွက်ထဲ ဝင်သွားပြီဆိုသည်ကို နေဝင်းသိသည်။ ထို့ကြောင့် ဗိုလ်ဇေယျနှင့် နှစ်ကိုယ်ကြားရှင်းနိုင်ပါလျက် မရှင်းဘဲ (၉) ဦးကော်မတီများရှေ့တွင် ဗိုလ်ဇေယျကို ကာကွယ်ရေးဝန်ကြီးနေရာ နောက်ဖေးပေါက်က သွားတောင်းသူဖြစ်အောင် အပုပ်ချသည်။ “ လက်ဝဲညီညွတ်ရေး ” ဇာတ်လမ်းကို ဆက်မကဘဲ ရပ်ပစ်လိုက်သည်။

ဗိုလ်ချစ်မြိုင်၏စာများ၊ မြတ်ထန်၏စာများကိုကြည့်လျှင် ဗိုလ်ဇေယျ ကာကွယ်ရေးဝန်ကြီးနေရာတောင်း၍ (၉) ဦးကော်မတီ ပျက်ရသည်ဟု အခိုင်အမာရေးကြသည်။ ဗိုလ်ဇေယျကိုပယ်ပြီး နေဝင်းကို သူတို့သစ္စာခံကြကြောင်း ရေးသည်။

ဤနေရာတွင် နေဝင်း၏လုပ်နည်းကိုတင်ပြမှ ပြည့်စုံမည်။ သူ့တသက်တာ လုပ်ခဲ့သည့်နည်းဖြစ်သည်။ သူ့နည်းကို သူခိုးသေဖော်ညှိနည်းဟု ခေါ်နိုင်သည်။ ထိုနည်းကို နေဝင်းဘယ်လိုလုပ်ခဲ့သလဲ ဆိုတာကို လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သက်သေခံပစ္စည်း မဆလဌာနချုပ် လျှို့ဝှက်ဖိုင်တွဲများတွင် ရှိနေသည်။ (တစညက သမိုင်းဝင်ဖိုင်တွဲများကို ရှာဖွေ၍ လက်စဖျောက်ခြင်း မပြုရန် တောင်းပန်ပါသည်။)

ဖြစ်ပုံမှာ - ၁၉၇၀ ခုနှစ်များအတွင်း ခြွေရံသင်းပင်းအစုံအညီ ကတော်မယားများပါ ပုဂံသို့ နေဝင်းထွက်တော်မူသည်။ တညတွင် သီရိပစ္စယာဟိုတယ်၌ ကတော်များ အတင်းအဖျင်း ဝိုင်းဖွဲ့စကားပြောနေရာမှ သူ့အကြောင်းပြောနေသံ တစွန်းတစ နေဝင်း ကြားလိုက်ရ၍ ဆက်နားထောင်ရာ (ကတော်တချို့မှာ တခါက တက္ကသိုလ်ကျောင်းသူ တကသဝင်များဖြစ်သည်) ၇ ရက် ဇူလိုင်ကိစ္စကို “ ဗိုလ်ချုပ်ကြီး မူးမူးနဲ့အမိန့်ပေးတာ ” ဟု ပြောကြသည်။ နေဝင်းတုန်လှုပ်သွားသည်။ ဒီကိစ္စလွှတ်ထား၍မရ၊ နှုတ်ပိတ်မှဖြစ်မည်ဟု သိလာခဲ့သည်။

ရန်ကုန်ပြန်ရောက်သောအခါ ၇ ရက် ဇူလိုင် အရေးအခင်းတွင် တာဝန်ယူနှိပ်ကွပ်ခဲ့သော (အသံလွှင့်ရုံခန်းမမှာနေပြီး အမိန့်ပေးခဲ့ကြသော) ဗိုလ်မှူးကြီးအားလုံးကို ဆင့်ခေါ်သည်။ “ တကသ အဆောက်အဦကို ဖြိုချခိုင်းတာငါလား? - ဗိုလ်အောင်ကြီးလားမင်းတို့ သိသမျှ စာနဲ့ရေးတင်ကြ။ အခု သိပ်မကြာသေးဘူး။ နောင် မေ့သွားမယ်၊ မင်းတို့ မကွယ်မဝှက်ရေးကြ ! ” ဟု အမိန့်ပေးသည်။

နေဝင်းက အာဏာရှိသူ၊ အောင်ကြီးက ဘေးရောက်နေသူ နီးရာဓားပဲ ကြောက်ကြမည်ကို နေဝင်းသိသည်။ ဘယ်လိုရေးကြမလဲ ဆိုတာပင် ကြိုတွက်ပြီးဖြစ်သည်။ ဗိုလ်စောမြင့်၊ ဗိုလ်လှဟန်၊ ဗိုလ်ကျော်စိုး စသဖြင့် အားလုံးက ရေးတင်သည်။ အမိန့်ပေးသူ အောင်ကြီးဟု ရေးကြသည်။ စစ်ဗိုလ်များအားလုံးကို ချည်ပြီးတုတ်ပြီးဖြစ်သောအခါ မဆလဌာနချုပ်တွင် သီးသန့်ဖိုင်ဖွင့်ပြီး သိမ်းထားခိုင်းသည်။

ထိုသတင်းကို အောင်ကြီးက သူ့ နည်းနှင့်သူ သိသွားသည်။ ဖြေရှင်းချက်စာတမ်း အရှည်ကြီးထုတ်သည်။ အတော်ကို ပြည့်စုံသည်။ သမိုင်းနှင့်ချီပြီးရေးသည်။ ထိုစာတမ်းကို အောင်ကြီးက လျှို့ဝှက်ပြီးဖြန့်သည်။ သူ့ စာတမ်း၏ သဘောအချုပ်မှာ နေဝင်းသည် စိတ်လိုက်မာန်ပါ မဆင်မခြင်အမိန့်ပေးလေ့ရှိသည်။ သူကအမြဲ ဖာဖာထေးထေးလုပ်ရ သည်။ နေဝင်းက ဒေါသနှင့်အမိန့်ပေးလျှင် အောက်ခြေက အချိန်ဆွဲထားရသည်။ စိတ်ပြေသွားလျှင်လည်း ပြောလို့ဆိုလို့ကောင်းသည်။ သူ့အမိန့်ကို ပြန်ဖျက်လေ့ရှိသည်။ ယခင်ကဖြစ်ခဲ့သည့် ဥပမာများလည်း ရေးပြသည်။

ယခုကိစ္စတွင် နေဝင်း၏အမိန့်ကို ဗိုလ်ကျော်စိုးက ချက်ချင်းလိုက်လုပ်မိ၍ သမိုင်းဝင်အဆောက်အဦကြီး ပျောက်ပျက် သွားရသည်ဟုဆိုသည်။ နေဝင်းကို အပြစ် မတင်ဘဲ ဗိုလ်ကျော်စိုးကို တရားခံလုပ်သည်။ အောင်ကြီးရှင်းတမ်း နိဂုံးချုပ်တွင် ဟောစာတမ်း တခု ရေးလိုက်သည်။

ကျောင်းသားများ၏အရိုး တွန်လိမ့်မည် ဟု ဆိုသည်။

အောင်ကြီး၏ ဟောစာတမ်း သွေးထွက်အောင်မှန်သည်။ ၁၉၈၈ အုံကြွမှုသည် အရိုးတွန်ခြင်းဖြစ်သည်။ အရိုးတွန်ခြင်းသည် တချီနှင့်မပြီး၊ ဆက်၍တွန်နေလိမ့်မည်။ နေဝင်း၊ အောင်ကြီးသေလို့ အရိုးဆွေးသော်လည်း ဤကိစ္စပျောက်ပျက်သွားမည် မဟုတ်။ တကသအဆောက်အဦသစ်ကို ပြည်သူ့ငွေနှင့် တည်ဆောက်နိုင်သောအခါ ကမ္ပည်းကျောက်ပြားတခုဖြင့် တကသအဆောက်အဦဟောင်း၏ သမိုင်းကို မော်ကွန်းတင်ထားရမည်။

တကသအဆောက်အဦ ဘယ်သူ ဖျက်သလဲကိစ္စသည် နေဝင်း၏ နောက်ဆုံးမိန့်ခွန်းတွင်ပင် ပါနေသည်။ အောင်ကြီးက မည်သို့ပင် “ ယုံကြည်မှုတည်ဆောက်စေဦး ” နေဝင်းကတော့ အခဲမကျေကြောင်း ဤမိန့်ခွန်းက သက်သေခံသည်။ ဆရာတော်ကြီးတပါး၏ စကားကိုယူကာ “ အောက်ရောက်မှ ဆက်ငြင်းကြ ” ဟု ပြောရတော့မည်။

 

0 comments:

Post a Comment