“အမျိုးသားရေးဝါဒနှင့်လူမျိုးစုံဝါဒ” (မြသန်းတင့်)
အမျိုးသားရေးဝါဒသည် ကမ္ဘာ့ရွာကိုပျက်အောင်လုပ်နေသည်။ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းမှသည် ချီချင်းညာအထိ ပြိုကွဲအောင်လုပ်နေသည်ဟု နိုင်ငံစုံဝါဒသမားတို့ကပြောကြသည်။ လူမျိုးစုများစုစည်းထားသည့်နိုင်ငံများသည် ပြိုလဲပျက်စီးနေကြသည်။ လူမျိုးစုခွဲထွက်ရေးဝါဒသည် အရှိန်ကောင်းနေသည်။ ယင်းမှာ ဆင်းရဲမွဲတေသည့် အာဖရိကတိုက်တွင်သာမဟုတ်။ ချမ်းသာသည့် ဥရောပတိုက်နှင့် မြေက်အမေရိကတိုက်မှာပင် ရှိနေသည်။ ၂၄ နာရီအတွင်း ကွန်ပြူတာဖြင့် အရောင်းအဝယ်လုပ်၍ အရင်းအနှီးများ တင်ပို့နေသည့် အင်တာနက်ခေတ်တွင် ထိုအခြင်းအရာသည်မည်သို့ ဖြစ်နိုင်စရာရှိပါသနည်း။
ကမ္ဘာ့ဝါဒပျံ့နှံ့ရေးသည် ကျွန်တော်တို့ခေတ်တွင် လွှမ်းမိုးတွင်ကျယ်နေသော ဝေါဟာရတခုဖြစ်သည်။ ကျွန်တော်တို့၏ အထင်အမြင်သေးသည့်သဘောထား၌ လူမျိုးစုံဝါဒသည် ယဉ်ကျေးမှုဟူသောအဓိပ္ပါယ်ထွက်နေပြီး အမျိုးသားရေးဝါဒသည် အရိုင်းအစိုင်းဝါဒဟု အဓိပ္ပါယ်ထွက် နေသည်။
လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးအုံကြွမှုများသည် နားမလည်နိုင်စရာကောင်းသော အရာများဖြစ်နေဟန်ရှိ၏။ အာဏာသည် နိုင်ငံတော်မှလျှောကျသွားချိန်တွင် အချုပ်အချာအာဏာအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေမည်နည်း။ စင်္ကာပူလိုမြို့ပြနိုင်ငံ၊ တောင်ပိုင်း တရုတ်ပြည်လိုဒေသ၊ မြောက်အမေရိကတိုက် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် စသည့် တိုက်လုံးဆိုင်ရာ ကုန်သွယ်မှုအစီအစဉ် တို့သည် နောက်ရာစုသစ်ကြီး၏ ကမ္ဘာ့ပုံစံသစ်အတွက် ဆောက်လုပ်မည့် အုတ်အစိုင်အခဲများဖြစ်ကြသည်။ အင်တာနက်လှိုင်းလုံးကို စီး၍ရပါလျှက် ယဉ်ကျေးမှုအချုပ်အချာတည်ရှိရေးကို အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။ ကမ္ဘာ့စီးပွားရေး၏ ဆက်သွယ်ရေး ဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကားရှိနေပါလျှက် အငယ်စားဘာသာစကားကလေးများထိန်းသိမ်းရေးအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။
ယခုအချိန်သည် လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးဝါဒသမားတို့ကို အထင်သေးခြင်းမှရပ်တန့်ရန် အချိန်ရောက်လေပြီ။ နောက်လေယဉ် တစ်စင်းကိုစီးရန် ခတ်သုတ်သုတ်သွားနေကြသည့် နိုင်ငံတကာကုမ္ပဏီအုပ်ချုပ်ရေးမှူးများအားလုံသည် ချမ်းသာ၍ တည်ငြိမ်သောလူမျိုး နိုင်ငံများ၏နိုင်ငံကူးလက်မှတ်များကို ကိုင်ဆောင်ထားကြမည်မှာ သေချာပါသည်။ သူတို့အဖို့မှာမူ လူမျိုးစုံဝါဒသမားဖြစ်ရန် ကုံလုံကြွယ်ဝ ကြပါပေ၏။ နိုင်ငံကူးလက်မှတ်တစ်စောင်နှင့်အတူ အခွင့်အရေးသည် ပါလာတတ်ပါ၏။ အမျိုးသားရေးမာန်ကို ရှုတ်ချခြင်းမပြုမီ ချီချင်းညာ လူမျိုးတို့အကြောင်းကိုကျွန်တော်တို့စဉ်းစားရန်သင့်ပါသည်။ ချီချင်းညာတို့၏မြို့တော်ရှိ သမ္မတနန်းတော်ကို ရုရှတင့်ကားများမှ အမြောက်ဖြင့် ထုရန် လူမျိုးစုံဝါဒသမားများက ဘာ့ကြောင့်အလိုရှိနေကြပါသနည်း။
ကမ္ဘာ့ဝါဒီတို့၏ ထိုဝေါဟာရကို သေသေချာချာ စဉ်းစားကြည့်ပါလေ။ ကာလီဖိုးနီးယားပြည်နယ်သားသည် သူ၏ အိမ်သုံးကွန်ပြူတာရှေ့တွင် ထိုင်ကာ တောင်ကိုးရီးယားရှိ မိတ်ဆွေတစ်သီးထံ စာတစ်စောင်ရိုက်နေစဉ် အပြင်တွင်ရပ်ထားသော သူတို့ကားများကို ခိုးသွားမည်လားဟု နှစ်ယောက်လုံးစိတ်တထင့်ထင့်ဖြစ်နေကြရသည်။ သူတို့၏ ကွန်ပြူတာအဆက်အသွယ်ကို လုံခြုံမှုရှိမရှိကို မည်သူအာမခံပါမည်နည်း။ ရဲ၊ တရားရုံးများ၊လက်နက်ကိုင်တပ်ဖွဲ့များနှင့် ခေတ်သစ်လူမျိုးနိုင်ငံများ၏ ပုံမှန်အဆောက်အဦများက အာမခံချက်ပေးနေပါသည်။ ထိုအဆောက်အဦများမရှိလျှင် ကမ္ဘာ့ရွာသည် ပရမ်းပတာနေရာကြီးအဖြစ်သို့ ရွေ့လျားသွားပေလိမ့်မည်။ ခေတ်သစ်လူမျိုး-နိုင်ငံများအား ခေတ်မမီတော့ဟုဆိုကာ ကျော်လွှားဖယ်သွား၍မရနိုင်တေ့ပါ။ ခေတ်သစ်လူမျိုး-နိုင်ငံများကို ပိုူ၍တောင့်တင်းအောင် လုပ်ရမည်သာ ဖြစ်ပါသည်။ တတိယကမ္ဘာတွင်မျှသာ မဟုတ်ပါ။ယင်းမှာ အမျိုးသားရေးဝါဒသမားတစ်ဦး၏ နားလည်ချက်ဖြစ်ပါသည်။
လူမျိုးစုံဝါဒသမားများမှာပင်လျှင် အောက်ခြေပင်မြစ်များရှိပါသည်။ ကျွန်တော်တို့၏ဇာတိအရည်အသွေးသည် ကျွန်တော်တို့ကိုခွဲခြားထားသည့်သင်္ကေတကလေးများအပေါ်တွင် မှီ၍တည်၍နေပါသည်။ ထိုသင်္ကေတကလေးများကို(စိတ်ပညာရှင်)ဖရွိုက်က အသေးစားကွဲလွဲချက်ကလေး များကိုချစ်ခင်တွယ်တာသော နာစစ်ဆပ်ဝါဒဟုခေါ်ပါသည်။ ထိုကွဲလွဲချက်ကလေးသည် အလွန့်အလွန်သေးငယ်ကောင်း သေးငယ်ပါ လိမ့်မည်။ အကြောင်းမဟုတ်ပါ။ ထိုကွဲလွဲချက်ကလေးကိုပင် ကျွန်တော်တို့ပင်ကိုယ်ဇာတိအရည်အသွေး၏ အမြုတေအဖြစ်သုံးနိုင်ပါသည်။ လူမျိုးစုံဝါဒသမားတို့က လီဗိုင်းဂျင်းအဝတ်အထည်များနှင့် ဘင်နက်တန်ကုန်ပစ္စည်းများ၊ မက်ဒေါ်နယ်လ်ဟမ်ဘာဂါများနှင့် အိုင်ဘီအမ်စက်မှု သိပ္ပံပစ္စည်းများကြောင့် လူမျိုးများကြားတွင်တည်ရှိနေကြသော အသေးစားကွဲလွဲမှုကလေးများသည် ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့် နေကြပါသည်။ တကယ်ဖြစ်လာသည်မှာထိုသို့မဟုတ်။ လူများက ပို၍ကြီးမားသောကွဲလွဲချက်များကို အတင်းဖမ်းဆုပ်ထားကြခြင်းဖြစ်သည်။
ယူဂိုဆလားဗီးယားတွင် ဆန်းပြားပွေလီသော ဥရောပတိုက်သားများဖြင့် ပြည့်နေပါသည်။ သူတို့သည် မာစီဒီးကားကြီးများကိုမောင်းကာ ဆွစ်ဇာလန်စတိုင် အနားယူဂေဟာများကို ပိုင်ဆိုကင်နေကြပါသည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် သူတို့ကို ခွဲခြား၍မရနိုင်ပါ။ အတွင်းသို့နှို က်ကြည့်လျှင် သူတို့သည် ခရိုအက်များ၊ ဆာ့ဘ်များ၊ ဘောာစနီးယားမွတ်ဆလင်များဖြစ်နေသည်ကို တွေ့ရပါသည်။ ခေတ်မီရေးလုပ်ငန်းသည် ကျွန်တော်တို့၏ကြီးမားသောတွယ်တာစွဲလန်းမှုများကို ခွာချမပစ်နိုင်ကြောင်း ယူဂိုဆလားဗီးယားများက ပြသနေပါသည်။
အဖိနှိပ်ခံလူမျိုးများနှင့် လူမျိုးစုများက သူတို့ကိုယ်သူတို့ ကာကွယ်ခွင့်မရသေးသမျှကာလပတ်လုံး လုံခြုံရေးစိတ်ဓာတ်နှင့် အသိုက်အဝန်း စိတ်ဓာတ်သည် တည်ရှိဦးမည်သာဖြစ်ပါသည်။ ကမ္ဘာ့ပြောင်းလဲမှုသည် ကျွန်တော်တို့ကို နီးစပ်လာအောင်လုပ်ပေးခဲ့သည်မှာ မှန်ပါသည်။ သို့ရာတွင် ဤသို့နီးစပ်လာခြင်းကြောင့်ပင် ကျွန်တော်တို့သည် ကိုယ့်ယဉ်ကျေးမှု ကိုယ့်သမိုင်းနှင့် ကိုယ့်ဘာသာစကားစသည့် ကွဲလွဲချက်များ ကို ပို၍ ကာကွယ်ထိန်းသိမ်းလာခဲ့ကြပါသည်။ သို့မှ ကာကွယ်ထိန်းသိမ်းခြင်းမပြုနိုင်လျှင် လူအဖြစ်မှ လျှောကျသွားတော့မည်သာဖြစ်ပါသည်။ ၁၉၈၉ ခုနှစ်တွင် ဘောလ်တစ်ဒေသမှလူမျိုးစုများ၊ ပိုလန်လူမျိုးစုများ၊ ချက် လူမျိုးများ လွတ်လပ်ရေးရလာသည့်အခါတွင် နိုင်ငံစုံဝါဒသမား များသည် မှန်ကန်စွာ သြဘာပေးခဲ့ကြပါသည်။ ယင်းတို့မှာ အမျိုးသားရေးဝါဒ တော်လှန်ရေးသမားများဖြစ်ကြပါသည်။ ၁၇၇၆ ခုနှစ်တွင် အမေရိကန်လူမျိုးများ၊ ၁၇၈၉ ခုနှစ်တွင် ပြင်သစ်လူမျိုးများကိုနှိုးဆွခဲ့သည့် လွတ်လပ်မှုနှင့် ဒီမိုကရေစီစသော မျှော်မှန်းချက်များကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။
အမျိုးသားရေးဝါဒတွင် မှားနေသောအချက်မှာ ကိုယ့်အိမ်တွင် ကိုယ်အရှင်သခင် ဖြစ်ချင်သောဆန္ဒမဟုတ်ပါ။ အိမ်ကို အခြားသူများနှင့်အတူရောနှောမနေနိုင်ဟု ငြင်းဆန်နေသည့်ကိစ္စ ဖြစ်ပါသည်။ လူမျိုးတိုင်းတွင် ကိုယ်ပိုင်နိုင်ငံရှိရမည်ဆိုသည့်အမှားဖြစ်ပါသည်။ လူမျိုးသန့်စင် ရမည်။ မျိုးမနှောရဆိုသည့်အမှား ဖြစ်ပါသည်။ လူမျိုးစုံဝါဒသမားဖြစ်စေ၊ အမျိုးသားရေးဝါဒသမားဖြစ်စေ အရေပြားအောက်ကသွေးထဲတွင် မျိုးနှောနေကြပါသည်။ ကျွန်တော်တို့၏ ဘိုးဘေးများသည် အတူဝိုင်းဖွဲ့၍ အိပ်ခဲ့ကြခြင်းဖြစ်ပါသည်။ တကယ်အမှန်ပြောရလျှင် ကမ္ဘာပေါ်တွင် သွေးမနှောသည့်လူမျိုးသန့်စင်မှုဆိုသည်မှာ မရှိနိုင်ပါ။ အကယ်၍ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့လို မျိုးနှောနေ သူများနှင့် ခွဲဝေမနေနိုင်ပါဟုဆိုလျှင် မည်သို့သောကံကြမ္မာမျိုးနှင့်တွေ့ရတတ်ကြောင်းကို ယူဂိုဆလားဗီးယားက ပြသနေပါသည်။
လူမျိုးစုံဝါဒသမားများသည် အမျိုးသားရေးဝါဒသမားများအား ဘီလူးသဘက်ကြီးတွေအဖြစ် ပြောနေခြင်းမျိုးကို ရပ်တန့်သင့်ပါပြီ။ အမျိုးသားရေးဝါဒသမားများကလည်း မိမိတို့လူမျိုးတွင် မိမိတို့ကိုယ်ပိုင်နိုင်ငံတော်ရှိရမည်ဆိုသည့်အစွဲကို ဖျောက်သင့်ကြပါပြီ။ ခွဲထွက်ရေးသမားတို့၏ စိန်ခေါ်မှုနှင့်ရင်ဆိုင်နေသည့် အခြေခိုင်နေသောနိုင်ငံများသည် အာဏာကိုဖြန့်ခွဲပေးဖို့လိုပါသည်။ သို့မှသာလျှင် လူမျိုးစုများသည် ခွဲထွက်ခြင်း မပြုဘဲ သူတို့၏ယဉ်ကျေးမှုနှင့်ဘာသာစကားကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။ အမျိုးသားရေးဝါဒသမားတို့၏စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည့်ဒေသများသည်(တူရကီ၊ အီရတ်၊ အီရန်နှင့် ဆီးရီးယားနယ်စပ်တလျှောက်တွင်နေကြသော ကာ့ဒ်လူမျိုးစုများကဲ့သို့) နယ်စပ် တလျှောက်တွင် ခွနေကြရသည့်လူမျိုးစုများအား ခွဲထွက်ခြင်းမပြုဘဲနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုပုံသဏ္ဍန်များ ရရှိနိုင်သည့်နည်းလမ်းများကို ရှာဖွေသင့်ကြပါသည်။။
အနာဂတ်ကို လူမျိုးစုံဝါဒသမားများကလည်း မပိုင်ပါ။ အမျိုးသားရေးဝါဒမားများကလည်း မပိုင်ပါ။ သူတို့ချစ်သောနေရာများတွင် တိုက်ပွဲဝင်ရန်အသင့်ရှိနေသော၊ သူတို့မရောက်ဖူးသောနေရာများမှသင်္ခန်းစာယူရန်အဆင်သင့်ရှိသောလူမျိုးစုံဝါဒသမားများနှင့် လူမျိုးရေးဝါဒသမား နှစ်မျိုးလုံးဖြစ်ရန်အဆင်သင့်ရှိသောလူထုများကသာ ပိုင်ပါသည်။
ရည်ညွှန်း Times, February 27/ 1995 မှ Micheal Ignatieff ၏ The State of Belonging
0 comments:
Post a Comment