နေဝင်ရီတရော၊ နေထွက်ရီတရော
==============
မြန်မာစာဝါသနာပါသူတွေ ဆုံစည်းကြတဲ့ အွန်လိုင်းစာမျက်နှာပေါ်မှာ နေဝင်ရီတရောဆိုတဲ့ စကားလုံးကို တွေးတောကြံဆဖြစ်ကြပါတယ်။
ပထမဆုံး အမေးပုစ္ဆာပြုသူက နေဝင်ရီတရောမှာ တရောဆိုတာ ဘာလဲလို့ မေးတာပါ။ ဒါပေမဲ့ ကြိုးစားရှာဖွေကြတဲ့အခါ တရောကို လွယ်လွယ်နဲ့ ကြံဆလို့ မရနိုင်ဘဲ ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဆက်ပြီး တူးဖော်ရင်း စူးစမ်းရှာဖွေမှုဟာ လမ်းကြောင်း နှစ်ကြောင်းပေါ်ကို ရောက်သွားပါတယ်။ နေဝင်ရီတရောမှာ တရောကို သပ်သပ်ခွဲမစဥ်းစားသင့်ဘူး။ ရီတရောကို တွဲစဥ်းစားသင့်တယ်လို့ ယူဆတဲ့ လမ်းကြောင်းနဲ့ တရောဟာ သရောကလာတာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ လမ်းကြောင်းပါ။
ဒီနေဝင်ရီတရောနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးထွန်းတင့်ကို မေးကြည့်တော့ ဆရာကြီး ဦးထွန်းတင့်က ရီတရောကို အရင် စပြောပါတယ်။ ရီတရောမှာ ရီရောကသာ အဓိပ္ပာယ်ရှိပါတယ်။ အလယ်မှာ ထည့်ထားတဲ့ တဝမ်းပူက အာဂမလို့ဆိုပါတယ်။ အပိုဖြည့်ထားတဲ့ ပုဒ်ဖြည့်သာ ဖြစ်ပြီး “တ” မှာ အနက်မရှိဘူးလို့ ဆိုပါတယ်။ ဝိုးတဝါး၊ တိတ်တခိုး၊ လတ်တလော၊ ရုတ်တရက်၊ တမှိုင်မှိုင်တတွေတွေ၊ တသမ်းသမ်းတဝေဝေ စတဲ့နေရာတွေမှာ ပါတဲ့ တဝမ်းပူကဲ့သို့ပဲ သီးခြားအဓိပ္ပာယ်မရှိဘဲ အပိုဖြည့်ရွတ်ဆိုတဲ့ စကားသံမျှသာ ဖြစ်တယ်လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။
ရီရောမှာ ရီနဲ့ရော နှစ်မျိုးစလုံးမှာ အနက်ရှိတယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ နှစ်ခုစလုံးရဲ့ ရင်းမြစ်ဟာ ရောနှောတဲ့ သဘောပဲလို့ဆိုပါတယ်။ ရောရဲ့ အဓိပ္ပာယ်ကို သူနဲ့အနက်တူတွဲလေ့ရှိတဲ့ နှောကိုတွဲကြည့်ရင် ပိုပေါ်လွင်ပါတယ်။ ရောဆိုတာ တခုထက်ပိုပြီး ပါဝင်ပေါင်းစပ်တာ ဖြစ်ပါတယ်။ ရီကတော့ ရောနှောခြင်းနဲ့ ဆက်စပ်နေတဲ့ သဘောရှိပါတယ်။ ရောနှောခြင်းရဲ့ အကျိုးဆက်လို့လည်း ဆိုလို့ ရကောင်းရပါမယ်။ ရောလိုက်တော့၊ နှောလိုက်တော့ မသန့်ရှင်းမကြည်လင်တော့ဘူးပေါ့။ ဝိုးတိုးဝါးတားဖြစ်သွားမှာပေါ့။ မရှင်းမလင်းဖြစ်သွားမှာပေါ့။ ဒီနေရာမှာ အလင်းနဲ့အမှောင်နဲ့ ရောနှောလို့ ရီသွားတယ်လို့လည်း ယူလို့ ရနိုင်ပါတယ်။ ရီကို သူနဲ့တွဲသုံးလေ့ရှိတဲ့ မှုန်ရီ၊ မှိုင်းရီ၊ မှောင်ရီ၊ ရီဝေတို့ကိုကြည့်ရင် အဓိပ္ပာယ်ပိုပေါ်လွင်ပါတယ်။ ဒီတော့ ဆရာကြီး ဦးထွန်းတင့်က ရီရောဟာ မှုန်ရီရောနှောနေတာကို ပြောတာလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ နေဝင်ရီတရောဟာ နေဝင်ရီရောပါပဲ။ နေဝင်ရီရောဟာ နေဝင်ချိန်မှာ မှုန်ရီရောနှောနေတာကို ဆိုလိုပါတယ်။
ဒီနေရာမှာ တခြားပညာရှင်တယောက်ရဲ့ အယူအဆကို နှိုင်းယှဥ်ဖော်ပြပါမယ်။ ဆရာတော်ဦးကောသလ္လရေးသားတဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟကျမ်းခေါ် မြန်မာစကားလုံးပြောင်းထုံးကျမ်းရဲ့ စာမျက်နှာ ၆၆၆ မှာ ရီရောကို အနက်နှစ်မျိုးဖွင့်ထားတာ ထူးထူးခြားခြား တွေ့ရပါတယ်။ ရီတရောမှာ အလယ်ကပါတဲ့ တဝမ်းပူဟာ ပုဒ်ဖြည့်သာဖြစ်တယ်၊ အသံပိုဖြည့်စွက်ထားတာသာ ဖြစ်တယ်ဆိုတဲ့ နေရာမှာ ဆရာကြီးဦးထွန်းတင့်နဲ့ ဆရာတော်ဦးကောသလ္လအတူတူပါပဲ။ မခြားနားပါဘူး။ ဒါပေမဲ့ ရီရောကို ဆရာတော် အဓိပ္ပာယ်ဖွင့်ရာမှာ နှစ်မျိုးဖွင့်ထားပါတယ်။
ပထမရီရောက နေဝင်ရီတရောမှာပါတဲ့ ရီရောပါ။ ရီဟာ ရီမှောင်ခြင်းလို့ ဆိုပါတယ်။ ဒါ့အပြင် ညနေကိုသာ နေဝင်ရီတရော ခေါ်ရုံမကဘဲ၊ မနက်ကိုပါရီတရောခေါ်ကြောင်းကို ဆရာတော်က အကိုးအကားအထောက်အထား ၂ ခုပြပါတယ်။
ပထမအကိုးအကားက ဘူရိဒတ်ဇာတ်ပေါင်းထဲက ဖြစ်ပါတယ်။ “နံနက်စောစော၊ ရီတရောက၊ ဖော်နှောတအုပ်”ဆိုတဲ့ နေရာမှာ နံနက်စောစောကိုလည်း ရီတရောလို့သုံးထားတဲ့အကြောင်းဖော်ပြပါတယ်။ ဒါ့အပြင် ဝေဿန္တရာဇာတ်တော်ကြီးထဲမှာလည်း “နေခြည်ရောင်နီ မတက်မီတည့် ရီတရောက”လို့ ဆိုထားကြောင်း ကိုးကားထားပါတယ်။
ဒီတော့ ဆရာတော်ရဲ့ ကိုးကားချက်အရ မနက်ပဲဖြစ်စေ၊ ညပဲဖြစ်စေ၊ အလင်းအမှောင်ရောယှက်ပြီး မသဲမကွဲမှုန်ရီနေတဲ့ ကာလကို ရီတရောလို့ ခေါ်နိုင်ကြောင်း ခေါ်ခွင့်ရှိကြောင်း သိလိုက်ရပါတယ်။
ဒါပေမဲ့ ဆရာတော်က အဲဒီရီရောမှာ ရီကသာ အနက်ရှိပြီး ရောက အနက်မဲ့လို့ ဆိုပါတယ်။ ရီကတော့ရီမှောင်တာပါတဲ့။
ဒါပေမဲ့ နောက်ထပ်ရီရောကိုလည်း ဆရာတော်ဦးကောသလ္လက အနက်ဖွင့်ထားတာ ရှိနေပြန်ပါတယ်။ နောက်ထပ်ရီရောက ဘယ်လိုနေရာမျိုးမှာသုံးသလဲဆိုတော့ “ထွန်းလစ်သောင်သဲ၊ ယှဥ်နွှဲဖော်နှော၊ ရီရောဇီဝဇိုး”ဆိုတဲ့ စာသားမှာပါတဲ့ ရီရောဟာ ရောနှောတာကို ပြောတာလို့ ဆရာတော်ကဆိုပါတယ်။ “ထွေလည်းမောစွ၊ ရီရောပြိုးပြွမ်း၊ မိုးချမ်းခါလု” ဆိုတဲ့နေရာမှာပါတဲ့ ရီရောပြိုးပြွမ်းက ရောနှောခြင်းအဓိပ္ပာယ်ဆိုတာ ပိုလို့တောင် ထင်ရှားပြန်ပါတယ်။ အဲဒီရီရောရဲ့ အနက်ဟာ ရောပြွမ်းခြင်းအနက်တည်းလို့ ဆရာတော်ကဖွင့်ဆိုပါတယ်။ အဲဒီရီရောမှာတော့ ရီဟာ အနက်မဲ့၊ ရောမှာသာ အနက်ရှိတယ်လို့ ဆိုပါတယ်။
ဆရာကြီးဦးထွန်းတင့်က ရီတာနဲ့ ရောတာ အတူတူပဲ နှစ်ခုစလုံးမှာ အနက်ရှိတယ်လို့ ကောက်ပါတယ်။ ဆရာတော်ဦးကောသလ္လက စကားလုံးနှစ်လုံးလို့မှတ်ယူပြီး ပထမရီတရောမှာ ရီက အနက်ရှိ၊ ရောက အနက်မဲ့၊ ဒုတိယရီရောမှာတော့ ရီက အနက်မဲ့၊ ရောက အနက်ရှိလို့ ယူထားတာကို ထူးထူးခြားခြား တွေ့ရပါတယ်။
ရီရဲ့ မှိုင်းရီခြင်းသဘောကို ဆရာကြီးဦးထွန်းတင့်ပြောတဲ့အထဲမှာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ စကားလုံးလေးပါပါတယ်။ အဲဒါကတော့ တငိုငိုတရီရီဆိုတဲ့စကားလုံးပါ။
“တချို့ကတော့ တငိုငိုတရယ်ရယ်လို့ ရေးရမယ်လို့ ထင်ကြလိမ့်မယ်။ မဟုတ်ဘူးဗျ။ ကလေးတွေပြောကြတဲ့ ငိုလိုက်ရယ်လိုက်လုပ်တဲ့သူကို လှောင်တဲ့ ငိုရယ်ငိုရယ်ဆန်တပြည်ဆိုရင်သာ ယပလက်သတ်နဲ့ ရယ်လို့ ရေးရမယ်။ အခုပြောတဲ့ တငိုငိုတရီရီဟာ ရကောက်လုံးကြီးတင်ဆန်ခတ်နဲ့ပဲရီပါတယ်။ သူ့သဘောက ဘာလဲဆိုတော့ ခုနပြောတဲ့ မှိုင်းရီတာကိုပြောတာ။ ငိုတယ်ဆိုတာဟာလည်း ငြိုတာ၊ ညိုတာနဲ့ အတူတူပဲဗျ။ ဒီတော့ တငိုငိုတရီရီဖြစ်နေတယ်ဆိုတာဟာ တညိုညို တရီရီ ဖြစ်နေတယ်လို့ ပြောတဲ့ သဘောမို့ ရကောက်လုံးကြီးတင်ဆန်ခတ်ရီနဲ့ရေးရပါတယ်။” လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။
ဒါကရီတရောရဲ့ အနက်ကိုရှာဖွေတဲ့လမ်းကြောင်းပါ။ တရောဟာ သရောကလာတယ်ဆိုတဲ့ ကြံဆချက်ဟာလည်း သိပ်မဆိုးလှဘူးလို့ ဆရာကြီး ဦးထွန်းတင့်ကဆိုပါတယ်။ ပုဂံခေတ်မြစေတီကျောက်စာထဲမှာ ကျန်စစ်မင်းကြီး သေအံ့မူးမူးအချိန်ကို ရေးတဲ့အခါ “သေခမူနာသုရှောတည်း”လို့ ရေးထားကြောင်း ဆရာကြီးက ဆိုပါတယ်။ အဲဒီသုရှောဆိုတာ သရောပါပဲတဲ့။ သရောဆိုတာ အချိန်ကာလပါ။ သက္ကတစကား “ဟောရ”ဟာ အချိန်အခါလို့ အဓိပ္ပာယ်ရကြောင်း ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ ဟောရကနေ၊ ရဟော၊ ရဟောကနေ ရှော၊ ရှောကနေ သရောဖြစ်လာတယ်လို့ တွေးတောကြံဆသူတွေရှိကြောင်း ဆရာကြီးဦးထွန်တင့်က ဆိုပါတယ်။ ဟောရကနေ ဟူးရားဖြစ်လာပြီး အခါတော်ပေးဗေဒင်တွေ တွက်တဲ့သူတွေကို ဟူးရားလို့ခေါ်ကြောင်းလည်း ဆရာကြီး ဦးထွန်းတင့်ကရှင်းပြပါတယ်။
ဒီတော့ နေဝင်ရီတရောဆိုတာ “သရော”ကနေ ပြောင်းလာတာလို့ယူဆပြီး နေဝင်ရီသရော၊ နေဝင်ကာနီးရီမှိုင်းနေတဲ့အချိန်လို့ ကြံဆမယ်ဆိုရင်လည်း သိပ်မရိုင်းလှပါဘူးလို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။
နေဝင်ရိုးရီရဲ့ ရိုးရီကိုရော ဘယ်လို အနက်ဖွင့်နိုင်ပါသလဲလို့ ဆရာကြီး ဦးထွန်းတင့်ကို ဆက်မေးပါတယ်။
“အဲဒီရိုးကမှ အနက်မဲ့တာဗျ။ ရီမှာပဲအနက်ရှိတယ်။ မြန်မာစကားမှာ အိုးကာရံတွေကို အနက်မဲ့ ဖြည့်စွက်ပြောဆိုတဲ့ သာဓကတွေ အများကြီးရှိပါတယ်။”
အနက်မဲ့ အိုးကာရံတွေကို နမူနာပြောရရင် ဝိုးဝါးမှာ ဝါးကသာ အနက်ရှိပါတယ်။ မထင်ရှားတာပါ။ ဝိုးမှာအနက်မရှိပါဘူး။ ဝိုးကအိုးကာရံအပိုဖြည့်ပြောဆိုတာပါ။ စကားတန်ဆာဆင်တာပါ။ သိုးကာသီကာဆိုတဲ့ သိုးသီမှာ သိုးဟာ အနက်မရှိပါဘူး။ စကားတန်ဆာဆင်တာပါ။ သီမှာသာ အနက်ရှိပါတယ်။ လိုနေတာ၊ ညံ့နေတာဖြစ်ပါတယ်။ စိုးစီမှာလည်း အလားတူပါပဲ။ စီဟာ စီစီညံညံအနက်ရှိပါတယ်။ စိုးမှာ အနက်မရှိပါဘူး။
ဝိုးဝင်း၊ ပြိုးပြက်၊ ကိုးလိုးကန့်လန့်၊ မိုးတိုးမတ်တတ်၊ ပိုးစိုးပက်စက်၊ ဟိုးလိုးဟောင်းလောင်း၊ ခိုးလိုးခုလု၊ ဆိုးကနဲဆတ်ကနဲ၊ တိုးလိုးတန်းလန်း စတဲ့ စကားတွေမှာပါတဲ့ အိုးကာရံအားလုံးဟာ စကားတန်ဆာဆင်ထားတဲ့ အနက်မဲ့ စကားလုံးတွေသာ ဖြစ်ပါတယ်။
သရောခိုင်းတယ်၊ သရောခိုက်တယ်၊ သရောထန်တယ်ဆိုတဲ့စကားတွေမှာပါတဲ့ သရောဟာလည်း စိတ်ဝင်စားစရာပါ။ သရောကလည်း အချိန်အခါ၊ ကပ်ကလည်းအချိန်အခါ၊ ကာလကလည်း အချိန်အခါ၊ ကမ္ဘာကလည်း အချိန်အခါဆိုတဲ့ ကပ်ဘေးဆိုင်ရာ အချိန်အခါ အသုံးအနှုန်းတွေကိုတော့ နောင်မှာ အကျယ်ထပ်ဆွေးနွေးပါမယ်။
ဒီနေရာက ယူပါတယ်https://www.facebook.com/thein.abc
0 comments:
Post a Comment