Monday, December 14, 2020

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၃)

0 comments

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၃)

 

၎င်းတို့မှာ အမဲလိုက်ကိရိယာနှင့် ငါးဖမ်းကိရိယာများဖြစ်ပြီး အမဲလိုက်ကိရိယာများသည် တချိန်တည်းတွင် လက်နက်များ လည်းဖြစ်၏။ သို့သော် အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းသည် အသီးအရွက်ကိုသာစားသောက်ခြင်းမှ အသားကိုပါတွဲဖက်စားသောက်ခြင်းသို့ ကူးပြောင်းရေးအတွက် ရှေးဦးလိုအပ်ချက်ဖြစ်ပြီး ၎င်းသည် လူဝံမှလူသို့ ကူးပြောင်းရေးဖြစ်စဉ်တွင် အရေးကြီးသောခြေလှမ်းတလှမ်းလည်း ဖြစ်၏။ အသားအစားအစာတွင် ခန္ဓာကိုယ်တွင်း အသစ်အဟောင်းလှည့်ပတ်မှုအတွက် လိုအပ်သည့် အရေးအကြီးဆုံးအဆင့်ဖြစ်လုနီးပါး အစိတ်အပိုင်းများပါရှိသည်။ ၎င်းသည် အစာကြေညက်ရန်လိုအပ်သောအချိန်ကို တိုတောင်းစေခဲ့သည်သာမက အပင်ဘဝနှင့်လျော်ကန်သော အပင်သဏ္ဌန်ဆောင်သောခန္ဓာကိုယ်တွင်း အခြားဖြစ်စဉ်များကိုလည်း တိုတောင်းသွားစေသည်။ ဤသို့ဖြင့် စစ်မှန်သောသတ္တဝါဘဝကို ဖော်နိုင်ရန် ပို၍များပြားသော အချိန်၊ ရုပ်ဝတ္ထုနှင့်ဆန္ဒတို့ကိုရရှိခဲ့ပေ၏။ ထို့ပြင် ကူးပြောင်းဆဲလူသည် အပင်များမှအလှမ်းဝေးလေလေ တိရိစ္ဆာန်ထက် မြင့်တက်လေလေဖြစ်သည်။ အသားစားခြင်းမှ အသီးအရွက်ကိုပါ စားသောအလေ့အထဖြစ်လာမှုသည် တောကြောင်များနှင့် တောခွေးများကို လူ၏အစေအပါးအဖြစ်သို့ ပြောင်းလဲစေလိုက်သကဲ့သို့ပင် အသီးအရွက်စားခြင်းမှ အသားကိုပါစားခြင်းသို့ လိုက်လျောညီစွာ ဖြစ်လာမှုသည် ကူးပြောင်းဆဲလူ၏ ကာယစွမ်းနှင့်အမှီခိုကင်းမှုကို ကြီးမားစွာအကျိုးပြုလိုက်သည်။ သို့စေကာမူ အသားအစားအစာ၏ အဓိကအကျိုးသက်ရောက်မှုမှာ ဦးနှောက်အပေါ်တွင်ဖြစ်သည်။ ယခုအခါ ဦးနှောက်၏အာဟာရဖြည့်တင်းမှုနှင့်ဖြစ်ပေါ်တိုးပွားမှုအတွက် လိုအပ်သောရုပ်ဝတ္ထုများ ယခက်ထက်ပို၍ရရှိလာခဲ့ရာ ၎င်းသည် မျိုးဆက်တဆက်ပြီးတဆက် ပိုမိုလျှင်မြန်စွာနှင့် ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြစ်ပေါ်တိုးပွားလာနိုင်ခဲ့သည်။ သတ်သတ်လွတ်စားသူများကို လေးစားပါသည်။ သို့သော် လူသည် အသားမစားပဲ လက်ရှိအဆင့်အထိ ရောက်မလာနိုင်သည်ကိုကား အသိအမှတ် ပြုရပေမည်။ ကျနော်တို့သိရှိထားသော လူမျိုးများထဲမှလူတို့သည် အသားစားခြင်းမှ တကြိမ်တခါတွင် လူသားစားခြင်းအထိရောက်ရှိခဲ့သည့်တိုင်အောင်(ဘာလင်သား၏ဘိုးဘေးများဖြစ်သည့် ဝီလက်တဆီယမ်များ သို့မဟုတ် ဝီဇီယံများသည် ၁၀ ရာစုနှစ်အထိ သူတို့၏မိဘများကို စားသောက်လေ့ရှိသည်) ၃* ၎င်းသည် ယနေ့ကျနော်တို့နှင့် မည်သို့မျှမသက်ဆိုင်ချေ။

 

အသားစားခြင်းသည် အရေးကြီးသောအဆုံးအဖြတ်ပေးသည့် တက်လှမ်းမှုအသစ်နှစ်ရပ်ဖြစ်သော မီးကိုအသုံးပြုခြင်းနှင့် တိရိစ္ဆာန်မွေးမြူခြင်း တို့ကို ဖြစ်စေ၏။ မီးသည် တစိတ်တပိုင်းကြေညက်ပြီးဖြစ်သောအစားအစာနှင့် ပါးစပ်ကိုဖြည့်တင်းပေးခြင်းနှင့် အစာချေသောဖြစ်စဉ်ကို ပိုမို တိုတောင်းစေလိုက်သည်။ အမဲလိုက်ခြင်းအပြင် တိရိစ္ဆာန်များမွေးမြူခြင်းသည် ပိုမိုမှန်တမ်းဖြစ်သော အစားအစာရေသောက်မြစ်အသစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြင့် အသားကို ပိုမိုကြွယ်ဝလာစေသည်။ ထို့ပြင် အနည်းဆုံး အသားကဲ့သို့ အာဟာရဓာတ်ပါရှိသော အစားအစာသစ်ဖြစ်သည့် နွားနို့နှင့် နို့ထွက်ပစ္စည်းများ ဖြည့်တင်းပေးလိုက်သည်။ သို့ဖြင့် ဤတက်လှမ်းမှုနှစ်ရပ်စလုံးသည် တိုက်ရိုက်အားဖြင့် လူတို့၏လွတ်မြောက်ရေး အတွက် နည်းလမ်းသစ်များဖြစ်လာသည်။ သွယ်ဝိုက်သောအကျိုးသက်ရောက်မှုမှာ လူနှင့်လူ့အဖွဲ့အစည်းတို့၏ ဖြစ်ပေါ်တိုးပွားမှုတွင် အလွန် တရာအရေးကြီးသောအခန်းမှပါသော်လည်း ရှည်ဝေးသွားလိမ့်မည်ဖြစ်သောကြောင့် ဤနေရာတွင် ကျနော်တို့ အသေးစိတ်မရှင်းပြတော့ပါ။

 

လူသည် စား၍ရသောအရာမှန်သမျှ စားတတ်လာသကဲ့သို့ပင် မည်သည့်ရာသီဥတုတွင်မဆို နေထိုင်တတ်လာခဲ့၏။ လူသည် မိမိဘာသာ ဤသို့ အပြည့်အဝလုပ်နိုင်စွမ်းရှိသည့် တခုတည်းသောသတ္တဝါဖြစ်သည့်အလျှောက် နေထိုင်နိုင်သောကမ္ယာအရပ်ရပ်သို့ ပြန့်နှံ့သွားခဲလေ၏။ အခြား သတ္တဝါများသည် ရာသီဥတုအမျိုးမျိုးတွင် နေထိုင်တတ်လာခြင်းမှာ မိမိဘာသာမဟုတ်ပဲ လူတို့နှင့်လိုက်၍နေထိုင်ရာမှ တတ်မြောက်လာခဲ့ခြင်း ဖြစ်၏။ ဥပမာ အိမ်မွေးတိရိစ္ဆန်နှင့် ဥပါဒ်ပေးတတ်သော ပိုးမွှားတိရိစ္ဆာန်တို့ဖြစ်သည်။ အမြဲတမ်းပူအိုက်သည့် လူတို့၏မူလဒေသမှ တနှစ်တွင် နွေနှင့်ဆောင်းအဖြစ်ပိုင်းခြားထားသော ပိုမိုအေးသည့်ဒေသများသို့ပြောင်းရွှေ့ခြင်းက လိုအပ်မှုအသစ်များ ပေါ်ပေါက်လာစေသည်။ အအအေးနှင့် စွတ်စိုမှုကိုကာကွယ်သော အမိုးအကာနှင့်အဝတ်အစားကို၎င်း၊ လုပ်ခင်းလုပ်ကွက်သစ်များ ထိုမှတဆင့်လှုပ်ရှားမှုသစ်များကို၎င်း ပေါ်ပေါက်စေ၏ ယင်းသည် လူကို တိရိစ္ဆာန်မှ ပို၍ပို၍ ကွဲကွာလာစေတော့၏။ 

 

လက်၊ စကားပြောအင်္ဂါနှင့်ဦးနှောက်တို့သည် တဦးစီတွင်သာမက လူ့အဖွဲ့အစည်း တွင်လည်း ပူးတွဲပြုမူသောကြောင့် လူတို့သည် ပို၍ပို၍ရှုပ်ထွေးသော ပြုမူလှုပ်ရှားမှုများကို လုပ်နိုင်စွမ်းရှိလာသည်။ ပိုမြင့်မားသောရည်မှန်းချက်ကို မိမိဘာသာချမှတ်နိုင်စွမ်းနှင့် အကောင်အထည်ဖော်နိုင်စွမ်းလည်း ရှိလာကြသည်။ အလုပ်သည် မျိုးဆက်တဆက်ပြီးတဆက် ကွဲပြားခြားနားကာ ပို၍ပြည့်စုံကောင်းမွန် ပို၍ဘက်ပေါင်းစုံလာ၏။ အမဲလိုက်ခြင်းနှင့် တိရိစ္ဆာန်မွေးခြင်းတို့အပြင် လယ်ယာလုပ်ငန်းပါ တိုးများလာသည်။ ထို့နောက် ချည်ငင်ခြင်း၊ ယက္ကန်းယက်ခြင်း၊သတ္တုလုပ်ငန်း အိုးခွက်လုပ်ငန်းနှင့် ရေကြောင်းသွာလာခြင်းတို့ပါ တိုးများလာ၏။ ကုန်သွယ်ရေး စက်မှုလက်မှု လုပ်ငန်းနှင့်တပါတည်း အနုပညာနှင့်ဝိဇ္ဇာပညာ တို့သည် နောက်ဆုံး၌ပေါ်ထွက်လာသည်။ မျိုးရိုးတူအုပ်စုများမှနေ၍ အမျိုးသားများနှင့် နိုင်ငံတော်များအဖြစ်သို့ တိုးပွားလာခဲ့၏။ တရားဥပဒေနှင့်နိုင်ငံရေးပေါ်ထွက်လာခဲ့ပြီး ၎င်းတို့နှင့်အတူ လူတို့၏ဦးနှောက်ထဲတွင် လူ့ဘဝ တည်ရှိမှုအပေါ် စိတ်ကူးရောင်ပြန်ဟပ်ချက်အဖြစ် ဘာသာရေးပေါ်ပေါက်လာခဲ့၏။ ဦးစွားအားဖြင့် ဦးနှောက်၏ရလာဒ်အဖြစ် ပေါ်ထွက်လာသော လူသားအဖွဲ့အစည်းကို လွှမ်းမိုးနေဟန်ရှိသော ဤ ဖန်တီးမှုအားလုံး၏ရှေ့မှောက်တွင် အလုပ်လုပ်သောလက်ဖြင့် ထုတ်လုပ်လိုက်သော ပို၍ရိုးသောအရာများသည် နောက်ကွယ်သို့ရောက်သွားသည်။ ထိုမျှမက လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှု‌ စောစောပိုင်းအဆင့်(ဥပမာ ရှေးဦးမိသားစု)ကတည်းက အလုပ်ကိုစီစဉ်ခဲ့သောဦးနှောက်သည် စီစဉ်ထားသည့်အလုပ်ကို မိမိလက်ဖြင့်မဟုတ်ပဲ သူတပါး၏လက်ဖြင့် ဆောင်ရွက်စေနိုင်စွမ်းရှိလာသည်။ ယဉ်ကျေးမှု လျှင်မြန်စွာတက်လှမ်းခဲ့ခြင်းသည် ဦးခေါင်း၏ကောင်းမှုကြောင့်၎င်း၊ ဦးနှောက်၏ဖြစ်ပေါ်တိုးပွားမှုနှင့်လှုပ်ရှားမှု ကောင်းမှုကြောင်း၎င်းဖြစ်သည်ဟု မှတ်ယူကြသည်။ လူတို့သည် မိမိတို့၏လှုပ်ရှားမှုများကို မိမိတို့လိုအပ်ချက်များမှနေ၍ရှင်းပြရမည့်အစား မိမိတို့တွေးတောမှုများမှရှင်းပြသောအလေ့အထ ရှိကြသည်။ (၎င်းလိုအပ်ချက်များမှာ မည်သို့ပင်ဖြစ်စေ ဦးနှောက်တွင်ရောင်ပြန်ဟပ်ကာ အသိဖြစ်လာကြသည်) သို့ဖြင့် အချိန်ရွေ့လျားလာသည့် အလျှောက် စိတ်ဝါဒ ကမ္ဘာ့အမြင်ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် အထူးသဖြင့်ရှေးခေတ်ကမ္ဘာ ကုန်ဆုံးသွားသည့်အချိန်မှစ၍ လူများ၏ ဦးနှောက်တွင် လွှမ်းမိုးခဲ့သည်။ ၎င်းသည် အတိုင်းအတာကြီးမားစွာ စိုးမိုးနေဆဲဖြစ်ရာ ဒါဝင်ဂိုဏ်းထဲမှ ရုပ်ဝါဒအကျဆုံးသော သဘာဝ ဝိဇ္ဇာပညာရှင်များသည်ပင်လျှင် လူ၏မူလအစနှင့်ပတ်သက်၍ ရှင်းလင်းသောမည်သည့်အယူအဆကိုမျှ မထူထောင်နိုင်သေးပေ။ အကြောင်းမူ စိတ်ဝါဒ၏ဩဇာသက်ရောက်မှုအောက်တွင် သူတို့သည် လူစတင်ပေါ်ပေါက်ခဲ့စဉ်က အလုပ်၏ပါဝင်ရာအခန်းကို မသိမြင်ကြ၍ဖြစ်သည်။

 

ဖော်ပြခဲ့ပြီးသည့်အတိုင်းပင် တိရိစ္ဆာန်များသည် အတိုင်းအတာမတူစေကာမူလူကဲ့သို့ မိမိတို့၏ပြုမူမှုများဖြင့် ပြင်ပသဘာဝကို ပြောင်းလဲကြသည်။ ကျနော်တို့တွေ့မြင်ကြသည့်အတိုင်း ၎င်းတို့ကြောင့် ပြောင်းလဲသွားသောပတ်ဝန်းကျင်သည် ၎င်းတို့အပေါ် တုန့်ပြန်ဩဇာသက်ပြီး ၎င်းတို့ကိုပင် ပြောင်းလဲလိုက်စေသည်။ အကြောင်းမူ သဘာဝနယ်ပယ်တွင် သီးခြားဖြစ်ပေါ်နေသောအရာဟူ၍ မရှိသောကြောင့်တည်း။ အရာတိုင်းသည် တခုနှင့်တု အပြန်အလှန် ဩဇာသက်ရောက်ပေသည်။ အများအားဖြင့် ဤဘက်ပေါင်းစုံလှုပ်ရှားမှုနှင့် အပြန်လှန်ပြုမူမှုကို မေ့လျော့ထားကြသည့်အတွက်ကြောင့် ကျနော်တို့၏ သဘာဝဝိဇ္ဇာပညာရှင်များသည် အရိုးဆုံးသော အရာဝတ္ထုများကိုပင်လျှင် ရှင်းလင်းစွာမမြင်တော့ပေ။ ဂရိ ပြည်ရှိသစ်တောများ ပြန်မပေါက်နိုင်ရန် ဆိတ်များက မည်သို့ အတားအဆီးပြုခဲ့သည်ကို ကျနော်တို့တွေ့မြင်ရသည်။ စိန့်ဟယ်လီနာကျွန်းပေါ်သို့ ပထမဆုံးရောက်လာသူများက သယ်ယူလာသော ဆိတ်နှင့်ဝက်များသည် ရှိရင်းစွဲအပင်အားလုံးနီးပါးကို စားပစ်လိုက်ကြသည်။ သို့ဖြင့် နောက်တွင်ရောက်လာမည့် သင်းဘောသားများနှင့် ရွှေပြောင်းနေထိုင်သူများ ယူဆောင်လာသည့်သီးနှံများပြန့်ပွားစေရန် နေရာအသင့်ဖြစ်စေသည်။ သို့သော် တိရိစ္ဆာန်များသည် ၎င်းတို့၏ပတ်ဝန်းကျင်ကို ကြာမြင့်စွာအကျိုးသက်ရောက်သည်ဟုဆိုလျှင် ၎င်းသည် မရည်ရွယ်ပဲဖြစ်ခဲ့သည်။ တိရိစ္ဆာန်များအတွက်ဆိုသော် ၎င်းသည် ရှောင်တခင်အခြင်းအရာဖြစ်သည်။ သို့သော် လူသည် တိရိစ္ဆာန်နှင့်အလှမ်းဝေးလာလေလေ သဘာဝအပေါ် အကျိုးသက်ရောက်မှုသည် ကြိုတင်သိရှိထားသော အတိအကျရည်မှန်းချက်များသို့ရှေ့ရှုသည့်ကြိုတင်ကြံဆထားသော အစီအစဉ်ရှိသော ပြုမူမှုလက္ခဏာပို၍ ဆောင်လာလေလေဖြစ်၏။ တိရိစ္ဆာန်များသည် ဒေသတနေရာရာမှအပင်များကို ဖျက်မှန်းမသိဖျက်ဆီးပစ်လိုက်ကြ၏။ လူကဖျက်ဆီးခြင်းမှာ ခုတ်ထွင်ပြီးသောမြေပေါ်တွင် လယ်ယာသီးနှံများစိုက်ပျိုးရန် သို့မဟုတ် သစ်ပင်များသော်၎င်း၊ စပျစ်ပင်များသော်၎င်း စိုက်ပျိုးရန်ပင်ဖြစ်သည်။ ဤသို့စိုက်ပျိုးခြင်းသည် စိုက်ကြဲလိုက်သည့်ပမာဏထက် အဆများစွာထွက်လိမ့်မည်ဟု သူတို့ကသိရှိထားကြသည်။ လူသည် အသုံးဝင်သောအပင်များနှင့် မွေးမြူသောတိရိစ္ဆာန်များကို တတိုင်းပြည်မှတတိုင်းပြည်သို့ ပြောင်းရွှေ့ခြင်းဖြင့် ကမ္ဘာတခုလုံးရှိ တိရိစ္ဆာန်နှင့်အပင်များကို ပြောင်းလဲပစ်လိုက်၏။ ထိုမျှမက လူ၏မျိုးစပ်ပေးခြင်းဖြင့် အပင်များနှင့်တိရိစ္ဆာန်များသည် လူ၏လက်ထဲတွင် မမှတ် မိနိုင်လောက်အောင် ပြောင်းလဲသွားကြသည်။ လက်ရှိသီးနှံအမျိုးမျိုး၏ မူလအစဖြစ်သော အပင်ရိုင်းများကို ရှာဖွေရွေ့ပင်မတွေ့တော့ပေ။ တကောင်နှင့်တကောင်မတူသောခွေးများ သို့မဟုတ် အလားတူပင် အမျိုးအစားများပြားလှသောမြင်းများသည် မည်သည့်တိရိစ္ဆာန်ရိုင်းများမှ ဆင်သက်လာသည်ဆိုသောပြဿနာမှာ ငြင်းခုံနေကြဆဲဖြစ်ပေသည်။

0 comments:

Post a Comment