ဗမာပြည်ရဲ့ ကံကြမ္မာ
Destiny
၂၀၀၆ ခုနှစ်ကရေးခဲ့တာပါ။
(၁)
အင်္ဂလိပ်လို ထည့်ပြီးရေးတာက ရှင်းအောင်လို့ပါ။ Destiny ကို ကံကြမ္မာလို့ ဘာသာပြန်ရတာ မကြိုက်လှပါဘူး ။
“ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး” ဆိုတဲ့ ကံကြမ္မာလို့ပဲ ယူစေလိုပါတယ်။
လွတ်လပ်ရေးအတွက် အနစ်နာခံ တိုက်ခဲ့ကြတာဟာ ဗမာပြည်က ကမ္ဘာ့အလယ်မှာ အလံတလက်၊ နေရာတခုလောက် ရဖို့ထက် ပိုပါတယ်။ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်” ရချင်တာပါ။ ၁၉၄၈-မှာ ဖန်တီးခွင့် ရခဲ့ပါတယ်။ ဘယ်လို
ဖန်တီးခဲ့ကြသလဲ၊ ရှေ့မှာ ဘယ်လိုဖန်တီးကြမလဲ။ ဒါကိုပဲ ပြောချင်တာပါ။
(၂)
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရတာ အခုဆိုရင် နှစ် ၆၀ နီးပါး ရှိခဲ့ပါပြီ။ ဘာတွေ ဖန်တီးပြီးပြီလဲဆိုတာ ကြည့်လိုက်တော့ ထိတ်လန့် မိတယ်။ ကိုယ့်ပတ်လည်က တိုင်းပြည်တွေကိုကြည့်မိပြန်တော့ ဝမ်းနည်းမိတယ်။ ဝမ်းနည်းတယ်ဆိုတာကို စိတ်ဓာတ်ကျတာနဲ့
မရောလိုက်ပါနဲ့။ စိတ်ဓာတ်မကျပါဘူး။ စိတ်ဓာတ်ကျသူတွေက “လွတ်လပ်ရေးယူခဲ့တာ မှားပြီလား” “ဓနသဟာယထဲမဝင်မိတာ မှားပြီလား” “လူမျိုးစရိုက်ကိုက လွတ်လပ်ရေးနဲ့မတန်တာလား” “အင်္ဂလိပ်တည်ထောင်ထားတဲ့ ဗျူရိုကရေစီယန္တရားကြီးကို ရိုက်ချိုးသလိုလုပ်မိတာ မှားသွားပြီလား”ဆိုပြီး “လား”တွေ အများကြီး မေးနေတဲ့အထဲ ‘ဗကပ’ မပါပါဘူး။ အတိတ်ကို သင်ခန်းစာယူပြီး ရှေ့မှာ ဘာလုပ်မလဲ၊ကိုယ့်ကြမ္မာကိုယ် ဘယ်လို ဖန်တီးမလဲဆိုတာပဲ စဉ်းစားပါတယ်။ “အလှမ်းကွာ နေပြီ”“အဟပ်ကွာနေပြီ” လောက်ပဲ အသိပေးတဲ့အရေးအသား ဖြစ်စေဦး၊ အဲဒီ အရေးအသားမှန်သမျှကိုတော့ ကြိုဆိုနေမှာပါ။
(၃)
တရုတ်ပြည်ရဲ့ ကံဇာတာနိမ့် တာကို ၁၉၀၀ ပြည့်နှစ်လို့ သူတို့က သတ်မှတ်ကြပါတယ်။ ပီကင်းကို အင်အားကြီး “၈”နိုင်ငံက
သိမ်းပိုက်တာခံရတဲ့နှစ်ကို ပြောတာပါ။ ဗမာပြည်ကတော့ သူတို့ထက်စောပါတယ်။ ၁၈၂၄ ကစပြီး ကံဇာတာ နိမ့်တာပါ။ ဒါပေမဲ့ သတိ
မပြုကြပါဘူး။ နှစ် ‘၆၀’လုံးလုံး ပဒေသရာဇ်အတွေးအခေါ်ထဲမှာပဲ ကျင်လည်ကြပြီး နန်းလုပွဲတွေ တခြိမ်းခြိမ်း လုပ်နေကြတယ်။ ၁၈၈၅-
မှာ တပြည်လုံး ကျွန်ဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်နဲ့ ဗမာပြည် မတူပါဘူး။
အဆိုးထဲက အကောင်းလို့ပြောရမှာက ပဒေသရာဇ် အတွေးအခေါ် တွေထဲကနေပြီး (ပညာတတ်တွေ) ကျွတ်လွတ်လာတာပါ။ ရခိုင်နဲ့ တနင်္သာရီက ပညာရှင်တွေကို ကျေးဇူးတင်ရမှာ ပါ။ သူတို့က ခေတ်မီနိုင်ငံရေး၊ သိပ္ပံ-ဝိဇ္ဇာ၊ စီးပွားရေး၊ ဘက်ပေါင်းစုံကို မိတ်ဆက်ပေး ကြပါတယ်။ သူတို့ကြောင့်ပဲ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်လာတတ်တာပါ။
အခုလည်း အတော်များများ ပညာရှင်တွေက ဂလိုဘယ်လိုက်ဇေးရှင်း အတွေးအမြင်တွေ ရေးနေကြပါတယ်။ ကောင်းပါတယ်။ ပြည်ပကို ခဏတဖြုတ် ရောက်သူတွေကလည်း ပြည်ပမှာ တိုးတက်နေကြတာကိုအားကျစရာ ရေးကြတာလည်း ရှိပါတယ်။
ဒါလည်း ကောင်းပါတယ်။
ဒါပေမဲ့ ကိုယ့်ဘဝအခြေအနေကိုပြန်ကြည့်ပြီး စိတ်ဓာတ်ကျသလိုလို ရေးတာတော့ မကြိုက်လှပါဘူး။ လွတ်လပ်ရေးအတွက် တိုက်ရတဲ့ခေတ်ကလို မာန်တင်းသံပဲ ပေးဖို့သင့်ပါတယ်။ ဟိုတုန်းကလည်း အိုင်ယာလန်ကို အားကျတုန်းက သူတို့လို လုပ်ဖို့ စိတ်ကူးယဉ်ဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်အခြေအနေက သူတို့နဲ့ မတူတာပဲ။ အသုဘမှာ ပေထုပ်ဖောက်ဖို့ ပေထုပ်လောက်
ပဲ လုပ်တတ်ကြတာ။ ဒါပေမဲ့ မာန်မလျှော့ပါဘူး။ အခုလည်း မာန်တော့ မချဖို့ အရေးကြီးပါတယ်။
(၄)
“မျက်မှောက်ခေတ်” ကို တွက်တတ်ဖို့ လိုပါတယ်။ စစ်အေးခေတ်တုန်းက ‘ကမ္ဘာ့အခင်း အကျင်း’မျိုး အခုမရှိတော့ပါဘူး။ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်္ကာပူရဲ့ “ဖြတ်လမ်းမျိုး” ကို အခုသွားပြီး စဉ်းစားလို့ မရပါဘူး။ အခု ဖြစ်နေတဲ့ ကမ္ဘာ့အခင်းအကျင်းသစ်က အရည်တည်ကာလပါ။ အတည်တကျ မဟုတ်ပါဘူး။ မြက်မြက်မစားရဘဲ နှဲကြီးနင်းမိနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ကိုယ့်လမ်း
ကိုယ်ထွင်ပြီး လုပ်ရမှာပါ။ ကိုယ့်တာဝန် ကိုယ်ယူပြီးလည်း လုပ်ဝံ့ရမှာပါ။
သန်းရွှေစစ်အုပ်စု ဘာလိုချင်သလဲဆိုတာကို ခေါင်းခြောက်အောင် စဉ်းစားနေစရာ မလိုပါဘူး။ သူတို့ ဘာလိုချင်တယ်ဆိုတာကို စဉ်းစားပြီးကိုယ်က ဘာတွေ လျှော့ပေးရမလဲ စဉ်းစားရေင် အနာတခြား ဆေးတခြားဖြစ်ပြီး “၂၀၁၀” ခုနှစ်မှာ ပြည်တွင်းလူထုနဲ့ ပြည်ပရောက်တွေ “အလှမ်းကွာကြ”“အဟပ် ကွာကြ”တော့မှာကို စိုးရိမ်မိပါတယ်။
သမိုင်းသင်ခန်းစာယူစရာ ခပ်နီးနီးမှာပဲရှိပါတယ်။ ၁၉၆၀-ခုနှစ် ရွေးကောက်ပွဲတုန်းက ပထစ(သန့်ရှင်း ဖဆပလ) အပြတ်အသတ် အနိုင်ရပါတယ်။ အာဏာကိုတောင် ခဏတဖြုတ် ရလိုက်ပါတယ်။ ဒါပေမဲ့ မကြာပါဘူး။ “တော်လှန်ရေးကောင်စီက အာဏာသိမ်း လိုက်ပါတယ်။ နေဝင်းက အပြတ်ဖြတ်ပါတယ်။ ဖဆပလ “၂”ခြမ်း စလုံးကို အပြတ်ချေမှုန်းပါတယ်။ သန်းရွှေတို့လုပ်သလို
အမျှင်မပြတ်ဘဲ ထန်းလျက်လုံး ခွေးလျက်သလို မလုပ်ပါဘူး။ ဦးနုက အက်ဒွပ်လောရုံကို ဆရာတင်ပြီး စိတ်ကူးယဉ်လမ်းစဉ်နဲ့လုပ်တော့ တောင်မရောက်မြောက်မရောက်ဖြစ်ပြီး ခေါင်းငုံ့ကာ “အိမ်ပြန်”ရပါတယ်။ အိမ်မပြန်တဲ့ ဗိုလ်လက်ျာ ရေတိမ်နစ်ရပါတယ်။
NLD လည်း ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမှာ ပထစလိုပဲ အနိုင်ရပါတယ်။ ဒါပေမဲ့ အာဏာကိုခဏတဖြုတ်တောင် မရပါဘူး။ ၂၀၁၀-ရောက်ရင် NLD ဘယ်အခြေရောက်မလဲဆိုတာကို စိတ်ပူပါတယ်။ “၁၉၉၀-ရွေးကောက်ပွဲ အောင်ပွဲရအလံ” ကို(ပြည်တွင်းမှာ) ဆက်လွှင့်နေလို့ ရတော့မယ် မထင်ပါဘူး။ (ပြည်ပမှာတော့ လွှင့်လို့ ရမယ်။)
ဗမာပြည်ရဲ့နာတာရှည်ရောဂါကို အာဆီယံ ASEAN ဆေးဆရာပင့်ကုဖို့၊ UNSC(ကလုသမဂ္ဂ လုံခြုံရေးကောင်စီ) ဆေးဆရာပင့်ပြီး ကုဖို့
စဉ်းစားနေရင် စစ်အာဏာရှင်စနစ်က ပုံစံတမျိုးနဲ့ အထိုင်ကျသွားတော့မှာပါ။ အဲဒီလို အခြေအနေရောက်ရင် နိုင်ငံရေးစင်မြင့်အသစ် တခုပေါ်မှာ“ပြည်တွင်းစစ်အသစ်”တခုပေါ်လာမှာပါပဲ။ ဗမာပြည်ရဲ့ ကံကြမ္မာကလည်း တော်
တော်လှန်စစ်နဲ့ပဲ ဖြေရှင်းရဦးမှာပါပဲ။
(၅)
“၂၀၀၆” ခုနှစ်ကို အလှည့် အပြောင်း နှစ်၊ ဗမာပြည်ရဲ့ ကံကြမ္မာအလှည့်အပြောင်းနှစ် ဖြစ်စေဖို့ ဝိုင်းဝန်းလုံးပန်းကြရပါမယ်။ သူတပေါက် ကိုယ်တပေါက် လုပ်မနေရအောင် ‘ဗကပ’က အတိတ်ကိုအတိတ်မှာ ထားခဲ့ဖို့ ပြောတာပါ။ အတိတ်ကို မေ့ပစ်ဖို့ မပြောပါဘူး။ အတိတ်ဆိုတာ မေ့စကောင်းတဲ့အရာ မဟုတ်လို့ပါ။ တလောကပဲ ဆိုရှယ်လစ်ဦးကျော်ငြိမ်း သားတယောက်က ၄၈-ပြည်တွင်းစစ် အကြောင်း၊ သူ့ အဖေအကြောင်းမပြောစေချင်ဘူးလို့ ရေးလာပါတယ်။ သဘောတူလိုက်ပါတယ်။ အဲဒီကတည်းက ကျွန်တော်တို့
ဘက်က မပြောဘဲနေခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကိုပဲ ဇောင်းပေးချင်လို့ပါ။ အားလုံးနဲ့ တသဘောတည်း၊ တစိတ်တဝမ်းတည်း လုံးပန်းချင်လို့ပါ။
၄၈-ပြည်တွင်းစစ်ခရီးမှာ ရန်ဘက်ဖြစ်ခဲ့သူ အားလုံးအပေါ်မှာလည်း ဒီလိုပဲ သဘောထားပြီး အတိတ်ကို ထားခဲ့ပါတယ်။
ဒါပေမဲ့ သတိပြုသင့်တာက သန်းရွှေတို့ဟာ အတိတ်ရဲ့ အာဏာအမွေဆိုးကို ဆက်ခံခဲ့သူတွေပဲဆိုတာ မမေ့သင့်ပါဘူး။ သူတို့ အစွမ်း
အစနဲ့ အာဏာရနေတာ မဟုတ်ပါဘူး။ နေဝင်း မရှိခဲ့ရင် သန်းရွှေ မရှိနိုင်ပါဘူး။ ဒါကြောင့် သူတို့နဲ့ကတော့ အတိတ်ကို ပြောနေရမှာပါ။
ချုပ်ပြီးပြောရရင် ဗမာပြည်ရဲ့ ကံကြမ္မာဟာ ဗမာပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်အပေါ်မှာ မူတည်ပါတယ်။ ဗမာပြည်က ပြည်တွင်းစစ်ဟာ ဗမာ
ပြည်နိုင်ငံရေးက ပေါက်ဖွားတာပါ။ ဒီလို ပြည်တွင်းစစ်မျိုးကို ဘယ်တိုင်းပြည်မှ တိုက်နေတာ မတွေ့ဖူးပါဘူး။
ဗမာပြည်ရဲ့ ကံကြမ္မာကို ပြည်တွင်းစစ်နဲ့အဆုံးအဖြတ်ပေးရတာ ထပ်ပြီး မဖြစ်ရအောင် အမြော် အမြင်ရှိကြစေချင်ပါတယ်။ ။
၂၁ စာစဉ် အမှတ်(၉)
၂၀၀၆ ဧပြီမှာ
ရဲဘော်ညိုမောင် ကလောင်နာမည်နဲ့ ရေးခဲ့တာပါ။
0 comments:
Post a Comment