Monday, December 7, 2020

ပြည်ထောင်စု ပြဿနာ (အပိုင်း ၆)

0 comments

ပြည်ထောင်စု ပြဿနာ (အပိုင်း ၆)

(ရဲဘော်ကြင်မောင်)

ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

ပါတီကတွက်ထားသည့်အတိုင်းပင် သူတို့ထဲကအချို့က ဗကပဒေသ ဝင်ကတည်းက သွေးခွဲရေး လုပ်သည်။ ကချင်၊ ကရင်၊ ကိုးကန့်၊ ပလောင်၊ ရှမ်း၊ ဝ၊ အခါ စသည့် ပါတီကေဒါများကို ဗကပမှခွဲထွက်၊ သီးခြားအဖွဲ့ချုပ်များဖွဲ့ကာ မဒတ တွင်း ဝင်ကြဖို့ ပြောကြ၊ ဆွယ်ကြသည်။ လူမျိုးစုကေဒါများကလည်း ဗဟိုသို့ အပြည့်အစုံ ကန(ကြေးနန်း)ဖြင့် အစီရင်ခံသည်။ ဗဟိုက “ မတုံ့ပြန်နဲ့၊ ဧည့်ဝတ် စောင်ဝတ် ကျေကြ ” ဟု ညွှန်ကြားသည်။ ပန်ဆန်းရောက်ပြီး ဆွေးနွေးပွဲလုပ်နေချိန်တွင်လည်း ဤသို့ပင် သွေးခွဲမြဲ သွေးခွဲနေကြသည်။ ဗကပကိုယ်စားလှယ်အဖွဲ့က လေသံဖြင့်ပင် မကန့်ကွက်ခဲ့ပါ။ ထိုကိုယ်စားလှယ်အဖွဲ့တွင် ပါသူများ အသက်ထင်ရှား ရှိနေကြပါသေးသည်။ သူတို့ကို သက်သေတည်ပါသည်။(ယခု ၂၀၂၀တွင်တော့ မပြောတတ်ပါ/တည်းဖြတ်သူမှတ်ချက်)ဗကပ၏ အခြေခံဒေသတွင် သူတို့လုပ်သလိုမျိုး သူတို့ဒေသတွင် လုပ်ခွင့်ပြုကြပါ၏လောသူတို့၏ ပြောက်ကျားဒေသတွင် ခေတ္တလာပြီး ရန်သူ့ထိုးစစ်ရှောင် ခိုလှုံသူကိုပင် သတ်ပစ်ပါသည်။ ဘယ်သူတွေ ဘယ်မှာ ဘယ်သူ့အမိန့်ဖြင့် သတ်သည်ကို ပြောနိုင်သော်လည်း ရန်စကိုတိုစေလို၍ မပြောတော့ပါ။

ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်လျှင် ဆုချခံရလိမ့်မည်ဟု ထင်ယောင်မှားမှုများ တနေ့ပျောက်လိမ့်မည်ဟု သဘောပိုက်ကာ အောင့်အည်း နေခဲ့ပါသည်။ “ ရန်သူအပေါ်ပြတ်သား၊ မိတ်ဆွေအပေါ် စိတ်ရှည် ရေးသည် ဗကပ၏မူတခု ဖြစ်ပါသည်။

DAB ဖွဲ့သောအခါ မိတ်ဆွေကြီး ဘရန်ဆိုင်းက ဗကပကို DAB တွင်း ပါဝင်စေချင်ခဲ့သည်။ ထိုင်းကနေ DAB ထဲ ပါမပါ မေးခဲ့သည်။

ဗကပ ပါလျှင် အားမဖြစ်ဘဲ၊ အား ပျက်စေသလိုဖြစ်မည်။ ကွန်မြူနစ်ပါလာ၍ အမေရိကန်ဆီက လက်နက်အကူအညီ မရတာဟု ထင်ကြလိမ့်မည်။ မပါဘဲနေတာ ကောင်းသည်။ ဒါကြောင့် ဘေးကနေပဲ ဒီမိုကရေစီရေးလုပ်မည်ဟု အကြောင်းပြန်ခဲ့သည်။

ရည်မှန်းချက်ကြီးကြီး မထားခဲ့၍ ဗကပ - မဒတ ပန်ဆန်းစည်းဝေးပွဲ အောင်မြင်ပါသည်။ စစ်ရေးတပ်ပေါင်းစုသာ ဦးတည်ခြင်းဖြစ်၍ ပြဿနာပေါ်စရာမရှိပါ။ ဗကပ၏ ပြည်ထောင်စုမူကိုရှင်းပြရန် တောင်းဆိုတာတော့ ရှိသည်။ ဗကပတွင် လျှို့ဝှက်ပြီး ပြည်ထောင်စု အခြေခံဥပဒေရေးဆွဲထားတာရှိသည်ဟု ပြောပြီးမေးခြင်း ဖြစ်သည်။

ဗကပတွင် လျှို့ဝှက်ရော၊ ဗြောင်ရော ပြည်ထောင်စုအခြေခံဥပဒေ(မူကြမ်း) မရှိပါ။ အခြေခံဥပဒေဆိုသည်မှာ တော်လှန်ရေး အောင်ပွဲရပြီးမှ သရဖူဆောင်းတာဖြစ်ကြောင်း၊ ယုန်မရခင် သံပုရာရှာကြလျှင် အချင်းချင်း စိတ်ဝမ်းကွဲတာပဲ အဖတ်တင်မည့်အကြောင်း ရှင်းပြခဲ့ပါသည်။ သဘောပေါက်ဟန်တော့ မရှိပါ။ ဗကပ အနေနှင့် အာဏာမဲ့သူများရေးဆွဲထားသော အခြေခံဥပဒေ(မူကြမ်း) ကိုလည်း မဝေဖန်ပါ။ ထောက်ခံစရာတွေ့လျှင် တော်သေးသည်။ ကန့်ကွက်စရာတွေ့၍ ကန့်ကွက်မိလျှင် အနည်းဆုံး အားနာစရာတော့ ကောင်းမည်။ ကွန်မြူနစ်ပျက် မိုးဟိန်းသည် သူတို့ခွဲရေးသမားချင်း တပ်ပေါင်းစုလုပ်တိုင်း ဝန်ကြီးချုပ်ဖြစ်လိုက်၊ သမ္မတဖြစ်လိုက် ဖြစ်ခဲ့သည်။ ဒီလိုအလုပ်မျိုး ကွန်မြူနစ်များ လုပ်မည်မဟုတ်၊ လိပ်ပြာမသန့်။

တိုင်းပြည် တစည်းတလုံးတည်းရှိရေးသည် ပြည်ထောင်စုဖွဲ့စည်းရေး၏ အရေးကြီးမူတခုဖြစ်သည်။ ခွဲထွက်ရေးသမားတွေလို လုပ်၍မဖြစ်။ ခွဲထွက်ရေးသမားကတော့ သီးခြားအခြေခံဥပဒေရေးရန် ဝန်မလေးသလို၊ ဖျက်ဖို့လည်း ဝန်မလေးပါ။

တိုင်းပြည်စိတ်စိတ်အမွှာမွှာ ကွဲမည့်ကိစ္စ၊ နယ်မြေပြည့်စုံတည်တံ့မှု ပျက်မည့်ကိစ္စ၊ ရန်တကျက်ကျက်ဖြစ်ပြီး တခြိမ်းခြိမ်း တိုက်နေရမည့်ကိစ္စတွင် မည်သည့်အခါမျှ ဗကပ မပါခဲ့ပါ။ နောင်တွင်လည်း ပါမည်မဟုတ်ပါ။

အာဏာရှိသူစစ်အစိုးရက ရေးဆွဲလျှင်တော့ ဝေဖန်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အောင်ပွဲခံပြီးပြီဟု ယူဆပြီး ကိုယ့်ကိုယ်ကို သရဖူဆောင်းပေးနေ၍ ဖြစ်သည်။

လက်တွေ့အာဏာမရှိသော်လည်း လူထုက အာဏာအပ်ထားသော NLD က ရေးဆွဲလာလျှင် ဝေဖန်စရာရှိ ဝေဖန်မည်။ ကြိုက်လျှင်ထောက်ခံမည်။ မကြိုက်လျှင် ကန့်ကွက်မည်။ ၁၉၄၇ ကလည်း ထိုသို့လုပ်ခဲ့သည်။

ဗကပ၊ မဒတ စည်းဝေးပွဲဆုံးဖြတ်ချက် လက်မှတ်ထိုးတော့မည့်အခါ တကြိမ်နှင့်၊ အသံလွှင့်တော့မည့်အခါ တကြိမ် သေချာအောင် KNU ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ကို လက်မှတ်ထိုး၍ ဖြစ်မဖြစ်၊ အသံလွှင့်၍ဖြစ်မဖြစ် (၂) ကြိမ်မေးခဲ့သည်။

KIO. SSPP တို့မှာ အဓိကခေါင်းဆောင်တွေ ကိုယ်တိုင်ပါနေ၍ မေးစရာ မလိုပါ။ NMSP ကလည်း နိုင်ရွှေကျင်ကိုယ်တိုင် စာရေးထားပြီးဖြစ်သည်။ အသက်ကြီးနေ၍ သူကိုယ်တိုင် လိုက်မလာနိုင်ကြောင်း၊ လွှတ်လိုက်သူကို အာဏာကုန် လွှဲလိုက်ကြောင်း ရေးထားပြီး ဖြစ်သည်။

KNU က ထိုသို့မဟုတ်ပါ။ ခေါင်းဆောင်လာသူကလည်း ကရင်အမျိုးသားမဟုတ်၊ ရခိုင်အမျိုးသားဖြစ်နေသည်။ အားနာနာနှင့် ခုရှုပ်မှနောင်ရှင်း မေးရသည်။ ဖြစ်ပါတယ်၊ ရပါတယ် ဟု ဆို၍ အသံလွှင့်သည်။ KNU ဥက္ကဌက သူသဘောမတူဟု ကြေးနန်းပို့သည်။ သူ့လူကို ကြိမ်းသည်။ KIO ဇော်ဆိုင်းက သူ့ညီကိုကြိမ်းတာမျိုးဖြစ်သည်။

တရားဥပဒေကြောင်းအရပြောလျှင် ကျွန်တော်တို့တွင် တာဝန်မရှိသော်လည်း အနေရအထိုင်ရ ကျပ်ပါသည်။ KNU ကိုယ်စားလှယ်ခေါင်းဆောင်များကိုတော့ အားပေးခဲ့သည်။ စိတ်တော့ မကောင်းလှကြောင်း၊ ကြီးကြီးမားမား အပြစ်ပေးခံရမည်ဟုမထင်ကြောင်း ပြောခဲ့သည်။

နောက် KNU တွင်း ဘာဖြစ်သည် မသိပါ။ အမျိုးမျိုး ကြားရပါသည်။ မဒတ၊ ဗကပ စည်းဝေးပွဲအပြီး သိပ်မကြာလှ၊ ဗကပတွင်း “ ခွဲထွက်ရေးများ ” ဖြစ်သည်။ သူတို့သွင်းခဲ့သောအပင်း တန်ခိုးပြပြီထင်ပြီး အပြေးအလွှားလာကြသည်။ ဗကပမှ ခွဲထွက်သည်မှာ အာဏာရမရ မသေချာသောအဖွဲ့တခုသို့ လွှဲပေးချင်၍မဟုတ်၊ အာဏာရှိနေသောအစိုးရအောက် လွှဲပေးရန်ဖြစ်သည်။ မည်သည့်အစိုးရ တက်နေနေ ထိုအစိုးရအောက် ရောက်ကြမည်။ နဝတ စစ်အစိုးရတက်နေ၍သာ သူ့အောက်ရောက်ခြင်း ဖြစ်သည်။ မဆလ၊ နဝတ၊ တစည၊ ဒီချုပ် မည်သည့်အဖွဲ့ဖြစ်စေ အာဏာရနေလျှင် ထိုအာဏာအောက် ရောက်ပါလိမ့်မည်။

ထို့ကြောင့် ဗကပ၏ ထုတ်ပြန်ချက်၊ ရေးသားချက်များတွင် သံတမန်အသုံးအနှုန်းဖြင့် “ စစ်အေးခေတ်ကုန်ဆုံးခြင်း၏ အကျိုးကျေးဇူး ” ဟု သုံးခဲ့ပါသည်။

ဖတ်စာဟောင်းများတွင်ပါသည့် ပုံပြင်လို ဖြစ်ပါသည်။

နွားချိုပေါ်နားမိသည့် ယင်ကောင်၏ အထင်ကြီးမှုမျိုး နဝတ၊ နအဖ အထင်ကြီးနေခြင်းဖြစ်ပါသည်။ ပုံပြင်မှာ ဤသို့ဖြစ်သည်။

နွားတကောင် မြက်စားနေသည်။ မြက်စားရန်ငိုက်လိုက်ခိုက် ယင်ကောင်က နွားချိုပေါ်နားခိုက် ကြုံသည်။ သူ့အလေးချိန်ကြောင့် နွားခေါင်းငိုက်စိုက်ကျသွားသည်ဟု ယင်ကောင်က ထင်သည်။ ထို့ကြောင့် ယင်ကောင်က သနားမိပြီး ခေါင်းမော့နိုင်အောင် ငါပျံထွက်သွားမည်ဟု စဉ်းစားကာ ပျံထွက်သွားသည်။ ထိုအခိုက် နွားကလည်း မြက်စားပြီး၍ ခေါင်းပြန်မော့သည့်အခိုက် ကြုံမိပြန်သည်။ ယင်ကောင်က သူ့ “ ဝိတ် ” ကို အလွန်အထင်ကြီးသွားသည်။ ကျေးဇူးတင်လည်းခံချင်၍ ငါသနားလို့ပျံထွက်ပေးတာဟု ပြောသည်။

ထိုအခါနွားက မင်းနားတာလည်း ငါမသိ၊ မင်းပျံသွားတာလည်း ငါမသိ၊ ငါ့ဘာသာ မြက်စားနေတာပဲဟု ပြန်ပြောလိုက်သည်ဟု ပုံပြင်က ဆိုသည်။

ဖုန်ကြားစင်းခွဲထွက်ပြီး မကြာခင် NLD ရွေးကောက်ပွဲနိုင်သည်။ အစိုးရဖွဲ့နိုင်တော့ မလိုလိုဖြစ်သည်။ ထို့ကြောင့် NLD သို့ စာရေး ချဉ်းကပ်လိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ထံ အင်္ဂလိပ်လိုရေးမှ ရမည်ထင်သဖြင့် အင်္ဂလိပ်လိုရေးပေးရန် အပူကပ်ခဲ့ဖူးသည်။ ခွဲထွက်သူများမှာ တက်သည့်အစိုးရ တို့အစိုးရလုပ်မည်ဆိုသည်ကို သက်သေပြခြင်းမျှသာဖြစ်သည်။

နိုင်ငံရေးအရ ဘုံလုပ်ငန်းစဉ်မရှိလျှင် ခိုင်မြဲသောတပ်ပေါင်းစု မရှိနိုင်ပါ။ တပ်ပေါင်းစု ယာယီဖွဲ့ရန်ပင် မလွယ်ပါ။ ပြည်တွင်းရေး ပေါ်လစီတွင်လည်း သဘောတူမှုမရှိ၊ ပြည်ပရေး ပေါ်လစီတွင်လည်းမရှိ ဖြစ်နေလျှင် ဘုံလုပ်ငန်းစဉ် (မည်မျှပင် အနိမ့်ဆုံးဖြစ်စေဦး) မရှိနိုင်ပါ။ ဗမာပြည် ဒီမိုကရေစီတော်လှန်ရေး မအောင်မြင်သည်မှာ ထိုကိစ္စအဓိက ဖြစ်ပါသည်။ ရေရှည်စစ် တိုက်နိုင်သည်မှာ သူက သူ့နည်း၊ ကိုယ်ကကိုယ့်နည်းဖြင့် ဝိုင်းတိုက်နေကြ၍ (ဘုံရန်သူ) ရှိနေ၍ ဖြစ်ပါသည်။ PVO သာ တောမခိုလျှင်၊ RBA သာမပေါ်လျှင်၊ KNDO သာ မပုန်ကန်လျှင် ဗကပ အတော် အကျဉ်းအကျပ် ကျပါမည်။

နောက်တွင်လည်း SSIA. KIA. PSLO (ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့) ပေါ်ပါသည်။ ၁၉၈၈ နောက်ပိုင်းတွင် ပိုများပါသည်။ ချင်းကပါ ပုန်ကန်လာပါသည်။ သို့သော် ကိုယ့်လုပ်ငန်းစဉ်နှင့်ကိုယ် ဖြစ်နေပါသည်။ ပြည်တွင်းပြည်ပပေါ်လစီတွေ သီးခြား ဖြစ်နေပါသည်။

ဘုံရန်သူရှိရုံနှင့်မပြီး၊ ဘုံလုပ်ငန်းစဉ် ရှိရပါမည်။

အမြော်အမြင်ရှိကြလျှင် စစ်အေးလွန်ကာလတွင် ဘုံလုပ်ငန်းစဉ် ရှိနိုင်သည်ဟု ထင်ပါသည်။

 

0 comments:

Post a Comment