ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)
(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)
၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၃)
ဗမာပြည်ရဲ့ ထူးခြားတဲ့ အခြေအနေနဲ့ အချက်အလက်က ဘာလဲ? ဒီကိစ္စကို ဆက်ပြီး တင်ပြပါမယ်။
-----------------------------------------------------------------------
ထူးခြားတဲ့ အခြေအနေနဲ့အချက်အလက်
ဗမာပြည် နိုင်ငံရေးဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ အိန္ဒိယနဲ့ လမ်းကြောင်းချင်း အခြေခံကနေပြီး ကွဲသွားပါတယ်။ ဟိုတုန်းကတော့ နိုင်ငံရေးချင်းတွဲနေတာပါ။ ကိုလိုနီချင်း တူကြလို့ပါပဲ။ ဟိုက အဟိံသ ( Ahimsa ) ဆို ဒီက အဟိံသ၊ ဟိုက ဟုမ္မရူး ( Home - rule ) ဆို ဒီက ဟုမ္မရူး။ နောက်က လိုက်လုပ်ပါတယ်။
ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်တော့ တသီးတခြားလုပ်ကြဖို့ ဖြစ်လာပါတယ်။ နိုင်ငံခြား အဆက်၊ လက်နက်ရရာရေသောက်မြစ် ရှာကြတော့ ဟိုမှာ ဆူဘတ်ချန်ဒရာဘို့စ် ( Subhash Chandra Bose ) တယောက်ပဲ ထွက်ရှာပါတယ်။ ဗမာပြည်မှာက တို့ဗမာအစည်းအရုံးလက်ဝဲဂိုဏ်းနဲ့ ကျောင်းသားသမဂ္ဂရော လက်ယာဂိုဏ်းပါ လူငယ်အင်အားစုတိုင်း ထွက်ရှာပါတယ်။ ဟိုက ဂျာမဏီနဲ့အဆက်ရပြီးမှ ဂျပန်ရောက်ပါတယ်။
ဗမာက ဂျပန်နဲ့ အရင်တွေ့ပါတယ်။ တွေ့ပုံကလည်း တမျိုးဆန်းပါတယ်။
လက်ဝဲဂိုဏ်းက အားလုံးသိတဲ့အတိုင်း တရုတ်ပြည်သွားတာပါ။ သခင်အောင်ဆန်း၊ သခင်လှမြိုင်အကြောင်းက အတော်များများ ရေးထားလို့ လူတိုင်းသိပြီးပါ။ ထပ်မရေးတော့ပါ။ သခင်ဗဟိန်းခရီးလည်း ဒဂုန်တာရာရေးလို့ သိပြီးပါပြီ။
အများမသိကြတဲ့ကိစ္စ ရေးပါမယ်။ ကိုဗဟိန်းဟာ သူကိုယ်တိုင်သွားမရတော့ သွားလို့ရတဲ့ ရဲဘော်တယောက် လွှတ်ပါတယ်။
ရောက်ပါတယ်။ တရုတ်ကွန်မြူနစ်က တရုတ်ပြည် မြောက်ပိုင်းမှာ ဂျပန်ကို တိုက်နေရတာပါ။ လက်နက်ကူဖို့ မဖြစ်နိုင်ပါ။ အတွေးအခေါ်နဲ့ စာနာထောက်ခံတာပဲ ကူညီနိုင်ပါတယ်။ ကိုဗဟိန်းလွှတ်လိုက်တဲ့ ရဲဘော်နဲ့ကျွန်တော်တို့ အဆက်ပြန်ရပုံကလည်း ဆန်းပါတယ်။ (ဗကပ) နဲ့မရပါ။ အရင်ဆုံးရတာက ဦးနု၊ ဗိုလ်အောင်ကြီး တို့နဲ့ပါ။
ဦးနုနဲ့ ချိုအင်လိုင်း ဝန်ကြီးချုပ်ချင်း ဆွေးနွေးပွဲမှာ စကားပြန်အခက်အခဲဖြစ်နေလို့ လျှို့ဝှက်ပြီးနေရတဲ့ ကိုဗဟိန်းလွှတ်တဲ့ ရဲဘော်က ဝင်ဘာသာပြန်ပေးရပါတယ်။ ဝါးခယ်မသားချင်းပေမယ့် ဦးနုက မမှတ်မိပါ။ ဦးနုနဲ့ ပါသွားတဲ့ ဗိုလ်အောင်ကြီးက ချက်ချင်း မှတ်မိပါတယ်။ တက္ကသိုလ်မှာ တရုတ်ကပြားချင်းမို့ သူတို့ချင်း သိကြပါတယ်။ ဒီလောက်နဲ့တော့ မှတ်မိဖို့ မလွယ်ပါဘူး။ ကွဲသွားတာကြာပါပြီ။ ချက်ချင်းမှတ်မိစေတာက ဂျပန်ခေတ်မှာ ဗိုလ်အောင်ကြီးက အဲဒီရဲဘော် နှမနဲ့ရတယ်။ သူ့ ဇနီးက တရုတ်ပြည်သွားတဲ့ သူ့အစ်ကို စစ်ပြီးလည်း ပြန်မရောက်၊ စာလည်း မလာလို့ တနေရာရာမှာ သေပြီလို့ ထင်နေတယ်။ သေချာအောင်စုံစမ်းခဲ့ဖို့ မှာလိုက်တယ်။ ဒါကြောင့် တွေ့တွေ့ချင်းမှတ်မိတာပါ။
ဟိုတုန်းက အကူအညီကို တကယ် ပေးမယ်ဆိုပေးနိုင်တာက ကေအမ်တီ (KMT) ပါ။ အင်္ဂလိပ်က ခေါ်သွင်းလို့ KMT တပ်မကြီးတွေ ဗမာပြည်ထဲ ရောက်ကြပါတယ်။ တောင်ငူ မန္တလေး လမ်းတလျှောက် ဂျပန်ကို ခံတိုက်ကြပါတယ်။ မနိုင်လို့ဆုတ်လာရင်း KMT ရဲ့ ထုံးစံအတိုင်း လူထုဆီက လုယက်ပါတယ်။ ကျောက်သံပတ္တမြားနဲ့ ရွှေပဲ လုတာပါ။ မန္တလေးမှာ ဘုရားကြီးကရွှေခွာဖို့ လုပ်ပါတယ်။ မအောင်မြင်ပါ။ စစ်ကိုင်းတောင်ရိုးမှာတော့ အများကြီးရသွားပါတယ်။ လုပ်ပုံကသင်းပါတယ်။ တပြည်လုံးက သူဌေးတွေ လာခိုနေတဲ့ စစ်ကိုင်းတောင်ရိုးမှာ လူကြီးတွေ အစည်းအဝေးခေါ်ပါတယ်။ လူကိုပြန်ပေးဆွဲပြီး ရွှေ၊ ကျောက်သံပတ္တမြား ကြေးပစ်ပြီး ရွေးခိုင်းပါတယ်။ ပြေးရင်းလွှားရင်း ပြန်ပေးဆွဲတာဆိုတော့ နေ့ချင်းပြီး ရွေးယူခိုင်းတာပါ။ မပေးနိုင်လို့ ငွေတိုက်ဝန်ထောက် ဦးရွှေသား အသတ်ခံလိုက်ရပါတယ်။ သူဌေးတွေက ပေးနိုင်လို့ လွတ်ပါတယ်။ တရုတ်ပြည်မှာတော့ ငွေတိုက်အရာရှိဆိုတာ သူဌေးအကြီးဆုံးပါ။ အဲဒီစံချိန်နဲ့တောင်းလို့ ကိုလိုနီငွေတိုက်ဝန်ထောက် မပေးနိုင်ပါ။ တဆွေလုံးတမျိုးလုံး လိုက်စုပြီး သွားရွေးတော့ တောင်းသလောက် မပြည့်လို့ သတ်ခဲ့ပါတယ်။ လူလည်းသတ်၊ ရသလောက်လည်း ယူသွားပါတယ်။
သခင်နု၊ သခင်စိုး၊ သခင်မြသွင်တို့ KMT တပ်နဲ့ လိုက်သွားတဲ့အကြောင်းတော့ လူသိများပါတယ်။ KMT ဗိုလ်ချုပ်က ထားပစ်ခဲ့ ထောင်ထဲပြန်ထည့်ခဲ့တဲ့ အကြောင်းလည်း လူသိများပါတယ်။
ဒီလိုဘာကြောင့်လုပ်ခဲ့သလဲ ဆိုတာတော့ ရေးကြတာ မတွေ့ပါ။ သီပေါ ဂျပန် သိမ်းသွားလို့ဆိုတာပဲ ရေးကြပါတယ်။
စဉ်းစားကြည့်ပါ။
ချန်ကေရှိတ် KMT ဟာ တရုတ်ကွန်မြူနစ်ကို တိုက်နေတာပါ။ ဗမာ ကွန်မြူနစ်ကို မကူညီနိုင်ပါဘူး။ (သခင်နုလည်း “လူမွဲတို့၏ထွက်ရပ်လမ်း” ဘာသာပြန်ထားသူပါ။ KMT ကတော့ ကွန်မြူနစ်ထဲ စာရင်းသွင်းမှာပါ။)
ခေါ်မရလို့ လွှတ်ခဲ့တာလည်း မဟုတ်ပါ။ ထောင်ထဲ ပြန်ထည့်ပါတယ်။ အင်္ဂလိပ်အငြိုအငြင် မခံချင်ပါဘူး။
အဲဒီ KMT တပ်တွေတော့ တရုတ်ပြည် ပြန်ရောက်ပါတယ်။ လုသွားတဲ့ ရွှေတွေ၊ ရတနာတွေလည်း ပါသွားပါတယ်။ (နု၊ စိုး၊ သွင်) ကို ခေါ်ချင်ရင် ခေါ်သွားနိုင်လျက်နဲ့ထားခဲ့တာ ရှင်းပါတယ်။
နောက်ပိုင်းမှာ ဦးသိန်းဖေ (မြင့်) ချုံကင်းရောက်တော့လည်း မကူညီပါ။
တို့ဗမာအစည်းအရုံး လက်ယာဂိုဏ်းကတော့ ဖက်ဆစ်ဂျပန်ပဲ ရှာတာပါ။ သူတို့က မာ့က်စ်ဝါဒ ဆန့်ကျင်ပါတယ်။ နစ်ရှေး ( Nietzsche ) အဆိုအမိန့်ကို လက်ခံပါတယ်။ နာဇီဝါဒ အားကျပါတယ်။ သူတို့ ဂျပန်ရောက်သွားတာဟာ ရောက်ချင်တဲ့နေရာ ရောက်တာပါ။ နောက်တော့လည်း ဖက်ဆစ်ကို မတော်လှန်ပါ။ ဂျပန်စစ်ရှုံးတော့ အင်္ဂလိပ်အလိုတော်ရိဖြစ်ပြီး နိုင်ငံရေးဇာတ်သိမ်းသွားပါတယ်။
စော (ဦးစော)၊ စိန် (သခင်ဗစိန်)၊ မော် (ဒေါက်တာဗမော်) “ စောစိန်မော် ” အဖြစ်တွဲမိပြီး ဖဆပလ ဆန့်ကျင်ရေးလုပ်ရင်း ဇာတ်သိမ်းပါတယ်။
သူတို့ဇာတ်သိမ်းတာဟာ ကိုလိုနီခေတ် လက်ယာဂိုဏ်း လုံးဝချုပ်ငြိမ်းတာပါပဲ။
လက်ယာဂိုဏ်းဟောင်းနေရာကို ဆွေငြိမ်းလက်ယာဂိုဏ်းသစ် ယူလာပါတယ်။
0 comments:
Post a Comment