ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)
(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)
၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၁၀)
ဘာပဲဖြစ်ဖြစ် မူကြီး (၅) ချက် ချမှတ်တာကို ကြိုက်ပါတယ်။ တိုင်းပြည်နဲ့ပြည်သူကို အကျိုးပြုတာဖြစ်လို့ လိုလားနှစ်သက်ပါတယ်။
မူကြီး (၅) ချက် ကျေးဇူးကြောင့် အိန္ဒိယနဲ့တရုတ် ခဏထပြီး စစ်တိုက်ကြတော့တောင် ဗမာပြည်ကို ဘယ်သူကမှ ယမ်းချေး မပန်းခဲ့ပါဘူး။ ကြားညပ်မခံရလို့ မူကြီး (၅) ချက်ကို ကျေးဇူးတင်စရာပါပဲ။
ဒါပေမဲ့ သမိုင်းရဲ့လှည့်ကွက် ပြောရမလား၊ ရယ်ရတယ်ပြောရမလား (ဗကပ) လက်နက်တွေ ဒလဟောရအောင် လုပ်ပေး တာက ဗိုလ်နေဝင်း ဖြစ်ပါတယ်။ စစ်တိုက်နေသူတိုင်း လက်နက်ရချင်တာ ဓမ္မတာပါ။ ရရင် ဘယ်သူမယူဘဲနေမလဲ။ ယူတာပေါ့။ ဗိုလ်နေဝင်းတွက်ကိန်းမှားလို့ (ဗကပ) လက်နက်တွေ မကြုံဖူးအောင် ရပါတယ်။
ဗိုလ်နေဝင်းဟာ တွက်ကိန်းသမားပါ။ ဗိုလ်အောင်ကြီးပြောသလို ၁၉၆၇ ခုနှစ်က ကွန်မြူနစ်တရုတ်ပြည်ဆန့်ကျင်ရေး၊ တရုတ်လူမျိုးဆန့်ကျင်ရေးလုပ်တာဟာ နေဝင်းရဲ့ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ မှတ်ချက်ပေးလိုက်တဲ့စကားကို အောက်ခြေကပေါ်လစီ လုပ်လိုက်လို့ဆိုတာ လုံးဝမဟုတ်ပါဘူး။ အမှုပေါ့အောင် ပြောတာပါ။ ဓားစာခံရှာပြီး နေဝင်းလွတ်အောင် လုပ်ပေးတာပါ။
ဗစိန်/ထွန်းအုပ် ဂိုဏ်းသားကနေ ဆိုရှယ်လစ်ဖြစ်တာ၊ ဦးဘဖေ၊ ဦးသိန်းဖေ (မြင့်) တို့ အာဏာသိမ်းဖို့အခါပေးတာကို ငြင်းပယ်တာ၊ ၁၉၅၈ မှာ ခဏပဲ အာဏာသိမ်းပြီး ရွေးကောက်ပွဲလုပ်ပေး စစ်တန်းလျားပြန်တာ၊ ၁၉၆၂ မှာကျမှ အပြီးအပိုင် မလွှတ်တမ်း အာဏာသိမ်းတာ၊ ဒါတွေလုပ်တာဟာ တွက်ကိန်းသမားမှ လုပ်တတ်ပါတယ်။ အချိန်ကောင်း ရွေးတတ်တာပြတဲ့ သာဓကတွေပါပဲ။
၁၉၆၇ ခုနှစ်ကကိစ္စဟာ ဆန်ကိစ္စနဲ့ အငတ်ဘေးကြောင့် ထွက်ပေါက်ရှာတာပဲလို့ပြောကြတာဟာ နေဝင်းကို ကာကွယ်ကြတာပါ။ အဲဒီဆန်ကိစ္စက အဓိကမဟုတ်ပါဘူး။ ဆန်ကိစ္စက လူထုပါအောင် လှုံ့ဆော်ဖို့သုံးတဲ့ ပရိယာယ်ပါ။ နေဝင်းက တွက်ချက်ပြီး ထလုပ်လိုက်တာပါ။ သေနင်္ဂဗျူဟာ ဘက်ပြောင်းမှုကြီး လုပ်လိုက်တာပါပဲ။
နေဝင်းရဲ့ တွက်ကိန်း (သေနင်္ဂဗျူဟာအရ တွက်ချက်မှုက)
(၁) မူကြီး (၅) ချက် ဖျက်ပြီး အမေရိကန်ဘက် ပြတ်ပြတ်သားသားကပ်ဖို့အချိန် ရောက်ပြီ။ ၁၉၆၀ ခုနှစ်ကစပြီး ဗီယက်နမ်ပြဿနာမှာ အမေရိကန်က ပါနေတယ်။ စစ်အရှိန်လည်း မြှင့်ပြီးရင်းမြှင့်နေတယ်။ အမေရိကန် နိုင်မှာပဲ။ သူက ဘယ်တုန်းကမှ စစ်ရှုံးဖူးတာ မဟုတ်ဘူး။ နိုင်တဲ့ဘက်ဝင်ပေါင်းမှ အမြတ်ထွက်မယ်။
(၂) အင်ဒိုနီးရှားနဲ့ မလေးမှာ တရုတ်ဆန့်ကျင်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေး လုပ်ခဲ့ကြလို့ အမေရိကန်က ဆုချခံရတယ်။ အမေရိကန်က သူဌေးဆိုတော့ ဘီလျံလိုက် ရကြတယ်။ အာရှကျားတွေ ဖြစ်လာတော့မယ်။ သူတို့လို အခုလုပ်ထားမှ နေရာကျမယ်။ အမေရိကန် ဈေးကွက်ထဲဝင်ရောင်းရရင် စားပေရော့ တသက်လုံး။
(၃) ပြည်တွင်း ကွန်မြူနစ်ပြဿနာ၊ ပြည်တွင်းစစ်ပြဿနာကို ကြားနေရေးတွေ၊ မူကြီး (၅) ချက်တွေနဲ့ လုပ်နေရင် အမြစ်ပြတ်မှာ မဟုတ်ဘူး။ အမေရိကန်ဘက် ပြတ်ပြတ်ရပ်တဲ့နိုင်ငံတွေမှာ အမြစ်ဖြတ်ပစ်နိုင်နေပြီ။
နေဝင်းက အဲဒီသုံးချက် တွက်ပြီး လုပ်ခဲ့တာပါ။
မူကြီး (၅) ချက်တာရိုးကို ချိုးပေးလိုက်တော့ အနီဒီလှိုင်းကြီး ဒလဟောစီးဆင်းလာတယ်။ ဗိုလ်အောင်ကြီးရဲ့ “နယ်စပ်ကနေ ပဲခူးရိုးမအထိ “ ဟိုချီမင်းလမ်း ” ဖွင့်ခွင့် (ဗကပ) ကို မပေးလိုက်ပါနဲ့၊ တရုတ်နဲ့ အမြန်ချဉ်းကပ်ပါ။ ဦးနုနဲ့ သူ့ကို တရုတ်ပြည်လွှတ်ပါ။ ဟိုတုန်းက သူတို့ မော်စီတုန်းကိုတက်ပြောခဲ့လို့ တရုတ်ပြည်ရောက် (ဗကပ) တွေကို ဗမာပြည် ပြန်ခွင့်မပေးဘဲထားခဲ့ဖူးတယ်။ အခုလည်း (ဗကပ) ကို မကူညီဘဲ ပြန်ခေါ်အောင်လုပ်ဖို့ သူတို့ (နု၊ အောင်ကြီး) ကို လွှတ်ပါလို့ စာရေးခဲ့တယ်။ ဗိုလ်အောင်ကြီးစာကို မရခင်ကတည်းက တွက်ကိန်းမှားသွားပြီဆိုတာ နေဝင်းသိပါတယ်။ ဒါကြောင့် တရုတ်ပြည်ကို အမျက်ဖြေစကားတွေ ပြောနေတာပါပဲ။
ဆိုဗီယက်က တရုတ်ပြည်ချောက်ကျအောင် နေဝင်းကို ဒီကိစ္စ ကုလသမဂ္ဂတင်စေချင်တယ်။ တရုတ်က ကုလသမဂ္ဂထဲ မဝင်နိုင်သေးချိန် ဖြစ်တယ်။ (၁၉၇၁ ကျမှ ဝင်ခွင့်ရတာ)
နေဝင်းအတွက် လွဲသွားတာက နိုင်ငံကြီးတွေရဲ့နိုင်ငံရေးကို တွက်ချက်ရတာ ဖြစ်လို့ပဲ။ ဗမာပြည်နိုင်ငံရေးကို တွက်ရတာက လွယ်တယ်။ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေ ( မြင့် )၊ ဦး - - ၊ ဗိုလ် - - ၊ သခင် - - စသူတွေ ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို တွက်ရတာ လွယ်ပါတယ်။ ပြီးတော့လည်း အာဏာရယ်၊ ထောက်လှမ်းရေးရယ်၊ ပုလိပ်ရယ်၊ ထောင်ရယ်ကလည်း ကိုယ်ပိုင်မဟုတ်လား။
အခု တွက်ရတာက ကြီးငါးကြီးထဲက သုံးကြီး (အမေရိကန်၊ ဆိုဗီယက်၊ တရုတ် ) ကို တွက်ရတာပဲ။ သူတို့ဘာလုပ်နေတယ်၊ ဘာလုပ်လိမ့်မယ်၊ ဘာတွေဖြစ်မယ်ဆိုတာ တွက်ဖို့ဆိုတာ မလွယ်ပါဘူး။
နေဝင်းတွက်ကိန်းမှာတော့ အမေရိကန်ရဲ့ ဆုမရဘဲ တရုတ်ရဲ့ဒဏ်ပေးတာပဲ ခံရပါတယ်။ ၁၉၆၇ ဆိုတာ တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေး စဖြစ်ပြီး အရှိန်ရနေချိန်ပါ။ ပြည်ပအန္တရာယ် သိပ်သတိထားနေပါတယ်။ ဗီယက်နမ်စစ်မီး ကျယ်ပြန့်လာမလားဆိုတာ စောင့်ကြည့်နေချိန် ဖြစ်ပါတယ်။ တရုတ်ပြည်က အလွန်အကဲဆတ်နေချိန်မှာ သွားပြီးရန်စသလိုလုပ်မိလို့ ဒုက္ခတွေ့တာပါ။ ဒွေးရော ဥပဒ်ရောတိုးသွားလို့ ဒဏ်ချခံရတာပါပဲ။
ဗမာပြည်က အင်ဒိုနီးရှား၊ မလေးတို့လို ရေမြေခြားနေတာ မဟုတ်ပါ။ ရေမြေတကြောတည်း ဖြစ်ရုံမက နယ်စပ်မှာ လက်နက်ကိုင်တပ် မျိုးစုံ ရှိနေပါတယ်။ အစိုးရစစ်တပ်နဲ့ နားလည်မှုရထားတဲ့ KMT တပ်တွေ ရှိနေပါတယ်။ KMT ဆန့်ကျင်တဲ့တပ်တွေလည်းရှိပါတယ်။
ဒဏ်ချဖို့ အချက်အလက်ကလည်း အဆင်သင့်ရှိနေလို့ လွယ်တာပါ။ အဓိကအကျဆုံးအချက်က ဗမာပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတာပါ။ ငြိမ်းချမ်းစွာယှဉ်တွဲနေရေး မူကြီး (၅) ချက် ချမှတ်လိုက်လို့ (ဗကပ) ခေါင်းဆောင်တွေနဲ့ ကေဒါတွေ အများကြီး တရုတ်ပြည်ထဲမှာ သောင်တင်နေပါတယ်။ KNU နဲ့အတူတောခို၊ ကချင်ပြည် (ဝန်ပေါင်) တိုင်းပြည်ထူထောင်ရေးအတွက် PNDF ဖွဲ့ပြီး တိုက်ရာကနေ တရုတ်ပြည်ထဲ ပြေးဝင်သွားတဲ့ ဗိုလ်နော်ဆိုင်းတပ်ကလည်း ရာချီရှိနေတယ်။ သူတို့ကလည်း တရုတ်ပြည်ရဲ့ ပညာပေး မှုကြောင့် တော်လှန်ရေးပညာ ရနေတယ်။ အမိမြေပြန်ပြီး တပွဲတလမ်း စမ်းချင်နေကြတယ်။
မူကြီး (၅) ချက်တာရိုးကို နေဝင်းကချိုးပေးလိုက်တော့ အဲဒီရဲဘော်တွေ ပြန်နိုင်သွားပါတယ်။ ဗမာပြည်တော်လှန်ရေးသမားက ဗမာပြည်ပြန်တာပါ။ အဲဒီကတဆင့် အနီဒီလှိုင်းကြီး ဖြစ်လာတာပါပဲ။
ဗိုလ်အောင်ကြီးဟာ သူဘာကောင်မှ မဟုတ်မှန်း သိပါတယ်။ ဒါကြောင့် ဦးနုကို ရှေ့တင်ပြီး တရုတ်ပြည်သွားဖို့ စီမံကိန်းချတာပါ။
ဦးနုကလည်း ခေတ်သစ်ရှင်ဒိသာပါမောက်တာဝန် မယူဝံ့ပါဘူး။ သူ့မှာလည်း သူ့စီမံကိန်း ရှိနေပါတယ်။ အက်ဒဝပ်လောရုံ စီမံကိန်းပါ။ ထိုင်းဗမာနယ်စပ်သွားပြီး အနီဒီလှိုင်းတားဖို့ တာရိုးကြီးဆောက်ဖို့ စီမံကိန်းပါ။ အရှေ့ တောင်အာရှကို အနီရောင်မလွှမ်းစေဖို့ လုပ်တဲ့စီမံကိန်းကြီးမို့ လုပ်ပျော်တယ်လို့ ဦးနုထင်ပါတယ်။ အမေရိကန်အကူအညီလည်း ဒလဟောရလာမယ်လို့ ထင်ပါတယ်။
ရှေ့တန်းမှာ နေဝင်းက “အနီလှိုင်း” တား၊ နောက်တန်းက ဦးနုက တာရိုးသစ်ဆောက်၊ စီမံကိန်းတခုလုံးရဲ့ ညွှန်ချုပ်က အမေရိကန်။
ဦးနုမှာ ခေါင်းဆောင်မှုအင်အား တောင့်ပါတယ်။ အက်ဒဝပ်လောရုံရဲ့ စည်းရုံးရေးကြောင့် ထိပ်သီးတွေ စုမိပါတယ်။ အစိုးရအဖွဲ့တဖွဲ့စာရှိတဲ့ ခေါင်းဆောင်တွေ စုမိတာပါ။ နိုင်ငံခြားမှာသွားပြီး အခြေချနေသူတွေတောင် လန်းဆန်းတက်ကြွလာပါတယ်။ အမေရိကန်အကူအညီသာ ရလို့ကတော့ မိုးဒူးနဲ့တိုက်မယောင်ပါပဲ။ ဒါပေမဲ့ လူထုလက်မခံပါ။ အမေရိကန်ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ဝင်လာမှာ လက်မခံနိုင်ပါ။ စစ်အတွင်း ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်တိုက်၊ အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်တိုက်တာကို (၃) နှစ်အတွင်း လုပ်နိုင်ပါတယ်။ နောက် (၃) နှစ်အတွင်း လွတ်လပ်ရေးရပါတယ်။ စစ်အေးခေတ်မှာ ဒီလောက်လွယ်မှာ မဟုတ်ပါ။ လွယ်လွယ်ထွက်သွားမှာ မဟုတ်ပါ။ စီမံကိန်းကြီးထဲပါနေတဲ့ ဇာတ်ကောင်တွေမှာ ကိုယ်စီရည်မှန်းချက် ရှိပါတယ်။ ဗိုလ်နေဝင်းကလည်း မဆလ တပါတီစစ်အာဏာရှင်စနစ်က မလျှော့နိုင်၊ ဦးနုကလည်း ပါလီမန်ဒီမိုကရေစီကို အပွန်းမခံနိုင်၊ KNU. NMSP တို့ကလည်း ရည်မှန်းချက်ကိုယ်စီ ရှိနေတော့ “ညွှန်ချုပ်” လည်းဘာမှမတတ်နိုင်ပါ။
(ဗကပ) ရဲ့ အနီလှိုင်းကိုစီးရေးကလည်း “ပါတီတွင်းတော်လှန်ရေးလမ်းစဉ်” ကြောင့် ရှေ့မတိုးနိုင်၊ အနီလှိုင်းတားရေးဘက်ကလည်း တညီတညွတ်တည်းမရှိ အီလယ်လယ်ဖြစ်နေခိုက်မှာပဲ -
တရုတ်ပြည်က သေနင်္ဂဗျူဟာ အကွက်တကွက် ရွှေ့လိုက်ပါတယ်။ ၁၉၇၁ ကစ်ဆင်ဂျာရဲ့ လျှို့ဝှက်တရုတ်ပြည်ခရီးနဲ့ အမေရိကန်သမ္မတရဲ့ တရားဝင် ၁၉၇၂ ခရီးပါ။ ရဲဘော်မော်စီတုန်း၊ ရဲဘော်ချိုအင်လိုင်းတို့ ရွှေ့လိုက်တဲ့အကွက်ပါ။ တရုတ်ပြည်ကို အမေရိကန်ရဲ့ သေနင်္ဂဗျူဟာမိတ်ဖက်အဖြစ် ပြောင်းသွားစေတဲ့အကွက် ဖြစ်ပါတယ်။ စစ်အေးခေတ်မှာ နေရာယူမှုအသစ် ဖြစ်သွားစေပါတယ်။ တရုတ်ရော အမေရိကန်ပါ သဘောတူလို့ သေနင်္ဂဗျူဟာ မိတ်ဖက်ဖြစ်ကြတာပါ။
“အနီလှိုင်း” တားဖို့ အမေရိကန်က တာရိုးသစ်ဆောက်ဖို့ မလိုတော့ပါဘူး။ ဦးနုတို့ “အိမ်ပြန်” ရုံမှတပါး တခြားလုပ်စရာ မရှိတော့ပါဘူး။ ဗိုလ်နေဝင်းရဲ့ အိမ်ပြန်ခဲ့ဖို့ခေါ်သံကို သူပစ်ပယ်လို့ မဖြစ်တော့ပါ။
တရုတ်နဲ့ အမေရိကန် နေရာယူမှုအသစ်ဖြစ်မယ်ဆိုတာကို ဘယ်သူမှ မမှန်းနိုင်ခဲ့ပါဘူး။ ဆိုဗီယက်က ဒေါအပွဆုံးပါ။ ဆိုဗီယက်ကို ပိုပြီးထိပါတယ်။
0 comments:
Post a Comment