ပြည်ထောင်စု ပြဿနာ (အပိုင်း ၁ )
(ရဲဘော်ကြင်မောင်)
ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)
(ရဲဘော်ကြင်မောင်)
(မျိုးဆက်ဟောင်းမရှင်းနိုင်ခဲ့တဲ့၊ မျိုးဆက်သစ်ရှင်းရမယ့် ဒုတိယပြဿနာက ပြည်ထောင်စုပြဿနာပဲ။ ရှင်းရတာ ပိုတောင်ခက်ပါလိမ့်မယ်)
(၁) ပြဿနာမိတ်ဆက်
၁၉၈၈/၁၉၉၀ မတိုင်မီက ပြဿနာနှင့် ထိုနှစ်များနောက်ပိုင်းပြဿနာ မတူပါ။
၁၉၈၈ လူထုအုံကြွမှုကြီး မဖြစ်မီက ပြည်ထောင်စုစနစ် လိုလားသူဘက်နှင့် တပြည်ထောင်စနစ် လိုလားသူဘက်ဟူ၍ ပြက်ပြက်ထင်ထင် ရှိခဲ့ပါသည်။ ပဋိပက္ခများလည်း တခြိမ်းခြိမ်းဖြစ်ခဲ့ပါသည်။
၁၉၉၀ ရွေးကောက်ပွဲ ပြီးသည့် နောက်တွင်ကား အထက်ပါပဋိပက္ခဟောင်းများ မရှိတော့ပါ။ ပဋိပက္ခအသစ်များ ဖြစ်လာပါသည်။ အသစ်မှာ အရေခြုံ ပြည်ထောင်စုဘက် နှင့် ပြည်ထောင်စုစစ်စစ်ဘက်၏ ပဋိပက္ခ ဖြစ်ပါသည်။ အရေခြုံ ပြည်ထောင်စုဘက်တွင် စစ်အုပ်စုကရပ်ခံပြီး စစ်မှန်သည့်ပြည်ထောင်စုဘက်တွင် စစ်အုပ်စုဆန့်ကျင်ရေး အဓိကအင်အားစုများအားလုံးက ရပ်ခံပါသည်။
အရေခြုံ ပြည်ထောင်စုလော - ပြည်ထောင်စုစစ်စစ်လော ပြဿနာသည် ယနေ့အဖို့ ကွင်းဆက်အကျဆုံး ပြဿနာ ဖြစ်လာပါသည်။ ဤပြဿနာမပြေလည်သမျှ “ ပြည်ထောင်စု ပြဿနာ ” ပြေလည်မည် မဟုတ်ပါ။
ကရင်အမျိုးသားအစည်းအရုံး (KNU) က သီးခြားတိုင်းပြည် ထူထောင်ရေးအတွက် လှုပ်ရှားခဲ့သည်မှာ ၁၉၄၇ ကတည်းက ဖြစ်သည်။ ၁၉၄၉ ကျမှ လက်နက်ကိုင်တိုက်ပွဲ တိုက်ခဲ့သည်။ ယခုအထိ တိုက်နေဆဲဖြစ်သည်။
“ခွဲထွက်ရေး” ကို ရှမ်းပြည် လွတ်လပ်ရေးတပ်မတော် (SSIA), ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တို့က ၁၉၆၀ ခုနှစ်တဝိုက်က လုပ်ခဲ့သည်။ ဒီမိုကရေစီခေတ် မဟုတ်၍ လက်နက်ကိုင်တိုက်ပွဲကို တန်းပြီးလုပ်ခဲ့ရသည်။ သူတို့ယခု “ငြိမ်းအဖွဲ့” များ ဖြစ်နေပြီ။
သီးခြားတိုင်းပြည်ကြွေးကြော်သံမှာ လွတ်လပ်ရေးမရမီကာလ ပြည်ထောင်စုမဖွဲ့မီက ကြွေးကြော်သံဖြစ်၍၊ ခွဲထွက်ရေး ကြွေးကြော်သံမှာ ပြည်ထောင်စုဖွဲ့ပြီးကာလ ကြွေးကြော်သံဖြစ်သည်။ ကာလချင်းမတူ၍ ကြွေးကြော်သံမတူခြင်း ဖြစ်သည်။ အနှစ်သာရမှာ အတူတူဖြစ်သည်။
“သီးခြားတိုင်းပြည်” နှင့် “ခွဲထွက်ရေး” ကို ကြွေးကြော်လျှင် မုချ လူမျိုးရေးအလံ ထူရသည်။ ၁၉၄၉ တွင် KNU က ကရင်လူမျိုးရေးအလံ ထူသည်။ ၁၉၆၀ ခုနှစ်များတွင် SSIA က ရှမ်းလူမျိုးရေးအလံ၊ KIO က ကချင်လူမျိုးရေးအလံ ထူခဲ့ကြသည်။ ကရင့်တော်လှန်ရေး၊ ရှမ်းတော်လှန်ရေး၊ ကချင်တော်လှန်ရေး ဟုပြောကြသည်။
နေဝင်း - အောင်ကြီး စစ်အုပ်စုက ဗမာလူမျိုးရေးအလံထူပြီး “ ပြည်ထောင်စုမပြိုကွဲရေး ” ကြွေးကြော်သည်။ ထိုသို့ဖြင့် ဖဆပလကတဖက်၊ ဗကပ၊ ပြည်သူ့ရဲဘော်၊ တော်လှန်သည့်ဗမာ့တပ်မတော်တို့ကတဖက် ဖြစ်နေသည့် လူတန်းစားရေး ပြည်တွင်းစစ်တွင် လူမျိုးရေးပြည်တွင်းစစ်ပါ ရောစွက်လာခဲ့သည်။ ဤတွင် ဖဆပလဦးနုအစိုးရက “ ရောင်စုံသောင်းကျန်းသူ ” ဟု ပြောသည်။ ကွန်မြူနစ်ပျက် ဦးသိန်းဖေ(မြင့်)က အားလုံးက အားလုံးကို တိုက်နေသည့် ရှုပ်ရှုပ်ထွေးထွေးပြည်တွင်းစစ် ဟု ယူဆသည်။
(၂) လူမျိုးရေးအလံထူလျှင်...
လူမျိုးကြီးလည်းဖြစ်၊ နိုင်ငံရေးအာဏာလည်းရှိသူက တပန်းသာမည်။ ကျွန်တော်တို့တိုင်းပြည်တွင် လူဦးရေစုစုပေါင်း၏ ၆၀% က ဗမာလူမျိုးဖြစ်သည်ဟု ဆိုသည်။ ရှမ်းက ၉%၊ ကရင်က ၇%၊ ရခိုင် ၄% ၊ တရုတ် ၃%၊ မွန် ၂% ၊ ကုလား ၂% နှင့် အခြားလူမျိုးများ ၅% ဟု ဆိုသည်။ (အမေရိကန်ထုတ် နှစ်ချုပ် Time Almanac 2000 မှ)
ပြည်တွင်းစစ် စဖြစ်စဥ်က ဖဆပလအစိုးရ၏ တပ်အင်အားမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အမှတ် (၁) ဘားမားရိုင်ဖယ် (မြန်မာ/စစ်ပုလိပ်တပ်)
၂။ အမှတ် (၂) ။ (ကရင်အများစုနှင့် အခြားလူမျိုးစုများ)
၃။ အမှတ် (၃) ။ (မြန်မာ/မျိုးချစ်ဗမာ့တပ်မတော်မှလာသည်)
၄။ အမှတ် (၄) ။ (မြန်မာ/မျိုးချစ်ဗမာ့တပ်မတော်မှလာသည်)
၅။ အမှတ် (၅) ။ (မြန်မာ/မျိုးချစ်ဗမာ့တပ်မတော်မှလာသည်)
၆။ အမှတ် (၆) ။ (မြန်မာ/မျိုးချစ်ဗမာ့တပ်မတော်မှလာသည်)
၇။ အမှတ် (၁) ကရင်ရိုင်ဖယ် (ကရင်/အင်္ဂလိပ်တပ်မှလာသည်)
၈။ အမှတ် (၂) ။ (ကရင်/အင်္ဂလိပ်တပ်မှလာသည်)
၉။ အမှတ် (၃) ။ (ကရင်/အင်္ဂလိပ်တပ်မှလာသည်)
၁၀။ အမှတ် (၁) ကချင်ရိုင်ဖယ် (ကချင်/အင်္ဂလိပ်တပ်မှလာသည်)
၁၁။ အမှတ် (၂) ။ (ကချင်/အင်္ဂလိပ်တပ်မှလာသည်)
၁၂။ အမှတ် (၁) ချင်းရိုင်ဖယ် (ချင်း/အင်္ဂလိပ်တပ်မှလာသည်)
၁၃။ အမှတ် (၂) ။ (ချင်း/အင်္ဂလိပ်တပ်မှလာသည်)
၁၄။ အမှတ် (၄) ဘားမားရယ်ဂျိမင့် (ဂေါ်ရခါး/ဦးတင်ထွဋ်ရလိုက်သည့် အင်္ဂလိပ်အမွေ)
၁၅။ ချင်းတောင်တပ်ရင်း (ချင်း/အင်္ဂလိပ်လက်ကျန်)
စစ်တပ်ကို ဦးစီးနေသူများမှာ -
စစ်ဦးစီးချုပ် စမစ်ဒွန်း
ဒုစစ်ဦးစီးချုပ် စောကြာဒိုး
လေတပ်ဦးစီးချုပ် ရှီးရှိုး
ရေတပ်ဦးစီးချုပ် ခင်မောင်ဘို
မြောက်ပိုင်းတိုင်း နေဝင်း
တောင်ပိုင်းတိုင်း အောင်သင်း
အမှတ်(၁) တပ်မဟာ စောချစ်ခင်
ရေးချုပ် ကျော်ဝင်း
ထောက်ချုပ် စောဒေါန်နီ
အထက်ပါစာရင်းကိုကြည့်လျှင် အများစုကြီးက “ သခင်ကြီးတပ် ” (အင်္ဂလိပ်တပ်ကို နယ်ချဲ့ဆန့်ကျင်ရေးသမားများကခေါ်တဲ့ နာမည်ပြောင်) မှလာသူများ ဖြစ်သည်ကို တွေ့ရမည်။
ကာကွယ်ရေးဝန်ကြီးကတော့ ဗိုလ်လက်ျာဖြစ်သည်။
၁၉၄၈ မတ်လတွင် ဖဆ - ဆိုရှယ်အစိုးရက ကွန်မြူနစ်ချေမှုန်းရေး ဆုံးဖြတ်ချက်ချသည်။ လက်တွေ့စစ်ဆင်ရေးလုပ်သူက အထက်ပါစစ်ဦးစီးအဖွဲ့နှင့် တပ်များဖြစ်သည်။
တပ်ရင်းအားလုံးကို မသုံးနိုင်ပါ။ မျိုးချစ်ဗမာ့တပ်မတော်မှလာသောတပ်များတွင် ကွန်မြူနစ်ဘက်ပါပြီး တောခိုသူခိုသည်။ ဆိုရှယ်လစ်တပ်မှူးများက ကွန်မြူနစ်ချေမှုန်းရေးလုပ်ရန် တက်ကြွသော်လည်း တပ်သားတပ်ကြပ်အများစုကို အမိန့်ပေး၍မရ။ နစ် နှင့် လစ် ပဋိပက္ခတွင် ကြားနေသူက အများစုကြီး ဖြစ်သည်။ (သတင်းစာများက ကွန်မြူနစ်ကို “ နစ် ”၊ ဆိုရှယ်လစ်ကို “ လစ် ” ဟု ရေးကြသည်)
မြေကျေးရှင်းတွင်လူကြီးလုပ်ရင်း ကားမှောက်ကွယ်လွန်သွားသော ပဲခူးပြည်သူ့ရဲဘော်အမတ်ဟောင်း တပ်ရင်းမှူး ဗိုလ်တင်အောင်က
“နစ်” ဝါဒကို မကြိုက်ဘူး။ “လစ်” ကိုတော့ မုန်းတယ်၊ တောမခိုဘူး - ပြည်တွင်းစစ်လည်း မကြိုက်ဘူး ဟုပြောသည်။ ထိုသဘောထားရှိသူ များသည်။
စစ်ဦးစီးအဖွဲ့က ပိုင်ပိုင်နိုင်နိုင် ခိုင်းနိုင် သုံးနိုင်သောတပ်များမှာ “ သခင်ကြီးတပ် ” မှ လာသူများ ဖြစ်သည်။ သူတို့က အရင်ကတည်းက အထက်အောက်ဆက်ဆံရေး အဆင်ပြေပြီးသားဖြစ်သည်။ အမိန့်နာခံသည့် “ ကြေးစား ” စိတ်ရှိပြီးဖြစ်သည်။ ထိုစိတ်ထက် ပိုပြီးပြင်းထန်တာက “ လက်စားချေရေး ” စိတ်ဓာတ် ဖြစ်သည်။
0 comments:
Post a Comment