Saturday, December 5, 2020

ပြည်တွင်းစစ် ပြဿနာ (အပိုင်း၁)

0 comments

ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)

(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

 

၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၁)

အစီရင်ခံသူရဲ့အမှာ။

ပြည်တွင်းစစ် ပြဿနာဟာ မျိုးဆက်သစ်များ ဖြေရှင်းရမည့် အဓိက ပြဿနာဖြစ်ပါတယ်။ ပါတီတွင်း မျိုးဆက်သစ်များသို့ သိလိုက်မီလိုက်သမျှကို ပုဂ္ဂလိက အစီရင်ခံစာအဖြစ် တင်ပြတာဖြစ်ပါတယ်။ ဒီမိုကရေစီတော်လှန်ရေးမျိုးဆက်သစ်များလည်း (စိတ်ဝင်စားလျှင်) ဖတ်ရန် ပြည်သူ့အာဏာတွင် ဖော်ပြလိုက်ပါတယ်။ ပြည်တွင်းစစ်အကြိုနဲ့ အစပိုင်းကာလများကကိစ္စများကို အဓိကဇာတ်ဆောင်များ ဖြစ်ကြတဲ့ ဦးနု၊ ဦးသိန်းဖေ(မြင့်)နဲ့ ဦးကျော်ငြိမ်းတို့သာ ရေးခဲ့ပါတယ်။ အခြားတဖက်က ခေါင်းဆောင်ကြီးများ မရေးနိုင်ခဲ့ပါ။

 

နု၊ သိန်း၊ ငြိမ်းတို့ကလည်း သူတို့ ရေးခဲ့စဉ်ကာလက သူတို့ရဲ့ နိုင်ငံရေးလိုအပ်ချက်အရသာရေးခဲ့တာ ဖြစ်နေပါတယ်။ တခုလုံးလွှမ်းခြုံပြီး သုံးသပ်ခဲ့တာ မဟုတ်ပါ။

ဦးသိန်းဖေ (မြင့်) ရဲ့ “ ကျော်ငြိမ်း ” စာအုပ်မှာ ဦးကျော်ငြိမ်းက နိဒါန်း” ဆိုတာပဲ ရေးပါတယ်။ ဦးသိန်းဖေ (မြင့်) ကလည်း ဦးကျော်ငြိမ်းလက်ခံနိုင်တာပဲ ရေးပါတယ်။ သူ့စာအုပ်အဖွင့်မှာပါသလို “ ပက်လက်ကုလားထိုင်မှာ အမြိန့်သား မျက်နှာချင်းဆိုင်၍ - စမြုံ့ပြန်ခြင်း” ဆိုတာဟာ ရှေးဟောင်းနှောင်းဖြစ် ပြောရုံသက်သက် မဟုတ်ပါ။

ဦးနုကို အရှုံးပေးလိုက်ရတဲ့ အမတ်ပြုတ်နှစ်ဦး ဦးနုကိုဆန့်ကျင်ဖို့ နိုင်ငံရေးတိုက်ကွက် ရှာကြတာ၊ ညှိနှိုင်းကြတာ ဖြစ်ပါတယ်။ စာအုပ်ရေးတဲ့နှစ်က (၁၉၆၁) ခုနှစ်ပါ။ ဦးနု (ပထစ) အစိုးရတက်နေချိန် ဖြစ်ပါတယ်။ နေဝင်းစစ်အုပ်စုလည်း အာဏာမသိမ်းရသေးပါ။ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေ အစရှိတဲ့ စစ်ဗိုလ်ကြီး (၁၃) ယောက်ကို တပ်က ထုတ်ပြီးကာစ ဖြစ်ပါတယ်။ ဗိုလ်မောင်မောင်ဟာ ဦးကျော်ငြိမ်းနဲ့ လုပ်ဖော်ကိုင်ဖက် ဆိုတာလည်း သတိပြုသင့်ပါတယ်။

အဲဒီ နိုင်ငံရေးနောက်ခံနဲ့ ရေးတဲ့ စာအုပ်ဖြစ်လို့ ယထာဘူတ မကျတာ၊ အဖြစ်မှန်နဲ့မကိုက်တာတွေ အများကြီး ပါနေပါတယ်။

 

ဦးကျော်ငြိမ်းရဲ့ နိဒါန်းကြည့်ရင်လည်း သူ့နိုင်ငံရေးရပ်တည်ချက်ကို ခုခံကာကွယ် လျှောက်လဲနေတာ ဖြစ်ပါတယ်။ သူဟာ ဘာကြောင့် လူမုန်းများရတယ်၊ ဦးနုက လူပေါ်လူဇော်လုပ်တယ်ဆိုတာကို ပေါ်အောင် ရေးပါတယ်။

 

ဦးနုက ၁၉၉၈ ခုနှစ်ထုတ် တာတေ စနေသား” ရေးပြန်တော့လည်း ကွန်မြူနစ်ဆန့်ကျင်ရေးမှာ သူသာလျှင် စိတ်ချရတယ်ဆိုတာ နယ်ချဲ့သမားတွေ အထူးသဖြင့် အမေရိကန်သိအောင်ရေးဖို့က အဓိက ဖြစ်နေပါတယ်။ ပြည်တွင်းစစ်ဖြစ်တဲ့ကိစ္စကို ဦးသိန်းဖေ (မြင့်)၊ ဦးကျော်ငြိမ်းတို့နဲ့ တလေသံတည်း ရေးပါတယ်။ ပြည်တွင်းစစ် စတင်လုပ်ခဲ့တာတော့ သူမဟုတ်ဘူးလို့ ငြင်းပါတယ်။

ဗိုလ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗသိန်းတင်တို့က ရေးမသွားနိုင်ကြပါ။ ဗိုလ်အောင်ဆန်းက လက်ဝဲညီညွတ်ရေး ပျက်တာကိုပဲ မြင်သွားရသူပါ။ သခင်သန်းထွန်း၊ သခင်ဗသိန်းတင်တို့ကသာ ၁၉၄၈ ပြည်တွင်းစစ်ပြဿနာကို ပိုပြီးအတွင်းကျကျ ရေးနိုင်မှာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းရမယ့်တာဝန်ဟာ မျိုးဆက်သစ်ရဲ့ ပခုံးပေါ် ရောက်နေပါပြီ။ ကွန်မြူနစ်တို့ဘက်ကအမြင်ကို မိမိအနေနဲ့ သိလိုက်မီလိုက်သမျှ ရေးပါတယ်။ မှီငြမ်းကိုးကားရန်သာ ဖြစ်ပါတယ်။

အစီရင်ခံသူ။

 

ပြည်တွင်းစစ် ပြဿနာ၏ ဇာစ်မြစ်

ဗမာပြည်ကို လွတ်လပ်ရေးပေးရင် ပြည်တွင်းစစ် ဖြစ်လိမ့်မယ်လို့ စပြောသူက ချာချီ ( Churchill ) ပါ။ သူကလည်း စော၊ စိန်၊ မော် (ဦးစော၊ သခင်ဗစိန်၊ ဒေါက်တာဗမော်) အားကိုးနဲ့ ပြောတာပါ။ သူပြောသလိုမဖြစ်ခဲ့ပါ။ လက်ဝဲညီညွတ်ရေးရဲ့ အင်အား၊ ပြည်သူတွေရဲ့ အင်အား ရှိနေလို့ မဖြစ်တာပါ။

ပြည်တွင်းစစ်ဖြစ်တာက လက်ဝဲညီညွတ်ရေး ပြိုကွဲတော့မှ ဖြစ်ပါတယ်။ လက်ဝဲ ညီညွတ်ရေးသာ မပြိုကွဲရင် ပြည်တွင်းစစ်ကို ဘယ်သူတွေကပဲ လှုံ့ဆော်နေနေ မဖြစ်နိုင်ပါ။ ဒါဟာ ဗမာပြည်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။

--------------------------------------------------------------------

လက်ဝဲညီညွတ်ရေး ပြိုကွဲတဲ့ဇာတ်လမ်း

လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်က ဖြစ်ခဲ့တဲ့ဇာတ်လမ်းမို့ ဇာတ်ရည်လည်အောင် ရှည်ရှည်ရေးရပါမယ်။ မူကွဲတွေလည်း ရှိနိုင်တာဖြစ်လို့ ပုဂ္ဂလိကတင်ပြချက်အဖြစ်ပဲ သဘောထားပါ။ အဓိကဇာတ်ကောင် ခေါင်းဆောင်ကြီးတွေ မရှိတော့လို့လည်း တင်ပြရတာ စိတ်မသန့်ပါ။

ဒါပေမဲ့ ပြဿနာဖြေရှင်းမယ့်သူတွေ သိထားမှ အဖြေရှာနိုင်မှာဖြစ်လို့ တာဝန်အရတင်ပြပါတယ်။

လက်ဝဲညီညွတ်ရေး စပြီးပြိုကွဲတာ (ဗကပ) ထဲကပါ။ ၁၉၄၆ မှာပါ။ ဘရောက်ဒါဝါဒသွင်းလာသူလို့ စွပ်စွဲခံရတဲ့ ဦးသိန်းဖေ (မြင့်) နဲ့ သခင်စိုး (သူ့ကိုယ်သူ ဘရောက်ဒါဝါက ဖျက်ဆီးခံလိုက်ရတဲ့ အပျိုစင်လို့ သတ်မှတ်သူ) ရဲ့ ပဋိပက္ခက စပါတယ်။ ဘရောက်ဒါဝါဒကို အကြောင်းပြုပြီး တိုက်ကြတာပါ။

ဂိုဏ်းဂဏတွေနဲ့ပေါင်းပြီးတော့ မကျေနိုင်မချမ်းနိုင် တိုက်ကြပါတယ်။ အတွင်းပိုင်း ကျိတ်ပြီးတိုက်နေရာက ပဋိပက္ခကို မကြိတ်ချေနိုင်ဘဲ ပေါက်ကွဲသွားတာပါ။ ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုအရ အများစုကြီးက သခင်ဗဟိန်း၊ ဦးသိန်းဖေ (မြင့်)၊ သခင်သန်းထွန်းတို့ရဲ့ ခေါင်းဆောင်မှုခံယူပါတယ်။ အဲဒီတော့ သခင်စိုးက သူ့လူတချို့နဲ့ ပါတီခွဲထောင်ပါတယ်။ သခင်စိုးက ဗကပ ကိုရော၊ ဖဆပလ ကိုပါ ထောင်တိုက်ပါတယ်။

ဗကပ ကို တိုက်ရင် သိန်းသန်း (သိန်းဖေ၊ သန်းထွန်း) ကို ဦးတည်ပါတယ်။ အချောင်သမားလို့ ဆဲပါတယ်။ ဖဆပလ ကို တိုက်ရင် ဗိုလ်အောင်ဆန်းကို ဦးတည်ပါတယ်။ ဂျပန်နဲ့ ပေါင်းသူ၊ ဆောင်ကြာမြိုင်ဗိုလ်ချုပ်” လို့ သူကဆဲပါတယ်။ ဗိုလ်အောင်ဆန်းက ဘုရားငဆောင်လို့ ပြန်ပက်ပါတယ်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို မတိုက်ပါဘူး။ ဘေးမဲ့ပေးပါတယ်။ အလေးထားစရာလို့ မထင်လို့ပါ။

ဆွေ/ငြိမ်း တို့ကလည်း သူတို့အပြစ်နဲ့ သူတို့မို့ သိမ်ငယ်နေပါတယ်။ ဟဲဗီးဝိတ်အတန်း တက်မထိုးသေးပါ။ ဦးနုကိုတော့ နိုင်ငံရေးထဲ အတင်းဆွဲခေါ်ထားရချိန်ပါ။ တနေ့မှာ ဝန်ကြီးချုပ်ဖြစ်မယ့်သူလို့ ဘယ်သူမှ မထင်ခဲ့ပါ။

အဖြစ်အပျက်တခု တင်ပြပါမယ်။

ဖဆပလ ဗဟိုက အထက်ဗမာပြည်သို့ စည်းရုံးရေး ပထမဆုံးဆင်းစဉ်က အဖြစ်အပျက်ကလေးပါ။

ဗိုလ်အောင်ဆန်း၊ သခင်သန်းထွန်း (ဥက္ကဌနဲ့ အထွေထွေအတွင်းရေးမှူး) ခေါင်းဆောင်ပြီး ဆင်းလာတာပါ။ ဦးကျော်ငြိမ်း၊ ဦးဘဖေ၊ ဦးမြ (၂) မြ စသူများ ပါလာပါတယ်။ တမျိုးသားလုံးစည်းလုံးညီညွတ်ရေးရဖို့ စည်းရုံးရေးဆင်းတာပါ။ ကိုလိုနီခေတ်ဟောင်း နိုင်ငံရေးသမားကြီးတွေကို အစည်းအဝေးခေါ်၊ ဖဆပလ သဘောထားရှင်းပြကြတာပါပဲ။ အဓိကရှင်းပြသူက ဗိုလ်အောင်ဆန်း နဲ့ သခင်သန်းထွန်းပါ။ ကျန်တဲ့ခေါင်းဆောင်တွေက ဘာမှဝင်မပြောပါဘူး။ ဦးဘဖေပဲ တခါဝင်ပြောပါတယ်။ နိုင်ငံရေးလုပ်တဲ့ ဆရာတော်တပါးက ဗမာပြည်နဲ့ အင်ဒိုနီးရှား ဘယ်သူအရင် လွတ်လပ် ရေးရမလဲ ” လို့ မေးပါတယ်။ ဗိုလ်အောင်ဆန်း၊ သခင်သန်းထွန်း (အထူးသဖြင့်သခင်သန်းထွန်း) တို့က စပြီးရှင်းပြပါတယ်။ အမျိုးသားစည်းလုံးရေးရှိသူက အရင်လွတ်လပ်ရေးရမယ် ဆိုတဲ့ သဘော ရှင်းနေတုန်း ဦးဘဖေက နိုင်ငံရေးသမားဟောင်းချင်းမို့ ခြေမြင်ပြီး “ ဆရာတော်မေးတဲ့ မေးခွန်းက “ academic question ” ပဲ၊ ဖြေစရာမလိုဘူး” ဆိုတဲ့သဘော ပြောလိုက်ပါတယ်။ သခင်သန်းထွန်းလည်း ဆက်ရှင်းစရာမလို၊ အဲဒီ ဘုန်းကြီးလည်း ငြိမ်သွားပါတယ်။ (နောက်ပိုင်း လွတ်လပ်ရေးရပြီးတော့ အဲဒီဆရာတော် ဖဆပလမှာ တွင်ကျယ်နေပါတယ် )

ဦးကျော်ငြိမ်းကတော့ ဘာတခုမှ ဝင်မပြောပါ။ သူက ညပိုင်း “ လက်ဝဲ ” အချင်းချင်း (လက်တွေ့လုပ်နေကြတဲ့ ကေဒါတွေနဲ့ အစည်းအဝေး၊ ဦးဘဖေ၊ ဦးမြတို့ မပါဘူး) ဆွေးနွေးပွဲမှာ ပြောပါတယ်။ သူပြောတာက ဖဆပလဆိုင်းဘုတ်နဲ့ ဗကပဆိုင်းဘုတ်ယှဉ်ပြီး အဆောက်အဦတခုတည်းမှာ တင်ထားတာ ကို ကန့်ကွက်တာပါ။

ဗိုလ်အောင်ဆန်းက တကယ်လုပ်တဲ့လူ နေရာရမှာပဲ” လို့ ပိတ်ပြောလိုက်တော့ ငြိမ်သွားပါတယ်။ စောဒကမတက်ပါ။

0 comments:

Post a Comment