Monday, December 7, 2020

ပြည်ထောင်စု ပြဿနာ (အပိုင်း ၉)

0 comments

ပြည်ထောင်စု ပြဿနာ (အပိုင်း ၉)

(ရဲဘော်ကြင်မောင်)

ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

ကျွန်တော်တို့ သတိပြုသင့်သည်မှာ ထောက်လှမ်းရေး၏တာဝန်မှာ ထောက်လှမ်းရန်သာဖြစ်သည်။ သူတို့က လက်နက်မဲ့ရွာသားနှင့် မြို့ပေါ်မှယူဂျီ ဖမ်းနိုင်သည်။ သူတို့ ခြေနိုင်လက်နိုင်ဆိုလျှင် သူတို့လုပ်လိမ့်မည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော တိုက်ရည် ခိုက်ရည်ဝနေသော တပ် တတပ်ကို ချေမှုန်းချင်လျှင် သူက ထောက်လှမ်းရေးသတင်းပေးပြီး စစ်တပ်ကိုင်ထားသူ တပ်မှူးကိုသာ တင်ပြရသည်။

ထလရ ဗိုလ်ခင်ညွန့်နှင့် တပ်မှူး ဗိုလ်မောင်အေး ပူးပေါင်းပြီး “ စစ်ဦးစီးမှူး ” လီညီမွန်၊ “ ပြည်သူ့အသံ ” ကိုရဲအောင်ဦးစီးသည့် အင်အားသုံးလေးရာတပ်ကို တယောက်မကျန်လုပ်ကြံ ချေမှုန်းလိုက်ခြင်းဖြစ်သည်။ ဗိုလ်ခင်ညွန့်အစအဆုံးသိသည်။ “ ငြိမ်းအဖွဲ့ မှ လက်နက်ကိုင်တပ်များ ဘယ်ရောက်ပြီး ဘာလုပ်နေသည်ကို အမြဲထောက်လှမ်းပြီး ဗိုလ်ခင်ညွန့်သို့ သတင်းပို့နေရခြင်းဖြစ်သည်။ အချိန်နှင့်တပြေးညီ တင်ပြနေရခြင်းဖြစ်သည်။

လက်နက်ကိုင်တပ် မပြောနှင့် အတိုက်အခံခေါင်းဆောင်များ၏ လှုပ်ရှားမှုတိုင်းကိုပင် ထောက်လှမ်းသတင်းပို့နေရသည်။ ၁၉၈၈ - ၈၉ က ဗိုလ်အောင်ကြီး၏လှုပ်ရှားမှုကို ထောက်လှမ်းရေးက အစီရင်ခံတင်ပြပုံကို ဥပမာပြမည်။

အောင်ကြီး မေမြို့သို့ ဘယ်ကားစီးပြီး ရောက်လာသည်၊ ဘယ်မှာ တည်းသည်၊ ဘယ်အချိန် မီးပိတ်ပြီးအိပ်သည် ထင်ရသည်၊ မနက်ဘယ်အချိန် ထွက်လာပြီး ဘယ်သွားသည်၊ ဘယ်သူ့ကို လက်ပြနှုတ်ဆက်သည်၊ ဘယ်အိမ်ဝင်သည် စသဖြင့် ခြေလှမ်းတိုင်း၊ လှုပ်ရှားမှုတိုင်းကို ထောက်လှမ်းရေးဗဟိုသို့ သတင်းပို့နေသည်။

ကျွန်တော်တို့ ရဲဘော်(ဟောင်း) များက လားရှိုးသို့သွားပြီး ဘယ်လိုအာဏာသိမ်းမည်၊ ဘယ်မှာတပ်တွေစုထားသည် ဆိုသည်ကို အသေးစိတ် ထလရသို့ သံတော်ဦးတင်ကြသည်။ ထိုသတင်းကို ဗိုလ်ခင်ညွန့်က သတင်းထိန်ချန်ထားချင်၍ မရပါ။ ဗိုလ်မောင်အေးကို ပေးရသည်။

ဗိုလ်မောင်အေးက တပ်စုစည်းကာ ချေမှုန်းလိုက်ခြင်းဖြစ်သည်။ လွယ်လှသည်။ လက်နက်ကိုင်တော်လှန်ရေးကာလက ဤမျှ အထိနာသောဆုံးရှုံးမှုမျိုး မရှိခဲ့ဖူးပါ။ ကျွန်တော်တို့က တော်လှန်ရေးသံယောဇဉ်ဖြင့် နာကျည်းကြေကွဲရသည်။

၁၉၆၂ ခုနှစ် အာဏာသိမ်းကတည်းက စစ်အုပ်စုတွင်းဆက်ဆံရေးနှင့်ပတ်သက်ပြီး နေဝင်းက စနစ်တခု လုပ်ထားသည်။ တယောက်အလုပ် တယောက် ဝင်မစွက်ရ (ဘုရင်က နယ်စားပယ်စားပေးသလိုမျိုး)၊ ဝင်စွက်လျှင် သူ့ကိုပြော၊ သူကအရေးယူမည်။ သူက ထလရများထားပြီးလည်း သတင်းယူသည်။ နံပါတ်တစ်လုပ်နည်းမှာ ဤအတိုင်းဖြစ်သည်။

ဗိုလ်စောမြင့်ကို အောင်ကြီးနှင့်နီးစပ်သည်ဟု ထင်သောအခါ အမှုရှာ ထုတ်ပစ်လိုက်သည်။ မည်မျှပင်သန့်ရှင်းသူဖြစ်စေ အမှုရှာလို့ ရသည်ချည်းဖြစ်သည်။ ဒီချုပ်ဗိုလ်တင်ဦးအပေါ် အမှုရှာတာ၊ တခြားသူများအပေါ် အမှုရှာခဲ့တာကြည့်ပါ။

ခွေးအိုတော့ ခွေးမလေး၊ လူအိုတော့ လူမလေး ဖြစ်သွား၍သာ အခုနေဝင်း ခံလိုက်ရခြင်း ဖြစ်သည်။

နေဝင်းနည်းကို ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ လုပ်ချင်လည်း လုပ်မရပါ။ နဝတ - နအဖခေတ်တွင် နယ်စားပယ်စားများသည် တိုင်းပြည်ချင်း ဆက်ဆံသလို ကြီး (၅) ချက် အရ ဆက်ဆံနေကြသည်။ လီညီမွန်ကိစ္စတွင် ငြိမ်းအဖွဲ့တွေအကြား ဗိုလ်ခင်ညွန့် ဩဇာကျသည်။ မတတ်နိုင်။

ခွဲထွက်များသာမက အမေရိကန်၊ ထိုင်း အိမ်နီးချင်းအားလုံးက ဗိုလ်မောင်အေးသာ (in charge)ဖြစ်သည်ဟု သိသွားသဖြင့် ထိုင်းက ဗိုလ်မောင်အေးကို မရမကဖိတ်သည်။ သူပြန်လာတော့ ဗိုလ်ခင်ညွန့်က ခွဲထွက်များကို ဝက်အူရစ်တင်းသည်။ သတင်းစာများတွင် UWSA. ဖုန်ကြားစင်း ညွှန်ကြားလွှာများ တွေ့လာရသည်။

ရှေ့တွင် ပြောခဲ့ပြီ။ ခွဲထွက် “ ခေါင်းဆောင် များသည်(တက်သည့်အစိုးရ တို့အစိုးရ လုပ်မည်ဟု) တင်ပြပြီးပြီ။ ယခု နောက်ပွင့်မည့် “ မင်းဘုရား ” ကိုးကွယ်ကြလိမ့်မည်။

ခွဲထွက် ခေါင်းဆောင်များ ဟု သုံးပါသည်။ တဖွဲ့လုံးဟု မသုံးပါ။ ဤနေရာတွင် ကိုယ့်ကိုယ်ကို ဝေဖန်ရေးလုပ်ရမည်။ ခွဲထွက် အောက်ခြေရဲဘော်များ အပေါ် ပါတီက တာဝန်မကျေခဲ့ပါ။

အလွန်ပညာဆန်သော မာ့က်စ်ဝါဒ ကွန်မြူနစ်ဝါဒကို နားလည်လိုလျှင် စာတတ်ရသည်။ ကျွန်တော်တို့ အနှစ် ၂၀ အတူနေခဲ့ပြီး သူတို့ကို စာတတ်သူများ (၀စာ၊ ဗမာစာ၊ တရုတ်စာ ဘာစာမဆို တခုခု) တတ်အောင် မလုပ်နိုင်ခဲ့ပါ။

ကျေးလက်တွင်အခြေခံလျှင် ပါတီ၏ အသွေးအရောင် (သတိမထားလျှင်) ညံ့သွားတတ်သည်။ တပ်မှူးက ပဒေသရာဇ် အတွေးအခေါ် ဝင်ပြီး အောက်ခြေက ကျေးစိတ်ကျွန်စိတ် ဝင်တတ်သည်။ စာတခုခုတတ်အောင်သင်ထားလျှင် သူတို့ ကျေးစိတ်ကျွန်စိတ်ဝင်ရန် ခဲယဉ်းသည်။ အချို့သော ရဲဘော်ဟောင်းများ မူးယစ်ဆေးစွဲ၊ အေအိုင်ဒီအက်စ်ဖြစ် ဟူသောသတင်းများကြားရလေ ယူကျုံးမရဖြစ်ရလေ ဖြစ်၏။

ယခုလည်း အခြားနေရာများတွင် ထိုသို့အချင်းချင်း ရန်ငါပဋိပက္ခဖြစ်အောင်၊ အာဏာသိမ်းအောင် သွေးခွဲနေကြသည်။ သတိ ရှိသင့်ကြသည်။ ဗမာလူမျိုးကြီးဝါဒသမားများသည် လက်နက်ဖြင့်အန်တုဖူးသော မည်သည့်လူမျိုးစုတပ်ဖွဲ့ကိုမဆို အာဃာတထားသည်။ အခွင့်သာလျှင် တပ်လုံးပြုတ် ချေမှုန်းလိုကြသည်ဟု သတိပေးလိုသည်။

ငြိမ်းအဖွဲ့” များဖြစ်အောင် စီးပွားရေးမက်လုံးပေးပြီး သိမ်းသွင်းခဲ့ခြင်းဖြစ်ရာ စီးပွားရေးမက်လုံးသည်ပင် စစ်အစိုးရ၏ သွေးခွဲရေးလက်နက် ဖြစ်နေသည်။ မူးယစ်ဆေး - ဘိန်းလုပ်မလား၊ ကုမ္ပဏီထောင်မလား၊ ကျောက်တူးဖော်ရေး လုပ်မလား၊ သစ်ကွက် ကန်ထရိုက်လုပ်မလား၊ သတ္ထုတူးလိုင်စင် ယူမလား၊ ကားအသင်းထောင်မလား၊ တိုက်ဝယ် မလားအထိ ထလရကို အားကိုးနေကြ ရသည်။ ထောက်လှမ်းရေးက လွယ်လွယ်သွေးခွဲ၍ရနေသည်။

အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်ကရှိခဲ့သည့် တောရှေ့နေအလုပ်မျိုး ထလရတပ်ဖွဲ့တိုင်းက လုပ်သည်။ တောရှေ့နေသည် ဘာဥပဒေမှ သင်မထား။ ဘာအာဏာမှလည်း မရှိ။ ဘယ်ကိစ္စ ဘယ်ရုံးသွားရမည်၊ လျှောက်လွှာ ဘယ်လိုတင်ရမည် သိသည်။ ဘယ်လိုအမှုမှာ ဘယ်သူအာဏာပိုင်သည်ကို သိသည်။

ထောက်လှမ်းရေးကလည်း တောရှေ့နေလိုပဲ သိသည်။ အာဏာပိုင်ဝန်ကြီး ဌာနများသို့ သူကပဲ ဦးဆောင်ခေါ်သွားလေ့ ရှိသည်။ လိုသူကိုအားပေး၊ မလိုသူကိုချောက်ချ လုပ်နိုင်သည်။ ဤနည်း “ မက်လုံးပေးခြင်းနည်း ” ဖြင့် သွေးခွဲနေသည်။

တောရှေ့နေဦးဆောင်ရသည်က ရွာသားအမှုသည် ဖြစ်သည်။ ထလရ ဦးဆောင်ရသည်က ဒေသအာဏာပိုင် ခွဲထွက်များဖြစ်သည်။ အာဏာပိုင်သူဖြစ်မှလည်း စီးပွားရေးလုပ်ငန်းလုပ်ရန် အရင်းအနှီးရှိနိုင်သည်။

အရင်းအနှီး စုဆောင်းတာကတော့ ဘိန်း မူးယစ်ဆေးလုပ်ငန်းဖြင့် စုနိုင်သည်။ တိုတိုရှင်းရှင်းပြောလျှင် “ လော်စစ်ဟန်လမ်းစဉ် ” ဖြစ်သည်။ ကန်ထရိုက်/လိုင်စင်ရှိလျှင် အစုစပ် ဝင်ချင်သူ အများကြီးရှိသည်။

လော်စစ်ဟန်ကို အောင်ကြီးတို့လူစု မွေးစဉ်က လော်စစ်ဟန်မှာ ကိုယ်ပိုင်လက်နက်ကိုင်တပ်ကလေးရှိသည့် သာမန်ဘိန်းသမားဖြစ်သည်။ စစ်အုပ်စုအဆက်ဆက်နှင့်တွဲရင်း တပည့်ခံရင်း လုပ်ငန်းပေါင်းစုံလုပ်သော လုပ်ငန်းရှင်ကြီး ဖြစ်လာသည်။

ငြိမ်းအဖွဲ့” ခေါင်းဆောင်များကိုလည်း စစ်အုပ်စုက လော်စစ်ဟန်ကို တွဲခေါ်သလို ခေါ်နေခြင်းဖြစ်သည်။ သို့သော် ငြိမ်းအဖွဲ့ နှင့် လော်စစ်ဟန်” အခြေခံချင်း မတူကြပါ။ ကြီးမားသောကွဲလွဲချက် ရှိနေသည်။

ကွဲလွဲချက်ကိုသိရန် သမိုင်းကို လှန်မည်။ တချိန်က လော်စစ်ဟန် ဖုန်ကြားစင်းပါ ကိုးကန့်စော်ဘွားလက်နက်ကိုင်တပ်မှ ဖြစ်သည်။

နောက်ကျတော့ တယောက်က စစ်အုပ်စုနောက်လိုက် ဖြစ်သွားပြီး တယောက်က ဗကပတပ်ထဲ ရောက်သွားသည်။ ဗကပထဲ ရောက်တာ ခဏမဟုတ်၊ နှစ်၂၀ ကျော်သည်။

လားရှိုးရောက်သည့်ဗိုလ်များက လော်စစ်ဟန်ကို ကွန်မြူနစ်ဆန့်ကျင်ရေး အမာခံအဖြစ် မြှောက်စားကြသည်။ သူတို့အကျိုးလည်းရှိ၍ အလွန်မြှောက်စားသည်။ သာမန်ဘိန်းကုန်သည်ကနေ သူဌေးကြီး ဖြစ်သွားသည်။

လော်စစ်ဟန်၏ဆရာက များသည်။ ဗိုလ်အောင်ကြီးဦးစီးသည့် ဆိုရှယ်လစ်ဗိုလ်များကစပြီး နောက်ဆုံး လားရှိုးတိုင်းမှူးအထိဖြစ်သည်။

ထိုတိုင်းမှူးများ ဝန်ကြီးတွေ၊ သမ္မတတွေဖြစ်ကြတော့ လော်စစ်ဟန်၏ စီးပွားရေးအင်ပါယာ ကျယ်ပြန့်လာသည်။ လော်စစ်ဟန်သည် တယောက်တည်း၏ တပည့် မဟုတ်ပါ။ လားရှိုးရောက်သည့် ဗိုလ်တိုင်းက အင်္ဂလိပ်သစ်လုပ်ငန်းမန်နေဂျာများ “ ဘိုကတော် ” လွှဲနည်း လွှဲသွားကြ၍ အားလုံး၏တပည့်ဖြစ်သည်။

အင်္ဂလိပ်မန်နေဂျာများသည် ဗမာပြည် စရောက်ရောက်ချင်း တောမယား ယူကြသည်။ လူမျိုးစုအမျိုးသမီးများ “ ဘိုကတော် ” ဖြစ်ကြသည်။ မန်နေဂျာဟောင်း ဘိလပ်အပြီးပြန်လျှင် နောက်ရောက်သည့် မန်နေဂျာသစ်ကို “ ဘိုကတော် ” အား လွှဲပေးခဲ့သည်။ လက်ပြောင်းလက်လွှဲ အများကြီးအလုပ်ခံရသော “ ဘိုကတော် ” သည် ထိုဒေသ၏ အကြီးဆုံးသူဌေး ဖြစ်ကျန်ရစ်သည်။ အရွယ်ကျသွား၍ “ ဘိုကတော် ” ဖြစ်သွားလျှင်လည်း မပူပင်ရတော့ပါ။

လော်စစ်ဟန်ကိုလည်း စစ်အုပ်စုဝင်များ ဘိုကတော်လွှဲသလို လွှဲပေးခဲ့ကြ၍ ဗမာပြည်တွင် အကြီးဆုံးသူဌေး ဖြစ်နေသည်။

(ဖုန်ကြားစင်းသည် လော်စစ်ဟန်ကို အားကျသည်၊ အမှီကောင်းရသွားသူဟု ထင်သည်။ ဖုန်ကြားစင်းခွဲထွက်တော့ လော်စစ်ဟန်သားအဖ လာပြီး စစ်အုပ်စုနှင့် ခင်ညွန့်နှင့် အောင်သွယ်ပေးခဲ့ခြင်းဖြစ်သည်။)

ဗကပတပ်ထဲရှိစဉ်က ဖုန်ကြားစင်းကို စစ်အုပ်စုက “ ဖွတ်ကြားရှင် ” ဟု ခေါ်သည်။ “ ငြိမ်းအဖွဲ့ ” ဖြစ်သောအခါ “ ဦးဖုန်ကြားရှင် ” ဖြစ်လာသည်။ ဘယ်တော့ ဖွတ်ကြားရှင်ပြန်ခေါ်မည် မပြောတတ်ပါ။

ငြိမ်းအဖွဲ့” ခေါင်းဆောင်များနှင့် စစ်အုပ်စု တူတာတခု ရှိသည်။ ၎င်းမှာ အာဏာကိုင်ပြီး စီးပွားရေးလုပ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် အာဏာကိုအမိအရ ကိုင်ထားရသည်။ အာဏာမရှိလျှင် ဘာမှမရှိနိုင် - ရှိထားတဲ့ စီးပွားရေးအားလုံး ဆုံးရှုံးရမည်ကိုသိ၍ အာဏာရထားသူက အာဏာကို လက်မလွတ်ရေး၊ အာဏာမရသူကလည်း အာဏာရရေး။ ဤပဋိပက္ခ အမြဲရှိနေမည်။ အာဏာ လက်လွတ်သွားသူက အာဏာပြန်ရရေး (နေဝင်း လုပ်သလို) ပဋိပက္ခလည်း ရှိသည်။

ကိုးကန့်၊ မုံးကိုးအဖွဲ့မှာ ထလရကို မှီခိုနေရရာ ထလရက သူတို့အတွင်းရေးကို မသိချင်တဆုံးဖြစ်သည်။ နောက်ဆုံးတွင် အချိန်ကျ လာသောအခါ ပဋိပက္ခ ဘက်နှစ်ဘက်စလုံးကို ချေမှုန်းပစ်လိုက်သည်။ ဗကပဗဟိုက လုပ်ပေးသလို စေ့စပ်ပေးနေမည်မဟုတ်။

ယခုအထိ မုံးကိုးမှ လက်နက်ကိုင် လက်ကျန်များက ဗိုလ်ချုပ်ခင်ညွန့်မသိလိုက်လို့ ဖြစ်သွားတာ။ ဗိုလ်ချုပ်မောင်အေးလုပ်လို့ ခံလိုက်ရတာဟု ထင်နေဆဲဖြစ်သည်ဟု ကြားရသည်။ သူတို့သည် ဗမာလူမျိုးကြီးဝါဒီစစ်အုပ်စုနှင့် ၁၀ နှစ်ပဲ ဆက်ဆံခဲ့ရသူများ ဖြစ်သည်။ တန်းတူရည်တူလည်း ဆက်ဆံခဲ့ရခြင်းမဟုတ်၊ ညွှန်ကြားသူနှင့်ညွှန်ကြားခံ ဆက်ဆံရေး ဖြစ်သည်။ ဗကပ က နှစ် ၆၀ ဆက်ဆံခဲ့သည်။ နှစ် ၆ဝ ဟိုဘက်ကလည်း ကျောင်းနေဖက်များ၊ တမြို့တည်းသားများဖြစ်သည်။ တချို့ဆိုလျှင် ဆွေမျိုးသားချင်းတောင် တော်ကြသည်။ သူတို့စစ်အုပ်စုအကြောင်း ဗကပလောက်သိသူ မရှိပါ။

၁၉၄၇ ပင်လုံညီလာခံ ပျက်မလိုလိုဖြစ်တုန်းက အင်္ဂလိပ်က ရှမ်းပြည်ကို သီးခြားတိုင်းပြည်အဖြစ်ဖွဲ့ပေးခဲ့လျှင် တိုက်ပစ်ရမည်ဟု ပြောနေကြသူများဖြစ်သည်။ ရှမ်းပြည်မှ ပြည်ချစ်ပုဂ္ဂိုလ်များကျေးဇူးကြောင့်သာ ပြည်ထောင်စုတခု ပေါ်ခဲ့ခြင်းဖြစ်သည်။ အခါအခွင့်သင့်တိုင်း ကွန်မြူနစ်များက ထိုပြည်ချစ်ပုဂ္ဂိုလ်များကို ချီးကျူးဂုဏ်ပြုနေမည် ဖြစ်သည်။

စစ်အုပ်စုသည် လူမျိုးစုများအပေါ် အစွဲအလမ်းရှိသည်။ လက်နက်ကိုင်ပြီး အန်တုခဲ့သူများအပေါ်တွင်ကား အစွဲအလမ်းသာမက ရန်ငြိုးပါရှိသည်။ ဤအချက်ကို လူမျိုးစုတိုင်း မမေ့သင့်။

(ဗမာလူမျိုးကြီးဝါဒ၏အစွဲအလမ်းများ)

အကြီးဆုံးအစွဲအလမ်းမှာ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား အစွဲအလမ်းဖြစ်သည်။ နဝတ - နအဖ အစိုးရက အမွှမ်းတင်လွန်းသည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ကို လွန်လွန်ကျူးကျူး အမွှမ်းတင်လွန်းလျှင် ဗမာလူမျိုးက ကျေနပ်နိုင်မည်ဖြစ်သော်လည်း မွန်၊ ရခိုင်တို့က အနာဟောင်းဆွပေးသလို အခံရခက်ကြမည်။

စစ်အုပ်စုက တမင်လုပ်နေခြင်းဖြစ်သည်ဟု ကွန်မြူနစ်များကထင်သည်။ စစ်အင်အားနဲ့ထိန်းမှ ငြိမ်မည်၊ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့လိုလုပ်မည်ဟု လူမျိုးစုများကို တဖက်လှည့်ခြိမ်းခြောက်နေခြင်းဟု မြင်သည်။

ဒီချုပ်ကိုလည်း လူမျိုးစုများအရေးမှာ ပျော့ညံ့ညံ့လုပ်လျှင်ခံရမည်ဟု ပြောလိုဟန်ရှိသည်။

0 comments:

Post a Comment