Saturday, December 5, 2020

ပြည်တွင်းစစ် ပြဿနာ (အပိုင်း၁၁)

0 comments

ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)

(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

 

၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၁၁)

ဗိုလ်နေဝင်းလည်း အာပတ်ဖြေဖို့ တရုတ်ပြည် အကြိမ်ကြိမ်သွားပါတော့တယ်။ တကြိမ်မှာတော့ ဝန်ကြီးချုပ်ချင်းဆွေးနွေးစရာတွေ ဆွေးနွေးပြီးလို့ ဗမာပြည်ပြန်ခါနီးမှာ ဥက္ကဌမော်ကို သွားနှုတ်ဆက်ပါတယ်။ လုပ်နေကျထုံးစံမို့ လုပ်တာပါ။ နှစ်ဘက် ထူးထူးထွေထွေ ပြောလေ့မရှိပါ။

ဒီတခါမှာတော့ မထင်မှတ်ဘဲ ရဲဘော်မော်စီတုန်းက ဗမာပြည် ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းဖို့ (ဗကပ) နဲ့ (မဆလ) ဥက္ကဌချင်း စကားပြောဖို့ တိုက်တွန်းပါတယ်။ ဗိုလ်နေဝင်းကလည်း သူ့အနေနဲ့ စကားပြောဖို့ သဘောတူကြောင်း၊ သူ့လူတွေနဲ့တိုင်ပင်ပြီး နှစ်ဘက်ဆွေးနွေးဖို့ တရားဝင်အကြောင်းပြန်မယ့်အကြောင်း ပြောပါတယ်။

ရဲဘော်ဟွကိုဖုန်းလက်ထက်၊ ရဲဘော်တိန့်ရှောင်ဖင် လက်ထက်လည်း အဲဒီလိုပဲ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ ၁၉၇၉ နဲ့ ၁၉၈၀ ခုနှစ်ကျမှ “ စကားပြောပွဲ ” လုပ်ဖြစ်တာ ပါ။

ကမ္ဘာ့စနစ်က ဗမာပြည် ပြည်တွင်းစစ်ကို ဘယ်လိုအကျိုးသက်ရောက်စေသလဲဆိုတာသိဖို့ အသေးစိတ်တင်ပြတာပါပဲ။

ကိစ္စတွေက ပြီးခဲ့ပါပြီ။ ထပ်တကျော့ပြန်လာမှာ မဟုတ်ပါ။ ဒါပေမဲ့ ကမ္ဘာ့စနစ်အပြောင်းအလဲဟာ မမျှော်လင့်ဘဲ ဖြစ်တတ်ကြောင်းကို အတွေ့အကြုံနဲ့သင်ခန်းစာထုတ်ယူဖို့ လိုပါတယ်။

စစ်အေးခေတ်တုန်းက အိန္ဒိယက ဗမာပြည်နဲ့ သိပ်မပတ်သက်ခဲ့ပါဘူး။ စစ်အေးခေတ်လို့ ပီပီပြင်ပြင်မဖြစ်ခင်တုန်းက “ ရန်ကုန် အစိုးရ ” ကို ကယ်ခဲ့ပြီးနောက် မူ (၅) ချက်နဲ့ပဲ ဗမာပြည်ကို ထိန်းထားပါတယ်။ အဓိကအာရုံပြုတာက စင်တိုး ( CENTO) ထဲ ပါနေတဲ့ ပါကစ္စတန်ပါ။

တရုတ်ကတော့ သမိုင်းအမွေအဖြစ် ကွန်မြူနစ်ချင်းစိတ်ဓာတ်အရ ဆက်ဆံပါတယ်။ ဆီးတိုး (SEATO) ရှိနေတာ၊ ဗီယက်နမ်စစ်

ဖြစ်နေတာကလည်းရှိတော့ ဗမာပြည်အရေးကို စိတ်ဝင်စားပါတယ်။ မူကြီး (၅) ချက်ကို နှစ်ဘက်ကထိန်းသိမ်းဖို့ အလွန်အမင်း လိုလားပါတယ်။

ဒါကြောင့် ပြည်တွင်းစစ်ထဲ ဝင်မပါမိအောင် အလွန်သတိထားပါတယ်။ (ဗကပ) ကို ကျည်တတောင့်၊ လက်နက်တလက် မကူသလို အစိုးရဘက်ကိုလည်း လက်နက် ကျည်မရောင်းပါဘူး။ စစ်ဝတ်စုံ ချုပ်နိုင်တဲ့ပိတ်၊ စစ်ဖိနပ်တောင် မရောင်းခဲ့ပါဘူး။

မူကြီး (၅) ချက်ပြန်ပြီး ထိန်းကြတာရယ်၊ စစ်အေးလွန်ခေတ် ရောက်တာရယ်က မရှေးမနှောင်းဖြစ်ပါတယ်။ နယ်စပ်မှာ ပြည်တွင်းစစ် မရှိစေချင်ရုံမက နိုင်ငံရေးလည်း တည်ငြိမ်စေချင်တဲ့ဆန္ဒ သိပ်ကိုပြင်းပြပါတယ်။

စစ်အေးလွန်ကာလရောက်တာနဲ့ တရုတ်ပြည်ရဲ့ ပြုပြင်ရေးနဲ့ တံခါးဖွင့်ရေးကလည်း မရှေးမနှောင်း ပေါ်တာပါ။ ဒါကြောင့် ရောင်းနိုင်တာအားလုံး ရောင်း၊ ဝယ်နိုင်တာအားလုံး ဝယ်ပါတယ်။

မူကြီး (၅) ချက် ပျက်နေတုန်းက (ဗကပ) ကို ကူညီနေတုန်းကဆိုရင် “ သစ်တတို၊ စပါးတစေ့ ” မဝယ်ပါ။ (ဗကပ) က စပါးထွက်တဲ့ ဒေသကနေ တရုတ်ပြည်ဖြတ်ပြီး စားစရာ မလုံလောက်တဲ့ ၀ နယ်ကို ဆန်သယ်ပါရစေ၊ ဗမာပြည်မြောက်ဖျားမှာ အလေ့ကျပေါက်ပြီး တောထနေတဲ့သစ်တွေ ရောင်းပါရစေလို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။

တို့ကူတာဟာ ဗမာပြည်က ဆန်တွေ၊ သစ်တွေလိုချင်လို့ကူတာလို့ အပြောခံရမယ်။ ဒါကြောင့် သစ်တတို၊ စပါးတစေ့ တရုတ်ပြည်ထဲ မသွင်းပါနဲ့၊ ဝနယ် သယ်သွားတဲ့စပါး လူတွေသိမှာမဟုတ်ဘူး၊ တရုတ်ပြည်ထဲ သွင်းတာပဲသိကြမှာဆိုပြီး ယတိပြတ်ပယ်ချပါတယ်။

ရဲဘော်ချိုအင်လိုင်းကိုယ်တိုင် ပယ်ချတာပါ။ ဝနယ်မှာ စားစရာမရှိရင် ဆန်ပေးမယ်ဆိုပြီး ဆန်တွေ နှစ်တိုင်းပေးနေပါတယ်။

မူကြီး (၅) ချက် ပြန်ဖြစ်လာတာဟာ နယ်စပ်က လူမျိုးစုရဲဘော်တွေကို ငြိမ်းချမ်းရေးအဖွဲ့ [ဒီစကားလုံးက (ဗကပ) သာသုံးတာပဲ။ စစ်အစိုးရက တတ်နိုင်သမျှရှောင်တဲ့ ဝေါဟာရပါ] တွေ ဖြစ်စေတာပါပဲ။ နယ်စပ်အရောင်း အဝယ်တွေလည်း ဖွံ့ဖြိုးလာစေပါတယ်။ ရောင်းကြဝယ်ကြတာမှာ ဘာတွေရောင်းပြီး ဘာတွေဝယ်တယ်ဆိုတာ ဗမာစီးပွားရေးမဂ္ဂဇင်းတွေမှာ တွေ့နိုင်ပါတယ်။

လွတ်လွတ်လပ်လပ် ရောင်းကြ၀ယ်ကြတော့ ဒါကို အမေရိကန်က မလိုလားပြန်ဘူး။ စစ်အေးခေတ်တုန်းက သူတို့ပြောခဲ့ဟောခဲ့ တာတွေကို ၁၈၀ ဒီဂရီ လှည့်ပစ်လိုက်တယ်။ ပိတ်ရမယ်ဆို့ရမယ် ဖြစ်လာတယ်။

ကမ္ဘာကြီးက ဒီတခုတည်းပါပဲ။ လည်မြဲလည်နေပါတယ်။ ဒါပေမဲ့ စစ်အေးလွန်ကာလရောက်လာတော့ တမျိုးဖြစ်လာတာပါပဲ။

တရုတ်ပြည်ဟာ သေနင်္ဂဗျူဟာမိတ်ဖက် ၊ ပြိုင်ဘက် (ရန်ဘက်လို့ မသုံးဝံ့သေးဘူး)လား၊ တယောက်တမျိုး ပြောလာပါတယ်။ စစ်အေးခေတ်တုန်းကတော့ မိတ်ဖက်၊ စစ်အေးလွန်ခေတ်မှာ ပြိုင်ဘက် ဗလောင်းဗလဲလုပ်ပါတယ်။

အဲဒီလို ဗလောင်းဗလဲ အမေရိကန်လုပ်တာကို ဖာဖို့ထေးဖို့ ကြိုးစားနေကြသံ ကြားရပါတယ်။ ကွန်မြူနစ်နဲ့ဖက်ဆစ် အတူတူပဲလို့ပြောသံ ကြားရပါတယ်။ ကလေးကတောင် မတူဘူးဆိုတာသိနေတဲ့ကိစ္စကို ဘာ့ကြောင့် ဗလောင်းဗလဲဖြစ်လာသလဲဆိုတော့ အမေရိကန် ဆရာကြီးကိုယ်တိုင်က ဗလောင်းဗလဲလုပ်လို့ပါပဲ။ ကိုယ့်မိတ်ဆွေတွေပြောတာကို တာဝန်အရပြောတာတွေပဲလို့ သဘောထား လိုက်ပါတယ်။

စစ်အစိုးရကို ဖက်ဆစ်လို့ (ဗကပ) က ဘယ်တုန်းကမှ မပြောပါ။ ဘာကြောင့်လဲဆိုတော့ ဖက်ဆစ်စနစ်က နယ်ချဲ့လက်ဝါးကြီးအုပ် အရင်းရှင်ကြီးတွေက မွေးထုတ်တဲ့ဝါဒ၊ နယ်ချဲ့နိုင်ငံတွေမှာသာ ပေါ်နိုင်တဲ့စနစ်ဖြစ်လို့ပါ။ ဗမာပြည်လို ကိုလိုနီမဖြစ်အောင် ရှောင်နေရတဲ့ိုင်းပြည်မှာ ဖက်ဆစ်စနစ် မပေါ်နိုင်လို့ပါပဲ။ ဖက်ဆစ်ဆန်တာတော့ ရှိပါတယ်။ ဗမာ့နည်းဗမာ့ဟန် ဖက်ဆစ်ဝါဒပဲ ဖြစ်မယ့် အလားအလာရှိပါတယ်။

စစ်အေးလွန်ခေတ်ဟာ ခဏပဲ ရှိမှာပါ။ ကမ္ဘာ့စနစ်သစ်တခု အနှေးနဲ့အမြန် မပေါ်မီ ယာယီရှိတဲ့ကာလကလေးပါပဲ။ ကွင်းလုံးကျွတ်နိုင်လိုက်ပြီထင်တဲ့ အမေရိကန်နဲ့ အနိုင်အရှုံးမရှိတဲ့ပွဲလို့ထင်တဲ့ အင်အားကြီးနိုင်ငံတွေ လွန်ဆွဲနေချိန်ဖြစ်ပါတယ်။

ဗမာပြည်အနေနဲ့ အနေတတ်ရမယ့် ကာလ ဖြစ်ပါတယ်။

0 comments:

Post a Comment