ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)
(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)
၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၁၂)
သဘောထားမှန်ကြမှ ပြည်တွင်းစစ် ရပ်နိုင်လိမ့်မယ်။
စစ်မြေပြင်မှာ မရနိုင်တာကို စားပွဲပေါ်မှာ တောင်းနေကြလို့တော့ ဘာမှ ဖြစ်မလာနိုင်ပါ။ ဦးကျော်ငြိမ်းစခဲ့တဲ့ “သန္ဓေသားဖျက်ချရေး” ပေါ်လစီ အလုပ်မဖြစ်ခဲ့ဘဲ ပြည်တွင်းစစ်က အသက်ငါးဆယ်ကျော်ပါပြီ။
(ဗကပ) အနေနဲ့ စေ့စပ်ဆွေးနွေးပွဲ တခါနဲ့ စကားပြောပွဲတခါ လုပ်ခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးပွဲတုန်းက ဖြစ်စဉ်တွေက ဦးအောင်စောဦးရဲ့ နှစ် ၅၀ စာအုပ်မှာ ပါပါတယ်။ ပြည့်စုံပါတယ်။ စကားပြောပွဲကိုတော့ စစ်အစိုးရက ဘာမှ မထုတ်ပြန်ပါ။ အပြီးအပိုင်ဖျက်သိမ်းတယ်ဆိုတာပဲ ကြေညာပါတယ်။
၁၉၆၃ စေ့စပ်ဆွေးနွေးပွဲတုန်းက ဘာအခြေခံဥပဒေမှ မရှိပါ။ ၁၉၄၇ ခြေခံဥပဒေဖျက်သိမ်းထားပါတယ်။ စကားပြောပွဲကျတော့ အခြေခံဥပဒေရှိပါတယ်။ ဒါပေမဲ့ မဆလတပါတီသာရှိရမယ့်ဥပဒေပါ။ (ဗကပ)အတွက်သာမက မဆကလွဲလို့ တခြားဘယ်ပါတီမှမရှိနိုင်ပါ။
အဲဒီစကားပြောပွဲပျက်တော့ ပြည်တွင်းစစ် တကယ်ရပ်ချင်ရင် ရပ်နိုင်မယ့်နည်းလမ်းကို (ဗကပ) က ရှာပါတယ်။ ပါတီစုံဒီမိုကရေစီ အခြေခံဥပဒေရှိမှဖြစ်မယ်လို့သိလို့ တင်ပြပါတယ်။ ၁၉၈၀ ခုနှစ်မှာပါ။
၁၉၈၈ အုံကြွမှုကြီး အထွတ်အထိပ်ရောက်နေတုန်းက ပြည်တွင်းစစ်ရပ်စဲရေးနည်းလမ်းတခု ပေါ်လာတယ်ထင်လို့ မြို့ပေါ်က အင်အားစုတွေ အားလုံးစုစည်းပြီး ကြားဖြတ် ခေါ်ခေါ် ယာယီခေါ်ခေါ် ညွန့်ပေါင်းအစိုးရတခုပေါ်ရင် (ဗကပ) က အဲဒီအစိုးရကို ထောက်ခံမှာပါ။ အစိုးရတပ်ထဲကလည်း ယာယီအစိုးရကို ထောက်ခံမယ့်သူတွေ တွေ့ထားပါတယ်။ အဲဒီလိုဆိုရင် ပြည်တွင်းစစ်ကို လူထုနည်းနဲ့ရပ်ပစ်နိုင်လိမ့်မယ် ထင်ခဲ့ပါတယ်။
ဗိုလ်အောင်ကြီးနဲ့ ဦးနု ထွက်ပြီး ပွဲဖျက်ကြလို့ ယာယီဒီမိုကရေစီညွှန့်ပေါင်းအစိုးရဖွဲ့ရေး ပျက်ပါတယ်။ ပြည်တွင်းစစ်ရပ်စဲရေး အလားအလာပါ ပျက်စီးသွားပါတယ်။
အခု ခြေလှမ်းသုံးလှမ်းပေါ်လစီ ချထားပါတယ်။ ၁၉၈၈ နောက်ပိုင်းပေါ်လာတဲ့ NLD. DPNS. ABSDF ဗကသ စတဲ့ အဖွဲ့တွေ အရင်ဆုံးဆွေးနွေး၊ နောက် ငြိမ်းအဖွဲ့တွေနဲ့ ဆွေးနွေး၊ တတိယ ခြေလှမ်းကျမှ (ဗကပ) ဆွေးနွေးကြဖို့ပါပဲ။ ဒါဟာ ပြည်တွင်း စစ်ရပ်စဲရေးကို တရစ်ချင်းလုပ်သွားဖို့ရည်ရွယ်လို့ တင်ပြတာပါ။
ပြည်တွင်းအခြေအနေကို အကဲဖြတ်ပြီး ပြည်တွင်းစစ်ရပ်စဲရေး နည်းလမ်းတွေ (ဗကပ) က ရှာနေဦးမှာပါပဲ။
ပြည်တွင်းစစ် ရပ်ချင်တဲ့သဘောထား ဘက်အားလုံးမှာရှိကြမှ ရပ်လို့ ရပါလိမ့်မယ်။
“ငါတို့နိုင်ပြီးပြီ၊ စေ့စပ်စရာမလို” ဆိုတဲ့သဘော ထားနေရင် ဘာမှဖြစ်လာမှာ မဟုတ်ပါ။
အဲဒီလို နိုင်လိုက်ပြီလို့ ထင်တာဟာ နဝတ နအဖ မှ မဟုတ်ပါ။ ၁၉၅ဝ နှစ်တွေတုန်း ကတည်းက ဖဆပလလည်း ထင်ခဲ့တာပါ။
ကောက်သင်းကောက်စရာပဲ ကျန်တယ်လို့ ပြောပါတယ်။ စိုက်တာရိတ်တာက သုံးလေးနှစ်၊ ကောက်သင်းကောက်တာက နှစ် ၄၀ ကျော် ဆိုတော့ လူရယ်စရာပဲ ဖြစ်ပါလိမ့်မယ်။
အခုလည်း ပြည်တွင်းစစ် ရပ်တာမဟုတ်ကြောင်း “ ငြိမ်းအဖွဲ့ ” တွေ ရှိနေတာက ပြပါတယ်။ ခြံထဲကကြက် ရိုက်စားထားတဲ့ ခွန်ဆာအဖွဲ့ကိုတောင် အပြတ် အောင်နိုင်လိုက်ပါသလား? မနိုင်ဘူးဆိုတာ စစ်အစိုးရသိပါတယ်။
အမေရိကန်ထွက်ပြီး ကျွတ်ကိုက်လို့ သေတဲ့မသာအဖြစ် နတ်သံနှောသွားတဲ့ ဗိုလ်အောင်ကြီးလည်း အပြတ်မနိုင်တာမှန်း သိပါတယ်။ သူပြောတဲ့ “ ကျွတ် ” တွေဆိုတာ အများစုက သူတို့ ၁၉၅၅ က ၁၉၅၈ အထိ လုပ်ခဲ့တဲ့ လက်နက်ချပွဲကြီးတွေမှာပါနေတဲ့ အောက်ခြေကရဲဘော်တွေ မဟုတ်ပါလား။
သဘောထားမမှန်ကြရင် ဘယ်ဘက်ကမှားမှား ပြည်တွင်းစစ် မရပ်နိုင်ပါ။ အရှုံးအနိုင်ပြတ်အောင် တိုက်ကြရမှာပါပဲ။
0 comments:
Post a Comment