ပြည်ထောင်စု ပြဿနာ (အပိုင်း ၄)
(ရဲဘော်ကြင်မောင်)
ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)
ကာကွယ်ရေးဝန်ကြီးခန့်ရေးဇာတ်လမ်းက ရှုပ်သည်။ ဦးနုက သူ၏ “ တာတေစနေသား ” တွင် ရေးသားချက်အရ နေဝင်းကို ခန့်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ သို့သော် ပြဒါးလိုအပြောင်းအလဲမြန်သော ဦးနုသည် စိတ်ပြောင်းသွားသည်။ စစ်ဗိုလ်တယောက်၏ ခါးမှသေနတ်ကိုမြင်ပြီး ငါ့ကိုလက်နက်နဲ့ အကျပ်ကိုင်တာပဲဟုထင်နေဆဲ သိန်းဖေ(မြင့်) ၏ “ ဗိုလ်နေဝင်းခန့်မလား၊ ဗိုလ်ဇေယျခန့်မလား ကိုကြီးနု၊ သုံးရက်စဉ်းစားပါ ” ဟူသော စကားကြားသောအခါ ဒေါသအိုးကြီး ပေါက်ကွဲသွားသည်ဟု ဆိုသည်။ သုံးရက်မလိုဘူး အခုပဲပြောမယ်၊ ဘယ်သူ့မှမခန့်ဘူးဟု ဖြစ်သွားသည်။ ဦးကျော်ငြိမ်းသယ်ထားသမျှ သဲထဲရေသွန် ဖြစ်ရသည်။
ဦးနုသည် “ တာတေစနေသား ” အဖွင့်တွင်ပင် သူ့အတွက်ကတုတ်ကျင်းတူးထားပြီး ရေးခြင်းဖြစ်သည်။ စနေ နေတက်ဖွားမို့ စိတ်တိုသည်။ နောက်မှတနုံ့နုံ့ နောင်တရတတ်သည်ဟု ရေးထားသည်။ အမှားအယွင်း ပြောမိလုပ်မိလျှင် “ စိတ်တိုတတ်လို့ ” ဟု ထုချေနိုင်အောင် ရေးထားသည်။
မောင်မောင်၊ အောင်ကြီး၊ တင်ဖေတို့ အမြောက်နှင့်ချိန်ပြီး အာဏာတောင်းတုန်းကတော့ စနေ နေတက်သားကြီး ဇာတိမပြပါလား။ ဦးနုဇာတိက ပြတချက်၊ မပြတချက်ဟု ဆိုရမည်။
ဗကသချင်းမို့ ဗိုလ်ဇေယျက ယုံယုံကြည်ကြည် လာပြောသည်ကို သစ္စာဖောက်မိသော ဦးနုသည် လိပ်ပြာမလုံခဲ့ပါ။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ဆိုရှယ်လစ်တွေအား မပေးဘဲထားခဲ့သည်။
မန္တလေး၊ စစ်ကိုင်းစစ်ဆင်ရေးကို သူကိုယ်တိုင်ဦးစီးသည်။ သူ့စာအုပ်တွင် သူ့စွန့်စားခန်းများကို ဇာတ်ဆန်ဆန် ရေးထားသည်။ ဦးဝင်းက အဖော်အဖြစ်သာ ပါခဲ့ခြင်းဖြစ်သည်။
မည်သို့ဆိုစေ နေဝင်းသည် ကရင်တပ်များတောခိုသောအခါ တပ်တခုလုံး သူ့လက်သူ့ခြေ လုပ်နိုင်သွားသည်။ စစ်တပ်၏ နံပါတ်တစ်နေရာသို့ ရောက်သည်။ သဲကြီးမဲကြီး စစ်တိုက်နေရသောကာလဖြစ်၍ နံပါတ်တစ်သည် အာဏာသိပ်ကြီးသည်။ ယနေ့လို စစ်သိပ်မတိုက်ရသောခေတ်နှင့် မတူပါ။ တပ်ရင်း (၄) မှ လူများ နေဝင်းနံပါတ်တစ်ဖြစ်မှ နေရာရ တွင်ကျယ်လာခြင်းဖြစ်သည်။ ဗိုလ်ကျော်ထင်၊ ဗိုလ်အေးကို စသည်များ တပ်ကြပ်မှ ဗိုလ်တွေဖြစ်လာသည်။ တပ်များ အကြီးအကျယ် တိုးချဲ့နေချိန်ဖြစ်၍ ရာထူးတိုးတာ မြန်သည်။
(တလက်ကိုင်တပ်ကို နေဝင်းနည်းနှင့် လုပ်ရကြောင်းသိနေ၍ နဝတ - နအဖ တပ်တွေ တရကြမ်းတိုးချဲ့နေခြင်းဖြစ်သည်)
ဗမာပြည်အရေးကျွမ်းကျင်သူဟု အမည်ခံနေကြသော လူဖြူများ (အမေရိကန်၊ အင်္ဂလိပ်၊ ဆွီဒင် စသဖြင့် ရေးနေရလျှင်ရှည်၍ လွယ်အောင် “ လူဖြူများ ” ဟုပဲသုံးလိုက်သည်)၊ သူတို့က ၁၉၅၈ ဖဆပလအကွဲကြောင့် နေဝင်း လူတွင်ကျယ်ဖြစ်လာသည်ဟု ရေးကြသည်။ ကျွန်တော်တို့ ဒီမိုကရေစီဘက်သားတချို့က ယုံကြသည်။ သံယောင်လိုက်ကြသည်။ မဟုတ်ပါ။ ၁၉၄၈ ကတည်းက ဦးကျော်ငြိမ်းတင်ပေး၍ တွင်ကျယ်နေပြီ။
ဦးကျော်ငြိမ်းမှာ ဦးဗဆွေနှင့်မတူ၊ သူ့ကိုပုဂ္ဂိုလ်အရကြည်ညိုသော နောက်လိုက်စစ်ဗိုလ် မရှိ။ သူ့သမိုင်းကလည်း ရှိဖို့မလွယ်။
သူက အလုပ်ထက် အကွက်ကို အလေးထားသည်။ နေဝင်းကို တင်သည်မှာလည်း ဆိုရှယ်လစ်ဗိုလ်များ၏ထောက်ခံချက်ဖြင့် တင်ခြင်းဖြစ်သည်။ နေဝင်းမှမတင်လျှင် တခြားတင်စရာလည်း မရှိ။
နေဝင်း တွင်ကျယ်လာပုံကိုကြည့်။ ဦးသိန်းဖေ(မြင့်)က လက်ဝဲခေါင်းဆောင်ကြီးအဖြစ်နှင့် အာဏာသိမ်းခိုင်းသည်။ ဦးဘဖေ(ကြီး)က လက်ယာခေါင်းဆောင်ကြီးအဖြစ် တိုင်းပြည်ကို “ ကယ်တင် ” ခိုင်းသည်။ ဦးကျော်ငြိမ်းက ဦးနုကိုအယုံသွင်းပြီး နေဝင်းကို ဗိုလ်လက်ျာနေရာကိုရအောင် လုပ်ပေးသည်။
ဝဲ - ယာ သာမက ဦးကျော်ငြိမ်းလိုလူကပင် အားထားရသောသူဖြစ်လာသောအခါ နေဝင်း မာနတက် ဇာတိပြလာတာ မဆန်း။
တပ်မတော်ကို ခင်ဗျားတို့ဝန်ကြီးတွေကို ကာကွယ်ဖို့ ဖွဲ့ထားတာမဟုတ်ဘူးဟု ပြောဝံ့လာသည်။ ဝန်ကြီးများကို လူရှေ့သူရှေ့မရှောင် ကြိမ်းမောင်းဝံ့လာသည်။
၁၉၄၈ တုန်းက အမျိုးသားလုံခြုံရေးကောင်စီ (National Security Council) NSC ဖွဲ့ထားသည်။ ထို NSC ကို ကြိုးကိုင်ခြယ်လှယ် နေသူများမှာ စမစ်ဒွန်း၊ ဦးထွန်းလှအောင် (သူက အိန္ဒိယပြန်မဟုတ်၊ ကင်ပေတိုင်ထောင်ပြန်ဖြစ်သည်။ ကွန်မြူနစ်ပါတီက “ ကင်ပေတိုင် ” ထဲသွင်းထားသူ ယူဂျီရဲဘော်၏ကျေးဇူးကြောင့် အသက်ရှင်လျက် လွတ်လာခြင်းဖြစ်သည်။ သူ ပုလိပ်မင်းကြီး ဖြစ်သောအခါ ထိုယူဂျီရဲဘော်ကို ကျေးဇူးဆပ်ပါရစေ အကြိမ်ကြိမ်ပြောနေသူ ဖြစ်သည်) အခြားသူများမှာ စောရှီးရှိုး၊ စောကြာဒိုးနှင့် ဦးတင်ထွဋ်တို့ ဖြစ်သည်။ ဦးတင်ထွဋ်မှာ စစ်တိုက်သည့်အတွေ့အကြုံ မရှိ၊ သို့သော် ဂေါ်ရခါးတပ်ကို ကိုင်ထားသူဖြစ်သည်။
ထို NSC က မျိုးချစ်ဗမာ့တပ်မတော်ဟောင်းများဖြင့် ဖွဲ့စည်းထားသော တပ်ရင်းအားလုံးကို လက်နက်ဖြုတ်ရန် ဆုံးဖြတ်သည်ဟု မောင်အောင်မျိုးစာတမ်းက ဆိုသည်။ ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်တို့က သိသွားသည်။ ဦးသိန်းဖေ(မြင့်)ကို ချဉ်းကပ်သည်။ နောက်မှ နေဝင်းကိုသိမ်းသွင်းသည်ဟု ဆိုသည်။
တပ်မတော်သမိုင်းပြတိုက်တခုလုံး မွှေနှောက်ကာ လျှို့ဝှက်စာတမ်းများဖတ်ပြီး စာတမ်းပြုစုနိုင်သော ဩစတြေးလျ အမျိုးသားတက္ကသိုလ်မှ ပညာရှင်မောင်အောင်မျိုး၏ ရေးသားချက်ဖြစ်သည်။ ယုံသင့်မှယုံရန် ဖြစ်သည်။ မောင်အောင်မျိုးသည် ဩစတြေးလျနှင့်နီးစပ်ဟန်ရှိသော မဟာဗျူဟာလေ့လာရေးဌာနမှ ဗိုလ်မှူးကြီးသိမ်းဆွေ ၁၉၉၈ တွင်ရေးသည့် စာတမ်းကိုပင် ကိုးကားနိုင်သည်ကို တွေ့ရသည်။
လူမျိုးရေးအလံကိုင်ကြလျှင် ဗမာလူမျိုးကြီးအလံကိုင်သူက စားသွားလိမ့်မည်ဆိုသည်ကို သမိုင်းနှင့်ယှဉ်ပြီးရေးမှ လိပ်ပတ်လည်မည်ဖြစ်၍ ရှည်ရှည်မျောမျော တင်ပြနေခြင်း ဖြစ်သည်။
ကရင်တပ်များအားလုံး တောခိုသောအခါ နေဝင်း၏ကံဇာတာ အတက်ဆုံးကာလဖြစ်သည်။ နေဝင်းနှင့်အောင်ကြီး ထိုစဉ်ကတည်းက စပြီး တပ်တခုလုံးကို ချုပ်ကိုင်ခဲ့သည်။ မောင်မောင်က သုံ့ပန်းဖြစ်နေသည်။ တပ်မတော်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့ဟု ပြောဝံ့သူ၊ အမေရိကန်ထွက်ပြီး “ အာဏာဟူသမျှ နေဝင်းလက်အပ် ” ဟု ကြွေးကြော်ရဲသူ အောင်ကြီးသည်လည်း နေဝင်းနှင့်အတူ ကံဇာတာ တက်ခဲ့သည်။ မောင်မောင်လွတ်လာတော့ နေရာကောင်းရသည်။ CIA ၏လူလည်း လုံးလုံးဖြစ်သွားသည်။ နေဝင်းကို တနေ့ အန်တုလာနိုင်မည့်သူဖြစ်လာ၍ နေဝင်းက မြန်မြန်ဖြုတ်ပစ်ခြင်းဖြစ်သည်။
အောင်ကြီးသည် ဆိုရှယ်လစ်ပါတီ၏ တွဲဘက်အထွေထွေအတွင်းရေးမှူးလုပ်နေရာမှ ကာကွယ်ရေးဌာနအတွင်းဝန်၊ နောက် စစ်တပ်ထဲဝင်ကာ နေဝင်းလက်ထောက်လုပ်သည်။ နေဝင်းအပေါ် အောင်ကြီး သံယောဇဉ် ဘယ်တုန်းကမှ မပြတ်ခဲ့ပါ။
ဖဆပလအစိုးရက နေဝင်း၊ အောင်ကြီးတို့ကို ၁၉၄၉ ဇန္နဝါရီအကုန် နောက်ဆုံးထားပြီး တပ်ရင်းအသစ်များ ဖွဲ့စေသည်။ ထိုတပ်များကို BTF (Burma Territorial Force ) ဟု နာမည်ပေးဖွဲ့ရသည်။ “ ဗြိတိသျှစစ်မစ်ရှင် ” ၏ ကန့်ကွက်မှုကိုကျော်လွှားရန် ဖြစ်ပုံရသည်။
ကရင်တပ်များ တောခိုပြီးမှ ဖွဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်က လက်နက်မရောင်းဘဲ ပိတ်သည်။ အင်္ဂလိပ်ကပိတ်သဖြင့် အမေရိကန် ကလည်း မရောင်း၊ ဒုက္ခတွေ့နေစဉ် အိန္ဒိယ နေရူးအစိုးရက ကူညီသည်။
ကုလားလက်နက် လိုသလောက်ရ၍ BTF တပ်ရင်း အများအပြားဖွဲ့နိုင်သည်။ မေဂျာအောင်ကြီး “ လဲဗီးဗိုလ်ချုပ် ” ဖြစ်နေသည်ကတော့ ခပ်စောစောကဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးလက်အောက်တွင်လဲ တပ်ရင်း (၁၈) ရင်းဖွဲ့သည်မှာ ၁၉၄၈ ဧပြီတွင် ဖြစ်သည်။ ပြည်သူ့ရဲဘော်ပင် တောမခိုသေး။ ပြည်သူ့ရဲဘော်က ဇူလိုင်ကျမှ တောခိုရခြင်းဖြစ်သည်။
လဲဗီးတပ်ကို ဒေသအခြေခံကာ ဖွဲ့ခြင်းဖြစ်သည်။ ပဲခူး၊ အင်းစိန်၊ ဖျာပုံ၊ မြောင်းမြ၊ မအူပင်၊ ဟံသာဝတီ၊ သာယာဝတီ၊ ပြည်၊ သရက်၊ ပခုက္ကူ၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ထားဝယ်၊ ဟင်္သာတ၊ မင်းဘူး၊ မိတ္ထီလာ၊ တောင်ငူ စုစုပေါင်း (၁၈) ခရိုင်အခြေခံကာ ဖွဲ့သည်။ ကွန်မြူနစ် ချေမှုန်းရေးအတွက်ဖွဲ့သည့် ဆိုရှယ်လစ်တပ်စစ်စစ်ဖြစ်သည်။ သူတို့ကလည်း လူတန်းစားရန်ငြှိုးဖြင့် ရက်ရက်စက်စက် မီးရှို့၊ လူသတ် လုပ်သည်။
၁၉၄၉ ကာလက မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း စသည်များတွင် သူတို့ပဲ ခေါင်းမာမာခုခံတိုက်သည်။ ချင်းတပ်ရင်းက
ဝတ်ကျေတန်းကျေသာ ခုခံသည်။ (စကားချပ်။ သမိုင်းကိုခါးဖြတ်ပြောနေသော တတ်ယောင်ကား အနောက်တိုင်းသားများကြောင့်သာ ဆိုရှယ်လစ်ပါတီအကြောင်း တင်ပြနေခြင်း ဖြစ်သည်။ ဗမာပြည်ဆိုရှယ်လစ်ပါတီ(ဗဆပ) ကို နေဝင်း(မဆလ) က မြောင်းထဲဆွဲခေါ်သွားပြီးဖြစ်သည်။ သူတို့ မရှိတော့ပါ။)
ကရင်က လူမျိုးရေးအလံထူပြီး တိုက်သောအခါ နေဝင်း၊ အောင်ကြီးတို့က “ ပြည်ထောင်စု မပြိုကွဲရေး ” ကြွေးကြော်ကာ ဗမာလူမျိုးရေးအလံလွှင့်ပြီး လူစုသည်။ BTF တပ်ရင်းများ အလွယ်တကူဖွဲ့နိုင်သည်။
ကရင်က ကရင်လူမျိုးကိုသာ စည်းရုံးနိုင်သည်။ ကရင်နှင့်အိမ်ထောင်ကျသူ အခြားလူမျိုးကိုပါ စည်းရုံးနိုင်ဦးတော့ သိပ်မများနိုင်၊ လွန်ရောကျွံရော ဗမာပြည်လက်ရှိလူဦးရေ သန်း ၅ဝ နှင့်တွက်လျှင် (အမေရိကန် နှစ်ချုပ်စာရင်းအရ ကရင် ၇ ရှိသည်ထားပြီး တွက်လျှင်) ၃ သန်းခွဲ ရှိမည်။ ကရင်နှင့် အိမ်ထောင်ကျသူများကို ထည့်တွက်ဦးတော့ ၅ သန်းထက် မပိုနိုင်။ ကရင်တိုင်းကလည်း “ ကရင့်တော်လှန်ရေး ” ထောက်ခံကြသည် မဟုတ်။
ဗမာလူမျိုးက သန်း ၃၀ ကျော်သည်။ ယခု နအဖက ၄ သိန်းခွဲ တပ်သား စုထားနိုင်သည်ကို ကြည့်ပါ။ ရိုင်ဖယ်ပေးနိုင်လျှင် ပေးနိုင်သလောက် ထပ်စု၍ရသေးသည်။ အာဏာကိုင်ထားသူဖြစ်၍ လခမပေးနိုင်မှာ မပူရ၊ ဝါဇီရှိနေသရွေ့ ပေးနိုင်သည်။ ထမင်းမကျွေးနိုင်မှာ မပူရ၊ လယ်သမားတွေ လယ်စိုက်နေသရွေ့ ကျွေးနိုင်သည်။ သာမန်လူတွေသာ ငတ်မည်၊ စစ်သားမငတ်။
လူမျိုးရေးအလံကိုထူပြီး အပြိုင်အဆိုင်တိုက်ကြလျှင် ဗမာစစ်အုပ်စုက အသာစီးရမည်။ နအဖ၏ ဗမာလူမျိုးရေးစိတ်က KNU ထက်ပြင်းထန်သည်။ လူမျိုးခြားနှင့် အိမ်ထောင်ပြုလျှင် ဗမာထဲက ငယ်စာရင်း ပယ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲကြည့်။
ရင်းနှီးသောမိတ်ဆွေကြီး မရန် ဘရန်ဆိုင်း (ကွယ်လွန်) က ကျွန်တော်တို့ကို တခါကတွက်ချက်ပြဖူး၍ လူနည်းစုအမျိုးသားတို့၏ စဉ်းစားပုံကို ကွန်မြူနစ်များသတိပြုမိခြင်း ဖြစ်သည်။
၁၉၇၉ ခုနှစ်က ဖြစ်သည်။
KIO – မဆလအစိုးရ ကျိတ်ဝိုင်း ဆွေးနွေးပွဲလုပ်သည်။ အပေးအယူတည့်သည်။ သဘောတူညီချက် (၁၇) ချက် (ထင်သည်) ရသည်။ အနှစ်သာရက လက်နက်ချရေးဖြစ်သည်။ KIO က မဆလ အခြေခံဥပဒေကို လက်ခံရမည်။ KIA ဖျက်ပြီး လက်နက်များ အပ်ရမည်။ နောက်မှစိစစ်ပြီး အစိုးရလုံထိန်းတပ်အဖြစ် ဖွဲ့ပေးမည်။ လက်နက်သစ် တပ်ဆင်ပေးမည်။ မဆလ အခြေခံဥပဒေအရ နိုင်ငံရေး အဖွဲ့အစည်း ရပ်တည်ခွင့်မရှိသဖြင့် KIO ကို ဖျက်ပေးရမည်။ ကချင်ပြည်နယ် “ ပြည်သူ့ကောင်စီ ” တွင် ခေါင်းဆောင်တချို့ကို နေရာပေးမည် စသည့် အချက်များပါသည်ဟု မှတ်မိသည်။ မည်မျှအထိ အသေးစိတ်သနည်းဆိုလျှင် KIO တွင်းမှ တောခို ကျောင်းသားများအတွက်ပင် ပါသည်။ တောခိုမသွားမီကနေခဲ့သည့် အတန်းထက် ၂ ဆင့်ကျော်ပြီး အအောင်ပေးမည်ဟု ပါသည်။ (၈) တန်းက တောခိုသွားသူသည် (၁၀) တန်းအောင်ပြီးသူ ဖြစ်မည်။ တက္ကသိုလ်နောက်ဆုံးနှစ် တက်နေသူဆိုလျှင် ဘွဲ့ရပြီးဖြစ်ရုံမက ဘွဲ့လွန်ပထမနှစ် အောင်ပြီးဖြစ်နေမည်။ ဤကိစ္စမျိုးတွင် စစ်အုပ်စုက အလွန်လိုက်လျောတတ်ပါသည်။
ဤသို့ အပေးအယူတည့်နေကြောင်းကို (ဗကပ) ကြားပါသည်။ နေဝင်းနှင့် ပီကင်းတွင်တွေ့သောအခါ သေချာသွားသည်။
နေဝင်းက ဦးဘရန်ဆိုင်းမျက်နှာမြင်လိုက်တာနဲ့ ဒီလူရိုးသားတယ်၊ အလုပ်ဖြစ်နိုင်မယ်ဆိုတာ တန်းပြီးသူသိလိုက်ကြောင်း၊ ဒါကြောင့် သူ့လူတွေကို အပေးအယူမျှကြဖို့ ညွှန်ကြားရကြောင်း၊ ပီကင်းကပြန်လျှင် လက်မှတ်ထိုးပွဲလုပ်ရုံသာကျန်ကြောင်း၊ ဆွေးနွေးပွဲ အောင်မြင်တဲ့အနေနဲ့ မဆလ ထိပ်သီးတွေအားလုံးတက်တဲ့ ထမင်းစားပွဲကြီးလုပ်ပြီး မှတ်တမ်းတင်ထားကြောင်း ကရားရေလွှတ်ကြွားသည်။ (ဗကပ) က ဘာမှတ်ချက်မှ မပေးလိုက်ပါ။
ပီကင်းကပြန်လာမှ ဦးဘရန်ဆိုင်း၊ ဦးဇော်မိုင်းတို့ကို တွေ့လိုကြောင်း (ဗကပ) က ဖိတ်သည်။ သူတို့ ပန်ဆန်းလာကြသည်။
အတိုချုံးလျှင် (၁၇) ချက်ဟာ လက်နက်ချရေးဖြစ်တာကို သူတို့သိကြောင်း၊ ရေရှည်တိုက်လျှင် ဗမာကကျန်ရစ်ပြီး သူတို့ ကချင်လူမျိုး မျိုးပြုတ်မည်ဖြစ်၍ လက်နက်ချရကြောင်း ပြောပါသည်။ သူတို့၏စဉ်းစားချက်မှာ - ဗမာက လူဦးရေသန်းပေါင်း ၃၀ ကျော် ရှိပြီး ကချင်က တသန်းပင် မရှိကြောင်း၊ စစ်တိုက်ရာတွင် ဗမာ ၁၀ ယောက် - ကချင် ၁ ယောက်နှုန်း သေကြလျှင်ပင် ဗမာက သန်း ၂၀ ကျော် ကျန်ရစ်ပြီး သူတို့ကချင် မျိုးပြုတ်မှာဖြစ်ကြောင်း ရှင်းပြပါသည်။ ထို့ကြောင့် ရေရှည်စစ်ပွဲ မတိုက်ချင်တော့ကြောင်း ပြောပါသည်။
KIO ၏ရှင်းပြချက်ကို ဗကပ က နားလည်မှုရှိပါသည်။ ဆက်ပြီးတောင့်ထားကာ တိုက်လျှင် အခြေအနေကောင်း မုချပေါ်မည်၊ ဆက်တိုက်နိုင်ရန် ကူညီမည်ဟု ပြောခဲ့သည်။ သူတို့လက်ခံသွားပါသည်။ တဆက်တည်း သူတို့ မဒတထဲ ပြန်ဝင်မည်ဟု ပြောသည်။ အင်္ဂလန်၊ အမေရိကန် သွားချင်သည်ဟု ပြောသည်။ ဗကပ၏ထင်မြင်ချက် တောင်းသည်။ မဒတထဲဝင်တာ ကောင်းသည်။ အင်္ဂလန်၊ အမေရိကန် သွားချင်တာနဲ့ပတ်သက်ပြီး နားလည်မှုနှင့်သဘောပေါက်မှု ရှိပါသည်၊ KIO မှာ လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်၍ လွတ်လပ်စွာဆုံးဖြတ်ပါဟု ပြောခဲ့သည်။
0 comments:
Post a Comment