ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)
(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)
၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၉)
ကွန်မြူနစ်တို့ရဲ့အယူအဆက နိုင်ငံရေးလှုပ်ရှားမှုတိုင်းဟာ ပေါ်လစီတခုခုကို လုပ်နေတာလို့ ယူဆပါတယ်။ အသိရှိစွာဖြစ်စေ၊ အသိမဲ့စွာဖြစ်စေ လုပ်နေကြတာချည်းပါပဲ။ ပေါ်လစီတိုင်းဟာလည်း လူတန်းစားတခုခုကို ကိုယ်စားပြုတာ အလုပ်အကျွေးပြုတာ ချည်းပါပဲ။ တမျိုးသားလုံးကို ကိုယ်စားပြုတယ်လို့ ပြောကောင်းပြောပါလိမ့်မယ်။ မဟုတ်ပါ။ စစ်အစိုးရက “ အမျိုးသားရေးတာဝန် ” “ အမျိုးသားနိုင်ငံရေး ” လို့ ပြောနေတာမျိုးပါပဲ။
“ရန်ကုန်အစိုးရ ဖြစ်နေပြီ” ပြုတ်ကျဖို့ တဲတဲကလေးလိုတယ်။ ဘာကြောင့် အဲဒီတုန်းက (ဗကပ)၊ RBA. PVO. KNU ပေါင်းပြီး ရန်ကုန်မသိမ်းသလဲ? လို့ မျိုးဆက်သစ်တချို့က ပြစ်တင်ချင်ကြပါတယ်။
ပြောသလောက်မလွယ်ပါ။ စဉ်းစားနိုင်အောင် အဲဒီတုန်းကအခြေအနေ လိုသလောက် တင်ပြပါမယ်။
၄၈ ခုနှစ် တနှစ်လုံး ပါတီက ထိုးစစ်တွေ ကြံ့ကြံ့ခံနေရပါတယ်။ ထိုးတဲ့တပ်တွေက ကရင်၊ ကချင်၊ ချင်း၊ ဂေါ်ရခါး တပ်တွေပါ။ သူတို့ပဲ ဖဆပလအစိုးရအမိန့် နာခံပါတယ်။ ဗမာတပ်တွေက တချို့တောခို၊ တချို့ကပျက်၊ ဗိုလ်တချို့က သုံ့ပန်းဖြစ်၊ ဗိုလ်တချို့က (စစ်) ဆိုရင် ရေတောင်စစ်မသောက်ချင်ဘူး” လို့ ပြောပြီး ဘုန်းကြီးဝတ်ပါတယ်။
၄၉ မှာ ကရင်တပ်တွေ တောခိုမှ (ဗကပ) အသက်ရှူချောင်ပါတယ်။ ကရင်တပ်တွေ မန္တလေးတက်လာပါတယ်။ မန္တလေးရောက်ခါနီး မြစ်ငယ်တံတားရောက်တော့ တန့်သွားပါတယ်။ အစိုးရတပ်၊ PVO နဲ့ ဆိုရှယ်လစ်တပ်တွေက မြစ်ငယ်တဖက်ကမ်းက ခံနေပါတယ်။
ဦးစီးလာတဲ့ ကရင်တပ်မှူးတွေဆီ ပါတီက စစ်ရေးတပ်ပေါင်းစု ယာယီဖွဲ့ဖို့ ကမ်းလှမ်းပါတယ်။ တချိန်တည်းမှာ အစိုးရ ဘက်က တိုက်နေတဲ့ PVO တပ်ကို (ဗကပ၊ PVO ၊ ကရင်) စစ်ရေးပူးပေါင်းပြီး မန္တလေးအရယူဖို့ ကမ်းလှမ်းပါတယ်။ PVO က ဆိုရှယ်လစ်ကို မုန်းတီးနေလို့ ပထမတော့ လက်ခံသလိုပြန်စာပေးပါတယ်။
တရားဝင် သုံးဖွဲ့လက်မှတ်ထိုး ကြေညာချက်ထုတ်မယ်လုပ်တော့ PVO က လိပ်ပြာမသန့်လို့ နောက်ဆုတ်သွားပါတယ်။ (ဗကပ) နဲ့ ကရင်တပ်ပဲ လက်မှတ်ထိုးထုတ်ပြန်လိုက်ရပါတယ်။ တခုကောင်းသွားတာက PVO က မန္တလေး စစ်မျက်နှာကနေ သူ့သဘောနဲ့သူ ဆုတ်သွားပါတယ်။ ကွန်မြူနစ်နဲ့ ကရင်တပ်ကို ခံမတိုက်ပါ။ ကျန်ခဲ့တဲ့ အစိုးရတပ် (ချင်းတပ်)နဲ့ ဆိုရှယ်လစ်တပ်က မန္တလေးက မခံဝံ့ပါဘူး။ ဒါကြောင့် လွယ်လွယ်ပဲ မန္တလေး သိမ်းမိပါတယ်။
KNU ထူထောင်မယ့် ကော်သူလေပြည်ထဲမှာ မန္တလေးမပါပါ။ ကရင်က မန္တလေးကို ကြာရှည်သိမ်းထားဖို့ လာတာလည်း မဟုတ်ပါ။ မေမြို့မှာ လက်နက်ဖြုတ် အဖမ်းခံထားရတဲ့ကရင်တွေကို ကယ်ထုတ်ဖို့ပဲလာတာပါ။ သူတို့ရဲ့ စစ်ရေးတာဝန်ပြီးတော့ ပြန်ပါတယ်။
(ဗကပ) ကလည်း အာဃာတမထားဘဲ လက်တွဲဖို့ ဦးအောင်ကမ်းလှမ်းပါတယ်။ “ရန်ကုန်အစိုးရ” ဘဝ ရောက်သွားရတာ မန္တလေး ကျသွားလို့ပါပဲ။
နောက်တော့ အစိုးရက မန္တလေး ပြန်သိမ်းပါတယ်။ မန္တလေးမြို့သိမ်းရာမှာ PVO တွေ ပါလာပါတယ်။ အဲဒီအခါ ဒုတိယအကြိမ် မန္တလေးကို တော်လှန်ရေးတပ်ကတခါ ထပ်သိမ်းပါတယ်။ အစိုးရတပ်ထဲက ဗိုလ်လှဖေတို့ အင်အားတွေရယ် (ဗိုလ်လှဖေဆိုတာ ရဲဘော်ချစ်ကောင်း၊ ရဲဘော်အုန်းမောင်၊ မန်းဝင်းမောင်တို့ရဲ့ အိန္ဒိယခရီးမှာပါတဲ့ ဗိုလ်လှဖေပါ။) PVO ရယ်၊ (ဗကပ) ရယ် သုံးဖွဲ့ပေါင်းပြီး သိမ်းတာပါ။ ဒါက နိုင်ငံရေးတပ်ပေါင်းစုပါ။ မန္တလေးမှာ ကြာကြာမနေနိုင်ပါ။ ပြန်ဆုတ်ခဲ့ရပါတယ်။
စစ်ရေးသဘောတူညီချက် ယာယီယူပြီး မန္တလေးသိမ်းသလို ရန်ကုန်သိမ်းလို့မဖြစ်ပါ။ အနိမ့်ဆုံး နိုင်ငံရေးလုပ်ငန်းစဉ်ရှိမှ ဖြစ်ပါမယ်။
ရန်ကုန်ကမြို့တော်ပါ။ အင်္ဂလိပ် စစ်မစ်ရှင်လည်း ရှိပါတယ်။ သံရုံးတွေလည်း ရှိပါတယ်။ “ ရန်ကုန်သိမ်းမိခဲ့သော် ” ဆိုတာနဲ့ စဉ်းစားကြည့်ပါ။
(ဗကပ) က အသံလွှင့်ရုံသိမ်းပြီး “နု အက်တလီစာချုပ် ပယ်ဖျက်လိုက်တယ်။ ဗြိတိသျှ စစ်မစ်ရှင်ထွက်သွားပါ။ BOC နိုင်ငံပိုင် သိမ်းလိုက်ပြီ။ မြေရှင်စနစ် ဖျက်သိမ်းလိုက်ပြီ။ လယ်လုပ်သူတွေ လယ်ပိုင်ကြ” လို့ ကြေညာတယ်ဆိုပါတော့ KNU သဘောတူပါ့မလား။
နောက်တမျိုး။ KNU က အသံလွှင့်ရုံသိမ်းပြီး ကော်သူးလေပြည် ထူထောင်ကြောင်းကြေညာ၊ ဗြိတိသျှ ဓနသဟာယထဲ ပြန်ဝင်မယ်လို့ပြော၊ ကော်သူးလေပြည်ထဲ ဘယ်ဒေသတွေပါတယ်လို့ ကြေညာရင် (ဗကပ) ကရော၊ တခြားအဖွဲ့တွေ၊ ပါတီတွေကပါ လက်ခံနိုင်မှာမဟုတ်ပါ။ ကော်သူးလေပြည်ရဲ့ အဝန်းအဝိုင်းကို KNU တွေက ပြောထားပြီးသားပါ။ လျှို့ဝှက်ချက်မဟုတ်ပါ။
ဒါက ၁၉၄၉ ကို ဥပမာပေးတာပါ။ ၁၉၆၉ ဦးနုတို့တောခိုတော့ တရုတ်ပြည်ကဆင်းလာတဲ့ အနီလှိုင်း အရှေ့တောင်အာရှ မပြန့်အောင် ထိုင်းဗမာနယ်စပ်မှာ တာရိုးကြီးတည်ဆောက်ပြီး ကာကွယ်ဖို့လုပ်ကြတယ်။ (ဗကပ) က အနီလှိုင်းစီးနေတယ်။ ဦးနုတို့က အနီလှိုင်း တားနေတယ်။ ဒါလည်း အနိမ့်ဆုံးလုပ်ငန်းစဉ် မရှိတာကြောင့် ဖြစ်တာပဲ။
စစ်အေးခေတ်မှာ အဲဒီလို အနိမ့်ဆုံးလုပ်ငန်းစဉ်ရှိဖို့ကလည်း မလွယ်ပါဘူး။
နောက် ဦးနုတို့၊ ဗိုလ်လက်ျာတို့ အခက်အခဲတွေ့တယ်ဆိုတာ ကြားပါတယ်။ သူတို့မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်နေပြီ။ KNU နဲ့ ပဋိပက္ခတွေဖြစ်နေပြီဆိုတာ ကြားပါတယ်။ ဒါလည်း အနိမ့်ဆုံးလုပ်ငန်းစဉ် သူတို့ထဲ မရှိကြလို့ပါပဲ။
လက်နက်ကိုင်တိုက်နေသူများမှာ ဘုံလုပ်ငန်းစဉ်မရှိရင် ပြည်တွင်းစစ်က တာရှည်ပါလိမ့်မယ်။ ဥပဒေတွင်းကအကြမ်းမဖက်ရေးလမ်း လိုက်နေသူများမှာ ဘုံလုပ်ငန်းစဉ်မရှိရင် ဒီမိုကရေစီ ရေစုန်မျောပါမယ်။ ၁၉၈၈ က သာဓကကိုပဲ ကြည့်ပါ။ (ယာယီ) (ကြားဖြတ်) အစိုးရ မဖွဲ့နိုင်ပါ။ ဒီမိုကရေစီ ဖခင်ကြီးကတမျိုး၊ ရာသက်ပန် ဝန်ကြီးချုပ်ကတဖုံ ဖြစ်ပြီး စစ်အုပ်စုကပဲ စားသွားပါတယ်။
-------------------------------------------------------------------
ဗမာပြည် ပြည်တွင်းစစ်အပေါ် ကမ္ဘာ့စနစ်၏ အကျိုးသက်ရောက်မှု
ဗမာပြည် ပြည်တွင်းစစ်ဟာ “ ပြည်တွင်းဖြစ်စစ်စစ် ” ဖြစ်ပါတယ်။ ပြည်တွင်း ပကတိအခြေအနေနဲ့ ပြည်တွင်းပကတိ အချက်အလက်တွေကြောင့် ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ပါ။ ဘယ်သူ့ပယောဂမှ မပါပါဘူး။ ဒါပေမဲ့ ကမ္ဘာ့စနစ်ရဲ့ အကျိုးသက်ရောက်မှု ရှိတန်သလောက်ရှိပါတယ်။
ဗမာပြည် ပြည်တွင်းစစ်ရဲ့ သမိုင်းကို ပြန်ကြည့်ရင် ကမ္ဘာ့စနစ်သုံးမျိုးရဲ့ အကျိုးသက်ရောက်မှု ရှိတာတွေ့နိုင်ပါတယ်။
ပထမဆုံးစနစ်က နယ်ချဲ့ ကမ္ဘာ့စနစ်ပါ။ ဒါပေမဲ့ နေဝင်ချိန်စနစ်ဖြစ်လို့ သိပ်ကြာကြာ မဖြတ်သန်းရပါဘူး။ ချာချီတို့ ဒေါ်မန်စမစ်တို့က အသိရှိစွာဖြစ်စေ၊ အသိမဲ့စွာဖြစ်စေ လက်နက်တွေတော့ ဖြန့်ပေးခဲ့ပါတယ်။ ပြည်တွင်းစစ်ကို လက်နက်ရှိသူမှ တိုက်နိုင်ပါတယ်။
ဒုတိယစနစ်က စစ်အေးခေတ် ကမ္ဘာ့စနစ်ပါ။ အစ အလယ် အဆုံး ဖြတ်သန်းခဲ့ရပါတယ်။ စစ်အေးခေတ်ကို ဖြတ်သန်းကြတာမှာ တိုင်းပြည်တခုနဲ့တခု မတူပါဘူး။ ထိုင်း က တမျိုးပါ။ အမေရိကန်ဘက် ပြတ်ပြတ်ရပ်ပြီး ဖြတ်သန်းခဲ့တယ်။ နောက်ကျမှ တဖြည်းဖြည်း ခွာတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ ကြားနေဂိုဏ်းထဲမပါခဲ့ပါ။ အခု ပုံစံသစ်အာဆီယံ (ASEAN) ခေတ်မှာတောင် အမေရိကန်နဲ့ပဲ နီးစပ်ပါတယ်။
ဗမာပြည်ကတော့ တမျိုး။ အိန္ဒိယနဲ့ တရုတ်ကြား နေရတဲ့တိုင်းပြည် ဆိုတော့ ထိုင်း လုပ်သလိုလုပ်လို့ မရပါဘူး။ ၁၉၄၈ ကနေ ၁၉၅ဝ ခုနှစ်တွေရဲ့ အစပိုင်းအထိ အမေရိကန်နဲ့ ရင်းနှီးလိုပါတယ်။ ဒါပေမဲ့ ပြတ်ပြတ်လည်း မရပ်ရဲပါ။ အိန္ဒိယ (နေရူး) နဲ့ တရုတ် (ချိုအင်လိုင်း) တို့ နှစ်ဘက်ညှပ်ပြီး ဆွဲဆောင်လို့ ဘက်မလိုက်ကြားနေ ဖြစ်လာပါတယ်။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေရေး မူကြီး (၅) ချက်ကို ကမကထပြုသူထဲ ပါလာပါတယ်။
ဒီလိုဖြစ်တာ တိုင်းပြည်နဲ့ပြည်သူအတွက်တော့ အကျိုးရှိပါတယ်။ အမေရိကန်ရော ဆိုဗီယက်ပါ ကြားနေတာကို နှစ်သက်ကြတာ မဟုတ်ပါဘူး။ အထူးသဖြင့် အမေရိကန်က မနှစ်သက်ပါဘူး။ ကြားနေတယ်ဆိုတာ သိက္ခာမဲ့တာပဲလို့ သူကထင်ပါတယ်။ ကမ္ဘာကြီးမှာ အမေရိကန်ဂိုဏ်း၊ ဆိုဗီယက်ဂိုဏ်းနဲ့ ကြားနေဂိုဏ်းကြီး ရှိနေတာ ကောင်းပါတယ်။ ကမ္ဘာ့ ငြိမ်းချမ်းရေးကို တစုံတရာ ထိန်းသိမ်းနိုင်တာ ဖြစ်လို့ပါပဲ။
ဗမာပြည်အစိုးရတွေမှာ ပြည်တွင်းစစ်တိုက်ဖို့ လက်နက်ရေသောက်မြစ် မခက်ခဲပါဘူး။ ရန်ကုန်အစိုးရခေတ်ကပဲ ယာယီခက်ခဲခဲ့ပါတယ်။ ဒါလည်း အိန္ဒိယက ဝင်ဖြေရှင်းပေးခဲ့ပါတယ်။ နောက်တော့ လုံးဝမခက်တော့ပါဘူး။ ငွေရှိဖို့ပဲလိုပါတယ်။
(ဗကပ) အတွက်ကတော့ စစ်လက်ကျန် ဂျပန်လက်နက်တွေ ဟောင်းမြင်းပျက်စီးတော့၊ ကျည်ဆံမရှိတော့ ကြာလေခက်လေပါပဲ။
လက်နက်တလက်၊ ကျည်တတောင့်၊ ငွေ တကျပ် ပြည်ပ ဘယ်ဆီကမှ မရခဲ့ဖူးပါဘူး။ ဇဒါးနော့ဗ် မြှောက်ပေးတာဆိုရင် သူတို့ကို ဆိုဗီယက်ကကူရမှာပေါ့။ မကူပါဘူး။ (ဗကပ) ကို ကူတာ အသက်ဆက်ပေးတာဟာ ဖဆပလ အစိုးရပါပဲ။ ပြည်သူ့ရဲဘော်တို့၊ RBA တို့ ပေါ်လာလို့၊KNU ပေါ်လာလို့ ဂျပန်သေနတ်တွေ အနားပေးပြီး အင်္ဂလိပ်လက်နက်နဲ့ အသက်ဆက်ခဲ့တာပါပဲ။ လက်နက်တလက်၊ ကျည်တတောင့်၊ ငွေတကျပ်ကို ကိုယ်အားကိုယ်ကိုး ရှာခဲ့တာဖြစ်ပါတယ်။ ဘယ်သူ့ဆီကမှ မရပါဘူး။
ကွန်မြူနစ်ချင်း ကျိတ်ပြီးပေးမယ် မထင်ပါနဲ့။ တီးတိုးကဆိုရင် တပ်မဟာ တခုစာလက်နက် ဖဆပလအစိုးရကိုပဲ ပေးပါတယ်။ ယူဂိုဆလဗ်စိန်ပြောင်းကို အတော်ကြာကြာ သူတို့စစ်တပ် သုံးခဲ့တာပါပဲ။
ကရူးရှက်ဗ်ကလည်း အတွေးအခေါ်အရ၊ နိုင်ငံရေးအရ ဖဆပလအစိုးရကိုပဲ ထောက်ခံပါတယ်။ ဒါကြောင့်လည်း ကရူးရှက်ဗ် ကို ဦးကျော်ငြိမ်းက အမွှမ်းတင်ပြီး ဦးသိန်းဖေ(မြင့်) က ကိုးကွယ်ပါတယ်။
တီးတိုးဖြစ်ဖြစ်၊ ကရူးရှက်ပဲဖြစ်ဖြစ် ဖဆပလအစိုးရကို ကူတာက သူတို့ရဲ့ နိုင်ငံရေးအကျိုးကြည့်ပြီး ကူတာပါ။ ဆိုရှယ်လစ်ဂိုဏ်းအတွင်းက ပဋိပက္ခမှာ ဗမာပြည်ကို အသုံးချတာပါပဲ။
0 comments:
Post a Comment