ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)
(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)
၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၅)
ဆင်းရဲသားလယ်သမားတွေရဲ့ ဒုက္ခကို ကွန်မြူနစ်တွေက ကြည့်နေလို့ မဖြစ်ပါဘူး။ သူတို့ဟာ ဂျပန်တော်လှန်ရေးတုန်းက ကူညီခဲ့သူတွေပါ။ သူတို့ရဲ့ အခက်အခဲ ဖြေရှင်းပေးရပါမယ်။ ဒါကြောင့် အငတ်တပ်ချီတက်ပွဲ လုပ်ပါတယ်။ လိုအပ်ရင် ( SAMB ) ဂိုဒေါင်ထဲက စပါးလုပါတယ်။ “ ခေါင်းပါးရေးလမ်း ” ဖောက်ဖို့ တောင်းဆိုပါတယ်။ (“ ခေါင်းပါးရေး လမ်း ” ဆိုတာက ငတ်နေသူတွေ ကိုယ့်တူရွင်း၊ ပေါက်ပြားနဲ့ လာပြီး လမ်းဖောက်ကြ။ အစိုးရက နေ့တွက်လုပ်ခအဖြစ် ဆန်ထုတ်ပေး။ အဲဒီလိုနဲ့ မိသားစုအငတ်ဘေးကို နွေရာသီအတွက် ကျော်လွှားရတာဖြစ်တယ်။ ဆန်တွေက အစိုးရဂိုဒေါင်ထဲချည်း စုနေလို့ လုပ်ရတဲ့ တိုက်ပွဲပါ။) စစ်ကြီးအပြီးမှာ ဆန်ဈေးကကောင်း၊ ဆန်ကလည်း ရောင်းကောင်းနေလို့ အင်္ဂလိပ်က ဆန်တွေ ပြည်ပချည်း ထုတ်ရောင်းနေတယ်။ ပြည်တွင်းမှာ ငတ်တယ်။
၁၉၄၅ က ၁၉၄၆ စက်တင်ဘာအထိ ဆိုရှယ်လစ်ပါတီနဲ့ သိပ်ပြီး ပြဿနာမဖြစ်ခဲ့ပါဘူး။ ဆိုရှယ်လစ်ပါတီက သူတို့သာ မလုပ်တာ၊ အင်္ဂလိပ်နဲ့ အတိုက်အခံလုပ်နေရတဲ့ကာလမို့ ကွန်မြူနစ်ပါတီ လုပ်တာကို ထောက်ခံခဲ့တယ်။ ၁၉၄၆ စက်တင်ဘာနောက်ပိုင်း ဖဆပလကအစိုးရအဖွဲ့ထဲဝင်မိတော့ တမျိုးဖြစ်သွားတယ်။ ကွန်မြူနစ်တွေလုပ်တာဟာ သူတို့ကို တိုက်တာပဲ လို့ ထင်လာတယ်။
လယ်သမားတွေ ငတ်နေတယ်ဆိုတာကို သူတို့မယုံပါဘူး။ (အခုစစ်အစိုးရအပါအဝင် အစိုးရအဆက်ဆက်ကလည်း မယုံကြပါဘူး။)
ကွန်မြူနစ်က လူတွေငတ်နေပြီပြောပြီး တိုက်ပွဲဆင်ချင်လို့လုပ်တာလို့ ထင်ပါတယ်။ သူတို့ အခြေခံထားတဲ့လူတချို့ မငတ်တာကို ကြည့်ပြီး အားလုံးမငတ်ဘူးလို့ ထင်ကြပါတယ်။ ဒါဟာ လူတန်းစားရပ်ခံချက်ပြဿနာ၊ လူတန်းစားအမြင်ပြဿနာပါပဲ။
“လက်ဝဲညီညွတ်ရေး” ကို အလေးထားတဲ့ ဗိုလ်အောင်ဆန်းရှိတုန်းက ပြဿနာမကြီးခဲ့ဘူး။ သူမရှိတော့ ပြဿနာက ကြီးလာတယ်။
လက်ယာဆိုရှယ်လစ်တွေက အင်္ဂလိပ်အလိုမကျမှာနဲ့ ဖဆပလထဲတွင်ကျယ်လာတဲ့ အလိုတော်ရိ ဦးတင်ထွဋ်တို့လိုလူတွေရဲ့ ထောက်ခံမှုမရမှာဘဲ စိုးကြတယ်။ “ လက်ဝဲညီညွတ်ရေး ” ကို စတေးပြီး “ လက်ယာညီညွတ်ရေး ” ကို တည်ဆောက်ကြတော့တယ်။
လွတ်လပ်ရေးရလာတော့ ကွန်မြူနစ်ပါတီကို အပြတ်ရှင်းပစ်ဖို့ အချိန်တန်ပြီလို့ ဆိုရှယ်လစ်လက်ယာဂိုဏ်းက ထင်လာတယ်။
အပြတ်ရှင်းရင် ဦးသိန်းဖေ(မြင့်) ရဲ့ ထောက်ခံမှုရမယ်။ အင်္ဂလိပ်ရဲ့ အားပေးမှုရမယ်။ (၆ လ) ရှင်းလိုက်ရင် ပြတ်မယ်လို့ထင်ပြီး ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းအစီအစဉ်နဲ့ ကွန်မြူနစ်ပါတီကို အလစ်အငိုက်တိုက်ခဲ့တာဖြစ်တယ်။ ပုဒ်မ (၅) ဟာ ပြည်ထဲရေးဝန်ကြီးရဲ့ ဝရဇိန်လက်နက်ပဲ။
နောက်ပိုင်းကျတော့ ဝန်ကြီးနှစ်ဦး ဦးတင်ထွဋ်နဲ့ဗိုလ်စိန်မှန် ဝန်ကြီးအဖြစ်က နုတ်ထွက်ပြီး ဗိုလ်လုပ်ကာ တိုက်ကြတယ်။ ဒါဟာ အင်္ဂလိပ်အလိုတော်ရိနဲ့ လက်ယာဆိုရှယ်လစ်တို့ရဲ့ “ ညီညွတ်မှု ” ပြယုဂ်ပါပဲ။
ပြည်တွင်းစစ် စတုန်းက အင်္ဂလိပ်စစ်မစ်ရှင် ရှိနေပါတယ်။ အင်္ဂလိပ်အလိုတော်ရိ ဦးတင်ထွဋ်က ဗိုလ်တင်ထွဋ်လုပ်ဖို့ လိုပါတယ်။ ဦးတင်ထွဋ်မှာ စစ်တိုက်တဲ့အတွေ့အကြုံ မရှိပါ။ ဒါပေမဲ့ အင်္ဂလိပ်ရဲ့ ထောက်ခံမှုရအောင် သူသာလုပ်နိုင်တယ်။ ဂေါ်ရခါးစစ်သား နီပေါကနေ စုနိုင်တယ်။
ပြည်တွင်းစစ်အစပိုင်းမှာ အစိုးရခိုင်းသမျှ လုပ်တဲ့တပ်က လူမျိုးစုတပ်တွေနဲ့ ဂေါ်ရခါး တပ်တွေပဲ။ ရွာတွေမီးရှို့၊ လူတွေသတ်တာကို သူတို့က ကြေးစားစိတ်နဲ့ ဗမာလူမျိုးမုန်းတီးရေးစိတ်ပေါင်းပြီး အပြတ်သားဆုံးလုပ်ကြပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်တွေက လက်ရဲဇက်ရဲ လုပ်နေတာမဟုတ်ပါ။ “ဥပဒေ” အရ လုပ်တယ်လို့ ဖြစ်အောင် အရေးပိုင် (ခရိုင် ရာဇဝတ်တရားသူကြီး) က စစ်တပ်အကူအညီတောင်း၊ စစ်တပ်ကပစ်သတ် ဆိုတာမျိုးဖြစ်အောင် စီစဉ်ပါတယ်။
(ဥပမာ) ပျဉ်းမနားမှာ အရေးပိုင် စည်သူအောင်ဖေ က စစ်ဆင်ရေးကြီးတိုင်းမှာ လိုက်ပါရပါတယ်။ “စည်သူအောင်ဖေ” သံချပ်ကာ ကားပေါ်ကနေ ဟောပြောနေတဲ့ပုံကို အဲဒီခေတ်ကထုတ်တဲ့သတင်းစာမှာ တွေ့နိုင်ပါတယ်။
၁၃၀၀ ပြည့် အရေးတော်ပုံတုန်းကလည်း အဲဒီပုံမျိုးပါပဲ။ အရေးပိုင် (ခရိုင်ရာဇဝတ် တရားသူကြီး) က အုံကြွမှုကို နှိမ်နင်းဖို့ စစ်တပ်ကို အကူအညီတောင်း စစ်တပ်က အကြမ်းဖက် နှိမ်ပါတယ်။
ဗိုလ်အောင်ကြီးကလည်း ၁၉၈၈ အရေးတော်ပုံတုန်းက တံတားနီအရေးအခင်း မှာ အဲဒီလို ဥပဒေအတိုင်း စစ်တပ်က မလုပ်လို့သာ အပြစ်တင်ပါတယ်။ သူ့စာကို မှတ်မိကြမယ် ထင်ပါတယ်။
ဥပဒေကို လက်တလုံးခြားလှည့်ပြီး လုပ်နေရတာ အရစ်ရှည်တယ်။ ခက်လည်း ခက်တယ်။ ဒါကြောင့် လွယ်အောင် အခုတော့ တိုင်း၊ ခရိုင် အုပ်ချုပ်ရေးတာဝန်ခံတွေအဖြစ် စစ်ဗိုလ်တွေကိုပဲ ထားပါတယ်။ “ စည်သူအောင်ဖေ ” လို “ ကြားလူ ” မလိုအောင် လုပ်ထားပါတယ်။
စစ်ဆင်ရေးဆင်းတဲ့ စစ်ဗိုလ်တိုင်း လူသတ်လိုင်စင် ရနေပါတယ်။
ဦးနု၊ ဦးကျော်ငြိမ်းတို့ တွက်ခဲ့သလို ပြည်တွင်းစစ်ကလည်း ၆ လနဲ့ မပြီးပါ။ အနှစ် (၅၀) ကျော်တဲ့အခုအထိ မပြီးပါ။ (ယခု အနှစ် ၇၀ရှိပြီ/တည်းဖြတ်သူ)
------------------------------------------------------------------
လက်ဝဲညီညွတ်ရေး ပျက်ပြားခြင်းနဲ့ ဘရောက်ဒါဝါဒအမှား ဆက်စပ်မှု
ဖက်ဆစ်တော်လှန်ရေးအတွင်း တည်ဆောက်ခဲ့တဲ့ “ လက်ဝဲညီညွတ်ရေး ” ကို ကျောရိုးပြုပြီး ဖဆပလကို တိုးချဲ့ဖွဲ့စည်းခဲ့တယ်။ ပြန်လာတဲ့အင်္ဂလိပ်ကို အမျိုးသားညီညွတ်ရေးနဲ့ရင်ဆိုင်ဖို့နဲ့ လုံးဝလွတ်လပ်ရေးဆီသို့ ချီတက်ဖို့ ဖြစ်တယ်။ ဒီစည်းရုံးရေးလမ်းစဉ်ဟာ မှန်ကန်ပါတယ်။ မျိုးချစ်ပါတီက ဟင်္သာတဦးမြ၊ ဓားမပါတီက ပျော်ဘွယ်ဦးမြ၊ ငါးပွင့်ဆိုင် ဦးဘဖေ စသူတွေကို တိုးချဲ့စည်းရုံးခဲ့ပါတယ်။ ဒါလည်းမှန်ပါတယ်။
နိုင်ငံရေး အင်အားစုတိုင်းကို ဖဆပလ အလံအောက် ရောက်အောင်လုပ်တဲ့ စည်းရုံးရေးလမ်းစဉ်ဟာ အခြေခံအားဖြင့် မှန်ပါတယ်။ မှားတာက သူတို့ရဲ့ နိုင်ငံရေးအမြင်တွေကို တိုက်ပွဲမဆင်တာပါပဲ။ ဒီလိုဖြစ်တာဟာ “ ဘရောက်ဒါဝါဒ ” အတွေးအခေါ် ကြောင့်ပဲ။ ဖဆပလထဲမှာ ဒိုမီနီယံလောက်နဲ့တင်းတိမ်နိုင်သူတွေနဲ့ အင်္ဂလိပ်ပေးမယ့်ရာထူးမက်သူတွေ အများကြီးပါလာပါတယ်။ သူတို့ကို လက်ဝဲညီညွတ်ရေးတပ်ဦးက အတွေးအခေါ်ရေးအရနဲ့ စည်းရုံးရေးအရ ပြတ်ပြတ်သားသား ခေါင်းဆောင်ရပါမယ်။
ယူဂန်ဒါ (Uganda) ထောင်ပြန် ဂဠုန်ဦးစော၊ ဂျပန်ထောင်ပြန် ဒေါက်တာဗမော်နဲ့ ဂျပန်က သံအမတ်ခန့်နယ်နှင်ရာက ပြန်လာတဲ့ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ကိုလည်း စည်းရုံးပါတယ်။ သူတို့က ဖဆပလထဲ မဝင်ဘဲ “စောစိန်မော် ” ဂိုဏ်း ထောင်ပါတယ်။ ဖဆပလနဲ့ စင်ပြိုင်လုပ်ပါတယ်။ ဖဆပလကို အပြင်ကနေ ဖြိုခွဲပါတယ်။ ဘုရင်ခံအလိုကျ လုပ်ကြပါတယ်။
ဘုရင်ခံက အစိုးရအဖွဲ့ (ဘုရင်ခံ အမှုဆောင်အဖွဲ့) ဖွဲ့တော့ ရာထူးတွေပေးဖို့ ကမ်းလှမ်းပါတယ်။ ဖဆပလက မူပေါ်အခြေခံပြီး တောင်းဆိုချက်တင်တယ်။ စောစိန်တို့ကတော့ ဝမ်းမြောက်ဝမ်းသာ လက်ခံတယ်။ (ဒေါက်တာဗမော်ကို အင်္ဂလိပ်က မကြည်ဖြူပါဘူး။ ရာထူးမပေးပါဘူး။) သူတို့လက်ခံရုံနဲ့ အားမရဘဲ ဖဆပလထဲရောက်နေတဲ့ သူတို့ဂိုဏ်းသားတွေပါ ဆွဲတယ်။ တချို့ ပါကုန်ကြတယ်။
ကျန်ရစ်သူက ဦးမြ နှစ်မြနဲ့ ဦးဘဖေ စသူတို့ပဲ။ သူတို့က သူတို့အကြောင်းနဲ့သူတို့ မပါတာဖြစ်တယ်။ သူတို့က စောစိန်မော်အောက် ပြန်မရောက်ချင်ဘူး။ ဦးဘဖေကတော့ ဒေါက်တာဗမော်နဲ့ ကမ္ဘာရန် ဖြစ်နေလို့ပဲ။ ဘာပဲပြောပြော သူတို့ရဲ့ ရပ်တည်မှုကို ကြိုဆိုသင့်ပါတယ်။ ဖဆပလထဲရှိတဲ့ လက်ယာဂိုဏ်းအဖြစ် လေးစားရမှာဖြစ်တယ်။ စောစိန်မော်အလိုတော်ရိ လက်ယာဂိုဏ်းထဲ ရောက်မသွားတာဟာ ကောင်းမှုပြုတာလို့ သတ်မှတ်ရပါမယ်။
ဖဆပလထဲက လက်ဝဲဂိုဏ်းသာ ညီညွတ်နေရင် သူတို့ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။ ဦးဘဖေက ဒိုမီနီယံရလည်း ကျေနပ်မယ်လို့ ပြောနေပေမယ့် ဖဆပလဆုံးဖြတ်ချက် လိုက်နာပြီး လုံးဝလွတ်လပ်ရေးလို့ ပြောနေတာပါ။
0 comments:
Post a Comment