Tuesday, December 1, 2020

သက်တမ်းအရှည်ဆုံး ဝန်ကြီးကတော်ဟောင်း ဒေါ်ခင်ကြည်ကြည်

0 comments
သက်တမ်းအရှည်ဆုံး ဝန်ကြီးကတော်ဟောင်း ဒေါ်ခင်ကြည်ကြည်
၂၉ နိုဝင်ဘာ ၂၀၂၀
ဒေါ်ခင်ကြည်ကြည်ကို ဦးသိန်းဖေမြင့်ရဲ့ဇနီးအဖြစ် သိသူများပါတယ်။ တကယ်က သူဟာ ဗမာ့အမျိုးသားတပ်မတော် (ဘီအန်အေ) ရဲ့ အစောဆုံး အမျိုးသမီးတပ်ဖွဲ့မှာပါသလို မြန်မာ့ နိုင်ငံရေးမှာ ပါတီဗဟိုကော်မတီဝင်နေရာကို အစောဆုံးရတယ်လို့ဆိုနိုင်တဲ့ အမျိုးသမီးနိုင်ငံရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသူဟောင်းတွေထဲမှာလည်း အသက် (၁ဝဝ) တမ်းထိ နေသွားသူအဖြစ် ကလေးပုံပြင်ဆရာမ ဒေါ်စောရင်၊ RIT ဆရာမဒေါ်ငြိမ်း၊ သမိုင်းဆရာမ ဒေါ်ကြန်တို့နဲ့အတူ စာရင်းဝင်သွားခဲ့ပါတယ်။
ဖျာပုံဇာတိ ဒေါ်ခင်ကြည်ကြည်ဟာ ပညာရေးနဲ့ နိုင်ငံရေးနိုးကြားမှုများတဲ့ မိသားစုရပ်ရွာမှာ ကြီးပြင်းလာသူဖြစ်ပြီး ဇော်ဂျီ၊ ဗိုလ်လက်ျာ၊ ဒေါက်တာလှရွှေ၊ ဗိုလ်မှူးကြီးလှဟန်၊ ဒေါ်နှင်းမေ၊ လေထီးဦးအုန်းမောင် စတဲ့ သူနဲ့ခေတ်ပြိုင် ထင်ရှားတဲ့ နိုင်ငံရေး စစ်ရေး စာပေဘက်က ခေါင်းဆောင်တွေလည်း ဖျာပုံက အများအပြားထွက်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်နဲ့ ကြုံပြီး ခေတ်ပျက်မသွားခဲ့ရင် သူ့အဖေက သူ့ကို လန်ဒန်ပို့ပြီး ပညာသင်ပေးချင်တဲ့သူလို့လည်း သူမကွယ်လွန်ခင် ၂ဝဝ၉ က ရနံ့သစ်မဂ္ဂဇင်းနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
နောက် တော်လှန်ရေးထဲကို ဆရာဇော်ဂျီရဲ့ညီ လေထီးကိုလှသောင်းရဲ့စည်းရုံးမှုနဲ့ ပါလာခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်းအမိန့်နဲ့ ဖွဲ့တဲ့ အမျိုးသမီးတပ်မှာ မခင်ကြည်ကြည် ဒုဗိုလ်ဖြစ်လာခဲ့ပါတယ်။ အသက် (၂ဝ) ကျော်မှာ တပ်ထဲဝင်လာသူဖြစ်ပေမယ့် ကောလိပ်နောက်ဆုံးနှစ်ထိ စာသင်ခဲ့တဲ့ ကျောင်းသူဖြစ်ပါတယ်။ ဂန္ထဝင်စာပေ ဖတ်ရှုမှုများသူဖြစ်လို့ စာရေးဆရာမကြီး ခင်မျိုးချစ်လို အနောက်တိုင်းစာပေ နှံ့စပ်သူကတောင် ချီးကျူးခဲ့ရပါတယ်။ စစ်ရုံးမှာ ဆုံခဲ့တဲ့ စိတ်နေစိတ်ထား ပြတ်သား တည်ကြည်တဲ့ ခင်ကြည်ကြည်ကို သူ့ထက် အသက်ငယ်ပေမယ့် အထင်ကြီး လေးစားရကြောင်းလည်း ခင်မျိုးချစ်က စာဖွဲ့ခဲ့ပါတယ်။
သီရိကျော်ထင်နဲ့ ကြက်ကျွန်း
အင်းလျားကန်စပ်က ကြက်ကျွန်းမှာ စုနေကြပြီး သူတို့တတွေကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်းယုန်က ကန်စပ်တစ်နေရာမှာ လေ့ကျင့်ပေးခဲ့ပါတယ်။ ကန်စွန်းရွက်ကို အစိမ်းစားတတ်အောင် လေ့ကျင့်တာအစ လက်နက်သင်တန်းလည်း တက်ခဲ့ရကြောင်း မြောက်အီလီနွိုင်းတက္ကသိုလ်က ပါမောက္ခ သရဖီသန်းရဲ့ ခေတ်သစ်မြန်မာပြည်အမျိုးသမီးများ စာအုပ်မှာ ပါရှိပါတယ်။ ခင်ကြည်ကြည်နဲ့ သူ့ညီမ ခင်ထားထား၊ အလံနီမစောမြ၊ ဗိုလ်ရဲထွဋ်ကတော် ဖြစ်လာမယ့် မခင်ကြည်နဲ့ ပဲခူးက မနှင်းဆီ စတဲ့ ရဲမေတစ်စု ထောက်လှမ်းရေးပညာ သင်ခဲ့ရတယ်လို့လည်း ပဲခူးတက္ကသိုလ် သမိုင်းကထိက ဒေါက်တာအေးအေးမွန်က ဖက်ဆစ်တော်လှန်ရေးနဲ့ မြန်မာ အမျိုးသမီးတို့ကဏ္ဍ စာတမ်းမှာ ရေးပါတယ်။
ဒီပထမဆုံးတပ်ဖွဲ့ဝင် စစ်သမီးအရေအတွက်နဲ့ ပတ်သက်ပြီး (၇) ဦး၊ (၉) ဦးကနေ (၁၂) ဦးထိ ကွဲလွဲနေတာကိုလည်း တွေ့ရပါတယ်။ တော်လှန်ခါနီးမှာ ကပ်ဖွဲ့ရတဲ့တပ်မို့ ရဲမေမဟုတ်တဲ့ အပြင်က နိုင်ငံရေး အမျိုးသမီးတွေလည်း စစ်တိုင်းတွေမှာ ပါလာတဲ့အတွက် အရေအတွက် တွက်ရာမှာ မတူကြတာ ဖြစ်ပါတယ်။
တော်လှန်ရေးမစခင် မတ်လ (၁၂) ရက်ကတည်းက သူနဲ့ တခြား အမျိုးသမီး အမျိုးသားရဲဘော်တွေ ရန်ကုန်ကနေ ကားနဲ့ ခိုးထွက်ခဲ့ကြပါတယ်။ သရက်ခရိုင်က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးအောင်တို့ စစ်ဌာနချုပ်နားမှာ နေပြီး အနီးဝန်းကျင် ရွာတွေက လယ်သမားတွေကို သူတို့ စည်းရုံးရေးဆင်းပါတယ်။ နောင်မှာ သမ္မတနဲ့ ဝန်ကြီးချုပ် ဖြစ်လာမယ့် ဗိုလ်စန်းယုနဲ့ ဗိုလ်စိန်ဝင်းတို့လည်း သူတို့နဲ့အတူ တစ်နယ်ထဲ ရှိခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဖြစ်လာမယ့် ဗိုလ်ခင်မောင်ကလေးကတော့ သူသွားတဲ့ခရီးမှာ အမျိုးသမီးတွေပါရင် ခရီးဖင့်မယ်ဆိုပြီး ခင်ကြည်ကြည်တို့ကို ခေါ်မသွားဘဲ ထားခဲ့ဖူးတယ် လို့ သခင်တင်မြက ဆိုပါတယ်။
ဒီလို တောနယ်တွေ ရောက်တဲ့အခါ သူနေခဲ့တဲ့ ဖျာပုံ၊ ရန်ကုန်စတဲ့ ချမ်းသာတဲ့ မြို့တွေနဲ့မတူတဲ့ မြန်မာပြည်ရဲ့ အဆင်းရဲဆုံးနယ်တွေထဲမှာပါတဲ့ ကျေးရွာတွေက ချင်းလူမျိုးတွေရဲ့ဘဝကို သူသိလာပါတယ်။ ရသယာ၊ ကျောက်စောင်းစတဲ့ ဒီရွာတွေက ချင်းလူမျိုးတွေကို ဗမာတွေက ခွဲခြားဆက်ဆံပြီး မပေါင်းသင်းဘဲ ထားခဲ့တာတွေကိုလည်း မခင်ကြည်ကြည် တွေ့လာပါတယ်။ ချင်းအမျိုးသမီးတွေရဲ့ ဖော်ရွေခင်မင်မှုနဲ့ သူတို့မြို့သူတွေကို ဂရုစိုက် ဧည့်ဝတ်ကျေတာတွေကို ကိုယ်တွေ့မြင်လာခဲ့တဲ့ ခင်ကြည်ကြည်က ဒီလို လူနည်းစုတွေကို စည်းရုံးမှ လွတ်လပ်ရေးကို ညီညီ ညွတ်ညွတ်နဲ့ ယူနိုင်မယ်ဆိုတာကို သိလာပြီး စစ်ပြီးခေတ်မှာ ထုတ်တဲ့ ကွန်မြူနစ်ပါတီ အာဘော် ပြည်သူ့အာဏာဂျာနယ်က ရေးသားလှုံ့ဆော်ခဲ့ပါတယ်။
တော်လှန်ရေးကာလမှာ စစ်ကိုယ်တိုင်မတိုက်ခဲ့ရပေမယ့် အိန္ဒိယက မဟာမိတ်တပ်တွေနဲ့ ဆက်သွယ်ရာမှာ အင်္ဂလိပ်လို ကူညီပြန်ဆိုတာအပြင် ပြောက်ကျားစစ်ဆင်ရေးဆိုင်ရာ စာပေတွေ ဘာသာပြန်ပေးခဲ့ပါတယ်။ သတင်းပို့ ဆက်သွယ်ရမယ့် ဝိုင်ယာလက် ထရန်စမစ်တာတွေကို လက်နဲ့လှည့် အားသွင်းရတဲ့အတွက် အမျိုးသားရဲဘော်တွေ ပင်ပန်းတဲ့အခါ သူတို့ သီရိကျော်ထင်တပ်က အမျိုးသမီးရဲမေတွေက ကူပြီးလှည့်ပေးကြ ရတာလို့လည်း ၂ဝဝ၄ က ရွက်နုဝေမှာရေးတဲ့ အမှတ်တရနေ့ ဆောင်းပါးမှာ ဒေါ်ခင်ကြည်ကြည်က ပြန်ပြောင်း ရေးပြခဲ့ပါတယ်။
ဒီလို တန်းတူလုပ်ခဲ့ကြပေမယ့် ဘောင်းဘီဝတ် စစ်သမီးတွေကို နီပွန်း ဆိုပြီး စစ်ဗိုလ်စစ်သားတွေက ပြောင်လှောင် ခေါ်ဝေါ်တာတွေ ရှိခဲ့တယ်လို့လည်း ဒေါ်ခင်ကြည်ကြည်က ပြောပြဖူးပါတယ်။ ဒီလိုပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးအပြီးမှာ ဗိုလ်ရဲထွဋ်၊ ဗိုလ်ကျော်ဇော၊ သခင်သန်းထွန်းတို့က လူကြီးလုပ်ပြီး စစ်ဗိုလ်တွေနဲ့ စစ်သမီးတွေကြား ဖြေရှင်း ကျေအေး ပေးခဲ့ရတယ်လို့ သခင်တင်မြက ရေးပါတယ်။
စစ်ပြီး ရန်ကုန်အပြန်လမ်းမှာတော့ သူတို့လက်ထဲ တန်ဖိုးမရှိတော့တဲ့ ဂျပန်ပိုက်ဆံတွေပဲ ပါလာတဲ့အတွက် လမ်းမှာ ထမင်းငတ်ခဲ့သလို စစ်ဒဏ်ခံထားရတဲ့ ရန်ကုန်မြို့ပျက်ကြီး ထဲမှာလည်း ဘယ်သွားရမှန်း မသိလို့ အသိအိမ်တစ်အိမ်ကို ဖျက်ဝင်ပြီး အမျိုးသမီး သုံးယောက် ညအိပ်ခဲ့ရတယ်လို့ ဒေါ်ခင်ကြည်ကြည်က ပြောပါတယ်။
ပါတီဌာနချုပ်
စစ်ပြီးစ မြေပေါ်မှာ တရားဝင်ပေါ်လာတဲ့ ကွန်မြူနစ်ပါတီမှာ မခင်ကြည်ကြည် ပါဝင် ခဲ့ပါတယ်။ သူနဲ့ရွယ်တူ ကျောင်းသူတွေလို ပညာဆက်သင်ပြီး ဘွဲ့ရ၊ အလုပ်လုပ် စတဲ့ လမ်းရိုးဟောင်းကို မလိုက်ဘဲ ပါတီဌာနချုပ်အပေါ်ထပ်မှာ စစ်ပြန်ရဲမေတစ်စုနဲ့အတူနေပြီး နိုင်ငံရေးကို ခြေစုံပစ် ဝင်ခဲ့တာ ဖြစ်ပါတယ်။ စမ်းချောင်း ဗားကရာလမ်းက ဒီကွန်မြူနစ် ဌာနချုပ်မှာပဲ အိန္ဒိယကပြန်လာတဲ့ ခင်ပွန်းလောင်း သိန်းဖေမြင့် မဖြစ်သေးတဲ့ သခင်သိန်းဖေနဲ့ တွေ့ပြီး သူတို့ လက်ထပ်ခဲ့ကြပါတယ်။ သခင်သိန်းဖေ ပါတီအထွေထွေ အတွင်းရေးမှူးဘဝ အစည်းအဝေးမှာ ဘဏ္ဍာရေးရှင်းတမ်းကို စာရွက်မကြည့်ဘဲ ကိန်းဂဏန်းတွေ အလွတ်ပြောသွားတဲ့ ဘဏ္ဍာရေးမှူး ခင်ကြည်ကြည်ကို အံ့သြ သဘောကျစိတ်နဲ့ ချစ်ကြိုက်ခဲ့တယ်လို့လည်း သမီးဖြစ်သူ ကြည်သာမြင့်က လမ်းကိုတော့ ဆက်လျှောက်ပါမည် ဆောင်းပါးမှာ အမှတ်တရ ရေးခဲ့ပါတယ်။ သူတို့နှစ်ယောက် အသက် (၇)နှစ် ကွာပြီး နိုင်ငံရေးဝါမှာလည်း သခင်သိန်းဖေက (၁ဝ) နှစ်လောက်ပိုကြီးပါတယ်။ သူတို့ကို သခင်သန်းထွန်းနဲ့ သခင်ဗသိန်းတင်က လူကြီးလုပ်ပြီး လက်ထပ်ပေးခဲ့တာပါ။
တစ်ဖက်မှာလည်း ၁၉၄၅ ဇူလိုင် ပါတီ ဒုတိယကွန်ဂရက်မှာ မခင်ကြည်ကြည်နဲ့ ဒေးဒရဲမစောချစ် (မူကွဲ-မစောမြ)တို့ကို ပါတီ ဗဟိုကော်မတီဝင် တင်မြှောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မဖြစ်ခင်က ရှိခဲ့တဲ့ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဓားမ၊ မျိုးချစ် စတဲ့ ပါတီအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေကို ထိပ်တန်းနေရာ ထင်ထင်ရှားရှား ပေးခဲ့တာ မရှိဘဲ စစ်ပြီးခေတ် ကွန်မြူနစ်ပါတီမှာ ပထမဆုံး တွေ့ရတာ ဖြစ်ပါတယ်။ ၁၉၄၆ မတ်မှာ ကျန်းမာရေးကြောင့် မခင်ကြည်ကြည် ပါတီဗဟိုကော်မတီလူကြီးက ဆင်းပေးတယ်လို့ ဗကပထုတ်ပြန်ချက်တစ်ခုမှာ ပါရှိပါတယ်။
ပါတီရဲ့ အမျိုးသမီးကွန်ဂရက်မှာလည်း သခင်ဗဟိန်းဇနီး ဒေါ်ခင်ကြီးက ဥက္ကဋ္ဌ၊ သူက အတွင်းရေးမှူးနေရာကနေ ခေါင်းဆောင်ပါဝင်ခဲ့ပါတယ်။ ကွန်ဂရက်ရဲ့ လှုပ်ရှားမှု အနေနဲ့ အမျိုးသမီးတွေကို နေရာမရွေး အလုပ်တွေခန့်ဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ဘက်၊ ရဲဘက်နဲ့ အုပ်ချုပ်ရေးတွေမှာ ခန့်အပ်တာဟာ လွတ်လပ်ရေးရပြီးနောက် နှစ်တော်တော်ကြာမှ ဖြစ်လာခဲ့ပါတယ်။ မြန်မာတိုင်းလုံးဆိုင်ရာ အမျိုးသမီး လွတ်လပ်ရေးအဖွဲ့မှာတော့ ဒေါ်ခင်ခင်ကြီး၊ ဒေါ်ခင်ကြည်၊ ဒေါ်ခင်ကြီး၊ ဒေါ်ခင်ခင်ကြည် စတဲ့ နာမည်ကြီး အမျိုးသမီးတွေနဲ့အတူ မခင်ကြည်ကြည် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
စစ်ပြီးခေတ် နိုင်ငံရေးအကွဲအပြဲတွေကြောင့် ၁၉၄၆ အောက်တိုဘာမှာ ကွန်မြူနစ်နဲ့ ဖဆပလ ကွဲပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းအစိုးရမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက် စည်ပင်ဝပြောရေး ဝန်ကြီးဖြစ်နေတဲ့ သခင်သိန်းဖေ ရာထူးက ထွက်ခဲ့ရသလို လွတ်လပ်ရေးရပြီးနောက်ပိုင်း တောခိုခါနီး သခင်သိန်းဖေနဲ့ ကွန်မြူနစ်ပါတီ လမ်းခွဲချိန် မှာလည်း မခင်ကြည်ကြည် နိုင်ငံရေးဆက်မလုပ်ဘဲ နေခဲ့ပါတယ်။ ပထမကလေး ကိုယ်ဝန်ကြောင့် နားတယ် ဆိုပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်း စာပေဗိမာန်စာပြု လုပ်နေရာက ကျောင်းပြန်တက် ဘွဲ့ယူပြီး တက္ကသိုလ်မှာ ရူပဗေဒဆရာမလုပ်ရင်း နိုင်ငံရေး နဲ့ ဝေးသွားပါတယ်။
အမတ်ကတော် သတင်းစာဆရာကတော်ဘဝ
ဒီလိုဝေးနေပေမယ့်လည်း ခင်ပွန်းနဲ့ သားတွေကြောင့် နိုင်ငံရေးနဲ့ ထိစပ်မှုကတော့ တစ်သက်လုံး ရှိခဲ့ရပါတယ်။ လွတ်လပ်ရေးရတဲ့နှစ်မှာ တောခိုသွားတဲ့ ကွန်မြူနစ်နဲ့ မြေပေါ်က ဖဆပလအစိုးရကြား ပြန်ညီညွတ်ရေးရအောင် လက်ဝဲညီညွတ်ရေးလုပ်ရင်း ငှက်သင့်လို့ ခင်ပွန်းသည် အဖမ်းခံရပါတယ်။ ထောင်ထဲမှာရေးတဲ့ လမ်းစပေါ်ပြီ ဝတ္ထုကနေပြီး သိန်းဖေမြင့် ဖြစ်လာပါတယ်။
၁၉၄၉ မှာ ထောင်ကပြန်လွတ်လာပြီးနောက် မြေပေါ်အတိုက်အခံအဖြစ် ဆောင်ရွက်ရင်း ဦးသိန်းဖေမြင့် ပါလီမန်အမတ်၊ ဗိုလ်တထောင်သတင်းစာပိုင်ရှင် ဖြစ်လာပါတယ်။ တောမခိုလို့ ဦးသိန်းဖေမြင့်ကို ဗကပနဲ့ လက်ဝဲသမားတချို့ တိုက်ခိုက်တာ ခံခဲ့ရပေမယ့် သူတို့ သမီးခင်ပွန်းဟာ ကွန်မြူနစ်ပါတီမှာ ခင်ခဲ့တဲ့ လေထီးဦးအုန်းမောင်လို ရဲဘော် မိတ်ဆွေတွေ တောထဲမှာမိလို့ ထောင်ကျလာရင် ဆေးရုံမှာ သွားတွေ့ကြပါတယ်။ ဦးအုန်းမောင်နဲ့ ဗိုလ်မှူးချစ်ကောင်းဟာ အိန္ဒိယမှာ ဦးသိန်းဖေမြင့်ရဲ့ သဘောတရားရေး သင်တန်း တက်ခဲ့ကြတဲ့ ရဲဘော်တွေ ဖြစ်လို့ သူတို့ကြားမှာ နိုင်ငံရေးအမြင်မတူတာတွေ ရှိပေမယ့် မိတ်ဆွေလို ဆက်ဆံရေးက ဆက်ရှိတယ်လို့လည်း ဒေါ်ခင်ကြည်ကြည်က ရေးပါတယ်။ ဒီလေထီးရဲဘော်တွေနဲ့ တော်လှန်ရေးနေ့ကိုလည်း နှစ်ပေါင်း (၃ဝ) ကျော်တိုင်အောင် သူတို့ ဟာမစ်တစ်လမ်းက အိမ်မှာ ဆင်နွှဲခဲ့ပါတယ်။
၁၉၆၂ အာဏာသိမ်းပြီးနောက်မှာတော့ လမ်းစဉ်ပါတီကို ထောက်ခံတဲ့ ဦးသိန်းဖေမြင့် သြဇာကြီး လာပါတယ်။ ဒါကို ဒေါ်ခင်ကြည်ကြည်က သဘောမကျဘူးလို့လည်း မော်လင်းက ကြေးမုံမှာ ရေးပါတယ်။ သူ့ခင်ပွန်းဟာ ဆိုရှယ်လစ်အနံ့ပေးရင် လိုက်သွား တာပဲ လို့လည်း ဒေါ်ခင်ကြည်ကြည် ရှိစဉ်က ပြောဖူးပါတယ်။ သူတို့အချင်းချင်း ညှိနှိုင်းကြိတ်ခြေလို့ မရတဲ့ ကိစ္စတွေမှာ နှစ်ဦးသဘောတူ သဘောကွဲလွဲကြတယ်လို့လည်း ဒေါ်ခင်ကြည်ကြည်ရေးဖူးပါတယ်။
၁၉၇ဝ နောက်ပိုင်း လမ်းစဉ်ပါတီ အမှားအယွင်းတွေကို ထောက်ပြတဲ့ ဦးသိန်းဖေမြင့်ကို ဦးနေဝင်း အမြင်မကြည်တဲ့အတွက် အစိုးရသတင်းစာ ဖြစ်သွားတဲ့ ဗိုလ်တထောင်က သူ့ဆောင်းပါးတွေ မထည့်ဘဲ လက်ရှောင်ခဲ့ပါတယ်။ ၁၉၇၄ ပြည်သူ့လွှတ်တော်အတွက် ရွေးချယ် တင်မြှောက်ပွဲမှာလည်း ဦးသိန်းဖေမြင့် ကိုယ်စားလှယ်လောင်း အရွေးမခံရဘဲ အပယ်ခံရပါတယ်။ နောက်ဆုံး ၁၉၇၆ မှာ ပါတီကို တင်ပြခဲ့တဲ့ သူ့စာတမ်းကို သူကွယ်လွန်ပြီးနောက် ဒေါ်ခင်ကြည်ကြည် က ရှာပေးလိုက်တဲ့အတွက် မန္တလေး ဟံသာဝတီစာပေဝိုင်းမှာ သခင်ကျော်စိန်က ထည့်သွင်းပြောကြားရာကနေ သတင်းစာ အပိတ်ခံရပြီး အယ်ဒီတာချုပ် ဦးဝင်းတင်ပါ အလုပ်ပြုတ်ခဲ့ပါတယ်။
တစ်ခါ ၁၉၈၈ အရေးအခင်းမှာပါလို့ အစိုးရ အင်ဂျင်နီယာအလုပ်က ပြုတ်ခဲ့တဲ့ သားကြီး ဦးဟံသာမြင့် NLD အမတ်ဖြစ်လာတာနဲ့ ဖိအားပေးလို့ ထွက်ရတာတွေကိုလည်း ဒေါ်ခင်ကြည်ကြည် ကြုံခဲ့ရပါတယ်။ ဦးသိန်းဖေမြင့်နဲ့ ဦးဟံသာမြင့်တို့ သားအဖဟာ ဘုတလင်က ၁၉၅၆ နဲ့ ၁၉၉ဝ ရွေးကောက်ပွဲတွေမှာ အရွေးခံရတဲ့ အမတ်သားအဖလည်း ဖြစ်ပါတယ်။ နာဂစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်ရာမှာတော့ နောက်သား တယောက် ဖြစ်တဲ့ ဦးခွန်သာမြင့်က ဆောင်ရွက် ပေးခဲ့ပါတယ်။
သူတို့လင်မယားရဲ့ အိမ်ထောင်ရေးအမြင်
ဦးသိန်းဖေမြင့်က သူဟာ နယ်စပ်တာချီလိတ်လို နေရာကို သွားရင် နိုင်ငံငွေကုန်မှာစိုးလို့ မှောင်ခိုပစ္စည်း ဝယ်လေ့မရှိဘူးလို့ ခရီးသွားဆောင်းပါးတစ်ပုဒ်မှာ ရေးဖူးပါတယ်။ ဒါပေမဲ့ တစ်ခါက ဘုတလင်သွားရင်း ယာထဲမှာ စိုက်ထားတဲ့ မေမြို့ပန်းတွေကို ပိုင်ရှင်ဆီက ခွင့်တောင်းခူးလာပြီး ဇနီးရှိရာ တည်းအိမ်ထိ ပန်းစည်းကို အောက်မကျအောင် တံတောင်ဆစ်ကွေးကိုင်ပြီး ယူလာခဲ့တယ်လို့ သူ့မိတ်ဆွေ ဘုတလင်ဦးသန်းဖေက ရေးပါတယ်။ ဒေါ်ခင်ကြည်ကြည်နဲ့ တွေ့တဲ့အခါမှာတော့ ဟောဒီမှာ ခင့်အတွက် လက်ဆောင်ဆိုပြီး ဖိုးဖိုးနဲ့ဖွားဖွား အချစ်ပွားကြတယ်လို့ ဦးသန်းဖေက ရေးပါတယ်။
တကယ်တော့ ဦးသိန်းဖေမြင့်မှာ နိုင်ငံရေးနယ်ထဲကပဲ ရည်းစားတစ်ယောက် ရှိခဲ့ပြီး စစ်အတွင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒေါ်ခင်ကြည်ကြည်ကိုလည်း တော်လှန်ရေး ကာလက ဗိုလ်မှူးအောင်၊ ဗိုလ်လှမော် စတဲ့ စစ်ဗိုလ်တွေက ကြိုက်ကြတယ်လို့ သခင်တင်မြက ဘုံဘဝမှာဖြင့် ထက်ကြပ်မကွာမှာ ရေးပါတယ်။ ဒီလို နိုင်ငံရေးတောမှာ ကျင်လည်ရင်း ဆုံခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ ဆိုဗီယက်နဲ့ တရုတ်ပြည်က တန်းတူတဲ့ အိမ်ထောင်ရေးမျိုး တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဦးသိန်းဖေမြင့်ဟာ အိမ်မှာ မိသားစုနဲ့ အပြန်အလှန် ဆွေးနွေးပြောဆိုတတ်တဲ့ ခင်ပွန်းကောင်းဖြစ်တယ်လို့လည်း ဒေါ်ခင်ကြည်ကြည်က ချီးကျူးခဲ့ပါတယ်။
တစ်ခါက လက္ခဏာဆရာတယောက်က ဒေါ်ခင်ကြည်ကြည့်လက်ကို ကြည့်ပြီး အောင်မြင်ခြင်းလမ်းကြောင်း သိပ်ကောင်းတယ်လို့ ပြောပါတယ်။ သူဌေးလည်းမဖြစ်၊ ပညာလည်းမချွန်၊ ရာထူးကြီးလည်းမရှိ၊ ဘယ်မှာ အောင်မြင်တာလဲ ဆိုပြီး သူက ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။ အိမ်ပြန်ရောက်မှ ခင်ပွန်းကို ပြောပြတဲ့အခါမှာတော့ တို့အိမ်ထောင်ရေးက အောင်မြင်မှုတစ်ခုပေါ့ဆိုပြီး သူ့ကို ပြောတယ်ဆိုပြီး ဒေါ်ခင်ကြည်ကြည် က မွေးနေ့အတွေး ဆောင်းပါးမှာ ရေးခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စာပေ နှစ်ခုလုံးမှာ တွဲဖက်မိတဲ့ သူတို့စုံတွဲဟာ တောင်တော်သခင်များ ရေအိုင် ဆိုတဲ့ ရုရှား ဝတ္ထုတစ်ပုဒ်ကိုလည်း အတူပြန်ဆိုခဲ့ကြပါတယ်။
သူတို့နိုင်ငံရေးအမွေကို သားတွေက ဆက်ခံပေမယ့် အနုပညာကိုတော့ မြေးဖြစ်သူ မှတ်တမ်းရုပ်ရှင်ဆရာ မောင်မောင်သာမြင့်က ဆက်ခံတာ တွေ့ရပါတယ်။ သိန်းဖေမြင့်ဟာ စစ်ကြီးမဖြစ်ခင်က ယောက်ျားဂုဏ်ရည် ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး စစ်အပြီးမှာလည်း ပြဇာတ်နဲ့ ဇာတ်ညွှန်းတွေ ရေးခဲ့ပါတယ်။
စာပေထဲက ခင်နဲ့မောင်
ဦးသိန်းဖေမြင့်က အသက် (၈ဝ) ထိနေမယ်ဆိုပြီး ကျန်းမာရေးလိုက်စားခဲ့ပေမယ့် (၆၄) နှစ် မပြည့်ခင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒေါ်ခင်ကြည်ကြည်ကတော့ သူ့ခင်ပွန်း ကွယ်လွန်ပြီး (၄၂) နှစ်ကျော်ကြာမှ ကွယ်လွန်ခဲ့ပါတယ်။ ဗြိတိသျှအင်ပါယာရဲ့ ပထမဆုံး ကွန်မြူနစ် ဝန်ကြီး၊ အာရှ အရှေ့ဖျားမှာ မြောက်ဗီယက်နမ်နဲ့ မွန်ဂိုလီးယားပြီးရင် အစောဆုံးဖြစ်တဲ့ မြန်မာကွန်မြူနစ်ဝန်ကြီးကတော် ဒေါ်ခင်ကြည်ကြည်ကို သူ့ခင်ပွန်းရဲ့ စာပေပုံရိပ် တွေကနေ မြန်မာစာဖတ်သူတွေ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ အမေ၊ ရှင်သုမန၊ တခုသောငွေရတုသဘင် စတဲ့ သိန်းဖေမြင့်ရဲ့ မိသားစုနောက်ခံ ဝတ္ထုတွေဟာ အကြောင်းအရာသာမက အရေးအဖွဲ့မှာပါ ပြောစမှတ် ဖြစ်ခဲ့တဲ့ လက်ရာတွေ ဖြစ်ပါတယ်။
သူတို့လင်မယား (၃၄) နှစ် ဝတ္ထုဆိုရင်လည်း သူတို့အိမ်ဝန်ထမ်းမောင်နှံအကြောင်း ရေးတာ ဖြစ်ပါတယ်။ ဝတ္ထုဇာတ်ဆောင် မင်းသမီး အိမ်မှုရေးရာ အလုပ်သမ ဒေါ်လှရီ နေမကောင်းတာကို ကွယ်လွန်တဲ့အထိ ဒေါ်ခင်ကြည်ကြည်က ထဘီအဝတ်က အစ လျှော်ပေးပြီး သုံးနှစ်လောက် ပြုစုခဲ့တယ်လို့ ဆောင်းပါးရှင် မော်လင်းက အမှတ်တရ ရေးပါတယ်။ အသက် (၇ဝ) ကျော် အဘွားဘဝနဲ့ အိမ်ဖော်ကို ပြန်ပြီး ပြုစုတာပါ။
ဒေါ်ခင်ကြည်ကြည်ရဲ့ ရုပ်ကြွင်းပြာကို ဘုတလင်က ခင်ပွန်းသည်ရဲ့ သင်္ချိုင်းမှာ မြှုပ်နှံမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဟာမစ်တစ်လမ်းက ဗိသုကာ ခင်မောင်ရင် ဆောက်တဲ့ သူတို့အိမ် မရှိတော့ပေမယ့် ဘုတလင်အရိုးဂူကတော့ သူတို့စာဖတ်ပရိသတ်တွေအတွက် အမှတ်တရနေရာ ဖြစ်လာနိုင်ပါတယ်။

0 comments:

Post a Comment