Monday, December 14, 2020

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၅)

0 comments

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၅)

 

ယနေ့အထိ တည်ရှိနေသော ထုတ်လုပ်ရေးနည်းနာအားလုံးသည် အလုပ်၏အနီးကပ်ဆုံးနှင့် တိုက်ရိုက်အကျဆုံး အသုံးဝင်သော အကျိုးသက် ရောက်မှုရရှိရေးကိုသာ ရည်ရွယ်သည်။ နောက်ပိုင်းမှပေါ်ထွက်လာသော တဖြည်းဖြည်း ထပ်ခါတလဲလဲဖြစ်ခြင်း၊ စုပုံခြင်းတို့မှ ပေါ်ပေါက်လာသော တဆင့်တက်လာသည့်အကျိုးဆက်များကိုမူ လုံးဝလျစ်လျူရှုထားကြသည်။ ကနဦး မြေယာဘုံပိုင်မှုစနစ်သည် တဘက်တွင် ယေဘုယျအားဖြင့် အနီးကပ်ဆုံးအရာဝတ္ထုများတွင်သာ မြင်ကွင်းကန့်သတ်ထားခြင်းခံရသောလူတို့၏ ဖြစ်ပေါ်တိုးပွားမှုအဆင့်နှင့် လျော်ညီပေသည်။ အခြားတဘက်တွင် ရှေးဦးစီးပွားရေး၏ မမျှော်လင့်ပဲပေါ်လာနိုင်‌သောဆိုးကျိုးများကို ကျော်နင်းရန် တစုံတရာ အထောက်အကူပြုသည့် အသုံးပြုနိုင်သော တစုံတရာမြေပိုလျှံမှုကို ရှေးဦးလိုအပ်ချက်အဖြစ်ထားရှိသည်ကို၎င်း၊ မြေယာအပိုအလျှံ ကုန်ခမ်းသွားသည်နှင့် ဘုံပိုင်ဆိုင်မှုစနစ်သည်လည်း ပြိုကွဲသွားတော့၏။ သို့စေကာမူ ပိုမိုမြင့်မားသော ထုတ်လုပ်ရေးသဏ္ဌန်အားလုံးသည် လူများကို မတူသောလူတန်းစားများအဖြစ်ကွဲပြားစေပြီး ထိုမှတဆင့် အုပ်စိုးသောလူတန်းစားနှင့် အဖိနှပ်ခံလူတန်းစားတို့၏ ရန်ဘက်ဖြစ်မှုကို ပေါ်ပေါက်စေသည်။ ထုတ်လုပ်ရေးကို အဖိနှိပ်ခံများ၏ အနိမ့်ဆုံး ဘဝတည်တန့်မှုပစ္စည်းများတွင် ကန့်သတ်မထားသည်နှင့်အမျှ အုပ်စိုးသော လူတန်းစား၏အကျိုးစီးပွားသည် ထုတ်လုပ်ရေးကို တွန်းဆော်သောအချက်ဖြစ်လာသည်။ အနောက်ဥရောပတွင် ယနေ့အုပ်စိုးနေသော အရင်းရှင်ထုတ်လုပ်ရေးနည်းနာတွင် ဤအချက်ကို အပြည့်စုံဆုံးဖော်ပြထားပေသည်။ ထုတ်လုပ်ရေးနှင့် ဖလှယ်ရေးကိုကြီးစိုးနေသော တဦးချင်းအရင်းရှင်များသည် သူတို့၏ပြုမူမှုများ၏ တိုက်ရိုက်အကျဆုံး အသုံးဝင်သောအကျိုးသက်ရောက်မှုကိုသာ ဂရုစိုက်နိုင်ကြပေ၏။ အမှန်ပင် ထုတ်လုပ်သော သို့မဟုတ် ဖလှယ်သောကုန်ပစ္စည်း၏ အသုံးဝင်မှုပြဿနာ မည်သို့ပင်ရှိစေကာမူ ဤအသုံးဝင်သောအကျိုးသက်ရောက်မှုပင်လျှင် နောက်ကွယ်သို့ လုံးဝရောက်သွားပြီး ရောင်းချရာတွင် ရရှိလိုက်သောအမြတ်သည်သာ တခုတည်းသော တွန်းဆော်မှု ဖြစ်လာပေသည်။

 

ဓနရှင်လူတန်းစား၏ လူမှုဝိဇ္ဇာပညာ (ဝါ)စံတင်နိုင်ငံရေးဘောဂဗေဒသည် ထုတ်လုပ်ရေး ဖလှယ်ရေးတို့နှင့်ဆက်စပ်နေသော လူသားလှုပ်ရှားမှု၏ တိုက်ရိုက်ရည်ရွယ်သော လူ့အဖွဲ့အစည်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဦးစားပေးထားသည်။ ဤဝိဇ္ဇာပညာသည် ဤသို့သော လူမှုအဆောက်အဦနှင့် လုံးဝကိုက်ညီပြီး ထိုအဆောက်အဦ၏ သဘောတရားရေးအရ ဖော်ပြချက်ဖြစ်သည်။ တဦးချင်း အရင်းရှင်များသည် တိုက်ရိုက်အမြတ်အစွန်းအတွက် ထုတ်လုပ်ရေးနှင့်ဖလှယ်ရေးတွင် ပါဝင်လုပ်ကိုင်ကြသည့်အလျှောက် အနီးကပ်ဆုံးနှင့် တိုက်ရိုက်အကျဆုံး အကျိုးသက်ရောက်မှုများကိုသာလျှင် ဦးစွာအားဖြင့် ဂရုစိုက်နိုင်ပေတော့သည်။ ပြုလုပ်ထားသော သို့မဟုတ် ဝယ်ယူထားသောကုန်စည်ကို မက်မောလောက်သည့် ရနေကျအမြတ်အစွန်းဖြင့် ရောင်းချနေသည်နှင့်အမျှ တဦးချင်းစက်ရုံပိုင်ရှင် သို့မဟုတ် ကုန်သည်သည်ကျေနပ်နေခဲ့ပြီး နောင်တွင် ကုန်စည်နှင်း ၎င်းကိုဝယ်သူများ မည်သို့ဖြစ်သွားမည်ကို စိတ်ဝင်စားခြင်းမရှိ။ ဤပြုမူမှုများ၏ သဘာဝအကျိုးသက်ရောက်မှုများမှာလည်း အလားတူပင်ဖြစ်သည်။ တောင်စောင်းများပေါ်ရှိသစ်တောများကို မီးရှို့ပစ်ပြီး မျိုးဆက် တဆက်အတွက် အမြတ်များများရမည့်ကော်ဖီပင်များကိုစိုက်ပျိုးရန် လုံလောက်သောမြေဩဇာပြာများရကြသည့် ကျူးဘားပြည်ရှိ စပိန်ခြံပိုင်ရှင်များသည် နောင်တွင် သည်းထန်သောအပူပိုင်းဒေသ မိုးက အကာအကွယ်မရှိတော့ပြီဖြစ်သော အပေါ်ယံမြေဆီလွှာကို တိုက်စားပစ်လိုက်ကာ ကျောက်တုံး ထီးထီးသာကျန်ရှိစေသည်ကို ဂရုစိုက်မိကြပါမည်လေ။ မျက်မှောက်ထုတ်လုပ်ရေးနည်းနာသည် သသဘာဝနှင့်ပတ်သက်၍၎င်း၊ လူ့အဖွဲ့အစည်းနှင့်ပတ်သက်၍၎င်း အစဦးဆုံး အထင်ရှားဆုံးအကျိုးဆက်ကိုသာ ဦးစားပေးကြပေသည်။ ထို့နောက် ဤအကျိုးဆက်ကိုဦးတည်သောပြုမူမှု၏ ပိုမိုဝေးကွာသော အကျိုးသက်ရောက်မှုများမှာ လုံးဝခြားနားသည့်အဖြစ်သို့၎င်း၊ များသောအားဖြင့် လုံးဝဆန့်ကျင်ဘက်အဖြစ်သို့၎င်း ရောက်ရှိသွားသည်ကို အံ့ဩကြပြန်သည်။ ရောင်းအားနှင့်ဝယ်အား လိုက်လျောညီမှုသည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်အဖြစ်သို့ပြောင်းလဲသွား၏။ ၁၀ နှစ်တကြိမ် စက်မှုလုပ်ငန်း စက်ဝိုင်းသဖွယ်လည်ပတ်မှုက ၎င်းအချက်ကို ဖော်ပြနေပေသည်။ ဂျာမဏီပြည်သည်ပင် ပြိုကွဲမှု ၅ ထဲတွင် ပဏာမအဖြစ် အနည်းငယ်ထိတွေ့ လိုက်ရသည်။ ၎င်းမှာ တဦးတယောက်၏ အလုပ်ပေါ်အခြေခံသောပုဂ္ဂလိကပိုင်ဆိုင်မှုသည် အလုပ်သမားများကို ပိုင်ဆိုင်မှုကင်းမဲ့သူများအဖြစ် မုချဖြစ်ပေါ်တိုးပွားသွားကာ တချိန်တည်းမှာပင် ဥစ္စာဓနအားလုံးသည် အလုပ်မလုပ်သူများလက်ထဲသို့ ပို၍ပို၍စုစည်းလာတော့သည် ၎င်းမှာ…….*

၁၈၇၆ ခုနှစ်တွင်ရေးသည်။                                                                                      လက်ရေးမူအတိုင်းပုံနှိပ်သည်။

၁၈၉၆ ခုနှစ် နယူးဇိဂျာနယ်တွင် ပထမဆုံးထည့်သွင်းထုတ်ဝေသည်။                                  ဂျာမန်ဘာသာမှပြန်ဆိုသည်။

 

ဤနေရာတွင် လက်ရေးမူပြတ်တောက်သွားသည်။ အယ်ဒီတာ

 

ရှင်းလင်းချက်

၁* ၎င်းမှာ သဘာဝအနုပဋိလောမကျမ်းအတွက် စုဆောင်းထားသောအချက်အလက်အလက် စာတွဲ ဒုတိယတွဲ၏ မာတိကာစာရင်းတွင် ပါဝင်သောဆောင်းပါးဖြစ်ပြီး အိန်ဂယ်က ခေါင်းစဉ်ဖြည့်စွက်ထားသည်၊ မူလက ထိုဆောင်းပါးမှာ “ကျေးကျွန်စနစ်၏ အခြေခံသဏ္ဌန် သုံးရပ်”ဟူသည့် အတွင်းသဘောပိုမိုကျယ်ပြန့်သည့်ကျမ်းအတွက် အိန်ဂယ်ရေးသားထားသောနိဒါန်းပိုင်းဖြစ်သည်၊ နောက်ပိုင်းတွင် ၎င်းကို “အလုပ်သမားများအပေါ် ကျွန်ပြုခြင်းနိဒါန်း”ဟု အမည်ပြောင်းပေးခဲ့သည်၊ သို့သော် ဤကျမ်းကိုပြီးဆုံးသည်အထိ မရေးနိုင်ခဲ့ချေ။ အဆုံးတွင် အိန်ဂယ်က ဤကျမ်း၏နိဒါန်းပိုင်းကို လက်ရေးမူ၏အခြေခံအတွင်းသဘောနှင့်လိုက်ဖက်သည့် “လူဝံမှ လူသို့ကူးပြောင်းရာတွင်အလုပ်၏ ပါဝင်ရာအခန်း”ဟူသောခေါင်းစဉ်တပ်ပေးလိုက်သည်၊ ဆောင်းပါးကိုရေးသားခဲ့သည်မှာ ၁၈၇၆ ခုနှစ် ဇွန်လအတွင်းဖြစ်နိုင်ပေသည်။ ဆောင်းပါးရေးသားခြင်းနှင့်ပတ်သက်၍ ၁၈၇၆ ခု ဇွန်လ ၁၀ ရက်နေ့က အိမ်ဂယ်ထံသို့ရေးသားပေးပို့ခဲ့သော ဒဗလျူလစ်ဘနက်၏ပေးစာကို အထောက်အထားပြုနိုင်သည်။ ထိုပေးစာ၌ အခြားကိစ္စများအပြင် သူသည် “ဗော့စတက်” (ပြည်သူ့နိုင်ငံတော်)သတင်းစာတွင် ထည့်သွင်း ဖော်ပြမည်ဟုအာမခံထားသော အိန်ဂယ်၏ “ကျေးကျွန်စနစ်၏အခြေခံသဏ္ဌန်သုံးရပ်”ကျမ်းကို မျှော်လင့်ကြီးစွာစောင့်လျှက်ရှိနေကောင်း လစ်ဘနက်ကရေးသားထားသည်။ ဆောင်းပါးမှာ ၁၈၉၆ ခုနှစ်ရောက်လာမှ “ပီယိုနယူးဇိ” (ခေတ်သစ်)မဂ္ဂဇင်းတွင် ထည့်သွင်းပုံနှိပ်ခဲ့ရသည်။ (နှစ်စဉ်ထုတ် အတွဲ ၁၄ အုပ် ၂ စာမျက်နှာ ၅၄၅-၅၅၄)

 

၂* ၎င်းကို ချားလ်စ်ဒါဝင်၏ “လူဆင်းသက်လာပုံနှင့် လိင်နှင့်ပတ်သက်၍ ရွေးခြယ်ပုံ” စာအုပ် (အတွဲ၁၊ လန်ဒန်၊ ၁၈၇၁ ခု) အခန်း ၆ “လူ၏ သွေးသားတော်စပ်မှုနှင့် မျိုးနွယ်ဆင်းသက်လာမှု တွင်ကြည့်ပါ

 

၃* ၎င်းမှာ ၁၈၂၈ ခုနှစ်တွင် ဂို့တင်းဂျင်းမှပုံနှိပ်ထုတ်ဝေသော ဂျေဂရမ်း၏ “ရှေးဟောင်းဂျာမန်တရားဥပဒေ” စာအုပ်တွင်ပါရှိသည့် ဂျာမန် ဘုန်းကြီး လေဘယိုနော့ကာ (၉၅၂-၁၀၂၂ သက်သေခံအချက်အလက်ကို အိန်ဂယ်က ကိုးကားထားခ့ြင်းဖြစ်သည်။ နော့ကာနှင့်ပတ်သက်၍ အိန်ဂယ်၏ အပြီးမသတ်ရသေးသော “အိုင်ယာလန်သမိုင်း တွင်လည်း ပါရှိသည်။

 

၄* အပင်ဘဝ ရာသီဥတုအပေါ် လူ၏ပြုမူမှုအကျိုးသက်ရောက်ပုံနှင့်ပတ်သက်၍ ၁၈၄၇ ခုနှစ်တွင် လင်းရှတ်မှထုတ်ဝေသော စီဖရတ်စ်၏ “ကာလအသီးသီးရှိ ရာသီဥတုနှင့်အပင်ဘဝ စာအုပ်ကို အိန်ဂယ်က မှီငြမ်းရေးသားသည်။။ ၁၈၆၈ ခုနှစ် မတ်လ ၂၅ ရက်နေ့ပေးစာတွင် ဤ စာအုပ်ကို ဂရုစိုက်အလေးထားရန် အိန်ဂယ်အား မာ့က်စ်က တိုက်တွန်းထားသည်။

 

၅* ၎င်းမှာ ၁၈၇၃ ခုနှစ် စီးပွားပျက်ကပ်ကို အိန်ဂယ်ကရည်ညွှန်းထားခြင်းဖြစ်သည်။ ဂျာမဏီပြည်တွင် ဤစီးပွားပျက်ကပ်သည် ၁၈၇၃ မေလ တွင်ဖြစ်ပွားသော “ကြောက်မက်ဖွယ်ရာပြိုကွဲမှု” က စတင်လာခဲ့သည်။ ၎င်းသည် ၇၀ ခုနှစ်ပိုင်းကုန်ခါနီးအထိ ဆက်တိုက်ဖြစ်ပေါ်လာမည့် ကြပ်တည်းမှုကပ်၏ ရှေ့ပြေးနိမိတ်လည်းဖြစ်သည်။

0 comments:

Post a Comment