Saturday, December 5, 2020

ပြည်တွင်းစစ် ပြဿနာ (အပိုင်း၈)

0 comments

ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)

(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

 

၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၈)

 

 

ကြာလေရှုပ်လေဖြစ်တဲ့ ဗမာပြည် ပြည်တွင်းစစ်

ချာချီအဖို့ကတော့ BIA. PBF အနွယ် ဖဆပလဆိုရင် ဝဲဝဲယာယာ သူတို့နဲ့ မစေ့စပ်ရေးပဲ။ စေ့စပ်ရင် စောစိန်မော်” ကိုပဲ စိတ်ချတယ်။ သူတို့က အလိုတော်ရိဂိုဏ်း၊ ပြည်တွင်းက အလိုတော်ရိအားလုံး သူတို့အောက်မှာရှိတယ်။ သူတို့နဲ့စေ့စပ်ရင် အင်္ဂလိပ်အတွက် ပိုအကျိုးရှိမယ်လို့ မြင်တယ်။

ဖဆပလနဲ့စေ့စပ်ပြီး လွတ်လပ်ရေးပေးခဲ့တာကို အင်္ဂလိပ်ခေါင်းမာဂိုဏ်း ချာချီ၊ တောင်တန်းသားမိတ်ဆွေ စသူများက မကျေနပ်ဘူး။ ပြည်တွင်းအလိုတော်ရိတွေကလည်း အင်္ဂလိပ်က သူတို့အပေါ် သစ္စာဖောက်သွားတယ်လို့ ထင်ပါတယ်။

ချာချီဟောကိန်းထုတ်တဲ့ “ ပြည်တွင်းစစ် ” မျိုး မဖြစ်ခဲ့ပေမယ့် လက်ဝဲညီညွတ်ရေး ပြိုကွဲပြီး ပြည်တွင်းစစ်ဖြစ်တော့၊ ပြည်တွင်းစစ်ဟာ ကျယ်ပြန့်သွားတယ်။ ရည်မှန်းချက်အမျိုးမျိုးနဲ့တိုက်တဲ့ ပြည်တွင်းစစ် ဖြစ်သွားတယ်။

ကွန်မြူနစ်နဲ့ တခြားလက်ဝဲအင်အားစုတွေက ပြည်သူ့ဒီမိုကရေစီအတွက် တိုက်တာ (အဲဒီထဲမှာလည်း အမြင်တညီတည်း မဟုတ် )

လူမျိုးစုအင်အားစုတွေက ရည်ရွယ်ချက်တမျိုး (သူတို့လည်း တညီတည်းမဟုတ်)

ဒါကြောင့် ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းဖို့ဟာ တခုကောင်းနဲ့ မရှင်းနိုင်ပါဘူး။ ဘက်စုံဖြေရှင်းမှရမယ့်ကိစ္စ ဖြစ်ပါတယ်။

ရန်သူ့ဘက်ကလည်း ဒီလိုပဲ။ ဖဆပလအစိုးရ (၁၀) နှစ်မှာ ဦးနုတမျိုး၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းကတမျိုး၊ စစ်တပ်ကတမျိုးပဲ။

ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းချင်ပုံချင်း တညီတည်းမဟုတ်ဘူး။ ဆိုရှယ်လစ်နဲ့စစ်တပ်က အပြတ်ချေမှုန်းရေးက တပြားသားမှ မလျှော့ဘူး။

နောက် နေဝင်းရဲ့ စစ်အစိုးရဖြစ်လာတော့ ပါလီမန်အစိုးရလို ဟိုညှိဒီညှိ လုပ်နေစရာ မလိုတော့ဘူး။ ဗိုလ်နေဝင်းခေါင်းငြိမ့်ရင် ပြီးတယ်။ ဒါကြောင့် သူ့ခေတ်မှာ နှစ်ခါတောင် “ စေ့စပ်ဆွေးနွေးပွဲ ” လုပ်နိုင်ခဲ့တာပဲ။

“ ပြည်တွင်းစစ်” မှာ ပါဝင်ပတ်သက်လာတဲ့ နိုင်ငံခြားအင်အားစုများကိစ္စမှာ အပြောင်းအလဲတွေ ရှိပြန်တယ်။ ဗမာပြည် ပြည်တွင်းစစ်မှာ စိတ်ဝင်စားသူက ကြာလေများလေ ဖြစ်လာတယ်။ ချာချီနဲ့ “ တောင်တန်းသား မိတ်ဆွေများ” ချည်း မဟုတ်တော့ဘူး။ ချာချီက မရှိတော့ဘူး။ သူ့ပါတီကလည်း ဗမာပြည်အရေးကို ရေးကြီးခွင်ကျယ် သဘောမထားတော့ဘူး။ “ တောင်တန်းသားမိတ်ဆွေများ ” ကတော့ အိုနာကျိုးကန်းဖြစ်သူပဲ ကျန်တယ်။ KIO က ဦးဘရန်ဆိုင်း ၁၉၈ဝ နှစ်တွေထဲမှာ အင်္ဂလန်သွားတွေ့တော့ အိုမင်းမစွမ်းတွေ၊ အင်္ဂလိပ်အထက်လွှတ်တော်မှာ လော့ဒ် (Lord) တွေ ဖြစ်နေတယ်။ ဗမာပြည်အရေး သူတို့ဦးနှောက်ထဲမှာ မရှိတော့ဘူး။ သိပ်လည်း စိတ်မဝင်စားတော့ဘူး။

၁၉၉ဝ နှစ်တွေမှာ ပြည်ပက စိတ်ဝင်စားသူတွေက အလွန်များလာတယ်။ (ဗကပ) အနေနဲ့ အားလုံးကို မသိပါ။ သိတာလည်း မဖော်ပြလိုပါ။ ကျွန်တော်တို့ မိတ်ဆွေတွေ၊ ရဲဘော်တွေဟာ အခြေအနေကိုကြည့်ပြီး စခန်းသွားနေရလို့ ဖြစ်ပါတယ်။ အခုတင်ပြချင်တာက “ ပြည်တွင်းစစ်ပြဿနာ ” ဖြေရှင်းရေးမှာဝင်ပြီး သြဇာပေးချင်တဲ့၊ ပါဝင်ပတ်သက်ချင်တဲ့၊ အကြံပေးချင်တဲ့၊ ဆေးမြီးတိုပေးချင်တဲ့လူတွေ များတဲ့အကြောင်းပါ။ ဆေးမြီးတိုနဲ့တည့်သွားရင် ဂုဏ်ယူပြောဆို၊ မတည့်လို့သေရင် အလုပ်မဖြစ်ဘူးဆိုတဲ့ ပညာတခုတော့ တိုးတာပဲလို့ သဘောထားမယ့်သူတွေလည်း များပါတယ်။ အခုခေတ်က စစ်အေးလွန်ခေတ်ပါ။ သတင်းနည်းပညာ ( IT ) ခေတ်။ ဟိုခေတ် ဒီခေတ် ဆိုတာကြီးပါ။

ဗမာပြည်ကလူတွေ ပြည်ပထွက်နေတာလည်း များပါတယ်။ အိမ်ခင်တတ်တဲ့လူမျိုးတွေ နိုင်ငံခြားထွက် အလုပ်လုပ်နေရပါတယ်။

အခု ပြည်တွင်းစစ်ကို နိုင်ငံခြားစစ်မျက်နှာတခုဖွင့်ပြီး တိုက်နေကြရပါတယ်။ အင်တာနက်ပေါ်ကတိုက်ပွဲ၊ စစ်အစိုးရကတင်လိုက်တဲ့ သတင်းမှားတွေ စသဖြင့် ရှုပ်ထွေးပွေလီတဲ့ ပြည်တွင်းစစ် ဖြစ်လာနေပါတယ်။

တမယ်ကောင်း ဆေးတဖုံနဲ့ ပြည်တွင်းစစ်ပြဿနာ မရှင်းနိုင်တော့ပါဘူး။

 

 

ပြည်တွင်းစစ် တာရှည်ရခြင်း၏အကြောင်း

အရှုံးအနိုင်ပြတ်မသွားဘဲ နှစ် (၅၀) ကျော် ရှည်ကြာရခြင်းရဲ့အကြောင်းက နှစ်ဘက်စလုံးမှာ ရှိပါတယ်။ အပြတ်ချပစ်လိုက်ဖို့ နှစ်ဘက်စလုံးက အားထုတ်ကြတာပါပဲ။ ဖဆပလက (၆) လအတွင်း အပြုတ်တိုက်ရေးလုပ်သလို (ဗကပ) ကလည်း “ ၂ နှစ်အတွင်း စစ်နိုင်ရေး ” လုပ်ပါတယ်။ ဘယ်သူမှ မအောင်မြင်ပါ။

ဖဆပလအစိုးရဘက်ကလည်း PVO. RBA နဲ့ KNU ကိစ္စတွေ ဆက်တိုက်လိုပေါ်နေလို့ (ဗကပ) ကို အပြုတ်တိုက်ပစ်ဖို့ မလွယ်ပါ။ ရန်ကုန်အစိုးရအဖြစ်တောင် ရောက်သွားပါတယ်။ (ဗကပ) ကလည်း ကိုရီးယားစစ် ဖြစ်တဲ့နှစ်က ၂ နှစ်အတွင်း စစ်နိုင်ရေး လုပ်ပါတယ်။ လုပ်ကြည့်ပြီး မဟန်တော့လို့ ရပ်လိုက်ရပါတယ်။

အစိုးရကို လက်နက်ကိုင်တိုက်ကြတဲ့ အင်အားစုတွေမှာ ဘုံရန်သူရှိပေမယ့် ဘုံလုပ်ငန်းစဉ် (အနိမ့်ဆုံးလုပ်ငန်းစဉ်) မရှိပါ။ အခြေအနေက ဘယ်လိုပဲပေးနေပါစေ ရန်ကုန်အစိုးရကို အပြုတ်ချပစ်ဖို့ အခွင့်မသာခဲ့ပါ။

ဘာကြောင့် အခွင့်မသာသလဲ ဆိုတာဟာ ဗမာပြည်တော်လှန်ရေးရဲ့ ထူးခြားချက်ကြောင့်ပါ။

ဘာတွေထူးခြားသလဲ ဥပမာတချို့ ပြပါမယ်။

(ဗကပ) PVO. RBAတို့ တပ်ပေါင်းစုဖွဲ့မိပါတယ်။ လက်ဝဲတပ်ပေါင်းစုလို့ ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ လမ်းစဉ်တွေတူအောင် ညှိမရပါ။

(အလံနီကို တပ်ပေါင်းစုအင်အားထဲ မထည့်နိုင်တာက သူ့ရဲ့ ဂိုဏ်းဂဏကြောင့်ပါ။ အလံနီဟာ ဂိုဏ်းတခုအဖြစ်ကနေ လူထုအခြေခံရှိတဲ့ နိုင်ငံရေးအင်အားစုအဖြစ် ဘယ်တုန်းကမှ မတက်ခဲ့ပါ။ နောက်ဆုံးဇာတ်သိမ်းတဲ့အထိ ဂိုဏ်းကလေးအဖြစ်က မတက်ခဲ့ပါ။ နေဝင်းစစ်အုပ်စုက တောထဲမှာ တမင်မွေးထားတယ်လို့ ထင်စရာတွေ အများကြီးရှိပါတယ်။ သူ့ကိစ္စကို ရေးမှာမဟုတ်လို့ ချန်ခဲ့ပါမယ်။)

တော်လှန်ရေးအင်အားစုတွေဟာ ကျေးလက်ကို အခြေခံရတော့ မြေယာနဲ့ ကျေးလက်ပေါ်လစီ ရှိရပါတယ်။ (ဗကပ) ပေါ်လစီကတမျိုး၊PVO ပေါ်လစီကတမျိုး ဖြစ်ကြပါတယ်။ (ဗကပ) ပေါ်လစီက ဆင်းရဲလယ်သမားနဲ့ ကျေးလက်ပစ္စည်းမဲ့အလွှာကို အလွန်အကျွံမှီခို အလုပ်အကျွေးပြုထားတဲ့လမ်းစဉ် ဖြစ်နေပါတယ်။ “ မြေတွေ အကုန်သိမ်း၊ အကုန်ဝေ ” ဆိုတော့ အလတ်လယ်သမားနဲ့ ချမ်းသာလယ်သမားပိုင်မြေတွေပါ အသိမ်းခံရပါတယ်။

မြေပြန်ဝေတော့ ဆင်းရဲတွေက မြေဝေစုများများ ရသွားပါတယ်။ မြေမဲ့ယာမဲ့ ကလည်း မြေမရှိရာက မြေပိုင်ဖြစ်သွားပါတယ်။

အလတ်နဲ့ချမ်းသာကတော့ သိမ်းသွားတဲ့မြေထက် လျှော့ပြီးရရုံမက လက်ငုတ်မြေကောင်းတွေ လက်လွတ်ပြီး မြေညံ့တွေရကြပါတယ်။

ဆင်းရဲအခြေခံ၊ အလတ် မဟာမိတ်ပြု၊ ချမ်းသာကြားထား၊ မြေရှင် ဦးတည်တိုက်ရေး မူနဲ့ မကိုက်ပါဘူး။ ဆင်းရဲ အခြေခံမိပေမယ့် အလတ်မဟာမိတ်ပြုရေးနဲ့ ချမ်းသာကြားထားရေး မဟုတ်တော့ပါဘူး။

PVO ရဲ့ လမ်းစဉ်က တမျိုးပါ။ အလတ်နဲ့ ချမ်းသာလယ်သမား အလုပ်အကျွေးပြုရေး ဖြစ်နေပါတယ်။ ဆင်းရဲနဲ့ မြေမဲ့ယာမဲ့လယ်သမားကို ဒုံရင်းအတိုင်း ရှိစေပါတယ်။

ဒီလို ပေါ်လစီနှစ်ခု စင်ပြိုင်ဖြစ်နေတာနဲ့ နယ်မြေအငြင်းပွားမှုတွေပေါင်းမိတော့ အချင်းချင်း စစ်တိုက်ကြရတဲ့အထိ ဖြစ်ပါတယ်။

အဲဒီတုန်းက ရေနံမြေက ကိုယ့်လက်ထဲရောက်လုနီး ဖြစ်နေပါတယ်။ အင်္ဂလိပ်ပိုင် ကုမ္ပဏီကြီး (BOC) က “ နုအက်တလီ စာချုပ် ” အရ တရားဝင်ရှိနေပါတယ်။ ဒီ ကုမ္ပဏီကို နိုင်ငံပိုင်လုပ်ရေးပေါ်လစီမှာ PVO နဲ့ (ဗကပ) မကွဲပါ။ (ဦးဘဖေက ဗိုလ်နေဝင်းကို စစ်တပ်အာဏာသိမ်းပွဲလုပ်ဖို့ BOC ရဲ့ကိုယ်စားလှယ်လုပ်ပြီး ချဉ်းကပ်တယ်ဆိုတာ အဲဒီအချိန်ကပါ။ ဗိုလ်နေဝင်း မလုပ်ရဲပါ။ ဦးဘဖေကို ဖွင့်ချပါတယ်။ အဲဒီကတည်းက ဦးဘဖေ နာလန်မထူတော့ပါ။)

RBA နဲ့ (ဗကပ) က ပေါ်လစီဆိုင်ရာ အငြင်းပွားမှုမရှိပါ။ တောထဲရောယောင် ပါလာတဲ့ ဗိုလ်တင်ထွန်းအောင်တို့ ကြံစည်မှုကို ဖြိုခွင်းရတာပဲရှိပါတယ်။

KNU နဲ့ ပြဿနာကျတော့ ပိုပြီးရှုပ်ပါတယ်။ PVO နဲ့ မြေယာပေါ်လစီ ကွဲတာက ပြင်ဆင်လိုက်နိုင်ပါတယ်။ (ဗကပ) က လွန်နေတာ လျှော့၊ PVO ကလည်း ဆင်းရဲလယ်သမားအခြေခံရေး လုပ်လိုက်တော့ ပြေလည်သွားပါတယ်။

KNU နဲ့ ပြဿနာကတော့ အခုအထိ ပြေလည်တယ် ပြောမရပါ။ နောက်ပိုင်း စစ်အစိုးရခေတ်မှာ ပေါ်လာတဲ့ လူမျိုးစုအခြေခံ လက်နက်ကိုင်အင်အားစုတွေနဲ့ကျတော့ မဖြေရှင်းနိုင်တဲ့ ပြဿနာကြီး ဖြစ်လာပါတယ်။

ကွန်မြူနစ်ပါတီက လူတန်းစားနဲ့ လူတန်းစားတိုက်ပွဲကို ယုံကြည်ပါတယ်။ လူမျိုးတိုင်းမှာ လူတန်းစားကွဲပြားမှု ရှိတယ်လို့ သတ်မှတ်ပါတယ်။ သက်ဆိုင်ရာလူမျိုးဟာ ဘယ် စနစ်ထဲရောက်နေသလဲ။ ကျေးပိုင်ကျွန်ပိုင်အဆင့် ရောက်နေရင် ကျွန်ပိုင်နဲ့ ကျေးကျွန်လူတန်းစား ရှိမှာပါပဲ။

ပဒေသရာဇ်စနစ် အဆင့်ဆိုရင် ပဒေသရာဇ်မြေရှင်နဲ့ လယ်သမားလူတန်းစား ရှိနေပါလိမ့်မယ်။ ရောင်းကုန်ထုတ်လုပ်ရေးအဆင့်ရောက်နေရင်တော့ ဓနရှင်နဲ့ အလုပ်သမား၊ အတိုးကြီးစားနဲ့ မြီစားရှိမှာပါပဲ။

အဲဒီအယူအဆကို လူမျိုးစုအဖွဲ့တိုင်းလောက်က လက်မခံပါ။ သူတို့မှာ လူမျိုးပဲ ရှိတယ်။ လူတန်းစားမရှိဘူးလို့ ဆိုပါတယ်။ ရှမ်းက ရှမ်းအမျိုးသားရေးဝါဒ၊ ကချင်က ကချင် အမျိုးသားရေးဝါဒ ဒါပဲလိုတယ်လို့ ယူဆကြပါတယ်။ ရန်သူက ဗမာလူမျိုးပဲလို့ သတ်မှတ် ပါတယ်။ (နောက်တော့ ဗမာစစ်အစိုးရလို့ ပြင်ပါတယ်။)

KIO ခေါင်းဆောင်တွေနဲ့ တပ်ပေါင်းစုဆွေးနွေးပွဲတခုမှာ ဒီကိစ္စပေါ်ပါတယ်။ သူတို့က (-ism) (ဝါဒ) တွေကြောင့် ခက်နေတာလို့ ပြောပါတယ်။ သူပြောချင်တာက (Communism. Socialism) ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ အဲဒီဝါဒတွေကို ဆိုလိုတာပါ။ ခင်ဗျားတို့လည်း -ism ရှိတာပဲဆိုတော့ မရှိဘူး ငြင်းပါတယ်။ Nationalism လေလို့ပြောမှ ဟုတ်တယ်လို့ ပြောပါတယ်။

ဒါတွေကြောင့် ဗမာပြည်တော်လှန်ရေးမှာ “ ပြည်သူ့ဒီမိုကရေစီ ” လို့ ကွန်မြူနစ်တွေကပြော၊ သူတို့က “ အမျိုးသားဒီမိုကရေစီ ” လို့ပြော မလိုအပ်ပဲ ငြင်းနေကြရပါတယ်။

NDF ဆိုတာ ဗမာမပါပဲ ဖွဲ့ကြပါတယ်။ သူတို့အနေနဲ့ (ဗကပ) က ဗမာထဲမှာ လူတန်းစားရေးလုပ်တာတော့ ကြိုက်ပါတယ်။ ဗမာချင်းတိုက်ပွဲမှာ အမြတ်ထုတ်နိုင်လို့ပါ။ သူတို့ကတော့ အမျိုးသားရေးပဲ လုပ်မယ်လို့ ဆိုပါတယ်။ ဗမာက BIA လုပ်ခဲ့သလို သူတို့လည်း - IA တွေ ဖွဲ့ကြပါတယ်။ (SSIA. KIA စသဖြင့်) အခုတော့ မျိုးဆက်သစ်တချို့က ဗမာမပါရေးသာ မကတော့ပါ။ ဗမာစကား မပြောရေး၊ အင်္ဂလိပ်ဘာသာကို ဘုံဘာသာလုပ်ရေးအထိပြောသံ ကြားရပါတယ်။ စိတ်ကူးယဉ်တာပါပဲ။ စိတ်ကူးယဉ်ခွင့် လူတိုင်းမှာရှိလို့ ဗွေမယူနိုင်ပါ။

တခါတုန်းက (KNUP) ဖွဲ့ပါတယ်။ သူတို့က လူတန်းစားနဲ့ လူတန်းစားတိုက်ပွဲ သဘောတရားကို လက်ခံပါတယ်။ (ဗကပ) နဲ့ အတော်ကလေး နီးစပ်ခဲ့ဖူးပါတယ်။

0 comments:

Post a Comment