ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)
(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)
၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၄)
လက်နက်နဲ့စစ်ပညာ မမျှော်လင့်တဲ့နေရာကရခြင်း
ဂျပန်၊ အင်္ဂလိပ် နဲ့ (အမေရိကန်တောင်ပါသေး) အဲဒီက ရပါတယ်။ ဖောချင်းသောချင်း ရတာကတော့ စစ်မြေပြင်ကပါ။
အင်္ဂလိပ်အပြေးနဲ့၊ ဂျပန်အပြေးမှာ ရပါတယ်။
စစ်ပြီးတော့ ကိုလိုနီပြန်လုပ်မယ့် အစီအစဉ်ရှိထားတဲ့ အင်္ဂလိပ်က ဂျပန်တော်လှန်ရေးတပ်တွေဆီက လက်နက်ပြန်သိမ်းပါတယ်။ အထက်ဗမာပြည်မှာဆိုရင် စကတည်းက လက်နက်ငှားတယ်ဆိုပြီး ငှားရတာပါ။ မြို့သိမ်းမိတော့ သူတို့တပ်ထဲဝင်ပါ၊ ဗိုလ်တွေကို နဂိုရာထူးအတိုင်း ထားမယ်။ အားလုံးကို သူ့စနစ်အတိုင်း လစာပေးမယ်လို့ မြူဆွယ်ပါတယ်။ မဝင်ဘူးဆိုမှ ငှားထားတဲ့ လက်နက်အားလုံး ပြန်အပ်ခိုင်းပါတယ်။ လက်ပစ်ဗုံး တလုံးတောင် မချန်ပါ။
သူ့ကွပ်ကဲမှုနဲ့ ဂျပန်ကိုတိုက်တဲ့ တခြားလူမျိုးစုတပ်တွေဆီက လက်နက်ပြန်သိမ်းတယ် မကြားမိပါဘူး။
အင်္ဂလိပ်က လက်နက်ကိစ္စမှာ အကဲဆတ်ပေမယ့် အမေရိကန်ကတော့ ဂရုမထားပါဘူး။ သူက ဧည့်သည်ပဲ၊ စစ်နိုင်ဖို့ပဲ ပဓာန။
ထုတ်ပေးတဲ့လက်နက် စေ့စေ့စပ်စပ်ပြန်မသိမ်းပါ။ စစ်ပြီးတော့လည်း သူတို့ လက်နက်တွေကို ကျင်းထဲထည့်၊ ဓာတ်ဆီလောင်း မီးရှို့ပြီး မြေပြန်ဖုံးထားခဲ့တာပါ။ အလေးခံပြီး ပြန်ယူမသွားပါဘူး။
(အဲဒီလက်နက်တွေ တော်လှန်ရေးက ပြန်သုံးနိုင်ပါတယ်။ ဘူးနွယ် (spring) တွေပဲ သုံးမရပါ။ ကြက်ပေါင်ကြိုး တပ်ပြီးပစ်ရင် ရပါတယ်။ စစ်ပြီးတာမကြာသေးလို့ ပြောင်းတွေ၊ ကိုယ်ထည်သံတွေ ကောင်းပါသေးတယ်။)
အနောက်တိုင်းသားတယောက် ရေးတဲ့စာအုပ်ရဲ့ နောက်ဆက်တွဲမှာ အမေရိကန် (၁၀၁) နဲ့ အင်္ဂလိပ် (၁၃၆) တပ် တာဝန်ခံအရာရှိတွေ ကိုယ်တိုင်ရေးတဲ့စာ ပါပါတယ်။ အဲဒီစာမှာ လက်နက်ထုတ်ပေးတဲ့ စာရင်းတချို့ ပါပါတယ်။ ဖတ်ကြည့်ရင် သူတို့ရဲ့သဘောထား သိနိုင်ပါတယ်။
၁၀၁ တပ်မှူးရေးတဲ့စာမှာ သူတို့အတွက်တော့ ရယ်စရာ၊ ဗမာပြည်အတွက်တော့ နာကျည်းစရာတခုကို တွေ့ပါတယ်။
သူရေးပုံက ဗမာပြည်မြောက်ပိုင်း တိုင်းရင်းသားတွေက စစ်အတွင်း ကူညီခဲ့တာ အတွက် သူကောင်းပြုတံဆိပ်ပေးဖို့ တောင်းကြကြောင်း သူက အထက်ကိုတင်ပြပြီး အိန္ဒိယမှာ ရွှေတံဆိပ်ကြီးတွေလုပ်ပြီး ပေးခဲ့ကြောင်း၊ စစ်မှာကူညီခဲ့တာကို အသိအမှတ်ပြုတယ်လို့ အဓိပ္ပာယ်ရတဲ့ CMA တံဆိပ်ပေးခဲ့ကြောင်း (CMA ဆိုတာ Citation of Military Assistance) စစ်ကြေးနန်းရိုက်ရာမှာ ကော်မာ (comma) ကို အတိုကောက် CMA လို့ သုံးကြောင်း။ ဒါကြောင့် သူတို့ချင်းတော့ CMA တံဆိပ်ကို “ကော်မာ” လို့ပဲ နောက်ပြောင်ကြကြောင်း ရေးပါတယ်။
အမေရိကန်က ကိုလိုနီပြန်လုပ်ဖို့လာတာ မဟုတ်လို့ မျက်နှာလွဲခဲပစ် လုပ်နိုင်ပါတယ်။ အင်္ဂလိပ်ကတော့လုပ်လို့ မရပါ။
အဲဒီတံဆိပ်ကိုလည်း အသိအမှတ်မပြုပါ။
နိုင်ငံရေးအဆက်နဲ့ လက်နက်ရှာလိုက်ရတာ လက်နက်က ရမယ့်ရတော့ တော်လှန်ရေးသမားသာမက လယ်သမားတွေပါ ရကြပါတယ်။
စစ်လက်နက်ပညာကို လယ်သမားကတော့ ကျောင်းကရတာ မဟုတ်ပါ။ လက်တွေ့ က ရပါတယ်။ ဒီတိုနေတာ (detonator) ယမ်းကို အပ်နဲ့ထွင်လို့ လက်ပြတ်၊ ဗုံးကိုတူနဲ့ထုလို့ တကျောင်းလုံး ဘုန်းကြီး၊ ကိုရင်၊ ကျောင်းသားတွေ ပျံလွန်သေဆုံးကြပြီးမှ ပညာရကြပါတယ်။
လက်နက်ငယ်ကတော့ စနစ်တကျသာမရှိတာ၊ လယ်သမား အတော်များများ ပစ်တတ်ကြပါတယ်။ မတော်တဆ သေနတ်ထွက်လို့ သေတာလည်း မနည်းပါ။ ဘာပဲပြောပြော လက်နက်ကို ကိုင်တတ်သုံးတတ်ကြတဲ့ လယ်သမားတွေ လက်နက်ရကြပါတယ်။
-------------------------------------------------------------------
၁၉၄၅ မှ ၁၉၄၈ ထိ ဗမာပြည်အခြေအနေ
ဗမာပြည်ကွန်မြူနစ်ပါတီဟာ တရားဝင် (ဥပဒေတွင်း) ပါတီ ဖြစ်နေပြီ။ “ လက်ဝဲ ညီညွတ်ရေး ” ကို ကျောရိုးပြုတဲ့ ဖဆပလအဖွဲ့ကြီး ရှိနေပြီ။ ဖက်ဆစ် တော်လှန်ရေးအတွင်း စစ်ကိုဦးစီးတဲ့ အတွေ့ အကြုံရှိ ကေဒါတွေ ရှိနေပြီ။
အင်္ဂလိပ်ကိုလိုနီအစိုးရ ပြန်လာတယ်။ သူတို့နဲ့ ပါလာတာက နိုင်ငံရေးစီမံကိန်း၊ စီးပွားရေးစီမံကိန်းတွေပဲ။ အိန္ဒိယမှာ စစ်ပြေးအစိုးရအဖြစ်နေရင်း ဆင်းမလား (Simla) မှာ စိမ်ပြေနပြေ ရေးဆွဲလာတဲ့ စီမံကိန်းတွေဖြစ်တယ်။
ဒါပေမဲ့ သူတို့စီမံကိန်း (project) တွေဟာ အတွေးအခေါ်ဟောင်းတွေနဲ့ဆွဲထားတဲ့ စီမံကိန်းတွေ ဖြစ်နေတယ်။ ဗမာပြည်ကို ပြန်သိမ်းပြီးရင် စက်မှုလက်မှုလုပ်ငန်းတွေ ဘယ်လိုလုပ်လိုက်မယ်၊ ကောက်ပဲသီးနှံ စီမံကိန်းက ဘယ်လို၊ သစ်ထုတ်လုပ်ရေးကို ဘယ်ပုံ လုပ်လိုက်မယ်ဆိုတဲ့ စီမံကိန်းတွေချည်းပဲ။ စစ်အတွင်းလက်လွတ်သွားသမျှကို အတိုးချပြီး အင်္ဂလိပ်နယ်ချဲ့ကုမ္ပဏီတွေသွေးစုပ်ဖို့ စီမံကိန်းချည်းဖြစ်တယ်။ စီမံကိန်းတွေကို ဘုတ် (Boards) အဖွဲ့တွေနဲ့ စီမံဆောင်ရွက်ဖို့ပဲ။
နိုင်ငံရေးစီမံကိန်းကတော့ နယ်ချဲ့ဆန့်ကျင်ရေး အင်အားစုတွေကို ဖိနှိပ်ဖို့နဲ့ တဖြည်းဖြည်းချင်း ဒိုမီနီယံအုပ်ချုပ်ရေးဆီသို့သွားဖို့ ဖြစ်တယ်။
အင်္ဂလိပ်နဲ့ ပြည်သူ ထိပ်တိုက်တွေ့ကြတဲ့ကာလက ၁၉၄၅ နဲ့ ၁၉၄၆ စက်တင်ဘာလအထိ ဖြစ်တယ်။
၁၉၄၆ စက်တင်ဘာအုံကြွမှု နောက်ပိုင်းမှာ လက်ဝဲညီညွတ်ရေး ပြိုကွဲတယ်။ နောက် ၁၉၄၇ နှစ်ဆန်းမှာ လက်ဝဲညီညွတ်ရေးကို ပြန်လည်တည်ဆောက်ဖို့ လုပ်တယ်။ အလားအလာကောင်းတယ်။ ဗိုလ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက်မှာ ကောင်းတဲ့ အလားအလာတွေ တဖြည်းဖြည်းချင်း ကွယ်ပျောက်ကုန်တယ်။ လက်ဝဲညီညွတ်ရေးပြိုကွဲမှုက ပြည်တွင်းစစ်ဆီသို့ ဦးတည်ခဲ့ပြီ။
ဖဆပလကို လက်ယာအင်အားစုတွေ တစတစအုပ်စီးမိလာနေပြီ။ ဆင်းမလား စီမံကိန်းတွေကို ဒိုင်ခံပြီးဆွဲခဲ့တဲ့ ဦးတင်ထွဋ် ဖဆပလမှာ လူတွင်ကျယ်ဖြစ်လာတယ်။ ဗမာပြည်ဆိုရှယ်လစ်ပါတီကလည်း လက်ဝဲဝါဒကို စွန့်ပစ်နေပြီ။ လက်ယာဘက်သို့ ရွေ့လျားနေပြီ။
နိုင်ငံရေးမှာ အဲဒီလိုပြောင်းလဲနေချိန်မှာ တပြည်လုံးရဲ့ အခြေအနေကလည်း အလွန်ကို တင်းမာနေတဲ့ကာလ ဖြစ်တယ်။
ဘုတ်အဖွဲ့မျိုးစုံရဲ့ ဖျစ်ညှစ်သွေးစုပ်မှုကို လယ်သမားတွေ၊ အလုပ်သမားတွေ ခံနေရတယ်။ စစ်အတွင်း မွဲပြာကျနေတာမှာ ထပ်ပြီး “ လဲရာသူခိုးထောင်း ” ခံရတော့ လယ်သမား သူပုန်တွေ ပေါ်လာတယ်။ အလုပ်သမားသပိတ်တွေ ပေါ်လာတယ်။
လယ်သမားသူပုန်ဆန်ဆန် ဓားပြဂိုဏ်းကြီးတွေ ပေါ်နေတယ်။ အင်အားရာချီ ရှိတဲ့၊ အမြောက်စိန်ပြောင်း စက်သေနတ်တွေ ရိုင်ဖယ်တွေအပြည့်ရှိတဲ့ ဓားပြဂိုဏ်းတွေပဲ။ စစ်ပြီးကတည်းက ရှိနေတာဖြစ်တယ်။
ဒီဓားပြဂိုဏ်းကြီးတွေက ခွာစစ်ဆင်တဲ့ဂျပန်နဲ့ ထိုးစစ်ဆင်တဲ့အင်္ဂလိပ် အကြိတ်အနယ်တိုက်ခဲ့တဲ့ စစ်တလင်းဒေသတွေမှာ ပေါ်နေတာ ဖြစ်တယ်။ ဧရာဝတီ မြစ်ကူးတိုက်ပွဲကြီးတွေ တိုက်ခဲ့ရာဒေသမှာဖြစ်တယ်။
မတ်လ ၂၇ ဖက်ဆစ်တော်လှန်ရေးဖြစ်တော့ ဂျပန်က ပြေးစစ် ဖြစ်သွားပြီ။ အင်္ဂလိပ်က လိုက်စစ်။ အဲဒီတော့ စစ်မြေပြင်ကို မရှင်းနိုင်ဘဲ အင်္ဂလိပ်က အတင်းလိုက်သွားတယ်။ လက်နက်ခဲယမ်းတွေ ပြန့်ကျဲကျန်ရစ်တယ်။ အဲဒီလက်နက်တွေကို ဆင်းရဲသား လယ်သမားတွေရပြီး ဓားပြဂိုဏ်းကြီးတွေ ပေါ်တာပဲ။
မြသန်းတင့်ရေးလို့ ရှင်မတောင် ခင်မောင်ဂိုဏ်းကို လူသိများပါတယ်။ အဲဒီလို ဂိုဏ်းမျိုးက ဆယ်ခုမက ရှိပါတယ်။
ဒီလယ်သမားသူပုန်ဆန်တဲ့ ဓားပြဂိုဏ်းတွေဟာ နိုင်ငံရေး နလပိန်းတုံးတွေ မဟုတ်ပါ။ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ် ရှိပါတယ်။ ဖဆပလကိုထောက်ခံပါတယ်။ ရှေးတုန်းက “ မင်းလောင်း ” လှုပ်ရှားမှုလိုလည်း မဟုတ်ပါ။ သူတို့ရဲ့အတွေးအခေါ်က ခေတ်မီ တော်လှန်ရေးဆန်ပါတယ်။ သူတို့အခြေခံတဲ့ ဒေသလူထုကို အလုပ်အကျွေးပြုပါတယ်။ တခြားဒေသ အစိုးရအုပ်ချုပ်ရေးရှိရာ ဒေသကိုသာ သွားဓားပြတိုက်ပါတယ်။
အင်္ဂလိပ်အုပ်ချုပ်ရေး ပုလိပ်က သူတို့ကို မယှဉ်ဝံ့ပါ။ စစ်တပ်နဲ့နှိမ်ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်တော့ အင်္ဂလိပ်က စစ်တပ်ကို ခဏခဏ ထုတ်မသုံးနိုင်ပါဘူး။ တခါတလေမှ သုံးပါတယ်။ ဒါကြောင့် လယ်သမားသူပုန်ဆန်တဲ့ ဓားပြဂိုဏ်းတွေဟာ ကြာလေကြီးလေ ဖြစ်လာပါတယ်။
ဖဆပလဟာ ဘုရင်ခံအမှုဆောင် အစိုးရအဖွဲ့မှာ ပါသွားတော့ အင်္ဂလိပ်ရဲ့ ပေါ်လစီအတိုင်း ဓားပြဂိုဏ်းကို နှိမ်ပါတယ်။ ရွာမီးရှို့ပါတယ်။
ဆိုရှယ်လစ်တွေဦးစီးတဲ့ “ အထူးလက်နက်ကိုင် ပုလိပ်တပ်ဖွဲ့ ” ဆိုတာတွေနဲ့ နှိမ်နင်းတာပါ။
ကွန်မြူနစ်ပါတီရဲ့ ပေါ်လစီက သူတို့ပေါ်လစီနဲ့ မတူပါဘူး။ ကွန်မြူနစ်ပေါ်လစီက
- ဘုတ်အဖွဲ့တွေရဲ့ သွေးစုပ်မှုကြောင့် ချွတ်ခြုံကျနေတဲ့ ဆင်းရဲသား လယ်သမားတွေရဲ့ ရုန်းကန်မှုလို့ သဘောထား ပါတယ်။
နှိမ်နင်းရေးထက် ဖျောင်းဖျပညာပေးရေးကို အဓိကထားပါတယ်။
မှားယွင်းတဲ့နည်းနဲ့ နယ်ချဲ့ကိုတုံ့ပြန်ကြတာဖြစ်တယ်။
သူတို့ကို တော်လှန်တဲ့နည်း ပေးအပ်ရမယ်လို့ သဘောထားပါတယ်။
0 comments:
Post a Comment