Saturday, December 5, 2020

ပြည်တွင်းစစ် ပြဿနာ (အပိုင်း၆)

0 comments

ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁၊ ၂၀၀၂ မတ်လမှာ နှောင်းခေတ်လူငယ်တွေ၊ ပါတီမျိုးဆက်သစ်တွေအတွက် ရည်စူးပြီး ရဲဘော်ကြင်မောင် ရေးသားခဲ့တာဖြစ်ပါတယ်။)

(ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

 

၁။ ပြည်တွင်းစစ် ပြဿနာ (အပိုင်း၆)

 

ဆိုရှယ်လစ်ပါတီထဲက ဗိုလ်အောင်ကြီးတို့လို စစ်ဗိုလ်တွေက (ဗကပ) ရဲ့ ဘရောက်ဒါဝါဒအမှား ရောင်ကို မလွတ်တမ်းဆွဲလေ့ရှိပါတယ်။ သူတို့ဆရာတွေကတော့ မဆွဲပါ။ သူတို့ ၁၉၄၇ - ၄၈ မှာ လုပ်တာနဲ့ လွတ်လပ်ရေးယူခဲ့တာဟာ ဘရောက်ဒါဝါဒ အဆိုအမိန့်အတိုင်း လိုက်လုပ်ခဲ့တာပဲဆိုတာကို သိလို့ပါ။ အလိုတော်ရိ လက်ယာဂိုဏ်း (ဟောင်း) သာယာဝတီ ဦးပုကတော့ လွတ်လပ်ရေးကို ဂန္ဒီဝါဒအရ လုပ်ခဲ့လို့ရတာလို့ ရေးပါတယ်။ ဘရောက်ဒါဝါကို စာရင်းမသွင်းပါဘူး။

ဘရောက်ဒါဝါဒကြောင့် (ဗကပ) ထဲမှာ အကွဲအပြဲဖြစ်တာမှန်ပေမယ့် ကွန်မြူနစ် ဆိုရှယ်လစ်ကွဲတာ အဲဒါကြောင့်မဟုတ်ပါ။ လက်ဝဲညီညွတ်ရေးပြိုကွဲတာဟာ ဆိုရှယ်လစ်ပါတီက လက်ယာဘက် ရွေ့သွားလို့ဖြစ်ပါတယ်။ ဦးသိန်းဖေ(မြင့်) ရဲ့ ကျော်ငြိမ်း” စာအုပ်ထဲမှာ ဦးကျော်ငြိမ်းက သူ့တသက် အကြီးဆုံးအမှားက ဆိုရှယ်လစ်ပါတီက မာ့က်စ်ဝါဒကိုလက်ခံနေတာကို မတွန်းလှန်ခဲ့မိတာပဲလို့ ပြောကြောင်း ပါပါတယ်။

ဦးကျော်ငြိမ်းကလည်း သူ့နိဒါန်းမှာ ငြင်းမထားပါဘူး။ စကတည်းက ဆိုရှယ်လစ်ပါတီကို ဥရောပက ဆိုရှယ်ဒီမိုကရက်တစ်ပါတီတွေလို လက်ယာပါတီအဖြစ် ဖွဲ့ခဲ့ရရင်အကောင်းသားလို့ ပြောတာပါ။

ဒါက ဦးကျော်ငြိမ်း စိတ်ကူးယဉ်တာပါပဲ။ လက်ဝဲအလံမလွှင့်ရင် ဆိုရှယ်လစ်ပါတီဟာ ဖဆပလထဲ ရောက်မှာတောင် မဟုတ်ပါဘူး။ ဗိုလ်အောင်ဆန်းရော (ဗကပ) ကပါ သူတို့ကို နေရာပေး ဆက်ဆံတာက လက်ဝဲအလံလွှင့်ထားလို့ပါ။ ဗိုလ်အောင်ဆန်း မရှိမှ လက်ဝဲအလံကို သူတို့ လွှင့်ပစ်ရဲတာပါပဲ။

-----------

တူဖြစ်ခိုက်နာနာနှက်ချင်သူများ

၁၉၄၈ ခုနှစ်ဟာ လွတ်လပ်ရေးရတဲ့နှစ်နဲ့ ပြည်တွင်းစစ် စဖြစ်တဲ့နှစ်အဖြစ် သမိုင်းတွင် နေပါလိမ့်မယ်။

ပြည်တွင်းစစ် ဘာကြောင့်ဖြစ်သလဲဆိုတာမှာ ပြည်တွင်းအခြေအနေနဲ့ အကြောင်းအချက်က အဓိက ဖြစ်ပါတယ်။ ဇဒါးနော့ဗ် အစီရင်ခံစာကြောင့်လို့ ဦးနု၊ ဦးကျော်ငြိမ်းတို့က ပြောပါတယ်။ ဦးနုက မဆီမဆိုင် ညစ်ညစ်ပတ်ပတ် ဇဒါးနော့ဗ် ဗမာပြည် “ ဒို့ ဗိုလ်ချုပ်အောင်ဆန်း ဖြဲနေသလောက်ရှိတယ် ” လို့ ရေးပါတယ်။ ဇဒါးနော့ဗ် အစီရင်ခံစာက နယ်ချဲ့စနစ် ကိုလိုနီဝါဒဆန့်ကျင်ရေးကို ရေးထားတာပါ။ ပြည်ချစ်ဝါဒရေးတာ မဟုတ်ပါဘူး။ ရုရှားတယောက်ဟာ ရုရှပြည်ချစ်ဝါဒပဲ ရှိမှာပေါ့။ ဗမာပြည် ပြည်ချစ်ဝါဒ မရှိနိုင်ပါ။ ဦးနုရဲ့စာအုပ်က စစ်အေးခေတ်ကာလ ရေးတာဆိုတော့ “ မော်စကိုတပည့် ” “ ပီကင်းတပည့် ” ဆိုတာတွေပါတာ မဆန်းပါ။ (အခု စစ်အေးလွန်ကာလမှာတော့ (ဗကပ) က ပီကင်းတပည့်” မဟုတ်တော့ဘူးလို့ ဆိုနေကြပြန်ပြီ။)

ဦးနုက ပြည်တွင်းအကြောင်း အချက်တခုကို ထည့်ရေးပါတယ်။ ဦးကျော်ငြိမ်းရဲ့ “ ကိုယ်က ဦးအောင်ချရေး ” လုပ်ဟန် ရေးပါတယ်။ ဦးကျော်ငြိမ်းအပြောကို အခြေခံတဲ့ “ လန်ကြုတ် ” ဇာတ်လမ်းကလေး “ ကပိုင်က အဖြစ်အပျက် ” ကို ဦးနုက သက်သေပြပါတယ်။

မကြာခင်ကထုတ်တဲ့ လူထုဦးလှ နှစ်(၉၀) ပြည့် စာအုပ်ထဲက “ ပြည်ထောင်စုလမ်းသွယ်က မောင်နု ” ဆောင်းပါး ဖတ်ရတော့မှ ဦးနုရဲ့ ပရိယာယ်ကို သိရပါတယ်။ တကယ်က “ နံပါတ်တစ်တရားခံ ” နေရာကို ဦးကျော်ငြိမ်း လွှဲပေးနေတာကိုး။ (တကသ အဆောက်အဦ ကိစ္စမှာ နံပါတ်တစ်နေရာ ဗိုလ်နေဝင်းက ဗိုလ်အောင်ကြီးကို လွှဲပေးနေသလိုမျိုး။)

ဘယ်သူလုပ်လုပ်ပါ။ ပြည်တွင်းစစ် တကယ်ဖြစ်ခဲ့ပါတယ်။ အစိုးရရဲ့ ပေါ်လစီတွေကပဲ ပြည်တွင်းစစ်ဖန်တီးတာပါ။ ပေါ်လစီကို ချတဲ့လူနဲ့ ပေါ်လစီကို အကောင်အထည် ဖော်တဲ့လူက ဘယ်သူတွေလဲ။ ပေါ်လစီက ဘာတွေလဲ။ ဒီကိစ္စ အရေးကြီးပါတယ်။ ပြဿနာရှင်းချင်ရင် ပေါ်လစီကိုကိုင်ရပါမယ်။ လူက တချိန်ချိန်မှာ သေပါတယ်။ ဒါပေမဲ့ လူသေရုံနဲ့ ပေါ်လစီမသေပါ။ ကျန်ရစ်ပါတယ်။ ပေါ်လစီ သေမှ ပြဿနာပြေပါတယ်။

ပေါ်လစီချသူတွေဟာ ဗိုလ်အောင်ဆန်းမရှိတဲ့ခေတ်မှာ ဆိုရှယ်လစ်ပါတီပါ။ ဒါကြောင့် ကြာကြာဝါးမှ ခါးမှန်းသိပြီး ဦးနု ဖဆပလကို ခွဲခဲ့ရတာ မဟုတ်လား။

ဆိုရှယ်လစ်ပါတီမှာ ဦးနှောက်အလှုပ်ရှားဆုံးသူက ဦးကျော်ငြိမ်းပါ။ ဒါကြောင့် ဦးနုက “ နံပါတ်တစ် ” နေရာ ပေးနေတာပါပဲ။ ဒါပေမဲ့ ဝန်ကြီးချုပ်ဆုံးဖြတ်မှ ပေါ်လစီဖြစ်တာပါ။ ဦးနုကပယ်ရင် ပေါ်လစီဖြစ်မလာနိုင်ပါဘူး။

လွတ်လပ်ရေးရတော့ ဖဆပလ အစိုးရက အင်္ဂလိပ်ချခဲ့တဲ့ပေါ်လစီကိုပဲ ဆက်လုပ်ပါတယ်။ အောက်ခြေသိမ်းပြောင်းလဲမှု လုံးလုံး မလုပ်ပါ။

သူတို့ လှုပ်လှုပ်ရှားရှား အလုပ်ဆုံးက လူစားထိုးရေးပါ။ ဘုရင်ခံအမှုဆောင်အဖွဲ့ကို ဖဆပလဝန်ကြီးအဖွဲ့နဲ့ အစားထိုးတာ၊ ဘုရင်ခံနေရာ သမ္မတနဲ့အစားထိုးတာ လုပ်ပြီးတဲ့နောက် ပြန်သွားတဲ့အင်္ဂလိပ်တွေ၊ ကုလားတွေရဲ့ ရာထူးကြီးနေရာတွေ အစားထိုးရပါတယ်။ တချို့ရာထူးက ပညာအခြေခံတဲ့ရာထူး၊ အတွေ့အကြုံ အခြေခံတဲ့ရာထူးတွေပါ။ ဒီနေရာမျိုးမှာ နဂိုရှိရင်းစွဲ တိုင်းရင်းသား ဗျူရိုကရက်တွေနဲ့ပဲ အစားထိုးပါတယ်။ ပညာမင်းကြီး၊ တိုင်းမင်းကြီး၊ ဟိုမင်းကြီး ဒမင်းကြီး စသဖြင့် အစားထိုးရင် အဲဒီဌာနက တိုင်းရင်းသားဝါရင့်အရာရှိနဲ့ အစားထိုးပါတယ်။ အခုခေတ်လို တန်မတန် ရာမရာ မစဉ်းစားဘဲ စစ်ဗိုလ်နဲ့ အစားမထိုးပါဘူး။

နိုင်ငံရေးလုပ်တဲ့ သမဂ္ဂကျောင်းသားကို လူမိုက် ” လို့ ကြိမ်းမောင်းခဲ့တဲ့သူက ပညာမင်းကြီးဖြစ်လာပါတယ်။ လယ်သမား သူပုန် ကြိုးပေးခဲ့သူက တရားသူကြီးချုပ် စသဖြင့် ဖြစ်လာပါတယ်။ “ လွတ်လပ်ရေး အရသာ ” သူတို့ စတင်ခံစားကြပါတယ်။ ဖဆပလ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေကို သူတို့ အရိုအသေ အလွန်ပေးပါတယ်။ ဒါဟာ ဖဆပလ ဆိုရှယ်လစ်တွေနဲ့ ဗျူရိုကရက်များရဲ့ မဟာမိတ်ဖွဲ့မှုကြီးပါပဲ။ ဖဆပလမှာ တော်လှန်တဲ့လက္ခဏာ မကျန်တော့ပါဘူး။

လစ်လပ်သွားတဲ့ ဘုတ်အဖွဲ့ဝင်နေရာနဲ့ ကော်မတီနေရာတွေက နိုင်ငံရေးနေရာတွေပါ။ ဆိုရှယ်လစ်တွေနဲ့ ဦးနုရဲ့ အပေါင်းအသင်းတွေအတွက် “ ရှယ် ” နေရာတွေပါပဲ။ စစ်ဗိုလ်တွေက အစိုးရအမှုထမ်းတွေဖြစ်နေလို့ အဲဒီဓာတ်တော်ဝေခန်းမှာ မပါကြရပါ။ သူတို့ နိုင်ငံရေးနေရာတွေနား မကပ်နိုင်ပါဘူး။ စစ်တပ်ထဲပြန်မဝင်ဘဲ နိုင်ငံရေးဝင်လုပ်တဲ့ BIA. BDA ဗိုလ်ဟောင်းတွေ လွတ်လပ်ရေးအရသာ” ခံစားကြတာကြည့်ပြီး မနာလိုရုံမှတပါး ဘာမှ မတတ်နိုင်ပါ။

ဝန်ကြီးလုပ်နေတဲ့ သခင် - - ဟာ BDA တုန်းက ဗိုလ်ဘသူပဲ၊ သူက ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ပြီး ရူးသွားတာ အခုသူက ဝန်ကြီး ဖြစ်နေတယ်၊ သူလာရင် တို့က အလေးပြုနေရတယ်” လို့ ဗိုလ်မှူးကြီးတချို့က မကျေမချမ်း ပြောပါတယ်။ သူတို့လုပ်တာမျိုး တို့လည်း လုပ်တတ်တယ်ဆိုတဲ့စိတ် အဲဒီကတည်းက ပေါ်နေပါပြီ။

ဆိုရှယ်လစ်ပါတီဥက္ကဌကြီးက သိန်း ၄၀ ဘုံးတာ အဲဒီခေတ်ကပါပဲ။ SAMB တို့ STB တို့ RTB တို့ ဆိုတဲ့ နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးဘုတ်အဖွဲ့၊ နိုင်ငံတော် သစ်လုပ်ငန်းဘုတ်အဖွဲ့၊ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးဘုတ်အဖွဲ့စတဲ့ ဘုတ်တွေဟာ ဖဆပလ ဆိုရှယ်လစ်တွေရဲ့ စားကျက်တွေပါပဲ။ ဆိုရှယ်လစ်နဲ့ ဆိုရှယ်လစ်မဟုတ်တဲ့ ဖဆပလတို့ရဲ့ စားကျက်လုပွဲတွေ တခြိမ်းခြိမ်း ဖြစ်ပါတယ်။ (၁၉၅၈) ခုနှစ် ဖဆပလ အကွဲဟာ အဲဒီက မြစ်ဖျားခံပါတယ်။ စစ်အာဏာသိမ်းပွဲရဲ့ မြစ်ဖျားကလည်း အဲဒီကပဲ စပါတယ်။

လွတ်လပ်ရေးအရသာ မြိန်မြိန်ရှက်ရှက် ခံစားနေရင်း တို့ကိုဘယ်သူ လက်ညှိုး ထိုးမလဲ၊ ဘယ်သူဝေဖန်မလဲလို့ မျက်စိ ဒေါက်ထောက် ကြည့်ပါတယ်။ ဝေဖန်ရင် သူတို့ရဲ့ “ ရန်သူ ” တွေ ဖြစ်ကြတော့တာပါပဲ။

ဥပဒေတွင်းရန်သူကို ရှင်းဖို့က “ ပြည်ထဲရေးဝန်ကြီး ” တာဝန်။ ထောင်ထဲ မရောက်ဘဲ တောထဲရောက်ရင် အပြတ်ရှင်းဖို့က “ ကာကွယ်ရေးဝန်ကြီး ” တာဝန်။ ဒါကြောင့်ပဲ ဒီနှစ်ဌာနကို ဆိုရှယ်လစ်က လက်မလွတ်အောင် လုပ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးနေရာကို လွတ်လပ်ရေး မရခင်ကတည်းက သူတို့ရထားပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်နေဝင်းရအောင် ဦးသိန်းဖေ (မြင့်) ကို ဘယ်လိုအသုံးချခဲ့တယ်ဆိုတာ ရှေ့မှာတင်ပြုပြီးပါပြီ။

ပြည်ထဲရေးဌာနကို ဗိုလ်ခင်မောင်လေး၊ သခင်သာခင်တို့ ကိုင်တော့လည်း ဦးကျော်ငြိမ်းချခဲ့တဲ့ ပေါ်လစီပဲဆက်လုပ်ပါတယ်။

အဲဒီပေါ်လစီက “ တူဖြစ်ခိုက် နာနာနှက် ” ပေါ်လစီပါ။ (သူတို့ဟာ ပေအဖြစ် ခံရတော့ အသည်းနုပါတယ်။ ဗိုလ်ခင်မောင်လေးက လူထုဦးလှကို ထိခြင်းငါးပါးနဲ့ကန်တော့ပြီး သံဝေဂရသွားပါတယ်။ သခင်သာခင်က ပြည်ပပြေးနိုင်ဖို့ (ဗကပ) ကို အကူအညီ တောင်းသူဖြစ်သွားပါတယ်။ ဦးကျော်ငြိမ်းလည်း နောက်ပိုင်းမှာ သံဝေဂရသွားပါတယ်။)

(ဗကပ) ဟာ ဘယ်နေရာရောက်ရောက် ရဲရဲဝေဖန်ပါတယ်။ ဝေဖန်တဲ့နည်းနာ ပြောင်းရင်သာပြောင်းမယ် ဝေဖန်ရေးကို မလျှော့ပါ။

ဒါကြောင့် (ဗကပ) ဟာ ဖဆပလ အစိုးရရဲ့ နံပါတ်တစ်ရန်သူ ဖြစ်သွားပါတယ်။

ဦးသိန်းဖေ (မြင့်) ကတော့ ဦးနု၊ ဦးကျော်ငြိမ်းတို့လို ဇဒါးနော့ဗ်ကို စွဲချက်မတင်ပါဘူး။ သူက (ဗကပ) ရဲ့ အထွေထွေအတွင်းရေးမှူးတောင် လုပ်ခဲ့သူပဲ။ နု - ငြိမ်းတို့လို ဗလန်းပြောလို့ မဖြစ်ပါ။ ဇဒါးနော့ဗ်၊ စတာလင် စသူတွေကြောင့် ဗမာပြည်မှာ ပြည်တွင်းစစ်ဖြစ်ရတယ် ပြောလျှင် လူရယ်စရာပဲ ဖြစ်မှာကို သူသိပါတယ်။

သူက ရဲဘော်ဂိုရှယ်ကို ဦးတည်တယ်။ သခင်သန်းထွန်း၊ သခင်ဗသိန်းတင်တို့ရဲ့ ဂိုဏ်းဂဏဝါဒ” ကို ထိုးနှက်တယ်။ (စကားချပ်) ဗိုလ်နေဝင်းလည်း ဦးသိန်းဖေ (မြင့်) ထံမှ (ဗကပ) ၏ ဂိုဏ်းဂဏဝါဒ” ဆိုသည်ကို ငှား၍ တရုတ်ပြည်သွားတိုင်း သုံးလေ့ရှိတယ်။ တရားဝင်ဆွေးနွေးရာတွင်ကား မသုံးပါ။ မှတ်တမ်းမဝင်သည့် ဘေးပန်းတွင် လှိုင်လှိုင်သုံးလေ့ ရှိတယ်။]

ဂိုဏ်းဂဏဝါဒ” (ဗကပ) တွင် ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်” ဖြစ်စေတဲ့ ဂိုဏ်းဂဏအထိ ဘယ်သူ့ဆီကလာသလဲ။

ပြည်သူ့ရဲဘော်၊ RBA (တော်လှန်တဲ့ ဗမာ့ တပ်မတော် ) တောခိုရတာကော (ဗကပ) ရဲ့ “ ဂိုဏ်းဂဏ ” ကြောင့်လား။ ဒါကို ဦးသိန်းဖေ (မြင့်) ရေးမသွားပါ။ သူ့ကိုယ်သူ ဝေဖန်ရေး လုပ်သလိုလိုနဲ့ လျှော့ချလိုက်တယ်။ လက်နက် နဲ့ အာဏာသိမ်းတဲ့နည်းဘက် သွေဖီသွားမိလို့ ဟု သုံးသပ်လိုက်တယ်။ အမှားကို တညနဲ့ တမနက်ခင်းမှာ အမှားမြင်လိုက်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment