တိုင်းပြည်နှင့်ပြည်သူကို အလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ်။ အပိုင်း (၃)
(ဂ) ပြည်တွင်းအခြေအနေ
စစ်အေးခေတ်အတွင်း စစ်အာဏာသိမ်းပွဲ ၂ ကြိမ်(၁၉၅၈ နှင့် ၁၉၆၂)ဖြစ်ခဲ့သည်။ ၁၉၅၈ အာဏာသိမ်းပွဲမှာ အာဏာသိမ်းပွဲစစ်စစ်မဟုတ်။ အာဏာကို အကျပ်ကိုင်တောင်းခြင်းဖြစ်သည်။ ပါလီမန်နည်းနှင့်လည်း အာဏာလွှဲခဲ့ခြင်းဖြစ်၍ ပြည်ပမှ အမှတ်ထင်ထင်ရှိသူ နည်းသည်။ တုံ့ပြန်မှုလည်းမရှိခဲ့။ အနောက်ကမ္ဘာမှ နေဝင်းအစိုးရအပေါ် မျှော်လင့်ချက်ပင်ထားခဲ့သေးသည်။
ဦးနုမှာ “နုမူ”များချမှတ်ပြီး လက်ဝဲလမ်းစဉ်ဖြင့် ကစားခဲ့သူဖြစ်သည်။ ကြားနေရေးလုပ်ခဲ့သူ၊ တရုတ်နှင့်နီးစပ်ပြီး နယ်နိမိတ်ကိစ္စလည်း ပြေလည်အောင်လုပ်နေသူဖြစ်၍ ဦးနုထက် ဗိုလ်နေဝင်းအပေါ် မျှော်လင့်ချက်ထားသည်။ အာဏာသိမ်းစစ်အုပ်စုတွင် ဗိုလ်မောင်မောင်တို့လို အမေရိကန်နှင့် ပူးပေါင်းလိုသူများလည်းရှိနေသည်။ ဗိုလ်မောင်တို့သည် တရုတ်−ဗမာနယ်နိမိတ်သတ်မှတ်ရေးတွင် ဦးကျော်ငြိမ်းကဲ့သို့ တင်းမာသူများလည်းဖြစ်သည်။
ဦးနု၏ “တာတေစနေသား” စာအုပ်တွင် ဦးကျော်ငြိမ်းက ဘုရင့်နောင်ခေတ်စည်းကြောင်းအတိုင်းသတ်မှတ်ရေး ပြောကြောင်း၊ သူက ပယ်ချကြောင်းရေးသည်ကို ဖတ်ရသည်။ ဗိုလ်မောင်မောင်နှင့် စစ်ဗိုလ်တစုကလည်း ဦးကျော်ငြိမ်းလိုပင် ပြောကြသည်။ သူတို့ထဲကတယောက်က တရုတ်ကွန်မြူနစ်လိုချင်သမျှ ခင်ဗျားတို့ ဗမာကွန်မြူနစ်တွေက တောင်းတိုင်းပေးလိုက်မှာပဲဟု ဆိုသည်။ ဗမာပြည်ကွန်မြူနစ်များသည် ပြည်ချစ်ဝါဒအရာတွင် ဗိုလ်မောင်မောင်တို့ထက် သာပါသည်။ ထိုစဉ်က သူ့ ဧည့်ရိပ်သာတွင် အမေရိကန်စစ်သံမှူးရှိနေပါသည်။ အမေရိကန်ကြိုက်ပြောခင်း ဖြစ်ပါသည်။
“ဗမာက ဘုရင့်နောင်စည်းကြောင်းပြောလျှင် တရုတ်က ကူဗလိုင်ခန်စည်းကြောင်းပြောနိုင်သည်။ ထိုသို့ပြောနေလျှင် မည်သည့်အခါမှမပြီးနိုင်”ဟု ကွန်မြူနစ်များက တုံ့ပြန်ပါသည်။ မပြီးစီးလျှင် အမေရိကန် မုချဝင်မည်ဟုလည်း ပြောလိုက်ရသည်။ ဖီမော်၊ ဂေါ်လံ၊ ကန်ဖန်ကိစ္စနှင့်ပတ်သက်ပြီး ဦးဇန်ထားဇင်က သေနတ်ကိုင်ပြီးတိုက်မလိုလို ပြောခြင်းမှာ ဗိုလ်မောင်မောင်တို့အားကိုးနှင့်ပြောခြင်း ဖြစ်သည်။
ဦးနု၊ ဦးဗဆွေတို့လုပ်ထားသည်မှာ နယ်နိမိတ်သတ်မှတ်ရေး ပြီးသလောက်ဖြစ်နေ၍တကြောင်း၊ အာဏာသိမ်းစစ်အစိုးရစစ်စစ်မဟုတ်ဘဲ အိမ်စောင့်အစိုးရဖြစ်နေသဖြင့် ပြနိုင်သည့်အာဏာ မရှိသောကြောင့်
တကြောင်း၊ ဗိုလ်နေဝင်းက သမိုင်းတွင်မည့်အလုပ် လုပ်ခဲ့ချင်၍တကြောင်း လက်မှတ်ထိုးပွဲဖြစ်ခဲ့သည်။ နိုင်ငံတကာက စိတ်ဝင်စားသည်မှာ ဤကိစ္စသာရှိသည်။ နိုင်ငံတကာဆိုသည်မှာလည်း ဗမာပြည်အရေး စိတ်ဝင်စားသူအနည်းစုကို ဆိုလိုခြင်းဖြစ်သည်။
၁၉၆၂ ခုနှစ် ဒုတိယ စစ်အုပ်စုအာဏာသိမ်းပွဲတွင်လည်း နိုင်ငံတကာတုံ့ပြန်မှုမရှိပါ။ ကျူးဘားဒုံးပျံအရေးအခင်းတွင် စူပါပါဝါများအလုပ်များနေသည်။ အခြားသူများက တတိယကမ္ဘာစစ်ဖြစ်မည်လောဟု စိတ်စောနေကြသည်။ အိန္ဒိနှင့်တရုတ်ကလည်း တိဗက်အရေး နယ်စပ်အရေးဖြင့် အလုပ်ရှုပ်နေကြသည်။ အမေရိကန်ကလည်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ပြောသည့်ခေတ်မဟုတ်သေး။ တောင်ဗီယက်နမ်တွင် သွေးထွက်သံယို အာဏာသိမ်းပွဲလုပ်ရန် ကြံစည်နေသည်။ အာဏာသိမ်းပွဲတွေကို အားပေးနေချိန်ဖြစ်သည်။ ပြဿနာမရှိ။ ဆိုဗီယက်ကလည်း နေဝင်းတို့က တရုတ်ပြည်ကိုရန်လုပ်၍ ကျေနပ်သည်။ မဆလခေတ်တွင် ဗမာပြည်အရေး ပါဝင်လာသည့်လူသစ်မှာ မြောက်ကိုးရီးယားဖြစ်သည်။ ပါတီချင်း သဝဏ်လွှာတွေပေးသည်အထိ တက်လာပြီးမှ အာဇာနည်ဗိမာန်ဗုံးခွဲသည့်အရေးကြောင့် အဆက်ပြတ်သွားသည်။ ဗမာပြည်အရေးစိတ်ဝင်စားသည့် ဂျပန်နှင့်လည်း ပုံမှန်ပင်ရှိခဲ့သည်။ “ဆိုရှယ်လစ်စနစ်တည်ဆောက်ရေး”လုပ်ရင်း ဂျပန်အပေါ် စီးပွားရေး ဘဏ္ဍာရေးအရ မှီခိုရမှု ကြီးလာသည်။ နိုင်ငံတကာ(အားလုံးမဟုတ်ပါ အတော်များများက) စိတ်ဝင်စားသည့်အရေးမှာ LDC “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ”အဖြစ် လျှောက်လွှာတင်သောအခါဖြစ်သည်။ LDC ရသွားသောအခါ ပုံမှန်ပြန်ဖြစ်သွားပြန်သည်။
၁၉၅၈ သည်လည်းကောင်း၊ ၁၉၆၂ သည် လည်းကောင်း နိုင်ငံတကာတွင် မည်သည့်ဂယက်မှမထခဲ့ချေ။ စစ်အေးခေတ်တွင် ဖြစ်ရိုးဖြစ်စဉ်မျှသာဟု သဘောထားကြသည်။ နဂိုကတည်းက ဗမာပြည်အရေးကို စိတ်ဝင်စားသူကနည်းပါသည်။
ထိုင်း၊ မလေးရှား၊ စင်္ကာပူတို့ကလည်း “အနီဒီလှိုင်း”ကိုတားနေသော တံတိုင်းအဖြစ် ဗမာပြည်ကိုမြင်နေကြ၍ ဗမာပြည်စစ်အစိုးရကို စိတ်ချသည်။ ထိုင်းကတော့ မှောင်ခိုဈေးကွက်အပိုင်ရထား၍ သာ၍ကျေနပ်သည်။ မဆလအစိုးရကလည်း မှောင်ခိုစီးပွားရေးကို မဆလဆိုရှယ်လစ်စီးပွားရေး၏ အထောက်အကူဟုသဘောထားပြီး ကျေနပ်သည်။ နှစ်ဘက်ကျေနပ်နေသဖြင့် နယ်စပ်မှလူမျိုးစုလက်နက်ကိုင်အင်အားစုများ မှောင်ခိုလမ်းတွင် ဂိတ်ဖွင့်ပြီး ဂိတ်ကြေးယူနေသည်ကို ဂရုမပြုပါ။ ပြဿနာလည်း မပေါ်ပါ။ နားလည်မှု အပြည့်ရှိကြပါသည်။
၁၉၅၈ ပထမစစ်အုပ်စု၊ ၁၉၆၂ ဒုတိယစစ်အုပ်စုလက်ထက်တွင် နိုင်ငံတကာတွင် ဂယက်မထ၊ အိမ်နီးခြင်းနှင့်လည်း ပြဿနာမပေါ်သည်မှာ စစ်အေးခေတ်ကမ္ဘာ့စနစ်ကြောင့်ဖြစ်ပါသည်။ အာဏာသိမ်းသည်ကို ဗွေမယူသည့်ခေတ် ဖြစ်ပါသည်။
စစ်တပ်က အာဏာသိမ်း၊ လူသတ်သည့်ကိစ္စမျိုး ငိုဒင်ဇင် (၁၉၆၃)၊ အာယန်ဒေး (၁၉၇၃)တို့အပေါ်လုပ်ခဲ့ပါသည်။ အာဏာသိမ်းပြီးထောင်ချသော ဗိုလ်နေဝင်းလုပ်ရပ်က သိမ်မွေ့သည်ဟု သဘောထားပါလိမ့်မည်။ မဆလ ဆိုရှယ်လစ်တော်လှန်ရေးကိုလည်း ဟန်ပြအတုသာဖြစ်ကြောင်း အမေရိကန်သိပါလိမ့်မည်။ ဗီယက်နမ်စစ် တိုးချဲ့ရေးကအရေးကြီးနေ၍ ဗမာပြည်တွင် ဘာဖြစ်ဖြစ် ဂရုပြုမည်မဟုတ်ပါ။
တရုတ်ပြည်သို့ ကစ်ဆင်ဂျားလျှို့ဝှက်ခရီး(၁၉၇၁)၊ နစ်ဆင်၏တရားဝင်ခရီး(၁၉၇၂) ပြီးသောအခါတွင်ကား ဗမာပြည်အရေးသည် အမေရိကန်အစီအစဉ်တွင် နောက်တန်းသို့ရောက်သည်ထက် ရောက်သွားပါသည်။
၁၉၈၈ တတိယအာဏာသိမ်းပွဲတွင်ကား ဗမာပြည်အရေး ရှေ့တန်းသို့ပြန်ရောက်လာသည်။ စစ်အေးခေတ် မုချပြီးဆုံးမည့်အချိန်သို့ရောက်ခဲ့ပြီး၊ ၁၉၈၉ တွင် လုံးဝပြီးဆုံးသွားခဲ့သည်။ အမေရိကန်အစီအစဉ်တွင် ဗမာပြည်ကိစ္စ ရှေ့တန်းရောက်လာသည်။ သူ၏ စဉ်းစားမှုသည် ၁၈၀ ဒီဂရီလှည့်သွားသည်။ ဗမာပြည်စစ်အစိုးရကို တရုတ်နောက်လိုက်အဖြစ် ပုံဖော်တော့သည်။ ထိုင်းဗမာအရေးအခင်းတွင် ထိုင်းနောက်က အမေရိကန်က ကူညီ၊ ဗမာပြည်စစ်အစိုးရနောက်တွင် တရုတ်ပြည်ကိုထားကာ ကြားခံကိုယ်စားလှယ်ဖြင့်တိုက်သောစစ် ဗမာပြည်ထဲတွင် နွှဲချင်သည်။ သို့သော် သူ့အကြံ လူသိတာအဖတ်တင်သည်။ စစ်တပွဲ မဖြစ်ခဲ့။
“ထိုင်း−ဗမာအရေး”မှာ ခါတော်မှီဖန်တီးသည့်အရေးအခင်းဖြစ်သည်။ အမေရိကန်က ဝင်အသုံးချလိုခြင်းသာဖြစ်သည်။ စတင်ဖန်တီးသူ မဟုတ်ပေ။
စတင်ဖန်တီးသူ မည်သူနည်း။ NLD နှင့် SPDC အပေးအယူလုပ် စေ့စပ်သွားလျှင် တက်လမ်းပိတ်သွားမည်ကို စိုးရိမ်သော စတုတ္ထမျိုးဆက်စစ်အုပ်စုအဖြစ် ထွက်လာချင်သူများဖြစ်သည်။
NLD နဲ့ SPDC (တတိယမျိုးဆက်စစ်အုပ်စု)တို့က ဒီမိုကရေစီအခြေခံကို ချသွားခဲ့လျှင် စတုတ္ထမျိုးဆက်အတွက် စစ်အစိုးရတက်လုပ်ရန် အခွင့်အရေးပိတ်သွားမည်ကိုစိုးရိမ်ကြသည်။
စတုတ္ထမျိုးဆက်စစ်အုပ်စုဝင်များ မည်သူတွေဖြစ်သနည်း။ တာဝန်ထမ်းဆောင်ဆဲ ထိပ်ပိုင်းစစ်ဗိုလ်ကြီးများ ဖြစ်ကြသည်ဟုသာ ပြောနိုင်သည်။ ထို့ထက် တိတိကျကျမပြောနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စမျိုးသည် ကြုံကြိုက်တိုက်ဆိုင်မှုနှင့်ဆိုင်၍ ဖြစ်ပါသည်။
မဆလသာ ၁၉၇၄−၇၅ အုံကြွမှုကြောင့်ပြိုကျခဲ့လျှင် ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်တင်ဦး တယောက်မှ တတိယမျိုးဆက်စစ်အုပ်စုဝင် ဖြစ်မလာနိုင်ပါ။ ထိုစဉ်က သူတို့မှာ စစ်တပ်၏ထိပ်ပိုင်း မရောက်ကြသေးပါ။ ၁၉၈၈ ကျမှ မဆလပြို၍ သူတို့လည်း ထိပ်သီးများဖြစ်နေ၍ ပါလာကြခြင်းဖြစ်ပါသည်။
နောက်တခု အတိအကျနီးနီးပြောနိုင်သည်မှာ စတုတ္ထစစ်အုပ်စုသည် ၁၉၆၂ ဒုတိယစစ်အုပ်စုကဲ့သို့လုပ်မှ ရမည်ဟု ပြောနိုင်ပါသည်။ ၁၉၆၂ စစ်အုပ်စုတွင် ဗိုလ်နေဝင်းနှင့်ဗိုလ်အောင်ကြီးသာ ပထမမျိုးဆက်ထဲမှ ပါလာပါသည်။ ကျန်လူများ လူသစ်ဖြစ်ပါသည်။ ယခုလည်း တတိယစစ်အုပ်စု SPDC ထဲမှ တယောက်နှစ်ယောက် စတုတ္ထစစ်အုပ်တွင် ပါနေရလိမ့်မည်။
မည်သူတွေပါသနည်း။ ဗိုလ်နေဝင်းနေရာတက်လာမည့်(နံပတ်ဝမ်း)တဦးဖြစ်ပါလိမ့်မည်။
နံပတ်ဝမ်းကလည်း ဗိုလ်နေဝင်းလို အပြိုင်အဆိုင်များကို အပြတ်ရှင်းရပါလိမ့်မည်။ ဗိုလ်နေဝင်းလို နိုင်ငံရေးအရင်းအနှီးနှင့် နိုင်ငံရေးအမှီ မရှိကြသူများဖြစ်ကြ၍ စစ်တပ်တွင်း မီးသေရန်ခက်ပါလိမ့်မည်။ ခတ်စောစောကပင် ကွန်မြူနစ်များတွင်း တိုင်းပြည်အတွက်စိုးရိမ်မှုတခု ရှိဖူးပါသည်။ ထိုစိုးရိမ်မှုမှာ စစ်အာဏာသိမ်းပွဲနှင့် တန်ပြန်အာဏာသိမ်းပွဲများ၏ခေတ်၊ ဒေသန္တစစ်ဘုရင်များခေတ် တခေတ် ပေါ်လာလေမလားဟု စိုးရိမ်ခြင်းဖြစ်ပါသည်။
NLD ကို အပြီးအပိုင်ဖျက်သိမ်းလိုက်သည်ဟုလည်းကောင်း၊ ၁၉၉၀ ရွေးကောက်ပွဲမှာ SLORC, SPDC တို့ လုပ်ခဲ့ခြင်းဖြစ်၍ စတုတ္ထစစ်အုပ်စုက တာဝန်မယူဟုလည်းကောင်း ကြေညာကာ အာဏာသိမ်းမည်ကို စိုးရိမ်ခြင်းဖြစ်ပါသည်။
အတွေ့အကြုံများသော တစညစစ်ဗိုလ်(ငြိမ်း)များကမူ တိတိလင်းလင်းပင် ထိုသို့မလုပ်ရန် လျှို့ဝှက်မဟုတ်သော “လျှို့ဝက်”ပေးစာဖြင့် ကန့်ကွက်ထားပါသည်။ တစညစစ်ဗိုလ်(ငြိမ်း)များမှာ ဒုတိယမျိုးဆက်စစ်အုပ်စုဝင်များ ဖြစ်ပါသည်။ သူတို့ ထပ်ပြိုကွဲလိမ့်မည်ဟု ဟောကိန်းထုတ်ပါသည်။
ပနှင့် ဒုစစ်အုပ်စုမျိုးဆက် ဗိုလ်အောင်ကြီးကလည်း တပ်အခြေအနေမကောင်းကြောင်း အမေရိကန်ထွက်ပြီး ပြောထားပါသည်။
သူတို့သည် ဤကဲ့သို့သောစကားကို အချက်အလက်မရှိပဲ ပြောကြမည်မဟုတ်ပါ။
သို့သော် တတိယစစ်အုပ်စုက ဗိုလ်အောင်ကြီး ဗိုလ်သာကျော်တို့ မနာလို၍ပြောခြင်းဖြစ်သည်ဟု ထင်ပုံရသည်။ သူတို့လက်ထက်က မလုပ်နိုင်ခဲ့တာတွေကို SLORC, SPDC တို့ကလုပ်နိုင်၍မနာလိုတာပဲဟု ထင်ရန်အကြောင်းရှိပါသည်။
၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သူများ ၁၉၈၉ တွင် စစ်အေးခေတ်ကုန်ဆုံးခြင်းနှင့် တိုးပါသည်။ ထိုအခါ စစ်အေးခေတ်ပြီးဆုံးခြင်း၏အကျိုးကျေးဇူးကို အလိုအလျှောက်ခံစားရပါသည်။ “ငြိမ်းအဖွဲ့” ဟူသည်များ အလျှိုအလျှိုပေါ်ပါသည်။
အကျိုးကျေးဇူးနှင့်အတူ အန္တရာယ်လည်း ကပ်ပါခဲ့သည်ကိုတော့ သူတို့စစ်အုပ်စု သိခဲ့ပုံမပေါ်ပါ။ အန္တရာယ်ကား စစ်အေးခေတ်တွင် အနိုင်ရလိုက်ပြီဟု ထင်ယောင်မှားနေသောအမေရိကန်နှင့် ထိပ်တိုက်တိုးရခြင်းဖြစ်သည်။
စစ်အေးခေတ်အတွင်းက တရုတ်ပြည်မှာ အမေရိကန်နှင့် လက်တွဲဘက်ဖြစ်ခဲ့သည်။ ၁၉၇၁−၇၂ တို့တွင် ကစ်ဆင်ဂျာ၊ နစ်ဆင်တို့ခရီးမှ စခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ တရုတ်ကွန်မြူနစ်တို့က တရုတ်ပြည်ချစ်ဝါဒအရ လုပ်လိုက်ခြင်းဖြစ်သည်။
၁၉၈၉ ရောက်သောအခါ ဆိုဗီယက်နှင့်အရှေ့ဥရောပတို့ ပြိုကွဲသကဲ့သို့ တရုတ်ပြည်က မပြိုကွဲခဲ့။ မူကြီး(၄)ချက်အပေါ် ကြံ့ကြံ့ခံရပ်တည်နေသည်။ မူကြီး(၄)ချက်မှာ − ဆိုရှယ်လစ်လမ်းကြောင်းအတိုင်း ချီတက်ရေး၊ ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ် ကျင့်သုံးရေး၊ ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှုကို ထိန်းသိမ်းရေးနှင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခါ် စွဲကိုင်ရေးတို့ဖြစ်သည်။
ကွန်မြနစ်ဝါဒအပေါ် အနိုင်ရလိုက်ပြီဟု အထင်ရောက်နေသောအမေရိကန်အတွက် ဤ မူကြီး(၄)ချက်က မခံချိမခံသာဖြစ်စေသည်။ ကလင်တန်လက်ထက်က ချမှတ်ခဲ့သည်များကို ဘုရှ်က ပျော့သည်ဟုထင်လာသည်။ သေနင်္ဂဗျူဟာပြိုင်ဘက်ဟု ပြောလာသည်။
ထိုင်း−ဗမာအရေးကိုအကြောင်းပြကာ ဗမာပြည်ကိုကြားခံထား၍တရုတ်နှင့် အားစမ်းသောစစ်ပွဲတပွဲ အမေရိကန်က နွှဲလိုက်ချင်သည်။ သို့သော် တရုတ်ပြည်က အမြော်အမြင်ရှိစွာဖြင့် ထိုင်း−ဗမာအရေးကို ပြေလည်ရာပြေလည်ကြောင်း ဖျောင်းဖျသည်။ ဤသို့ဖြင့် ပြဿနာပြေလည်သွားဟန်ရှိသည်။ မကြာမီက ထိုင်းဝန်ကြီးချုပ် ဗမာပြည်ခရီးစဉ် ပေါ်လာသည်။ သို့သော် ထာဝရပြေလည်ရန် အတော်ကြာကြာလုပ်ရလိမ့်မည်။
ထိုင်းရော ဗမာပါ နှစ်ဘက်တွင် စစ်အုပ်စုများရှိနေသည်။ ဗမာပြည်တွင် စစ်အုပ်စုက အာဏာရနေသည်။ သို့သော် စစ်အုပ်စု၏သက်တမ်းက ကုန်ဆုံးရတော့မည်။ ယာယီပါဟုပြောပြီး အာဏာယူခဲ့သည်မှာ မဆလစစ်အုပ်စု၏ သက်တမ်း(၂၆)နှစ်၏တဝက် ရှိနေပြီ။ မာရသွန်ကျိတ်ဝိုင်းစကားပြောခြင်းကလည်း မပြီးသေး။
စတုတ္ထစစ်အုပ်စုလောင်းလျာများကလည်း NLD ကိုအလျှော့ပေးပြီးပြေလည်သွားလျှင် သူတို့အလှည့် (အစိုးရလုပ်ဖို့အလှည့်) မရလိုက်မှာစိုးရိမ်သည်။ ပြဿနာ မကြီး ကြီးအောင်ချဲ့သော အမေရိကန်ကလည်းရှိနေသည်။ မပြီးဆုံးသေးသော ထိုင်း−ဗမာအုပ်စိုးသူချင်းပဋိပက္ခက ရှိနေဆဲဖြစ်သည်။ စစ်အစိုးရနှင့် နားလည်မှုရထားသော “ငြိမ်းအဖွဲ့”နှင့် စစ်အစိုးရ၏ ကာကွယ်ရေးခွန်ဆာအဖွဲ့မှ လက်ကျန်အင်အားစုတို့၏ “ဘိန်းစစ်ပွဲ”ကလည်း တငွ့ငွေ့လောင်နေဆဲ။ ထို့ကြောင့် ဗမာပြည် ပြည်သူများအနေနှင့် သတိရှိရပါမည်။ အချိန်မရွေး ထပ်၍ရန်ဖြစ်နိုင်ပါသည်။ တိုင်းပြည်အတွက် အကျိုးမဲ့သောစစ်ကို ကွန်မြူနစ်တို့ မည်သည့်အခါမျှတိုက်မည်မဟုတ်။ တိုင်းပြည်အကျိုးအတွက်တိုက်ဖို့လိုလျှင်လည်း မည်မျှအင်အားကြီးသောရန်သူကိုဖြစ်စေ တိုက်မည်။ ဤကား ကွန်မြူနစ်တို့၏ပြည်ချစ်ဝါဒဖြစ်သည်။
0 comments:
Post a Comment