Monday, December 7, 2020

ပြည်ထောင်စု ပြဿနာ (အပိုင်း ၇)

0 comments

ပြည်ထောင်စု ပြဿနာ (အပိုင်း ၇)

(ရဲဘော်ကြင်မောင်)

ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

 

(၄) တောင်တန်းသားမိတ်ဆွေများအကြောင်း

၁၉၄၈ တွင် မလွှဲမရှောင်သာ လွတ်လပ်ရေးပေးရတော့မည့်အခြေအနေတွင် “ တောင်တန်းသားမိတ်ဆွေများအဖွဲ့ ” အင်္ဂလိပ်အုပ်စိုးသူအသိုင်းအဝိုင်းတွင် ပေါ်သည်။ နာမည်ကျော် ချာချီကို အမှူးပြုပြီး ဘုရင်ခံဟောင်းဒေါ်မန်စမစ် ခေါင်းဆောင်သည်။ အင်္ဂလိပ် ဗျူရိုကရက်ကြီးများ ပါကြသည်။

မိတ်ဆွေများ” က တောင်တန်းသားများကို အကူအညီပေးတော့မလိုလို ပြောသည်။ တောင်တန်းသားများကလည်း အကူအညီ ရတော့မလိုလို ထင်ယောင်မှားကြသည်။

သို့သော် ခေတ်ကြီးက ပြောင်းခဲ့ပြီ။ နယ်ချဲ့ ကမ္ဘာ့အခင်းအကျင်း ကုန်ဆုံးသွားပြီ။ နယ်ချဲ့များ နောက်ဆုတ်နေရပြီ။ အင်္ဂလန်တွင် ချာချီအစိုးရ ပြန်တက်တော့လည်း ဗမာပြည်ဘက် လှည့်မကြည့်အားပါ။ အင်္ဂလိပ်နယ်ချဲ့က စူးအက်တူးမြောင်းအရှေ့ဘက် ခြေမချ ဝံ့တော့။

အင်္ဂလိပ် တောင်တန်းသားမိတ်ဆွေများ တဇာတ်သိမ်းခဲ့ပြီ။ ယနေ့ ပေါ်နေသည်က ဗမာပြည်အရေး ကျွမ်းကျင်သူပါရဂူ များ၏ တောင်တန်းသားမိတ်ဆွေများ” အသစ်ဖြစ်သည်။ သူတို့က အာဏာပိုင်များမဟုတ်၊ နိုင်ငံရေးပွဲစား၊ လက်သစ် စီအိုင်အေ၊ နိုင်ငံရေး ဒေါက်တာရမ်းကုများဖြစ်သည်။ ထိုအထဲတွင် ဘာတီးလင့်တနာဆိုသူ ပါသည်။

ဘာတီးလင့်တနာသည် အခြား “ ပါရဂူ ” များထက် တလုံးပိုရှူနိုင်သည်။ သူက “ ပန်ဆန်းပြန် ၊ သူပန်ဆန်းရောက်ရသည်မှာ မိတ်ဆွေကြီး ဘရန်ဆိုင်း၏တောင်းပန်ချက်အရ ရောက်ခြင်းဖြစ်သည်။ စာအုပ်တအုပ် နှစ်အုပ်ရေးပြီး “ ဗမာပြည်အကြောင်း ကျွမ်းကျင်သူပါရဂူ ” လုပ်နေသူမှာ သူတယောက်တည်း မဟုတ်၊ များသည်။ သူတို့က စာအုပ်ရေးကြသည်။

သူတို့ရေးသမျှက တောင်တန်းသားကို ချီးကျူးစရာ ရှာချီးကျူးသည်။ မြန်မာဆိုလျှင် နီသောဖြူသောမရွေး ဆန့်ကျင်သည်။

ဘာတီးလင့်တနာ ရန်ကုန်ရောက်ပြီးပြန်လာတော့ ဗိုလ်ခင်ညွန့်က သူ့ကို အင်္ဂလိပ်လို “ ကျုပ်တို့တွေ့ကြပြီ ” ဟု ပြောကြောင်း၊ ထိုအင်္ဂလိပ်စကားကို အလွတ်ကျက်ပြီးပြောဟန်တူကြောင်း ကျွန်တော်တို့ထံ စာရေးဖူးသည်။ မြန်မာဆိုလျှင် နှိမ်စရာမရှိ ရှာပြီးနှိမ်သည်။

တောင်တန်းသားလည်းဖြစ်၊ ခရစ်ယာန်လည်းဖြစ်လျှင် သူတို့အတွက် ချီးကျူးစရာချည်း။ အင်္ဂလိပ်စစ်သားဟောင်းကြီးက စကော့တလန် ချိုင်းညှပ်လေသွင်းပုလွေ မှုတ်တာကိုပင် ချီးမွမ်းခန်းဖွင့်သည်။ နယ်ချဲ့လက်ကျန်ကို ထိန်းသိမ်းသဖြင့် ကျေနပ်သည်။

စစ်အေးလွန်ခေတ် “ တောင်တန်းသား မိတ်ဆွေများ ” အကြောင်းကို အဓိကရေးချင်သည်မှာ ဤကိစ္စများ မဟုတ်ပါ။ သူတို့လုပ်ပေါက်ကို မိတ်ဆက်ပေးလိုခြင်းသာဖြစ်သည်။

သူတို့ ဆေးမြီးတိုပေးခဲ့သည်၊ ပေးနေသည်။

အကြမ်းမဖက်ရေး” ဆေးမြီးတိုကြောင့် ပျော့ပျော့ကျန်တော့သည့်လူနာကို ယခု ရတဲ့ဈေးနဲ့ထုတ်ရောင်း၊ ချေးများမနေနဲ့” ဟု ဆေးမြီးတို ပေးနေကြပြန်ပြီ။ ရဲဘော်များ၊ မိတ်ဆွေများ သတိရှိကြစေချင်သည်။

ကျွန်တော်တို့တွင် အားနည်းချက် ရှိသည်။ ပြည်တွင်းနိုင်ငံရေးသတင်းကို ထို “ ပါရဂူ ” များထံမှ ယူနေရသည်။ ပြည်တွင်းရှိ နိုင်ငံရေးပုဂ္ဂိုလ်များကလည်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့်မရှိ၍ လူသိများစေချင်သည့်နိုင်ငံရေးသတင်း၊ အသံလွှင့်ပေးစေချင်သည့် သတင်းကို သူတို့ကိုပေးနေရသည်။

တောင်တန်းသား မိတ်ဆွေအဟောင်းဖြစ်စေ၊ အသစ်ဖြစ်စေ “ ပြည်ထောင်စု ပြဿနာ ” ကို ကူညီဖြေရှင်းပေးနိုင်သူများ မဟုတ်ကြ။ သို့သော် သူတို့တွင်ကျယ်နေသည်။ ခြေရှုပ်နေသည်။ ခြေရှုပ်တာကနေ ခြေထိုးလိမ့်မည်။

၁၉၈၈ သည် အလှည့်အပြောင်းနှစ် ဖြစ်သည်။ အလှည့်အပြောင်းတခုမှာ “ ခွဲထွက်ရေး ” “ သီးခြားတိုင်းပြည် ထူထောင်ရေး ” ကို အဓိက လူမျိုးစုအင်အားစုများက အတိအလင်းစွန့်ပယ်ပြီး၊ ဒီမိုကရေစီနှင့် ပြည်ထောင်စုဘက်သားများ ဖြစ်သွားကြသည်။ ခွဲထွက်ရေး၊ သီးခြားတိုင်းပြည်ထူထောင်ရေးကို ကရင်နီ တိုးတက်ရေးပါတီကပင် သိပ်မပြောတော့။ နော်ဝေးပြည် အော်စလို (OSLO) တွင် ပြောတာ ဖတ်ရသည်။ ပြည်ထောင်စုဘက်သား ဖြစ်လာသူတိုင်းကို ကြိုဆိုရမည်။

(လက်သစ် “ တောင်တန်းသားမိတ်ဆွေများ )

သူတို့က အဟောင်းနှင့် လုံးဝမတူပါ။ အဟောင်းများက ဗျူရိုကရက်ကြီးများသပ်သပ် ဖြစ်သည်။ ရှင်းသည်။ အသစ်က ဂျာနယ်လစ်၊ NGO၊ လူ့အခွင့်အရေးသမား အရေခြုံထားကြသည်။ အစစ်အမှန်များကြားတွင် ရောနေသည်။ “ နိုင်ငံရေးပွဲစား ” “ နိုင်ငံရေးရမ်းကု များ လုပ်သည်။ သူတို့ အကြောင်းရေးရင်း ရှုပ်နေတာများလည်း ရှင်းချင်သည်။

ဗကပ ယူဂျီ ၄၈၂၈ ကို ဖမ်းမိတော့ ဗိုလ်ခင်ညွန့် သတင်းစာရှင်းလင်းပွဲများ ကမန်းကတန်းလုပ်သည်။ လုပ်သည့်ရည်ရွယ်ချက်က ရှင်းသည်။ သူလည်း ပြောထားပြီးဖြစ်၍ ရေးစရာမရှိပါ။ သူ၏ဖုံးကွယ်ထားသောရည်ရွယ်ချက်ကိုသာ ရေးမည်။ ကွန်မြူနစ် ဆန့်ကျင်ရေးသည် အမေရိကန်၏ သည်းခြေကြိုက်ဖြစ်သည်။ ဒါကို ဗိုလ်ခင်ညွန့် သိသည်။ ထို့ကြောင့် ထိုအချက်ကို ကောက်ကိုင် လိုက်သည်။ တချက်ခုတ် နှစ်ချက် သုံးချက်ပြတ်ရန် ရည်ရွယ်သည်။

ဒီချုပ်သည် ဗကပနှင့်မကင်းဟုစွပ်စွဲရန် (ဤစွဲချက်မှာ အောင်ကြီးစွဲချက်နှင့်တူသည်)

နဝတသည် ဗကပကို အမြစ်ပြတ်ချေမှုန်းနေသည်ဟု အမေရိကန်ကို သတင်းပေးရန်

ထိုင်းနယ်စပ်ရောက် ကျောင်းသားလူငယ်များကို မယုံနှင့်၊ ကွန်မြူနစ်အဆက်အသွယ်တွေဖြစ်သည်၊ လက်နက်မကူညီနှင့် ဟု ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲစာအုပ်များကိုကြည့်လျှင် တွေ့နိုင်သည်။

ဖြစ်စဉ်ကိုပြန်လှန်လျှင် လူထုအုံကြွမှုကြီး အရှိန်တက်နေစဉ်က တက်ကြွသည့်လူငယ်များ (ရဟန်းသံဃာတော်များပင် ပါသည်) အတွင်း၌ ရလျှင်ရ - မရလျှင်ချ စိတ်ဓာတ်ရှိသည်။ ချလျှင် လက်နက်လိုမည်။ “ လက်နက် ထိုင်းနယ်စပ်တွင် ဂိုဒေါင်နှင့်အပြည့်ထည့်ပြီး စောင့်နေသည် ” အမေရိကန်က ပေးလိမ့်မည်။ အိန္ဒိယကလည်း တပ်မဟာ(၂) ခုစာ လက်နက်ကူညီရန် ပြင်ထားသည်။ ချင်းတွင်းမြစ် အထိ ပို့ပေးမလိုလိုသတင်းတွေ ဖြစ်နေသည်။ (ဗိုလ်ခင်ညွန့်တို့လည်း ကြားလိမ့်မည်။ ဟောပြောပွဲတွင် ထည့်ဟောနေသည်ပဲ။)

ထိုထင်ယောင်မှားမှုဖြင့် ထိုင်းဘက် အထွက်များသည်။ အိန္ဒိယဘက် အတော်အသင့်သွားသည်။

ဗကပ၏သဘောထားမှာ ဒီမိုကရေစီတော်လှန်ရေး၊ စစ်အစိုးရတိုက်ရေးအတွက်ဆိုလျှင် ဘယ်ကရရ ယူသင့်သည်။ မပေးလျှင် တောင်းရမည်။ ပါးစပ်နဲ့ချည်း မကူပါနဲ့၊ လက်နက်ကူပါ ပြောရမည်။ လက်နက်ဟူသည် “ အဖြူ - အနီ ” မရှိ၊ လက်နက်ထမ်းသူသာ “ အဖြူ - အနီ ” ရှိသည်ဟု သဘောထားပြီးသွားကြတာကို အားပေးခဲ့သည်။

မှန်းချက်နှင့်နှမ်းထွက် ပါစင်အောင် လွဲသည်။ ထိုအခါ ဗကပ “ နိုင်ငံရေးဦးဆောင်အဖွဲ့ ” (နိုင်/ဦး) အရေးပေါ်အစည်းအဝေး ထိုင်သည်။

တညီတညွတ်တည်း ဆုံးဖြတ်သည်မှာ -

ကျောင်းသားများ အမေရိကန်ဆီက မရလျှင် ဗကပ က ပေးရမည်။ လက်နက်ရလျှင် သူတို့ ဧရာဝတီမြစ်ဝှမ်း အခြေခံရန် သွားကြလိမ့်မည်။

လူထုကလည်း ကြိုဆိုမည်။ လူထုနှင့် ခွဲခဲ့တာ မကြာသေး။

ကိုယ့်တပ်ရှိလျှင် ကိုယ့်လွတ်မြောက်နယ်မြေရှိမည်။ လူထုကိုမှီခိုလျှင် အဝတ်အစား၊ ဘဏ္ဍာ ကိုယ့်အားကိုယ်ကိုး လုပ်နိုင်ကြမည်။

နဝတ၏အာဏာ မခိုင်မြဲသေးခင် ဧရာဝတီမြစ်ဝှမ်း အမြန်ဆင်းနိုင်ဖို့ လိုသည်။ ထို့ကြောင့်

လက်နက်တသောင်းတိတိ ကူညီရန်၊ ကျောင်းသားတပ်ကို နာမည်ပေးချင်ရာပေး။ ဒီမိုကရေစီ ပြည်ချစ်တပ်မတော် (DPA) 

ဆိုလျှင်ကောင်းသည်။ ကျောင်းသားများ အသက်ကြီးသွားလည်း ဒီနာမည်နှင့် လိုက်သည်။ ဖြန့်ခွဲထားသော ဂိုဒေါင်များထဲက ထုတ်ယူပြီး အလွယ်တကူလာပြီး ထုတ်ယူနိုင်သောနေရာများတွင် စုစည်းထားရန်။

ဖက်ဆစ်တော်လှန်ရေးတုန်းကလို ပါတီက နိုင်ငံရေးမှူးများတွဲပေးလိုက်ရန် ပြင်ဆင်သည့်အနေဖြင့် “DPA နိုင်ငံရေးသင်တန်း တခု အမြန်ဖွင့်ရန်။

အရေးကြီးသောဆုံးဖြတ်ချက်ဖြစ်၍ ဗဟိုကော်မတီ စုံညီအစည်းအဝေးသို့ (နိုင်/ဦး) အဖွဲ့က တင်ပြသည်။

အများစုကြီးက လက်ခံသည်။ သို့သော် (နောင်အခါ ခွဲထွက်ကြမည်) ဗဟိုကော်မတီအနည်းစုကလေးက မရဲတရဲ စောဒကတက်သည်။ နိုင်/ဦး အဖွဲ့၏သြဇာကိုလန့်၍ ဗြောင်တော့မကန့်ကွက်ရဲ။ ပါတီရဲ့ “ ပြည်သူ့တပ်မတော် ရှိနေပြီပဲ - ကျောင်းသားတပ် ဖွဲ့စရာ လိုသေးသလား ” ဟု စောဒက တက်ခြင်းဖြစ်သည်။ (ခွဲထွက်တော့ ဗမာအိုကြီးတွေက ဗမာကျောင်းသားတွေကို လက်နက်ပေးမလို့ လုပ်တာကြောင့်ဆန့်ကျင်ရတာဟု သူ့အောက်ခြေသို့ ပြောသည် )

ဟုတ်သည်။ ပြည်သူ့တပ်မတော် ရှိပြီးဖြစ်သည်။ သို့သော် သူတို့က ဧရာဝတီမြစ်ဝှမ်းသို့ မဆင်းနိုင်၊ ၁၉၆၈ မှ ၁၉၈၈ ထိ အကြိမ်ကြိမ် ဆင်းဖို့ ကြိုးစားသည်။ မြစ်ဖျားဘက်သို့ဆင်းရန်လုပ်စဉ်က KIO ခံနေသည်၊ စစ်တိုက်ရသည်။ နောက်မဟာမိတ် ဖြစ်ကြတော့ သူတို့ကို မှီခိုပြီး ဆင်းသည်။ သတင်းပေါက်နေသည်။ အခြေအနေမရင့်မှည့်သေး၍ အကျအဆုံးများကာ မအောင်မြင်ခဲ့၊ ကေဒါကောင်းအများအပြား ကျဆုံးခဲ့ရသည်။ ၁၉၈၉ မှာ ကျွန်တော်တို့ အောက်ဘက်ကိုဆင်းလို၍ လမ်းပြပေးရန် သူတို့ကိုပြောတော့ သူတို့နှင့် နဝတ ကျိတ်ဆွေးနွေးနေသည်ကိုမပြောပြဘဲ ကျွန်တော်တို့တောင်းဆိုတာကို ပယ်ချခဲ့သည်။

အဓိကဆင်းချင်သည်မှာ ပါတီဗဟိုရှိရာ ပဲခူးရိုးမတောင်ပိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဖြစ်သည်။ အင်းလေး ပေါင်းလောင်းအထိ ဆင်းသွားဖို့မှာ လွယ်သည်။ ပြဿနာမရှိ။ တောင်ငူ - ကျောက်ကြီးလွယ်ကော်လမ်း၏ မြောက်ဘက်အထိလည်း ပြဿနာမရှိ။ (နေဝင်းဆီ အောင်ကြီးစာရေးစဉ်က သုံးနှုန်းသည့် “ ဟိုချီမင်းလမ်း ဖောက်ခြင်း ဖြစ်သည်။)

ရန်သူက ထိုအကြံအစည်ကို သိသည်။ အပြင်းအထန် မီးကုန်ယမ်းကုန် ဖျက်သည်။ သခင်တင်ထွန်း၊ ဗိုလ်စိုးမောင်၊ ​ရဲဘော်လှမောင်(တောင်ငူ)၊ ရဲဘော်ဘမောင်(မုံရွာ)တို့ ရှမ်းပြည်အလယ်ပိုင်းတွင် ကျဆုံးခြင်း၊ ၁၉၇၅ ခုနှစ်တွင် သခင်ဇင်၊ သခင်ချစ် စသူတို့ကျဆုံးခြင်းမှာ ဗကပ၏စီမံကိန်းကိုဖျက်ရန်လုပ်သည့် ရန်သူ့ထိုးစစ်များတွင် ကျဆုံးခြင်းဖြစ်သည်။

မြစ်ဝကျွန်းပေါ် ပြန်လည်ဖော်ထုတ်ရေးစီမံကိန်းကို ယူဂျီနည်းနှင့် စပြီးလုပ်သည်။ သစ္စာဖောက်ကြောင့် တပြုံလုံးရန်သူ့လက် ရောက်သည်။

လမ်းကြောင်းချောမောရန် တပ်ပေါင်းစုလုပ်ငန်းကောင်းအောင်လုပ်ရာတွင် တခြားအဖွဲ့များနှင့် ချောမောသော်လည်း KNU နှင့် မချောမော၊ ဆရာစကောလယ်တောတို့ KNUP ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးရာတွင်လည်း အဆင်မပြေခဲ့ပါ။ အဆင်ပြေလျှင် လက်နက်ထောင်နှင့်ချီပြီးကူညီရန် ပြင်ထားသည်။ သူတို့က လက်နက်အကူအညီကိုပင် လက်မခံပါ။ သူတို့တွင်လည်း သူတို့စဉ်းစားချက် ရှိပါလိမ့်မည်။

နောက်တော့ KNU တပေါင်းတစည်းတည်း ဖြစ်သွားသည်။ တပ်ပေါင်းစုစည်းဝေးပွဲ မရှိတော့။ မဒတ - ဗကပ ပန်ဆန်းစည်းဝေးပွဲကျမှ ပြန်တွေ့ကြသည်။

ပန်ဆန်းစည်းဝေးပွဲတွင် “ မြို့ပေါ်မှာ လူထုအုံကြွမှု ” ဖြစ်တော့မယ်ဟု (၂) ကြိမ်တိတိ ပြောခဲ့သည်။ အခိုင်အမာပြောလို့ မဖြစ်၍ ဤမျှလောက်ပြောခြင်းဖြစ်သည်။ သူတို့ စိတ်မဝင်စားပါ။

အောင်မာဃထိုးစစ် လာတော့မယ် ဟု သခင်စိုးကိုပြောဖူး၍ ဒုက္ခရောက်သည့် သင်ခန်းစာရှိသည်။ ဗိုလ်ကျော်ဇောကို မသင်္ကာဖြစ်ပြီး နေဝင်းက တပ်မှထုတ်သည်။ ထိုသင်ခန်းစာရှိနေ၍ စောင်းပါးရိပ်ခြည်သာ ပြောဝံ့သည်။ တိုက်ရိုက်ပြောလည်း စိတ်ဝင်စားမည့်ပုံ မပေါ်ပါ။

 

0 comments:

Post a Comment