Friday, November 30, 2012

ဦးပိုင်လူများ မမြင်ချင် (ငြိမ်းချမ်းအေး)

0 comments

ဦးပိုင်လူများ မမြင်ချင် (ငြိမ်းချမ်းအေး)
လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်း ဆန့်ကျင် ဆန္ဒပြနေတဲ့ဒေသခံတွေရဲ့သပိတ်စခန်းတွေကို ဗိုလ်သိန်းစိန်ရဲ့ စစ်တပိုင်း အစိုးရကအကြမ်းဖက်ဖြိုခွဲတဲ့သတင်း ဒီနေ့ပဲ ဖတ်ရ တယ်။ ဒီအချိန်ဟာ နိုင်ငံရေးကျွမ်းကျင်သူပညာရှင်တွေ၊ ဗမာ့နိုင်ငံရေးစစ်တမ်းထုတ် ကောင်းကောင်းဝေ ဖန်ထောက်ပြ သင့်တဲ့အချိန်ဖြစ်တယ်။ ဒီမိုကရေစီတိုက်ပွဲလမ်းကြောင်းမှား လုံးလုံးလွန်မသွားခင် လမ်းကြောင်းမှန်အပေါ်ပြန်တက် လာအောင် ဆွေးနွေးအဖြေရှာရမယ့်ကာလဖြစ်တယ်။ ဒီစာစုမှာတော့ ပညာရှင်၊ ကျွမ်းကျင်သူတယောက်ရဲ့အမြင်မဟုတ်ဘဲ သာမန်ပြည်သူလူထုထဲက တိုင်းပြည်အရေးစိတ်ဝင်စားတဲ့သူတယောက်အနေနဲ့ စာရေးသူရဲ့ လက်ရှိနိုင်ငံရေးအပေါ်သုံးသပ်ချက် အမြင် အကျဉ်းကို တင်ပြချင်တယ်။

ကြင်စဦးမောင်နှံရဲ့ပျားရည်ဆမ်းခရီး ရပ်သင့်ပြီ
နိုင်ငံတကာမှာ အစိုးရသစ်တွေတက်လာရင် သူတို့ရဲ့ခြေလှမ်း၊ မူဝါဒနဲ့ရွေးကောက်ပွဲကတိ (ဝါ) ပြည်သူအပေါ်ပေးထားခဲ့တဲ့ကတိတွေကို အကောင်အထည်ဖော်နိုင်မှု စတဲ့ အစိုးရသစ်ရဲ့လုပ်ဆောင်ပုံတွေကို စောင့်ကြည့်လေ့လာ အကဲဖြတ်ကြတဲ့ ကနဦးပျားရည်ဆမ်းကာလ (Honeymoon Period) ဆိုတာ ရှိလေ့ရှိတယ်။ ဒီကာလတိုလေးအတွင်းမှာ အစိုးရ၊ အတိုက်အခံ၊ ပြည်သူစတဲ့ တိုင်းပြည်ရဲ့နိုင်ငံရေးမှာ အရေးပါတဲ့ အုပ်စုအချင်းချင်း အများအားဖြင့်ဆက်ဆံရေးကောင်းမွန်လေ့ရှိကြတယ်။ ဒီကာလနောက်ပိုင်းမှာတော့ အစိုးရသစ်ရဲ့အမှား၊ အားနည်းချက်၊ ပျော့ကွက်တွေကို နိုင်ငံရေးအုပ်စုအသီးသီးနဲ့ လေ့လာသူပညာရှင်တွေက ဝိုင်းဝန်းထောက်ပြကြတယ်။ အစိုးရသစ် ကိုယ်တိုင်လည်း မိမိရဲ့မူဝါဒ၊ လမ်းစဉ်တွေ တိုင်းပြည်အပေါ်အကျိုးသက်ရောက်မှုကို ပြန်လည်ဝေဖန်ဆန်းစစ်ကြရတယ်။

၂၀၀၈ စစ်ဖွဲ့စည်းပုံနဲ့ သံမဏိကြိုးခတ်တုန့်နှောင်ပြီး စစ်အာဏာရှင်၏အသွင်ပြောင်း၊ အရေခွံလဲ၊ စစ်အုပ်စုအကျိုးစီးပွား၊ လုံခြုံမှုအတွက်သက်သက် စိတ်ကြိုက်ခြယ်လှယ်ထင်တိုင်းကြဲလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပါအဝင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတိုးတက်မှုလို့ဆိုကြတဲ့ ဗမာ့နိုင်ငံရေးအပြောင်းအလဲမှာ အစကတည်းက ပျားရည်ဆမ်းကာလဆိုတာ မရှိသင့်ဘူး။ အခု ဗိုလ်သိန်းစိန် အစိုးရကို ပြည်တွင်း/ပြည်ပကထောက်ခံပေးမှုတွေဟာ ထိုက်တန်တာထက်တောင် ပိုနေပါပြီ။ အပြောင်းအလဲဆိုတာ “နေ့ချင်း၊ ညချင်း မဖြစ်ဘူး..၊ အချိန်ယူရတယ်”ဆိုတာမျိုးကို နားလည်သည်းခံစောင့်ကြည့်ပေးရတာက မှန်ကန်တဲ့ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကိုသွားနေတဲ့ အခြေအနေမျိုးမှာသာ ဖြစ်သင့်တယ်။ တိုင်းပြည် ရှေ့လားရာအုတ်မြစ်ဖြစ်တဲ့အခြေခံဥပဒေကကို အခြေမခိုင်၊ မူမမှန်ဘဲ စစ်အုပ်စုအလိုကျသက်သက် တခြား နိုင်ငံရေးအုပ်စုအသီးသီးနဲ့ပြည်သူက အလိုတော်ဖြည့်၊ အသုံးချခံသက်သက်ဖြစ်နေရတဲ့ အခြေအနေမျိုးကို ခုအချိန်မှာ ရပ်တန်းကရပ်ဖို့နည်းလမ်းသစ်ရှာသင့်ပြီ။ ထောက်ခြောက်တွေအပြည့်နဲ့ဆူးခင်းလမ်းကို ပန်းမွေ့ယာ၊ ရွှေကော်ဇော်ခင်းအလား အရာရာအကောင်းမြင် စိတ်ကူးယဉ် လေထဲတိုက်အိမ်ဆောက်၊ မစားရဝခမန်းပြောနေ၊ တွေးနေ၊ လုပ်နေရတဲ့ ဓားမိုးကာ ရေစီးကြမ်းတဲ့ ဒီမိုကရေစီအတုအိမ်မက်ကနေ နိုးထဖို့သင့်ပြီ။ ကြင်စဦးမောင်နှံရဲ့ချစ်ကြည်မဝ၊ အပြစ်မမြင်၊ နှစ်ကိုယ်တူချစ်သမျှ ဇာတ်လမ်းခင်း၊ ပျားရည်ဆမ်းခရီးထွက်နေတာကို ခုအချိန်မှာရပ်ပြီး ပြည်သူ့သွေး၊ ချွေး၊ မျက်ရည်တွေပြည့်နှက်နေတဲ့ ညှီစို့စို့၊ ခါးသက်သက် အမှန်တရားကိုမျက်မှောက်ပြု၊ တိုင်းပြည်ရဲ့ပကတိဖြစ်ရပ်မှန်အပေါ်အခြေတည်တဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်ကို ရှေးရှုသင့်ပါပြီ။

နောက်ပြန်လှည့်မှာ မကြောက်နဲ့
လက်ရှိဗမာ့နိုင်ငံရေးမှာ ခေတ်အစားဆုံးဖြစ်နေတဲ့ “နောက်ပြန်လှည့်မှာစိုးလို့ သတိကြီးစွာထား၊ လုပ်နေရပါတယ်/လုပ်နေရတာပါ” ဆိုတဲ့ ဖောက်ပြန်တဲ့အတွေးအခေါ်ကို ဖုတ်ကြည်းသင်္ဂြီိုဟ် မြေမြှုပ်သင့်ပြီ။ စစ်အုပ်စုသွားရာလမ်းဟာ အစကတည်းက ရှေ့တက်မယ့်ခြေလှမ်း လှမ်း၊ ဒီမိုကရေစီပန်းတိုင်အရောက် ရှေးရှုသွားနေတာမဟုတ်ပါ။ စစ်အာဏာရှင် ဗိုလ်နေဝင်းနည်း ဆိုရှယ်လစ်ဝါဒနှမ်းဖြူး တော်လှန်ရေးကောင်စီ ကနေ မဆလအမည်ပြောင်း၊ စစ်ဘောင်းဘီချွတ်၊ ခါးကြားကသေနတ်ကို တောင်ရှည်ကြားဖွက်၊ လိုရင်ထုတ်သုံးတဲ့ လမ်းစဉ်အတိုင်း တသွေ မတိမ်းလျှောက်မယ့် အခု ဗိုလ်သိန်းစိန်အစိုးရရဲ့ဒီမိုကရေစီ သကာရည်ကျဲကျဲလောင်း စစ်အာဏာရှင်အပင်း ထိုးကျွေးပြီး ဘောင်းဘီချွတ်-တောင်ရှည်ပြောင်းဝတ်တဲ့ လူထုအော်ကျောလန်ဒီမိုကရေစီလမ်းဟာ အစကတည်းက ရှေ့ကိုသွားနေတာမဟုတ်တဲ့အတွက် ခုလည်း နောက်ပြည်လှည့်သွားမှာကြောက်စရာမလိုပါ။ ဒါကြောင့် စစ်လွှတ်တော်နိုင်ငံရေးဇောင်းပေးနေသူများ စစ်လွှတ်တော်ပြင်ပ လူထူအကျိုးပြု နိုင်ငံရေးလမ်းစဉ်နဲ့အလုပ်တွေကိုလည်း အခုထက်ပိုမိုအလေးပေးဖို့မဖြစ်မနေ လိုအပ်နေပါပြီ။ နှာစေး၊ ချောင်းဆိုး၊ အသံဝင်၊ ကိုယ်ခံအားနည်း၊ ဒူးခေါင်းတွေ ယိမ်းယိုင်၊ နားအူပြီး ဆွံ့အနားမကြား၊ မျက်စိတိမ်သလ္လာဖုံး (၉၆)ပါးရောဂါစုံတဲ့ ခေတ်သစ်နိုင်ငံရေးရောဂါဆိုးကပ်ကြီးသင့်မှု အမြန်ဆုံးကုစားဖို့စတင်ကြိုးစားသင့်ပါပြီ။

မိအေး အခါခါနာရတဲ့အဖြစ်
ဂျာမန် အတွေးခေါ်ပညာရှင် ဟေဂယ် (၁၇၇၀-၁၈၃၁) က  “ကမ္ဘာ့ရာဇဝင်မှာ သမိုင်းဝင်အဖြစ်အပျက်ကြီးတွေနဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေဟာ နှစ်ကြိမ်နှစ်ခါ ပေါ်ပေါက်လေ့ရှိတယ်” လို့ပြောဖူးခဲ့တယ်။ ဒါကို သူ့နောက်မှာပေါ်ထွန်းခဲ့တဲ့ အခြား ဂျာမန်အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သူ ကား(လ)မာ့က် (၁၈၁၈-၁၈၈၃) က “ပထမအကြိမ်ကတော့ ကြေကွဲစရာပေါ့.. ဒုတိယအကြိမ်အတွက်တော့ လက်သင့်မခံနိုင်၊ မဖြစ်သင့်တဲ့ အဓိပ္ပာယ်မဲ့အခြေအနေပဲဖြစ်တယ်”လို့ ထပ်ဖြည့်ပြောခဲ့တယ်။
ဗမာ့နိုင်ငံရေးမှာ စစ်အာဏာရှင်လှည့်ကွက်၊ မျက်လှည့်ပြပွဲ၊ ဗမာ့သမိုင်းဝင်အဖြစ်အပျက်ဆိုးတွေ အကြိမ်ကြိမ်ပေါ်ခဲ့ပြီးပါပြီ။ တခါအပြင် နှစ်ခါအတွက် အကြောင်းပြချက်ကောင်းတွေ ရှာတွေ့နိုင်သေးပေမယ့် အကြိမ်ကြိမ်အခါခါအဖြစ်ခံ၊ အလှည့်စားခံနေရတာကတော့ လှည့်စားသူ အာဏာရှင်အပြစ်ရယ်လို့တောင် မဆိုနိုင်တော့ပါဘူး။

ဗိုလ်နေဝင်းက “ဆိုရှယ်လစ်” ဆိုင်းသံလေးတီးပေးတော့ ဗမာ့နိုင်ငံရေးသမားကြီးတွေ “ဂွေး”တက်အောင် ကခဲ့ကြတယ်။ ပြည်သူတွေလည်း နိုင်ငံရေးခေါင်းဆောင်ကြီးတွေကြည့်ပြီး ဟုတ်နိုးနိုးနဲ့ “ဆင်ဟဝါခွေးမျှော်”တဲ့ ဇာတ်လမ်းခင်းခဲ့ကြရတယ်။ ဗိုလ်ချုပ်ကြီးအစိုးရခင်းတဲ့ ဗမာ့ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကြီးကို “ခွေးကတက်”ကနေပဲလိုက်ရ.. လိုက်ရဆိုတဲ့ သူတောင်းစားနိုင်ငံရေးလမ်းစဉ် ခေတ်ထခဲ့ပြီး အတွေ့ကြုံရင့်၊ သိက္ခာရှိ၊ လွတ်လပ်ရေးသမိုင်းမှာ အရေးပါအရာရောက်ခဲ့တဲ့နိုင်ငံရေးသမားကြီးတချို့ နိုင်ငံရေးသေ၊ ခွေးလုံးလုံး ဖြစ်ခဲ့ကြရတယ်။
ခုလည်း ဗိုလ်သိန်းစိန်က “ဒီမိုကရေစီ” ဗျောသံပေးတော့ နိုင်ငံရေးခေါင်းဆောင်တွေ မနေနိုင်၊ မထိုင်နိုင် ဝင်ကနေကြတယ်။ မဟောသဓ သားတရားစီရင်ခန်းလို မိခင်ရင်းမလို့၊ ဘီလူးမနဲ့ယှဉ် ပြည်သူဆိုတဲ့ “သား”ကို အနာခံပြီးမလုချင်လို့ အခြေအနေအချိန်အခါအလျောက် အလိုက်သင့်ပြုမူဆောင်ရွက်နေရတာတချို့အတွက် နားလည်နိုင်ပေမယ့် “ဂွေး” တက်အောင်အထိတော့လိုက်မကကြဘို့ လူထုခေါင်းဆောင် ဆိုသူများနဲ့ပြည်သူလူထု အလုပ်အကျွေးပြု၊ ပြည်သူ့ဘက်တော်သား ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားအပေါင်းကို မေတ္တာရပ်ခံ ချင်တယ်။

အာဏာရှင်ဆိုတာ
ကမ္ဘာ့သမိုင်းမှာ ဘယ်အာဏာရှင်မျိုးမှ အာဏာကိုလွယ်လင့်တကူစွန့်လွှတ်တယ်ဆိုတာ မရှိခဲ့ဖူးဘူး။ မင်းစည်းစိမ်ဆိုတာ လောကီစည်း စိမ်ထဲမှာ အကြီးတကာ့အကြီးဆုံးစည်းစိမ်ဖြစ်တဲ့အတွက် တည်မြဲနိုင်ဖို့အစွမ်းကုန်ကြိုးစားခဲ့ကြတာချည်းပဲဆိုတာကို ပဒေသရာဇ်နဲ့အာဏာရှင် သမိုင်းအဆက်ဆက်က သက်သေပြုတယ်။ ဒီလိုအနေအထားမှာ အင်အားကြီးတဲ့စစ်တပ်လို အုပ်စုကြီးတခုလုံးရဲ့အကျိုးစီးပွားကို ကာကွယ် ပေးတဲ့စစ်အာဏာရှင်စနစ်ဟာ သူ့အလိုအလျောက် အမြစ်ပြတ်ပျောက်ကွယ်သွားဖို့အင်မတန်ခက်ခဲလှပါတယ်။ တိုင်းပြည်အကျိုးအတွက် စစ်အုပ်စုဟာ “သိက္ခာရှိရှိနောက်ဆုတ်ပေးနေပါပြီ (Graceful Retreat)” ဆိုတဲ့အယူအဆဟာ စိတ်ကူးယဉ်၊ ရူးသွပ်မှုသက်သက်ထက် မပိုပါ။ ခုအချိန်မှာ ဒီအချက်ကို အလေးအနက်ထားစဉ်းစားသင့်ပါပြီ။

အာဏာရှင်နဲ့တရားဝင်မှု
ခေတ်သစ်အာဏာရှင်တွေဟာ နိုင်ငံတကာအသိုင်းအဝန်းနဲ့ မဖြစ်မနေဆက်ဆံလာရတော့ တရားဝင်ရပ်တည်နိုင်မှု Legitimacy အတွက် မဖြစ်မနေပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြရလေ့ရှိပါတယ်။ Legitimacy လုံးလုံးမရှိဘဲ အာဏာရှင်အစိုးရတွေဟာ ရေရှည်ရပ်တည်ဖို့ ခက်ခဲလှ တယ်။ ဒီလိုအနေအထားမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို ဘီလူးဆိုင်းခင်း၊ ကြမ်းကြုပ်ရက်စက်၊ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့စစ်အစိုးရရဲ့ (အစကတည်းကလည်းမရှိခဲ့တဲ့) Legitimacy ဟာ သုညအမှတ်အောက်ကို ရောက်သွားခဲ့တယ်။ ဒီလိုနဲ့ စစ်အာဏာရှင်စနစ် ရေရှည်တည်မြဲ နိုင်ဖို့နဲ့စစ်အုပ်စုလုံခြုံရေး၊ အကျိုးစီးပွားအတွက် အခုမြင်တွေ့နေရတဲ့ပြုပြင်ပြောင်းလဲမှုတွေလို့ဆိုကြတဲ့ ၂၀၀၈ စစ်ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ (အတု)၊ အရပ်သား (အမည်ခံတဲ့)အစိုးရသစ်ဆိုတာတွေ ပေါ်လာခဲ့တယ်။ ဒီလို အတုအယောင်အပြောင်းအလဲတွေနဲ့အသွင်ပြောင်းတဲ့ ဒီမိုကရေစီဖြစ်စဉ်တွေဟာ ကမ္ဘာမှာလည်းဖြစ်ပေါ်လေ့ရှိတယ်။ ဒီလိုနဲ့တရားဝင် (တယ်လို့ဆိုနိုင်တဲ့) အာဏာရှင်အစိုးရတွေ ပေါ်လာလေ့ရှိ ကြတယ်။

Liberalisation နှင့် Democratisation မတူ
နိုင်ငံရေး သဘော၊ သီအိုရီတွေမှာ မတရားတဲ့ဥပဒေတွေဖြေလျှော့ပေးတာ၊ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချတာ၊ ပြင်းထန်တဲ့ဖိနှိပ်မှုတွေ ဖြေလျော့သွားတာ စတဲ့ ပိုမိုလွတ်လပ်တဲ့အခြေအနေမျိုးဖန်တီးပေးတဲ့ Liberalisation ဖြစ်စဉ်နဲ့ဒီမိုကရေစီစနစ်ပြောင်းလဲဖြစ်တည်မှု Democratisation ဖြစ်စဉ်တွေဟာ သဘောထား၊ လက္ခဏာနဲ့ရည်မှန်းချက်တွေ လုံးလုံးမတူညီပါဘူး။ လက်ရှိဗမာ့နိုင်ငံရေးထင်ယောင်မှားမှု (Political Illusion) တခုက ဒီ ဖြစ်စဉ်နှစ်ခုကို ရောထွေးမြင်၊ လိုသလိုကောက်ချက်ချ အကောင်းမြင် လွန် နေခြင်း ဖြစ်တယ်။ Liberalisation ဟာ အာဏာရှင်အစိုးရတွေ အထက်မှာဆိုခဲ့တဲ့ရေရှည်ရပ်တည်နိုင်မယ့် တရားဝင်အာဏာရှင်ဖြစ်ဖို့အတွက် ဖိနှိပ်မှုတွေလျှော့ချ၊ ပြုပြင်ပြောင်း လဲမှု တချို့လုပ်ခြင်းသက်သက်သာဖြစ်ပြီး အာဏာလုံးလုံးလွှတ်ကာ တိုင်းပြည်မှာ ဒီမိုကရေစီအဆောက်အအုံအခြေတည်စေပြီး ပြည်သူ့အာဏာဗဟိုပြု၊ ပြည်သူ့ဆန္ဒသဘောလုံးလုံး ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို သွားနေခြင်း မဟုတ်ပါ။

ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲနေမှုဆိုတာကို အခြေခံသဘောအားဖြင့် အာဏာရှင်အစိုးရလုံးလုံးပြုတ်ကျမှသာတွေ့နိုင်ပါမယ်။ “A Transition to Democracy = A Chang of Regime” ကသာ တကယ့်ပြည်သူလူထုအများစုအကျိုးရှိမယ့် ဒီမိုကရေစီအပြောင်းအလဲကို ဖြစ်ပေါ်စေတယ်။ ဒီလိုမဟုတ်ဘဲ အာဏာရှင်သက်ဆိုးရှည်ရေးသက်သက် ဟန်ပြ (Window Dressing) ပြုပြင်ပြောင်းလဲမှု၊ တနည်းအားဖြင့် “ငါ့အာဏာ၊ ငါ့အကျိုးစီးပွားကိုတော့မထိနဲ့ အထိုက်အလျောက်လွတ်လပ်ခွင့်နဲ့အခွင့်အရေးကို လူရွေးပြီးတော့ပေးမယ်”ဆိုတဲ့ “ဒီမိုကရေစီ ကွက်ကြားမိုး”ရွာနေခြင်းဟာ တိုင်းပြည်နဲ့လူထုအများစုကို ပိုပြီးထိခိုက်နစ်နာစေပါတယ်။ ဒီလို အပေါ်ရံအပြောင်းအလဲမျိုးကို အာဏာရှင် တိုင်းပြည်တိုင်းမှာ သြဇာရှိ၊ ပညာတတ်၊ ချမ်းသာတဲ့ရေပေါ်ဆီ လူမလိုင်အသိုင်းအဝန်း အလိ(elite)တွေက အားတက်သရော ထောက်ခံလေ့ ရှိကြတယ်။ တိုင်းပြည်ရဲ့အများစု နင်းပြားပြည်သူလူထုကတော့ ဒုံရင်း.. ဒုံရင်းဆိုတာထက်ပိုဆိုးတဲ့အခြေအနေမျိုးတွေကို ခံစားရတယ်။ ဒီအချက်ကို လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ပညာတတ်လူလတ်တန်းစားတွေသိမြင်ခံစားပေးနိုင်ဖို့ အင်မတန်အရေးကြီးလှ ပါတယ်။

လူမှုတရားမျှတမှု (Social Justice) မရှိရင် ဒီမိုကရေစီမဟုတ်
ဒီမိုကရေစီစနစ်ရဲ့ အဓိကအကျဆုံးအချက်က တိုင်းပြည်မှာရှိတဲ့လူထုလူတန်းစားအသီးသီးအတွက် တူညီတဲ့အခွင့်အရေး၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေဖန်တီးပေးနိုင်ဖို့ ဖြစ်တယ်။ တဦး၊ တယောက်၊ တစု၊ တဖွဲ့၊ လူတန်းစား တရပ်အတွက် အခွင့်အရေးတွေ ဖန်တီး၊ ပြုပြင် ပြောင်းလဲမှုတွေလုပ်နေရင် Liberalisation လို့ဆိုကောင်းဆိုနိုင်ပေမယ့် Democratisation တော့မဟုတ်ပါ။

ဆိုတော့ “လူတစု ကောင်းစားရေး”သာ ကြံစည်၊ လုပ်ဆောင်နေဆဲဖြစ်တဲ့ လက်ရှိဗမာ့နိုင်ငံရေးမှာ “လူအများကောင်းစားရေး”အတွက် Democratisation စစ်စစ်ဖြစ်ဖို့တိုင်းပြည်ရဲ့အုပ်စုအသီးသီးက မဖြစ်မနေတွန်းအား (Forces)တွေပေးဖို့လိုနေပါပြီ။

နိုင်ငံရေးသမား နိုင်ငံရေးအလုပ်လုပ်
ဒီလို ဖြစ်လာဖို့အတွက် နိုင်ငံရေးသမားဆိုသူတွေက နိုင်ငံရေးအလုပ်စစ်စစ်ကိုလုပ်ဖို့လိုတယ်။ တိုင်းပြည်ရဲ့ပင်မရောဂါ နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ အဆွယ်အပွားရောဂါနဲ့ သူရဲ့လက္ခဏာတွေကိုသာဖြေရှင်းဖို့ကြိုးစားနေရင် တိုင်းပြည်အတွက်အမှန်တကယ်လိုအပ်တဲ့ အဖြေမှန်ရှာတွေ့နိုင်မှာ မဟုတ်ပါ။ တိုင်းပြည်မှာ ဆင်းရဲတာ၊ စာမတတ်တာ၊ ရောဂါဘယထူပြောတာ စတဲ့ လူမှု၊ ကျန်းမာ၊ စီးပွား ပြဿနာအားလုံးဟာ နိုင်ငံရေးဆိုတဲ့ရေသောက်မြစ်ပြဿနာကြီး အမြစ်ပြတ်မဖြေရှင်းနိုင်သရွေ့ ဘယ်တော့မှပြေပျောက်မှာ မဟုတ်ပါ။

ငြိမ်းချမ်းရေးနိုဘယ်ဆုရ စီးပွားရေးပညာရှင် မိုဟာမက်ယူနွတ်စ်ရဲ့ လူမှုစီးပွားရေးလုပ်ငန်း (Social Business) သီအိုရီမှာ “charity dollar has one life; a social business dollar has endless lives!” ဆိုတဲ့ “လူမှုစီးပွားရေးလုပ်ငန်းမှာသုံးတဲ့ပိုက်ဆံဟာ တခါသုံးမဟုတ်၊ ရာသက်ပန် အကျိုးရှိခံစားရစေတယ်”ဆိုတဲ့သဘောတခုရှိတယ်။ ဆိုလိုချင်တာက ဆင်းရဲသားတယောက်ကို ပိုက်ဆံတကျပ်ပေးလိုက်ရင် သူတကျပ်ပဲ ရမယ်..၊ အဲ့ပိုက်ဆံတကျပ်ကို လူမှုစီးပွားရေးလုပ်ငန်းမှာအသုံးပြုပြီး ဆင်းရဲသားကိုအကျိုးခံစားခွင့်ပေးရင် သူ့အနေနဲ့ရေရှည်အကျိုးခံစားခွင့် ရသွားစေတဲ့သဘောဖြစ်တယ်။ ဒီလိုနဲ့ ဘင်္ဂလားဒေ့ရှ်က တောင်းရမ်းစားသောက်နေရတဲ့လူတန်းစားတွေ ကိုယ်ပိုင်အလုပ်အကိုင်နဲ့ အမှီအခို ကင်းကင်းရပ်တည်လာနိုင်ကြတယ်။

“နိုင်ငံရေးလုပ်တယ်”ဆိုတာလည်း ဒီသဘောပဲဖြစ်တယ်။ တိုင်းပြည်ရဲ့ပြဿနာတိုင်းအတွက်၊ တိုင်းပြည်မှာရှိတဲ့အတိဒုက္ခရောက်နေတဲ့ လူအများစုအတွက် တခါသုံးအကူအညီတွေပေး၊ ဖြေရှင်းမှုတွေလုပ်မယ့်အစား လူအများစုရေရှည်အမြဲတမ်းအကျိုးစီးပွားဖြစ်၊ အမှီအခိုကင်း ရပ်တည်နိုင်ဖို့အတွက် တိုင်းပြည်မှာ စနစ်ကောင်း၊ အုပ်ချုပ်မှုကောင်း၊ ဥပဒေကောင်းတွေပေါ်ဖို့ စနစ်နဲ့အဖွဲ့အစည်းဆိုးကြီးကို တော်လှန်ပြောင်း လဲနိုင်ဖို့ “နိုင်ငံရေးဆိုတာ”လုပ်ရခြင်းဖြစ်တယ်။ ဒီသဘောမှာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့အဓိကအလုပ်ဟာ အရေးပေါ်ရင် ကူညီပေးရတာ မျိုးဖြစ်တဲ့လူမှုရေးလုပ်ငန်းမဟုတ်ဘဲ စနစ်ကိုတော်လှန် (သို့)ထိန်းကျောင်းပြုပြင်ရတဲ့ နိုင်ငံရေးအလုပ်ဖြစ်တယ်။

ဆိုတော့ကာ နိုင်ငံရေးသမားနဲ့အဖွဲ့အစည်းတွေ လူမှု၊ စီးပွား၊ကျန်မာရေး တခဏတာဖြေရှင်းပေးတဲ့ ဆေးမြီးတိုလုပ်ဆောင်ချက်တွေနဲ့ချည်းပဲ ရောင့်ရဲတင်းတိမ်မနေဘဲ တိုင်းပြည်ရဲ့ပင်မရေသောက်မြစ်ရောဂါ ဒီမိုကရေစီခေါင်းပါးမှု၊ တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ဆက်လက် သက်ဆိုးရှည်နေမှုကို အားစိုက်ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးလမ်းစဉ်၊ မူဝါဒရှာကြံချမှတ်ပြီး နိုင်ငံရေးအလုပ်တွေအခုထက်ပိုမိုလုပ်ဖို့ အားသွန်ခွန် စိုက်လုပ်ဖို့အရေးတကြီးလိုအပ်နေပါပြီ။ ခု နိုင်ငံရေးအင်အားစု အများစုလျှောက်လမ်းနေတဲ့ စစ်လွှတ်တော်နိုင်ငံရေးတခုတည်းနဲ့တော့ သိပ်အလုပ်မဖြစ်ဘူးဆိုတာ တိုင်းပြည်ရဲ့မဖြေရှင်းနိုင်သေးတဲ့၊ ဖြေရှင်းနိုင်ဖို့လမ်းစရှာမရဖြစ်နေသေးတဲ့ တိုင်းရင်းသားပြဿနာ၊ အလုပ်သမား၊ လယ်သမား၊ အခြေခံလူတန်းစားတွေရဲ့ပြဿနာတွေက သက်သေပြုနေပါတယ်။

ခေါင်းဆောင်ဆိုတာ ခေါင်းဆောင်ရမယ်
Democratisation စစ်စစ်ဖြစ်ဖို့အတွက် လူထုခေါင်းဆောင်ဆိုသူများ၊ လူထုကိုယ်စားပြုအဖွဲ့အစည်းခေါင်းဆောင်များက လူထုရှေ့က မားမားရပ်၊ အပြောနဲ့မဟုတ် လက်တွေ့ဦးဆောင်ပြဖို့လည်းလိုပါတယ်။ အပြောင်းအလဲတချို့ကြောင့် ယုံထင်၊ကြောင်ထင်ဖြစ် အတွေးအခေါ် ဝေဝါးနေတဲ့ပြည်သူလူထုကို မျက်စိဖွင့်၊ တာဝန်ယူ၊ တာဝန်ခံ၊ အမှန်ကိုချပြ၊ ရေ့ကခေါ်ဆောင်လမ်းပြပြီး ယခုထက်ပို ဦးဆောင်ဖို့လိုပါတယ်။ ပြည်သူတွေ အာဏာရှင်ကနှိပ်စက်လို့အတိဒုက္ခရောက်မှ ဝင်ရောက်ဖြေရှင်းစေ့စပ်ရတဲ့အလုပ်ဟာ လူထုခေါင်းဆောင်ဆိုသူများနဲ့ လူထုကိုယ် စားပြုအဖွဲ့အစည်းတွေရဲ့အလုပ်မဟုတ်ပါ။ ပြည်သူတွေနဲ့အတူရပ်တည်ပြီး ပြည်သူ့ပြဿနာတွေကို ရှေ့က ထုတ်ဖော်ဟစ်ကြွေး၊ မတရားမှု မှန်သမျှကိုတာဝန်ယူမှုရှိရှိ ဦးဆောင်ဆန့်ကျင်ပြမှသာ လူထုခေါင်းဆောင်၊ လူထုကိုယ်စားပြုအဖွဲ့အစည်း ဖြစ်နိုင်ပါမယ်။

လူထုက လူထုအလုပ် လုပ်
ကမ္ဘာ့သမိုင်းရဲ့ Democratisation ဖြစ်စဉ်တိုင်းမှာ လူထုအလုပ်မပါဘဲ၊ လူထုလှုပ်ရှားမှုမဖြစ်ဘဲ အောင်မြင်ပြီးမြောက်ဆုံးခန်းတိုင်ရောက်သွား တယ်ဆိုတာမရှိပါ။ လူထုဟာ မိမိတို့ဘဝလွတ်မြောက်ရေးအတွက် မိမိတို့ဘာသာပဲကြိုးစားလုပ်ကိုင်သွားရတာပါ။ ဗမာ့လူထုအနေနဲ့လည်း ဒီလို လူထုလူပ်ရှားမှုတာဝန်တွေကို စစ်အာဏာရှင်ခေတ်အဆက်ဆက်ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ဖူးပါဘူး။ လက်ရှိအခြေအနေမှာလည်း လူထအတန်းစားအသီးသီးရဲ့ အာဏာရှင်ရဲ့မတရားဖိနှိပ်မှုတွေကို ပြန်လည်တွန်းလှန်တုန့်ပြန်အံ့တုတဲ့ဆန္ဒပြပွဲတွေ၊ သပိတ်တွေ၊ လှုပ်ရှားမှုတွေ နိုင်ငံ အနှံ့အပြားမှာဖြစ်ပေါ်လျက်ပါပဲ။ ဆိုတော့ အမြဲတမ်းတာဝန်ကျေတဲ့လူထုကတော့ ဇွဲမလျှော့၊ စိတ်မပျက်ဘဲ၊ “ကိုယ့်ဘာသာကိုယ်ထူမှ သာ ငါတို့ထနိုင်မှာပဲ”ဆိုတဲ့စိတ်ဓာတ်နဲ့ လူထုလုပ်ရမယ့်အလုပ်တွေကို ဆက်လုပ်ဖို့ပါပဲ။

စာနယ်ဇင်း မီဒီယာရဲ့အလုပ်
ဗွီ. အိုင်. လီနင် (၁၈၇၀-၁၉၂၄) က “မော်စကိုအုံကြွမှု၏သင်ခန်းစာများ”စာအုပ်မှာ “တော်လှန်ရေးအောင်မြင်ဖို့အတွက် ခေတ်နည်းပညာကို အသုံးချပြီး အလုပ်သမားတပ်ဖွဲ့တွေကို ခေတ်မီလက်နက်၊ ဗုံး၊ သေနတ်တွေတပ်ဆင်ပေးရမယ်”လို့ဆိုခဲ့တယ်။ အခု (၂၁)ရာစုခေတ်သစ် အာဏာရှင်ဖိနှိပ်မှုတော်လှန်ရေးတွေမှာလည်း ခေတ်နည်းပညာ၊ ဆက်သွယ်ရေးတိုးတက်ပြောင်းလဲမှုတွေကိုအသုံးချပြီး အလုပ်သမား၊ လယ်သမား၊ အဖိနှိပ်ခံပြည်သူလူထုရဲ့လွတ်မြောက်ရေးတိုက်ပွဲတွေကို အားဖြည့်ပေးရပါမယ်။ ဒီနေရာမှာ စာနယ်ဇင်းမီဒီယာရဲ့ကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ ခေတ်မီလက်နက်အပြည့်အစုံနဲ့ အာဏာရှင်ဒေါက်တိုင်အင်အားကြီး စစ်တပ်နဲ့လုံခြုံရေးအဖွဲ့အစည်းတွေကို လက်နက်နဲ့ပြန်လည်တိုက်လို့ကတော့ ဘယ်လိုမှ အရာမရောက်နိုင်ပါ။ ဒါကြောင့် လူထုကြား လှုပ်ရှားမှုတွေပြန့်ပွားအောင်၊ အာဏာရှင်ရဲ့ လုပ်ရပ်ဆိုးတွေ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ခေတ်မီဆက်သွယ်ရေးနည်းပညာရပ်တွေကိုအသုံးချပြီး လှုံ့ဆော်၊ ဖြန့်ဝေ၊ တင်ပြတဲ့ မီဒီယာဆိုတဲ့လက်နက်နဲ့တိုက်မှသာ အာဏာရှင်တွေ၊ သူတို့ရဲ့လက်ပါးစေ “ဘယ်သူသေသေ ငတေမာ”ရင်ပြီးရောလူတန်းစား စီးပွား သောင်းကျမ်း၊ ရမ်းကားတဲ့လက်တဆုပ်စာခရိုနီတွေအထိနာမှာ ဖြစ်တယ်။ လူထုသပိတ်တိုက်ပွဲသတင်းတွေတင်မကဘဲ အာဏာရှင်တွေနဲ့ အပေါင်းအပါတွေရဲ့အကျင့်ပျက်၊ ခြစား၊ ကိုယ်ကျိုးရှာထင်ရာဆိုင်းနေတဲ့အကြောင်းအရာ၊ အဖြစ်အပျက်တွေကို စုံစမ်း၊ တူးဖော်၊ ရှာဖွေ၊ တင်ပြ တဲ့ “investigative journalism” စာနယ်ဇင်းအလုပ်တွေလည်း အများအပြားလုပ်နိုင်လာဖို့လိုပါတယ်။

ဦးပိုင်လူ မဖြစ်စေနဲ့
အထက်မှာတင်ပြခဲ့တဲ့ တိုင်းပြည် လူထု၊ လူတန်းစားအသီးသီးဖြစ်တဲ့လူထုခေါင်းဆောင်၊ လူထုအဖွဲ့အစည်း၊ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေး အဖွဲ့အစည်း၊ သာမန်ပြည်သူနဲ့သတင်းမီဒီယာတွေ ကိုယ့်တာဝန်၊ ကိုယ်ကျေ၊ တက်ညီလက်ညီ ဝိုင်းဝန်းဖိအားပေး (Force) လုပ်နိုင်မှသာ တိုင်းပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်အမြစ်တွယ်ခဲ့တဲ့ တိုင်းပြည်ရဲ့အဓိကပြဿနာ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းပြီး ဒီမိုကရေစီအသီးအပွင့်တွေ လူအများစုအားလုံးတန်းတူခံစားနိုင်မှာ ဖြစ်တယ်။
လူမှုတရားမျှတမှုအခြေပြု တင်းပြည့်၊ ကျပ်ပြည့်ဒီမိုကရေစီစစ်စစ် တိုင်းပြည်မှာရှင်သန်စေဖို့အတွက် အထက်မှာဆိုခဲ့တဲ့ တိုင်းပြည်ရဲ့ အစုအဖွဲ့အသီးသီးမှာ အာဏာရှင်လက်ဝေခံ၊ အာဏာရှင်စစ်အုပ်စုအကျိုးပြု “ဦးပိုင်လူများ”မမြင်ချင်ပါ။ “ဦးပိုင်လူများ”အမြန်ဆုံးကျဆုံးပါစေ။

လက်ပန်းတောင်းတောင်လူထုကို ဦးညွတ်၊ အလေးပြုလျက်

ငြိမ်းချမ်းအေး
၂၉ ၊ နိုဝင်ဘာ ၊ ၂၀၁၂

(လစဉ်ထုတ် ခေတ်မောင်း အွန်လိုင်းစာစောင် ၊ အတွဲ (၁) ၊ အမှတ် (၇) မှ)
(ဘလော့များ၊ ဖိုရမ်များတွင် ပြန်လည်ဖော်ပြလိုပါက "ခေတ်မောင်း စာစောင် ၊ အတွဲ (၁) ၊ အမှတ် (၇) မှ"ဟုထည့်သွငးပေးပါရန်
(ယူတာက) http://www.facebook.com/nyeinchanaye81

သမ္မတကြီးအမိန့်မပေးဘူးနှင့်ပေးတယ် (မျိုးမြင့်ချိ)

0 comments
သမ္မတသိန်းစိန်ကိုယ်တော်တိုင် အမိန့်မပေးဘူး/ပေးတယ်ဆိုသူတွေကို မေးကြည့်ပြောကြည့်ပါရစေ။ သူဘာလဲ အရင်ကြည့်ကြစို့။ သူလည်းကာ/လုံအဖွဲ့ဝင်။ သူ့သဘောထားမပါပဲ ကာ/လုံအလုပ်မလုပ်သလို ကာ/လုံအလုပ်လုပ်တာ လည်း သူတို့ တစ်စုလုံးတစ်စုံလုံးဆိုင်ရာ အကျိုးစီးပွားအထိုင်ပေါ်ကနေလုပ်ကြတာ။ ဖြစ်တဲ့ကိစ္စပေါ်လိုက်ပြီး၊ တယောက်တလှည့် အလှည့်ကျအလံရှူးလုပ်တဲ့နည်းဟာ ခုချိန်ထိအသုံးတည့်တုန်း။ တစ်စုံလုံးအကျိုးစီးပွားက ၁၉၅၈ ကတည်းကသန္ဓေတည်ခဲ့ပြီး၊ ခုချိန်မှာ ဖွဲ့စည်းပုံနဲ့၊ လွှတ်တော်နဲ့၊ ရွေးကောက်ပွဲနဲ့၊ မှတ်ပုံတင်ပါတီတွေနဲ့အထိုင်ကျ နေပြီဖြစ်တဲ့ စစ်တပိုင်းအစိုးရပါ။ အရောင်တင်ပေးသူတွေနဲ့မို့ ပိုတောင်တောက်ပနေတယ်ထင်ရမယ်။ သူတို့ တလျှောက်လုံးမှာ တစ်စုံလုံးဆိုင်ရာအကျိုးစီးပွားကို ဘယ်တယောက်ကမှ ဖေါက်ပြီးထိပါးခဲ့တာမရှိဘူး။ ဟင်္သာကိုးသောင်းဇာတ်ကို သူတို့ကပိုနောကြေပါတယ်။ တစ်ဦးချင်းအကျိုးစီးပွားက ကိုယ်ပိုင်နဲ့ပုဂ္ဂလိကကိစ္စမျှသာ ဖြစ်ပြီး တစ်စုံးလုံးဆိုင်ရာအကျိုးစီးပွားက ဇာတ်တူခြင်းဖြစ်တယ်။ အဲ့ဒီအသား ဘယ်တော့မှသူတို့မစားခဲ့ဖူးဘူး။ စစ်အုပ်စုနဲ့ စစ်အုပ်စုအကျိုးစီးပွားတိုရဲ့ခေါင်းကိုင်ဖခင်ကြီး ဗိုလ်နေဝင်းဇာတ်သိမ်းမလှခဲ့တာ၊ အကိုင်ခံလိုက်ရတာ၊ ဗိုလ်တင်ဦးလေယဉ်ပျက်ကျရတာ၊ ဗိုလ်ခင်ညွန့်အကိုင်ခံလိုက်ရတာ၊ ဦးတင်ဦး၊ ဘိုနီ၊ မျက်မှန်တင်ဦး၊ ဗိုလ်အောင်ရွှေနဲ့ဆိုရှယ်လစ်တပ်မှူးကြီးများ ပြောရရင်အများသား။ အားလုံးတယောက်နဲ့တယောက် တဂိုဏ်းနဲ့တဂိုဏ်းအပျောက် ရှင်းတာ ဖြုတ်ထုတ်ရှင်းတာ စစ်အုပ်စုအကျိုးစီးပွားကြီးကို သွားထိပါးမိလို့ တနည်းပြောရရင် လူထုဘက်ကိုလိုက်မိလို့ လူထုဘက်ကိုမျက်နှာမူမိလို့မဟုတ်ဘူးတာလူတိုင်းသိတယ်။ အချင်းချင်း စားမာန်ခုတ်ရင်း စားခွက်လုရင်း ကိုယ်ပိုင်အကျိုးစီးပွားတွေ ထိပ်တိုက်တိုးမိကြပြီး အပွန်းအရှတွေဖြစ်ကုန်တာပါ။ ဇာတ်တူခြင်းဆိုတဲ့ အုပ်စုကြီးအကျိုးစီးပွားအသားကိုမစားတော့ အချင်းချင်းသာပြန်ဖဲ့ကြရွဲ့ကြတယ် ဟင်္သာတွေမပျက်တဲ့အပြင် ကိုးသောင်းတော်ကျော်နေပြီ။ ဘယ်သူမှ တစ်စုံလုံးဆိုင်ရာ စစ်အုပ်စုအကျိုးစီးပွားကို ထိပါးတာမရှိခဲ့ဖူးဘူး။ ခုလည်းမရှိသေးဘူး။ နောင်လည်း ရှိမယ်လို့ ဘယ်သူမှအာမ မခံနိုင်ဘူး။ စစ်အုပ်စုအကျိုးစီးပွားဟာ ဘီအီးဒီစီ၊ ဒီအက်စ်အိုင်စတာတွေကနေ စလာလိုက်တာ ခုဦးပိုင်အထိပဲ။ ဦးပိုင်ဟာ စစ်တပ်လက်ဝါးကြီးအုပ် နိုင်ငံတော်အမည်ခံ လက်ဝါးကြီးအုပ်စီးပွားရေးပဲ။ သမ္မတကြီးလည်း အုပ်စုဝင်တယောက်ပဲ ဂိုဏ်းတဂိုဏ်းရဲ့ဂိုဏ်းဝင်ပဲ ဂိုဏ်းသားပဲ။ သူလည်းမထိပါးဘူး။ ထိပါးလို့လည်း မရဘူး။ မရအောင်လည်း အစီအမံနဲ့အုံနဲ့ကျင်းနဲ့ စနစ်တကျတည်ဆောက်ထား အခြေခံရှိနေပြီးသား။ အဲ့ဒါကြီး သွားထိပါးရလောက်အောင် ဦးသိန်းစိန်အဲ့သလောက် မအ ဘူး။ အ ရင် လူတချို့အတွက် သမ္မကြီးလို့ခေါ်စရာတောင် ရှိမယ်မဟုတ်ဘူး။ ကချင်ပြည်နယ်က ပြည်တွင်းစစ်မီး တောက်မြဲလောင်မြဲဖြစ်တာ ကာချုပ်မင်းအောင်လှိုင်တယောက်တည်းကြောင့် မဟုတ်ဘူး။ ငါ..ကာချုပ်ဆိုပြီး ထင်ရာလုပ်လို့မရဘူး။ ကာ/လုံမူအတိုင်း သူလည်းလိုက်နာတာ။ သူ့မှာ ပိုဆိုးတာက နေဝင်းတို့ စောမောင်တို့ သန်းရွှေတို့လို တပ်ကိုတစ်စုံလုံးချုပ်ကိုင်လို့မရဘူး။ ခေတ်မတူဘူး။ နေဝင်းထက်စာရင် သန်းရွှေကမှလုပ်ချင်ရာလုပ်လို့ရခဲ့သေးတယ်။ နေဝင်းကသူ့လောက်မလွတ်လပ်ဖူး။ နေဝင်းက ဖက်ဆစ်တော်လှန်ရေး နယ်ချဲ့ဆန့်ကျင်ရေးထဲက သူ့ဆရာတချို့၊ ထောက်ရမယ့်မျက်နှာတချို့၊ ရဲဘော်သုံးကျိပ်ဝင်တချို့ သူ့ခေတ်မှာရှိနေသေးတော့ ထိန်းပြီးလုပ်ခဲ့ရတယ်။ စစခြင်းပွဲမကြမ်းဝံ့ခဲ့ဘူး။ နောက်မှအပြတ်ကိုင်တာ။ သန်းရွှေက ဝင်လာကတည်းက ဓါးထမ်းပြီးဝင်လာတာ။ မင်းအောင်လှိုင်က သူတို့လိုအခွင့်အရေး အခွင့်အလမ်းနဲ့အခြေအနေမရခဲ့ဘူး။ မရှိခဲ့ဘူး။ တပ်ကိုင်ရတာ ဘာမှမကြာသေးဘူး။ ဝင်ဟေ့ဆိုလို့သာဝင်လာရတယ် သူ့ဇာတ်ရုပ်သူဘာမှန်း ချက်ခြင်းမသိသေးဘူး။ ခုမှ လူရည်လည်ဖို့ စလုပ်ရတုန်း။ ဒါကတစ်ချက်။ နောက်တစ်ချက်က တိုင်းမှူးတွေသူ့လူ မဖြစ်သေးဘူး။ ဖြစ်အောင်လုပ်ဖို့လည်း မလွယ်သေးဘူး။ သူ အာဏာသိမ်းဖို့ဆိုတာ တပ်ကို သူ့လက်သူ့ခြေဖြစ်အောင်လုပ်နိုင်မှရမှာ။ ခု မရသေးတာအမြင်ပဲ။ နောက်တစ်ချက်က ကာချုပ်ဆိုပေမယ့် စီနီယာတွေသြဇာကလွတ်အောင် သူ့လက်သူ့ခြေဖြစ်အောင် တပ်ကိုမလုပ်ရသေး မလုပ်နိုင်သေးဘူး။ တိုင်းမှူးတွေအကုန် သူ့လူတွေမဖြစ်သေးဘူး။ ဖြစ်အောင်လည်း လုပ်မရသေးဘူး။ ကာချုပ်ကအာဏာသိမ်းချင်ရင် အနည်းဆုံးတိုင်းမှူးတွေ သူ့လူဖြစ်အောင် စစ်တိုင်းအားလုံးကသေနတ်တွေအကုန်ကို အမိန့်ပေးနိုင်လောက်အောင် တပ်အပေါ်သြဇာကြီးမှ ရှိမှရတယ်။ မင်းအောင်လှိုင်သြဇာ အဲ့သလောက်မကြီးသေးဘူး။ ကြီးခွင့်မပေးသေးဘူး။ ကြီးခွင့်ပေးလာမယ်၊ ရသွားမယ်ဆိုရင်တော့တမျိုးဖြစ်မယ်။ နေဝင်းအာဏာမသိမ်းခင်ကတည်းက တပ်ကိုတလက်ကိုင်တပ် သူ့တပ်ဖြစ်အောင်လုပ်ထားတာ။ နောက်ပိုင်း သူ့စိတ်တိုင်းကျဖြစ်တော့မှ သူစိတ်ချတဲ့လူတွေလက်ထဲအပ်ပေးတာ။ သန်းရွှေခင်ညွန့်ဂိုဏ်းက စောမောင်ကိုဖယ်ပြီးဝင်ချလာချိန်မှာ စောမောင်ကတပ်အပေါ်တည်ဆောက်ပြီးသား။ ဒါကြောင့် လက်ကျန်စောမောင်ဂိုဏ်းသားတချို့ကို ယာယီသုံးရသေးတယ်။ နောက်တော့ တပ်အပေါ်သူ့သြဇာညောင်းပြီဆိုမှ နံပတ်ဝမ်းနေရာထိုင်ပြီး အာဏာရှင်ကြီးလုပ်ရတာ။ ဂိုဏ်းပေါင်းစုံသန့်ရှင်းရေးလုပ်ပြီး ပြိုင်ဘက်ကင်းလာတာ။ ခု ကာချုပ်က အဲသလိုလုပ်လို့မရနိုင်သေးဘူး။ နောက်ပြီး သမ္မတကြီးအမိန့်ကိုမနာခံပဲ ထင်ရာလုပ်နေတာ မဟုတ်ဘူး။ တစ်စုလုံးတစ်စုံလုံးရဲ့အကျိုးစီးပွားကို သမ္မတကြီးနည်းတူ သူလည်းဖော်ဆောင်ပေးနေတာ။ ကာကွယ်နေရတာ။ ခုနေ မင်းအောင်လှိုင်က သူ့တပ်တွေကို (ကချင်ပြည်နယ်မှာတိုက်နေတာတွေရပ်)လို့ အမိန့်ပေးကြည့်ပါလား။ တိုက်ပွဲတွေမရပ်ခင်မှာတင် မင်းအောင်လှိုင် အရင်ရပ်သွားလိမ့်မယ်။ ဦးသိန်းစိန်က တိုက်ပွဲတွေရပ်လို့ အမိန့်ပေးကြည့်ပါလား သူပဲ အရင်ရပ်သွားမှာပဲ။ပြောရရင် ခုချိန်မှာ တစ်စုံလုံးဆိုင်ရာအကျိုးစီးပွားကို အတိအလင်းအကာအကွယ်ပေးထားတာက ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေပဲ။ အဲ့ဒါနဲ့ အခိုင်အမာအကာအကွယ်ယူပြီး အခိုင်အဖြီးဖြစ်အောင်လုပ်နေတာလည်း လူတိုင်း သိနေတာပဲ။ အဲ့ဒါ သူတို့အသက်ဗူးပဲ။ အဲ့ဒါ ဟင်္သသာတွေအသိုက်ပဲ။ အဲ့ဒီမှာ ဟင်္သာတွေပေါက်တာပဲ။ အဲ့ဒါ သူတို့ရဲ့ ဇာတ်တူခြင်းအဆောက်အဦကြီးပဲ။ အဲ့ဒါကြီး အဲ့ဒီဥပဒေကြီးစိုးမိုးတာကို(တရားဥပဒေစိုမိုးရေး)လို့ပြောရင် နိုင်ငံရေးအဆံချောင်တာပဲ။ ပြောမယ်ဆို လူတိုင်းမှာ ပြောစရာတွေများမှာပါ။ အခြားသူတွေလည်း မိမိအမြင်ကိုပြောကြစေချင်ပါတယ်။ သမ္မတကြီးကိုယုံသူတွေလည်း ဆက်ယုံကြပါစေ။ မယုံသူတွေလည်းမယုံကြပါစေ။ စစ်အုပ်စု၊ စစ်အာဏာ၊ စစ်ဗျူရိုကရေစီယန္တယားနဲ့ စစ်အကျိုးစီးပွားကြီးကိုဖျက်ဖို့ဆန့်ကျင်တွန်းလှန်သူတွေလည်း ဆန့်ကျင်တွန်းလှန်ကြစေပေါ့။ တခါတလေ စကားများမယ်။ တခါတလေ အငြင်းအခုန် သည်းသန်ပြင်းထန်မယ်။ တခါတလေရန်ဖြစ်မယ်။ တခါတလေမှာရန်ဖြစ်ရုံလောက်ပဲ ရန်သူမဖြစ်ကြကြေးပေါ့။ တခါတလေမှာမှာတော့ ရန်ဖြစ်ပြီးနောက် ရန်သူပါဆက်ဖြစ်ကြတာပေါ့။ ဘာဖြစ်လဲ ရန်သူဖြစ်တာ မိတ်ဆွေဖြစ်တာ။ အထူးအဆန်းမှတ်လို့။ ခေတ်က ရန်သူ့ရဲ့ရန်သူဆိုတိုင်း မိတ်ဆွေဖြစ်ကြတဲ့၊ မိတ်ဆွေဖြစ်ရတဲ့၊ မိတ်ဆွေဖြစ်ကြရတဲ့ခေတ်မှ မဟုတ်တော့တာ။ တစ်ခုပဲ ကြားနေသလိုလို ရွှေပြည်အေးလိုလိုမျက်နှာဖုံးစွပ်ပြီး လူသတ်သမားတွေ ရာဇဝတ်ကောင်တွေကို သူတော်ကောင်းတွေနဲ့ကယ်တင်ရှင်တွေ၊ ဒီမိုကရေစီဖခင်ကြီးတွေလို ရာဇဘိသေကခံမပေးကြရင်ပြီးတာပါပဲ။ မျိုးမြင့်ချို

Thursday, November 29, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၃ဝ (မျိုးမြင့်ချို)

1 comments
နိုဝင်ဘာ ၂၉ ရက် ၂ဝ၁၂ နေ့ကအာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး

သောတရှင်များခင်ဗျား…အနာဂတ်စစ်အာဏာအထိုင်ချစချိန်ဖြစ်တဲ့ (၁၉၉၂)ကနေ(၉၅)အထိကာလမှာ စစ်အစိုးနဲ့အပစ်ရပ်ခဲ့တာ စုစုပေါင်း (၇)ဖွဲ့ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဦးဂေဘရယ်ပျံဦးဆောင်တဲ့ KNG လို့ဆိုတဲ့ ကယန်းအမျိုးသားကာကွယ်ရေးအဖွဲ့လည်းပါပါတယ်။ အဲ့ဒီအဖွဲ့ဟာ KNLP လို့ခေါ်တဲ့ ကယန်းပြည်သစ်ပါတီကနေ ခွဲထွက်လာတဲ့အဖွဲ့ဖြစ်ပါတယ်။ စစ်အစိုးရနဲ့အပစ်ရပ်ဖို့ ကြားဝင်ဆောင်ရွက်ပေးသူက ဦးစံအောင်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေက ကျနော်တင်ပြခဲ့တဲ့အဖွဲ့အစည်းတွေနည်းတူ ဒီအဖွဲ့လည်းမိခင်အဖွဲ့အစည်းကနေ ခွဲထွက်လာတာမှန်ပေမယ့် သူ့ကျတော့ မတရားသင်းကနေ ဖျက်ပေးတယ်လို့မတွေ့မိခဲ့ပါဘူး။ ဖော်ဖေါ်ဝါရီ ၂၇ ရက် ၁၉၉၂ ခုနှစ်က အပစ်ရပ်ပြီးတဲ့နောက်မှာ ကယားပြည်နယ်အထူးဒေသ(၁)အဖြစ်နဲ့ ဖယ်ခုံမြို့နယ် မိုးဗြဲဒေသမှာရုံးစိုက်ပြီး စီးပွားရေးလုပ်နေခဲ့ပေမယ့် နောက်ပိုင်းမှာ ဋ္ဌာနေပြည်သူ့စစ်အဖြစ် အသွင်ပြောင်းသွားတာတွေ့ရပါတယ်။

၁ဝ ခုမြောက်အပစ်ရပ်ခဲ့တာကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ဖြစ်ပြီး KIO အဖြစ် ပိုထင်ရှားလူသိများပါတယ်။ ကေအိုင်အိုမှာ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေရယ်လို့ တပ်အနေနဲ့လည်းရှိပါတယ်။ ဒီအဖွဲ့ရဲ့နောက်ခံကို အကျဉ်းချုပ်အဖြစ်တင်ပြရရင် ဦးနုဝန်ကြီးချုပ်အဖြစ်ရှိနေစဉ်က ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် ပြုလုပ်ရေးရည်မှန်းချက်နဲ့
အစီအစဉ်လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီ အစီအစဉ်ကို အခြားဘာသာဝင်တွေမပြောနဲ့ ဗုဒ္ဓဘာသာဝင်ရဟန်းတချို့နဲ့ လူအချို့ကတောင်မနှစ်မြို့လို့ အခြေအတင်အငြင်းအခုံတွေ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီကိစ္စကိုအကြောင်းပြုပြီး ဇော်စိုင်း၊ ဇော်တူး၊ ဇော်ဒန်ဆိုတဲ့ညီအကိုတတွေကဦးဆောင်ပြီး ကချင်လူငယ်တချို့နဲ့အတူ (၁၉၆၁)ခုနှစ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့အဖြစ်နဲ့ စတင်သန္ဓေတည်ခဲ့တာဖြစ်ပါတယ်။ ကာလတခုကြာတဲ့အထိ ဗကပနဲ့မဟာမိတ်တွေ ဖြစ်ခဲ့ဖူးပါတယ်။ အဖွဲ့အစည်းမှာ ခေါင်းဆောင်မှုအပြောင်းအလဲတွေအစဉ်အဆက်ရှိပေမယ့် လူမျိုးစုတော်လှန်ရေးအဖွဲ့တွေထဲမှာတော့ အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုလည်းဖြစ်ပါတယ်။ (၁၉၉၃)ခုနှစ်က စပြီး စစ်အုပ်စုနဲ့ (၅)ကြိမ်တိုင်တိုင်ဆွေးနွေးပြီး တဲ့နောက် (၉၄)ခုနှစ်ရောက်မှ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

သောတရှင်များခင်ဗျား..ကေအိုင်အို/ကေအိုင်အေလို့ဆိုတဲ့ အဲ့ဒီအဖွဲ့မှာ တခြားအပစ်ရပ်အဖွဲ့တွေနဲ့မတူတဲ့ သီးခြားအခြေအနေတချို့ရှိပါတယ်။ အဲဒီအဖွဲ့ဟာ တောခိုပြီးနောက်ပိုင်း မတရားသင်းအဖြစ် အသတ်မှတ်ခံရပေမယ့် ခု အပစ်ရပ်တဲ့အချိန်ထိအောင် မတရားသင်းအဖြစ်ကနေ တရားဝင်ဖျက်ပေးခံရတာတော့ မတွေ့ရပါဘူး။ ဘယ်တုန်းကမမတရားသင်းမဖြစ်ဖူးသူတွေကိုတောင် မတရားသင်းကနေထုတ်ပေးနေရတဲ့အချိန်မျိုးမှာ သူ့တို့ကိုကျတော့အပစ်ရပ်ပြီးတာတောင် မတရားသင်းထဲ ဆက်ထည့်ထားတာကလည်း တွေးစရာဖြစ်နေပါတယ်။ အဲ့ဒီအဖွဲ့ရဲ့ နောက်ထူးခြားချက်တခုက စစ်အုပ်စုဟာ ဒီတဖွဲ့နဲ့ကလွဲလို့ အခြားဘယ်အဖွဲ့အစည်းနဲ့မှ စာချုပ်စာတမ်းနဲ့အပစ်အခတ်ရပ်စဲရေး မလုပ်ခဲ့တာပဲဖစ်ပါတယ်။ အခြားအဖွဲ့တွေနဲ့တော့ Gentleman Agreement လို့ဆိုတဲ့ နှုတ်ကတိနဲ့သာ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာဖြစ်ပါတယ်။ တခါ အပစ်ရပ်ပြီးမကြာခင်မှာပဲ တပ်နေရာချထားရေးတွေနဲ့ပတ်သက်လို့ စစ်အစိုးရနဲ့စစ်ရေးတင်းမာမှုတွေအထိ ပြန်ဖြစ်ခဲ့ရရုံမက ခုချိန်ထိလည်း သူသေကိုယ်သေတိုက်နေရတဲ့အဖွဲ့လည်း ဖြစ်နေပြန်ပါတယ်။ ခုအနေအထားကနေကြည့်ပြောရင် အပစ်အခတ်ရပ်စဲရေးပျက်သွားပြီလို့ ပြောဖို့ခက်သလို မပျက်သေးဘူးလို့လည်းပြောဖို့မလွယ်ပါဘူး။

ပကတိအနေအထားအပေါ်ကနေကြည့်ရမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးကျိုးပေါက်သွားပြီလို့တော့ ဆိုနိုင်ပါတယ်။ အပစ်ရပ်ပြီးကတည်း ပြန်ပြန်တိုက်နေခဲ့ရတာဟာ ခု ဦးသိန်းစိန်ရဲ့ကြံ့ဖွံ့အစိုးရထိတိုင်အောင်ပါပဲ။ တဘက်မှာလည်း ခုခံစစ်ကိုတိုက်နေရင်း တဘက်မှာလည်း နိုင်ငံရေးအရဆွေးနွေးဖို့တောင်းဆိုနေရတဲ့ အနေအထားပါပဲ။ အပစ်ရပ်စဉ်ကရထားခဲ့တဲ့ကတိအတိုင်း နိုင်ငံရေးအရဆွေးနွေးကြမယ်ဆိုတဲ့အဆင့်ကို ခုထိမရောက်သေးတာကတော့ သေချာလှပါတယ်။ လူတွေပြောလေ့ရှိကြတဲ့ “စစ်လည်းမတိုက် ငြိမ်းချမ်းရေးလည်းမရ”ဆိုတဲ့ အခြေအနေလို့တောင် ပြောဖို့ခက်ပါတယ်။ ဖြစ်နေတဲ့အဖြစ်က ငြိမ်းချမ်းရေးမပြောနဲ့ အပစ်အခတ်ရပ်စဲရေးတောင် တည်တည်တန့်တန့်မရှိသေးတဲ့ အနေအထားဖြစ်နေလို့ပါပဲ။

သောတရှင်များခင်ဗျား..စစ်အစိုးရနဲ့ (၁၁)ဖွဲ့မြောက်အပစ်ရပ်ခဲ့တာကတော့ (ကလလတ)လို့ဆိုတဲ့ ကရင်နီပြည်နယ်လူမျိုးပေါင်းစုံလွတ်မြောက်ရးတပ်ဦးဖြစ်ပါတယ်။ ဒီအဖွဲ့ကတော့ သူ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNPP လို့ဆိုတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီကနေ နိုင်ငံရေး သဘောတရားရေးကွဲကြပြဲကြရာကနေ (၁၉၇၈)နှစ်ထဲမှာ ခွဲထွက်လာခဲ့တာဖြစ်ပါတယ်။ (၈ဝ) ခုနှစ်ထဲရောက်တော့ ကလလတအဖြစ်ဖွဲ့စည်းပြီး ဗကပဆီကလက်နက်နဲ့ တခြားအကူအညီတွေယူခဲ့ဖူးပါတယ်။ တခါ (၁၉၈၉)ထဲမှာ ဗကပပြိုကွဲခဲ့ပြီးတဲ့နောက် ကယန်းပြည်သစ်ပါတီ၊ ရလလဖတို့နဲ့ပေါင်းပြီး လူမျိုးပေါင်းစုံပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုအနေနဲ့ ဆက်လုပ်နေခဲ့ပါတယ်။ (၉၄)ခုနှစ်ထဲကျတော့မှ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ့နောက်တော့ ကယားပြည်နယ်အထူးဒေသ(၂)အနေနဲ့ ဟွေဆိုင်းမှာအခြေစိုက်ပါတယ်။ (၂၀၀၉) ထဲရောက်တော့ စစ်အစိုးရရဲ့ဖိအားပေးတာကို တောင့်မခံနိုင်တော့အဆုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပေးလိုက်ပါတယ်။ ပြောရရင် ဒီအဖွဲ့ဟာ တောထဲရှိနေစဉ်ကာကတည်းက မတရားသင်းအဖြစ် အသတ်မှတ်ခံချင်ခံခဲ့ရနိုင်ပါတယ်။ တရားဝင်ထုတ်ဖော်ကြေညာတာကတော့ မကြားမိခဲ့ဖူးပါဘူး။ ဒါပေမယ့် သတ်မှတ်ခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ အပစ်ရပ်ခဲ့တဲ့အချိန်မှာ မတရားသင်းအဖြစ်ကနေ ပယ်ဖျက်ပေးတာတော့မရှိခဲ့ပါဘူး။

သောတရှင်များခင်ဗျား…KNLP လို့ဆိုတဲ့ ကယန်းပြည်သစ်ပါတီကတော့ (၁၂) ဖွဲ့မြောက်အပစ်ရပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ကို (၁၉၆၄) ခုနှစ်မှာ ရွာသူကြီးဗိုလ်ပျံကဦးဆောင်ပြီး ကယန်းတပ်မတော်လို့ စထူထောင်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဖွဲ့ပြီးသိတ်မကြာခင်မှာပဲ စစ်တပ်နဲ့ဖြစ်ခဲ့တဲ့ တိုက်ပွဲတချို့မှာအရေးနိမ့်ခဲ့ပြီးတဲ့နောက် အဖွဲ့ရဲ့ခေါင်းဆောင်အများစု လက်နက်ချသွားခဲ့ပါတယ်။ (၁၉၇ဝ)ခုနှစ်အနှောင်းပိုင်းကာလတွေရာက်တော့မှ ငိန်းကယန်းထန် ခေါ် ဦးရွှေအေးရဲ့ခေါင်းဆောင်မှုနဲ့ ကယန်းပြည်သစ်ပါတီကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲလည်း ဗကပနဲ့ဆက်သွယ်ပြီး လက်နက်နဲ့တခြားအကူအညီတွေယူခဲ့ဖူးပါတယ်။ (၁၉၉၄) ခုနှစ်ထဲမှာ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ပြီး ကယားပြည်နယ် အထူးဒေသ (၃)အနေနဲ့ လွိုင်ကော်မှာရုံးစိုက်ပြီး ဋ္ဌာနချုပ်ကိုတော့ ပြင်ဆောင်မှာထားပါတယ်။ ဒီကယန်းပြည်သစ်ပါတီဟာလည်း သက်တမ်းရှည်ပြီး ဖွဲ့စည်းစည်အချိန်တွေထဲက မတရားသင်းအဖြစ်ရှိနေခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ သူလည်းပဲ ပြည်သူ့စစ်အဖြစ်အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရရဲ့ဖိအားပေးတာတွေခံခဲ့ရပါတယ်။ အပစ်အခတ်ရပ်စဲရေးလုပ်ချိန်မှာ သူ့ကိုလည်း မတရားသင်းအဖြစ်ကနေပယ်ဖျက်ပေးတာတော့ မတွေ့ခဲ့ပါဘူး။
သေတရှင်များခင်ဗျား လာမယ့်အပတ်တွေမှာ ဖော်ပြဖို့ကျန်နေသေးတဲ့အဖွဲ့တချို့အကြောင်းဆက်လက် တင်ပြပေးပါ့မယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား

မြို့တော်ခန်းမထက်ကအလံတော်-၃ (မောင်လှဝင်း-မြင်းခြံ)

0 comments
ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု အတွေ့အကြုံသင်ခန်းစာများ (၃) မြို့တော်ခန်းမထက်က အလံတော်(မောင်လှဝင်း-မြင်းခြံ) [၁၇၈၉ ခုနှစ်က ပြင်သစ်တော်လှန်ရေးဟာ ဓနရှင်တော် လှန်ရေးပဲ။ ဒီတော်လှန်ရေးလည်းဖြစ်ပွားလာရော ပြင်သစ်တော်လှန်ရေးရဲ့အတွေ့အကြုံဟာ ဥရောပသမိုင်းတခုလုံးအပေါ်မှာလွှမ်းမိုးသွားခဲ့တယ်။ ပြင်သစ်ပြည်က (၁၈၄၈)ခုနှစ်တော် လှန်ရေးများဟာလည်း ဆိုရှယ်လစ်တော်လှန်ရေးမဟုတ်ပါဘူး။ ဒါပေမယ့် သူက ဆိုရှယ် လစ်တော်လှန်ရေးအတွက် လမ်းခင်းပေးခဲ့တယ်။ (၁၈၄၈)ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဇွန်လ ပဲရစ် အရေးအခင်းမှာ ရီပတ်ဘလစ်ကင်(သမ္မတဂိုဏ်းသား) ဓနရှင်လူတန်းစားကအလုပ်သမားတွေ ကိုပစ်သတ်ခဲ့တဲ့ဖြစ်ရပ်ကနေညွှန်ပြလိုက်တဲ့အချက်ကတော့ ပစ္စည်းမဲ့လူတန်းစားတခုတည်း သာလျှင် ဆိုရှယ်လစ်လက္ခဏာရှိကြောင်း နောက်ဆုံးအခိုင်အမာပြုသက်သေပြလိုက် တာဖြစ်တယ်။ အဲဒီအချိန် အဲဒီကာလအထိဖြစ်ပွားခဲ့တဲ့ သမိုင်းစဉ်အဆက်ဆက်တော် လှန်ရေးများအားလုံးရဲ့အဆုံးသတ်ရလဒ်ဟာ (နိဂုံးချုပ်ချက်ဟာ)“အုပ်စိုးသူလူတန်းစားတရပ်ရဲ့နေရာမှာ အခြားအုပ်စိုးသူလူတန်း စားတရပ်ကအစားထိုးတဲ့ဖြစ်စဉ်ပဲ”ဖြစ်တယ်။ ဒါပေမယ့် အဲဒီအစားထိုး လိုက်တဲ့လူတန်းစားဟာ အုပ်စိုးခံပြည်သူလူထုနဲ့ ဆက်စပ်နေတဲ့လူနည်းစုကလေးမျှသာဖြစ်ခဲ့တယ်။ ပစ္စည်းမဲ့လူတန်းစားရဲ့လှုပ်ရှားမှုတွေ ကတော့ တော်လှန်ရေးဆင်နွှဲရာမှာ အများတကာ့အများစု ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက် အများတကာ့အများစုကြီးရဲ့ ကိုယ်ပိုင်အသိရှိပြီး အမှီခိုကင်းတဲ့ လှုပ်ရှားမှုတွေဖြစ်လာတယ်။ ပဲရစ်ဘုံအဖွဲ့ကာလမှာကျတော့ ပြင်သစ်ပစ္စည်းမဲ့လူတန်းစားရဲ့သမိုင်းမှာ ပထမဦးဆုံးအကြိမ် အဖြစ်နဲ့ နိုင်ငံရေးအာဏာကို (၂) လတိုင်တိုင်သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါကြောင့် အိန်ဂယ်က “အဲဒီ ပစ္စည်းမဲ့အာဏာဟာ ဘယ်လိုမျိုးလဲဆိုတာ သိလိုကြပါသလား၊ ပဲရစ်ဘုံအဖွဲ့ကိုသာကြည့်လိုက်ကြပါတော့” လို့ ညွှန်ပြခဲ့တယ်]

ပြင်သစ်ပြည်လူတန်းစားတိုက်ပွဲများထဲမှ မာ့က်စ်နှင့်အိန်ဂယ်တို့က ယင်းသို့အလွန်တရာတန်ဖိုးရှိသည့်နိဂုံးချုပ်ချက်များနှင့် သဘောတရားများဆွဲထုတ်ယူနိုင်ခဲ့ကြသည်။ ယင်းကဲ့သို့ နိဂုံးချုပ်ချက်များနှင့်သဘောတရားများ ဆွဲထုတ်ယူနိုင်လောက်အောင် လည်း ပြင်သစ်ပြည်လူတန်းစားတိုက်ပွဲများသည် သမိုင်းအရအရေးပါမှုရှိပြီး ကြွယ်ဝလှသည့်အတွေ့အကြုံများရှိခဲ့ပါသည်။ လူသားတို့သည် မိမိတို့သမိုင်းကို မိမိတို့ကိုယ်တိုင်ရေးခဲ့ကြသည်။ သို့ရာတွင် ထိုသမိုင်းကို သူတို့ဆန္ဒအတိုင်းသူတို့စိတ် တိုင်းကျ ရေးနိုင်ခဲ့ကြသည်မဟုတ်ပါ။ သူတို့ကိုယ်တိုင်ရွေးချယ်ထားသည့် အခြေအနေအောက်မှာရေးနိုင်ခဲ့ကြသည်လည်းမဟုတ်။ အတိတ်ကာလကလက်လွှဲပေးလိုက်ပြီး မျက်မှောက်ကာလမှာ တိုက်ရိုက်ရင်ဆိုင်တွေ့ကြုံနေရသည့်အခြေအနေများအောက်မှာသာ ယင်းသမိုင်းကိုရေးခဲ့ကြရခြင်းဖြစ်သည်။ ကွယ်လွန်သွား ပြီဖြစ်သည့်မျိုးဆက်အားလုံးတို့၏ အစဉ်အလာတွေက သက်ရှိ(လက်ရှိ)နေထိုင်သူများ၏ဦးနှောက်ထဲမှာ ခြောက်အိပ်မက်တခုလို အနှောင့်အယှက်ပြုနေတဲ့ အတွေ့အကြုံအဖြစ် ဝန်ထုပ်ဝန်ပိုးတခုပမာဖိထားပါသည်။ယင်းအတွက် လက်ရှိလူသားများသည် မိမိကိုယ်ကိုတော်လှန်ပြောင်းလဲရာမှာနှင့် အရာကိစ္စတွေကိုတော်လှန်ပြောင်းလဲကြရာတွင် (သို့မဟုတ်)အရင်ဘယ်တုန်းကမှ မတည်ရှိဖူးသေးသောအရာများကိုဖန်တီးကြရာတွင်…အတိအကျပြောရလျှင် အကျပ်အတည်းတွေနှင့်ရင်ဆိုင် ရသည့်ကာလ၊ တော်လှန်ရေးအရေးတကြီးအပူတပြင်းဖြစ်လာသည့်ကာလများတွင် စိုးရိမ်ပူပန်စိတ်များပေါ်လာတတ်ပြီး အတိတ်တုန်းက လှုပ်ရှားပြုမူဆောင်ရွက်ရာတွင်ထားရှိခဲ့ကြသည့်စိတ်ဓာတ်များကို ပြန်လည်၍ထုတ်ယူသုံးစွဲကြရပါသည်။ အတိတ်ကာလ လူသားတို့ထံမှ နာမည်များ…တိုက်ပွဲများ…ကြွေးကြော်သံများ…လုပ်နည်းလုပ်ဟန်နှင့်ထုံးတမ်းစဉ်လာများ …အစရှိသည်တို့ကို ကမ္ဘာ့သမိုင်းမြင်ကွင်းသစ်မှာအသုံးပြုဖို့အတွက် ချေးငှားထုတ်ယူတာမျိုးတွေဖြစ်တတ်သည်။
အတွေ့အကြုံတွေကို လူသားတို့အသုံးချလေ့ရှိသည့်နည်းနာများထဲက အကြောင်းရင်းဥပမာတရပ်ဖြစ်ပါသည်။ လက်ရှိတော်လှန်ရေးများသည် လည်း ဤသဘောအတိုင်း အတိတ်တော်လှန်ရေးအတွေ့အကြုံများကို အသုံးချကြရပါသည်။ (၁၈)ရာစုတုန်းကလိုမျိုး ဓနရှင်တော်လှန်ရေးများသည် မုန်တိုင်းတိုက်သည့်နှယ်အရှိန်လျင်မြန်စွာနှင့် အောင်ပွဲများတခုပြီးတခု ရရှိခဲ့သည်။ အကျိုးဆက်တွေမှာလည်း ပို၍ပို၍ မြင့်မားလာခဲ့သည်။ လူတွေရော၊ အရာကိစ္စတွေပါတောက်ပပြီး အရောင်လက်နေခဲ့ကြသည်။ စိတ်ထဲတွင် ပျော်ရွှင်မှုတွေနှင့်ပြည့်လျှမ်းနေခဲ့ကြသည်။ သို့ရာတွင် ဤအခြင်းအရာများသည် သက်တမ်းတိုခဲ့ကြသည်။ နောက်ဆုံးအဆင့်အထိအောင်ပွဲအရှိန်တက်ခဲ့ပြီး မကြာမီမှာပဲ တနည်းအားဖြင့် မုန်တိုင်းရိုက်ခတ်မှုကာလ၏အကျိုးဆက်များ၊ ရလဒ်များကိုရှင်းရှင်းလင်းလင်းနိဂုံးမချုပ်ရသေးမီမှာပဲ လူ့အဖွဲ့အစည်းသည် ပြန်လည်နိမ့်ကျသွားခဲ့ရပြန်သည်။ ကာလရှည်နိမ့်ကျမှုဟု ဆိုရပါလိမ့်မည်။ ဓနရှင်လူ့အဖွဲ့အစည်းအတွင်းမှ နိမ့်ကျမှုဟုလည်းဆိုနိုင်သည်။ ထို့ကြောင့် (၁၉)ရာစုနှစ် တော်လှန်ရေးမျိုးကဲ့သို့သောပစ္စည်းမဲ့တော်လှန်ရေးများသည် ကိုယ့်ကိုယ်ကိုဝေဖန်သုံးသပ်မှုများ လုပ်ရတော့သည်။ သူတို့၏ ကိုယ်ပိုင်အရေးကိစ္စတွေ၊(တဦးချင်းကိုယ်ကျိုးစီးပွားထိပ် တင်မှုတွေ) ရိုက်ချိုးဖို့ကိုယ့်ဘာသာကြိုးစားရတော့သည်။ အသစ်ပြန်စနိုင်ဖို့အတွက် နောက်ပြန်လှည့်ပြီး ရှင်းရှင်းလင်းလင်းနားလည်အောင် ပြန်လည်သုံးသပ်ရသည်။
ပစ္စည်းမဲ့တို့က ရန်သူကိုဖြိုချတိုက်ပွဲဝင်ခဲ့သည့်အတွေ့အကြုံတွင် သူတို့တိုက်ခိုက်ပစ်လိုက်သည့်ရန်သူများသည် မြေကြီးပေါ်မှာအားယူကာ အသစ်ပြန်လည်ရှင်သန်ပေါက်ဖွားလာခြင်းကို တွေ့မြင်ရသည်။ သူတို့ရှေ့မှာ ကြီးမားသည့်အလုံးအထည်ဖြစ်လာသည်။(ဒါဟာ မာ့က်စ်နဲ့အိန်ဂယ်တို့ရဲ့သုံးသပ်ချက်ပါ။ မျက်မှောက် (၂၁)ရာစုအခြင်းအရာများကလည်း ဒီသုံးသပ်ချက် မှန်ကန်နေကြောင်းတွေ့ရှိရပါတယ်။ စာရေးသူ) အားကောင်းမောင်းသန် ပြန်ဖြစ်လာသည်။ ထိုကြောင့် သူတို့၏ ပထမဆုံးအကြိမ် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည့်ကာလက မိမိတို့၏ချို့ယွင်းချက်၊ အားနည်းချက်၊ မပြည့်စုံမှုများကို ပစ္စည်းမဲ့လူတန်းစားသည် ကိုယ့်ကိုယ်ကိုအညှာတာကင်းမဲ့စွာ ရက်ရက်စက်စက်သရော်သည်။ လှောင်ပြောင်သည်။ အမြဲတမ်း နောက်ဆုတ်တပ်လန်နေရတဲ့အဖြစ်မျိုး ခဏခဏမကြုံစေရန်အတွက် နောက်ပြန်ဆုတ်လို့မရတော့သည့်အနေအထား မရောက်မီအချိန်အတွင်းမှာကိုယ့်ကိုယ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ရေးလုပ်ရခြင်းဖြစ်သည်။ 
ရှေ့တိုက်ပွဲများအတွက် နောက်ပြန်လှည့်ပြီး ရှင်းလင်းအောင်သုံးသပ်ခြင်းသည် ပစ္စည်းမဲ့လူတန်းစားနှင့်အဖိနှိပ်ခံပြည်သူများအတွက် လိုအပ်ချက်တခုဖြစ်ကြောင်းထင်ရှားပါသည်။ ထိုစဉ်က ပြင်သစ်တော်လှန်ရေးအတွင်းဝယ် အလွန်လှပသောကြွေးကြော်တပ်လှန့်သံကလေးတခု ရှိခဲ့ဖူးသည်။ တော်လှန်ရေးတိုက်ပွဲအတွင်း ပါဝင်လာစေဖို့လှုံ့ဆော်သံဖြစ်သလို ကိုယ့်ကိုယ်ကိုဝေဖန်ရေးအတွက်လှုံ့ဆော်သည်လည်းဖြစ်နိုင်သည်။
“အခြေအနေတွေကိုယ်တိုင်က သင်တို့ကို ဖိတ်ခေါ်နေပါတယ်။
ဒီမှာ နှင်းဆီတွေလေ…
ဒီမှာ လာရောက်ကခုန်ကြ။
သင်စွမ်းနိုင်သမျှ
ဒီမှာ ပါဝင်ကပြလှည့်”
ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု အတွေ့အကြုံ သင်ခန်းစားများ – အပိုင်း(၂)
ဥရောပတိုက်အရင်းရှင်စနစ် ခေတ်ထလာမှု
(၁၄)ရာစုနှစ်နှင့် (၁၅)ရာစုနှစ်က ဥရောပတိုက်၏သမိုင်းရုပ်ပုံကားချပ်ကိုကြည့်လျှင် ထုတ်လုပ်ရေးအတတ်ပညာတိုးတက်မြင့်မားလာမှု၊ ကုန်စည်ထုတ်လုပ်ရေးမြင့်မားလာမှုနှင့် ပြည်ပရောင်းဝယ်ဖောက်ကားရေးထွန်းကားလာမှုတို့ကို တွေ့မြင်ရလိမ့်မည်၊ ၄င်းဖြစ်ထွန်းမှုများသည် အီတလီ၊ ပြင်သစ်၊ ဂျာမနီတိုင်းပြည်များ၏မြို့တချို့တွင် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်၊ အထူးသဖြင့် ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်၏။
၎င်းနေရာများတွင် အရင်းရှင်စနစ်ခေတ်ဦးကာလမှသည် အရင်းရှင်စနစ်ခေတ်ကောင်းဆီသို့ တစတစတက်လှမ်းလာနေသောဖြစ်စဉ်ကိုတွေ့ရှိရသည်၊ အရင်းရှင်စနစ်ဖြစ်ထွန်းလာမှုတွင် အကြမ်းအားဖြင့် အခြေခံအချက်(၂) ချက်ရှိသည်၊
(၁) လူနည်းစုဓနရှင်များ၏လက်တွင်းသို့ အရင်းအနှီးများစုပုံရောက်ရှိလာခြင်း၊
(၂) ပစ္စည်းမဲ့များတိုးပွားကြီးထွားလာခြင်း၊
ထိုခေတ်ကာလက ဥရောပတိုက်၏သမိုင်းဖြစ်စဉ်များကိုလေ့လာကြည့်လျှင် အထက်ပါအချက် (၂) ချက်၏ဘောင်အတွင်း အကျုံးဝင်နေသည်ကိုတွေ့ရသည်။
(၁၄၇၅)ခုနှစ်တွင် ရိုင်ဖယ်သေနတ်ကို စတင်တီထွင်ထုတ်လုပ်နိုင်ခဲ့ကြသည်၊ ဤအချက်သည်လည်း ဥရောပတိုက်သားများအနေဖြင့် နယ်မြေသစ်တိုးချဲ့ဝင်ရောက်ရန်။ ဈေးကွက်သစ်ရှာဖွေရန်နှင့် ကိုလိုနီနယ်ပယ်များလုယက်ရန်တို့အတွက် အခွင့်သာမှုဖြစ်စေခဲ့ပြန်သည်။

(၁) လူနည်းစုဓနရှင်များ.လက်တွင်းသို့ အရင်းအနှီးများ စုပုံရောက်ရှိလာခြင်း၊
ဓနရှင်လူတန်းစားဖြစ်တည်ရေးတွင်လည်း လိုအပ်သည့်အခြေခံအချက် ၂ ချက်ရှိသည်။ ထုတ်လုပ်ရေးပရိဘောဂများထူထောင်ခြင်းနှင့် ဖလှယ်ရေးနည်းလမ်းများရှာဖွေခြင်းတို့ ဖြစ်သည်။ ဓနရှင်လူတန်းစားသည် ထုတ်လုပ်ရေးကိရိယာကို အဆက်မပြတ်တော်လှန်ပြောင်းလဲနေရ လေသည်။ တချိန်တည်းတွင် ထုတ်လုပ်ရေးဆက်ဆံမှုကိုလည်း အဆက်မပြတ်တော်လှန်ပြောင်းလဲနေရပြန်သည်၊ ထိုသို့မလုပ်လျှင် သူ  မတည်တံ့နိုင်ပါ။
ပဒေသရာဇ်ခေတ်လက်မှုတပိုင်းစက်မှုလုပ်ငန်းကို ခေတ်သစ်စက်မှုလုပ်ငန်းကအစားထိုးဖယ်ရှားပစ်ခဲ့ရသည်၊ လက်မှုပညာသည်လေးများ၏ အလုပ်ရုံများအား စက်မှုအရင်းရှင်ကြီးများ၏စက်ရုံကြီးများအဖြစ် ပြောင်းပစ်ခဲ့ရသည်။ ၄င်းနောက်တွင် သူ(အရင်းရှင်)သည် စက်မှုလုပ်ငန်းအထွက်ပစ္စည်းကိုရောင်းချဖို့ (ဖလှယ်ဖို့)အတွက် ဈေးကွက်ကိုအဆက်မပြတ်တိုးချဲ့ရန်လည်းလိုအပ်လာသည်။ ထို့ကြောင့် ဓနရှင်လူတန်းစားတို့ ကမ္ဘာအနှံ့ခြေဆန့်ပြေးလွှားကြရခြင်းဖြစ်သည်။ ဤသို့ဖြင့် ကမ္ဘာအနှံ့ခြေဆန့်ရခြင်းတွင် နောက်ထပ်အကြောင်းအချက်များလည်း ရှိသေးသည်။ သူ့စက်ရုံများတွင် ပြည်တွင်းကထွက်ရှိသောကုန်ကြမ်းများကိုသုံးစွဲရုံနှင့်လုံလောက်မှုမရှိတော့၊ အဝေးဆုံးနယ်ပယ်မှ သယ်ဆောင်လာရသောကုန်ကြမ်းများကိုသုံးစွဲရသည့်အခြေအနေသို့ဆိုက်ရောက်လာသည်။ သူ ထုတ်လုပ်လိုက်သော အထွက်ပစ္စည်းများကိုလည်း မိမိပြည်တွင်းမှာသာမက ကမ္ဘာအနှံအပြားကသုံးစွဲလာကြအောင် ပို့ဆောင်ဖြန့်ချိတာလည်းလုပ်လာရသည်။ ဤသို့ဖြင့် ဓနရှင်လူတန်းစားသည် ဖလှယ်ရေးနည်းလမ်းသစ်များရှာဖွေလာရသည်။
ကုန်စည်ရောင်းဝယ်ရေး(ဖလှယ်ရေး) နည်းလမ်းများတိုးပွားများပြားလာသည်နှင့်အမျှ ထုတ်လုပ်ရေးပရိဘောဂထူထောင်မှုသည်လည်း ပိုမိုကြီးမားလာသည်။ သည့်နောက်တွင် အသေးစားထုတ်လုပ်ရေးကလေးများမှာ မောင်းထုတ်ခံလိုက်ရသကဲ့သို့ ဘေးသို့လွင့်ထွက်သွားသည်။ အရင်းရှင်ပိုင်စက်မှုလုပ်ငန်းက ရောင်းဝယ်ဖလှယ်ရေးလုပ်ငန်းများတွင်အချက်အချာဖြစ်လာပြီး ဤနည်းဖြင့် လူနည်းစုဓနရှင်လူတန်းစား၏လက်တွင်းသို့ အရင်းအနှီးများစုပြုံရောက်ရှိလာသည်။

ကိုလိုနီနယ်မြေများ လုယက်ခြင်း။ ကိုလိုနီနိုင်ငံများနှင့်ကုန်စည်ဖလှယ်ခြင်းတို့သည်လည်း အရင်းအနှီးပိုမိုတိုးများလာစေသောအကြောင်းအချက်တခုဖြစ်သည်၊ ဤအချက်က ပြည်ပရောင်းဝယ်မှုထွန်းကားလာစေသည်၊ အကြီးမားဆုံးအမြတ်အစွန်းရရှိစေသော အကြောင်းရင်းလည်းဖြစ်သည်၊။ (၁၁)ရာစုတုန်းက ဘာသာရေးအတွက်တိုက်ခိုက်ခဲ့ရသောခရူးးဆိတ်စစ်ပွဲကြောင့် ဥရောပတိုက်နှင့်အရှေ့တိုင်းနိုင်ငံများ၏ ဆက်သွယ်မှုပိုမိုများပြားလာခဲ့သည်။ ခရူးဆိတ်စစ်ပွဲဆိုသည်မှာ အာရှမိုင်းနားနှင့်ဘိုင်ဇန်တိုင်နိုင်ငံတို့ကို ပြန်လည်သိမ်းပိုက်ပြီး တူရကီလက်ထဲမှ အထွဋ်အမြတ်နယ်မြေ (Holy Land) ကို သိမ်းပိုက်အောင်နိုင်ဖို့အတွက် ဥရောပတိုက်၏အာဏာာပိုင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်အာဗင် (Urban) က (၁ဝ၉၅)ခုနှစ်မှာ စစ်သားစုဆောင်းကာ စတင်တိုက်ခိုက်လာခဲ့သည့်စစ်ပွဲဖြစ်၏၊ ရဟန်းမင်းအဆက်ဆက် ဘုရင်အဆက်ဆက်တိုက်ခိုက်ခဲ့သောစစ်ပွဲဖြစ်သည်။ (၁၂ဝ၃)ခုနှစ်တွင် စတုတ္ထခရူးဆိတ်တပ်မတော်က ကွန်စတန်တီနိုပယ်မြို့ကိုသိမ်းပိုက်ရရှိလိုက်သည်၊ ယင်းနောက် ဗင်းနစ်ရေတပ်သည် အရှေ့နိုင်ငံများသို့ဇိမ်ခံပစ္စည်းအသုံးအဆောင်များ ရောင်းဝယ်ဖောက်ကားမှုလုပ်လာသည်။ မာကိုပိုလိုလက်ထက် (၁၂၅၄)မှ (၁၃၂၄)ခုနှစ်အထိ အရှေ့အနောက် ပင်လယ်ရေကြောင်းခရီး စတင်လမ်းပွင့်ကာကူးသန်း သွားလာနိုင်ခဲ့ကြသည်။ (၁၄၉၈)ခုနှစ်ကစတင်ပြီး ဥရောပတိုက်သားများသည် ဂွတ်ဟုတ်အငူ ( Cape of Good Hope) ကိုကွေ့ပတ်ကာ အရှေ့တိုင်းသို့ ပိုမိုခရီးတို အောင်သွားနိုင်သောလမ်းခရီးကို စတင်တွေ့ရှိခဲ့ကြသည်။ ၄င်းသည်လည်း အရင်းရှင်စနစ်အတွက် ဈေးကွက်တိုးချဲ့ဖို့အတွက်လည်းကောင်း၊ ကိုလိုနီနယ်သစ်ရှာပြီးလုယက်ဖို့အတွက်လည်းကောင်း၊ ၄င်းအပြင်ဤနည်းဖြင့် အရင်းရှင်စနစ်ကိုကြီးထွားစေဖို့အတွက်လည်းကောင်း အခွင့်ကောင်းတခုဖြစ်လာခဲ့သည်။ ပေါ်တူဂီတို့ သည် (၁၄၁၈)ခုနှစ်ကစပြီး အာဖရိကတိုက်အနောက်ဘက်ကမ်းခြေဒေသများသို့ သွားလာလှည့်ပတ်နေခဲ့ကြပါပြီ၊ သူတို့အတွက် ကိုလိုနီနယ်သစ်ရှာဖွေခဲ့ခြင်းဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့် စပိန်နှင့်ပေါ်တူဂီတို့သည် ရေကြောင်းသိပ္ပံကျောင်းများ ဖွင့်လှစ်ခဲ့ကြသည်၊ ပေါ်တူဂီမှမင်းသားဟင်နရီ (Prince Henry) သည် (၁၄၂၁)ခုနှစ်မှသည် (၁၄၆ဝ)ခုနှစ်အထိ အာဖရိကတိုက် အနောက်ဘက်ကမ်းခြေသို့ စူးစမ်းလေ့လာရေးအဖွဲ့များ နှစ်စဉ်စေလွှတ်ခဲ့သည်။
(၁၄၇၅)ခုနှစ်တွင် ရိုင်ဖယ်သေနတ်ကိုစတင်တီထွင်ထုတ်လုပ်နိုင်ခဲ့ကြသည်၊ ဤအချက်သည်လည်း ဥရောပတိုက်သားများ အနေဖြင့် နယ်မြေသစ်တိုးချ့ဝင်ရောက်ရန်။ ဈေးကွက်သစ်ရှာဖွေရန်နှင့်ကိုလိုနီနယ်ပယ်များလုယက်ရန်တို့အတွက် အခွင့်သာမှုဖြစ်စေခဲ့ပြန်သည်။ (၁၄၉၇)ခုနှစ် တွင် ဗာစကိုဒဂါးမား (Vasco da Gama) က ဂွတ်ဟုတ်အငူကိုကွေ့ပတ်ပြီး အိန္ဒိယပြည်သို့ စတင်ရောက်ရှိသွားနိုင်ခဲ့သည်။ (၁၅၂၁)တွင် စပိန်ဘုရင်၏စေလွှတ်ချက်အရ မက်ဂျယ်လန် (Magillan) သည် အတ္တလန္တိတ်နှင့်ပစိဖိတ်သမုဒ္ဒရာကိုကျော်ဖြတ်သည့်လမ်းကြောင်းမှတဆင့် အရှေ့အိန္ဒိယက္မန်းစုသို့ရောက်ရှိသွားခဲ့ပြန်သည်။
ထိုအချိန်က ဥရောပတိုက်သည် အမျိုးသားဘုရင်စနစ် (National Monarchy) ထွန်းကားနေသည့်အချိန်ဖြစ်၏။ ဘူး (Bourg) မြို့များ ဓနရှင်လူတန်းစား၏တစိတ်တပိုင်းဖြစ်တည်လာခြင်းက ဘုရင်၏သြဇာအာဏာကြီးထွားရေးကို အထောက်အကူပြုပေးခဲ့သည်။ ဥရောပတိုက်တွင် ယခင်က ပဒေသရာဇ်နယ်စားပယ်စားတွေက ဘုရင်ထက်ပိုမို၍ သြဇာအာဏာလွှမ်းမိုးထားနိုင်သော အနေအထားတွင်ရှိခဲ့သည်။ သို့အတွက် ဘုရင်နှင့်နယ်စားပယ်စားတွေအကြား အကျိုးစီးပွားအရနှင့်အုပ်ချုပ်ရေးအရ ထိပ်တိုက်ပဋ္ဋိပက္ခဖြစ်ခဲ့ကြသည်။ ယင်းအခြေအနေတွင် ဘုရင်သည် ဓနရှင်လူတန်းစားသစ်၏ လူအားရောငွေကြေးထောက်ပံ့မှုအားကိုပါအသုံးပြုပြီး မြေရှင်ပဒေသရာဇ်လူတန်းစားတို့၏ လွှမ်းမိုးချုပ်ကိုင်မှုတို့ကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် ဘုရင်၏သြဇာအာဏာကြီးထွားလာပြီး အင်္ဂလန်၊ ပြင်သစ်၊ စပိန်စသောနိုင်ငံတို့တွင် အမျိုးသားဘုရင်စနစ် (National Monarchy) စတင်ထွန်းကားလာသည်။
အရှေ့တိုင်းသို့သွားသောရေကြောင်းခရီးလမ်းပွင့်သွားသည့်အခါ…. ဥရောပတိုက်သားများသည် ယခင်က အိန္ဒိယသမုဒ္ဒရာတလွှား ကူးသန်းရောင်းဝယ်ရေးကိုချုပ်ကိုင်ခဲ့ကြသောအာရပ်နှင့်အရှေ့အိန္ဒိယသားတို့ကိုဖိနှိမ်ဖယ်ရှားပြီး အရှေ့တိုင်းဆိုင်ရာကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကို လုယက်ခဲ့ကြသည်။ ဤဖြစ်စဉ်မှာ လွယ်ကူချောမွေ့စွာဖြစ်လာခဲ့သည်တော့ မဟုတ်ပါ။ အာရပ်ရေတပ်ကို တိုက်ပွဲများတိုက်ပြီး ဖျက်ဆီးအနိုင်ယူခဲ့ရခြင်း ဖြစ်ပါသည်။
ပေါ်တူဂီတို့သည် အိန္ဒိယအနောက်ဘက်ကမ်းခြေမှ ဂိုအာ (Goaသ)မြို့တွင်အခြေစိုက်ပြီး အိန္ဒိယသမုဒ္ဒရာအနောက်ခြမ်းကို လွှမ်းမိုးချုပ်ကိုင်ခဲ့ ကြသည်၊ ဟင်းခတ်အမွှေးအကြိုင်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကိုလက်ဝါးကြီးအုပ်ရေးရည်ရွယ်ပြီး (၁၅၁၁)ခုနှစ်တွင် မလက္ကာကိုသိမ်းယူခဲ့ကြသည်၊ ထို့ကြောင့် စူလတန်နှင့်ပေါ်တူဂီတို့သည်(၁၅၂၆)ခုနှစ်အထိ တိုက်ပွဲများတိုက်လာခဲ့ကြရသည်။ ပေါ်တူဂီတို့သည် (၁၅၁၄)ခုနှစ် တွင် တရုတ်နိုင်ငံတောင်ဘက်ကမ်းခြေသို့ စတင်ရောက်ရှိလာကြသည်။ သို့ရာတွင် တရုတ်တို့က ပေါ်တူဂီတို့အကြောင်းကိုသိထားပြီးသား။ ထို့ကြောင့် တရုတ်က ပေါ်တူဂီတို့ကိုလက်မခံခဲ့ကြ။ ဤသို့ဖြစ်သည့်တိုင်ပေါ်တူဂီတို့သည် (၁၅၅၇)ခုနှစ်တွင် တရုတ်နိုင်ငံတောင်ပိုင်းရှိ မကာအိုကို အခြေစိုက်နေထိုင်ခွင့်ရအောင်ကြိုးပမ်းနိုင်ခဲ့ကြသည်။ ဤအခြေအနေများနှင့်စပ်လျဉ်း၍ ကားလ်မာ့က်စ်က “ဓနရှင်လူတန်းစားရဲ့ ဈေးပေါတဲ့ကုန်စည်တွေဟာ တရုတ်တံတိုင်းကြီးတွေအားလုံးကို ဖြိုခွဲဖျက်ဆီးပစ်လိုက်တဲ့ အမြောက်ကြီးတွေဖြစ်ခဲ့ကြတယ်” ဟု မှတ်ချက်ချခဲ့သည်၊ ပေါ်တူဂီတို့သည် ဂျပန်နှင့်လည်း ကူးသန်းရောင်းဝယ်ရေးလုပ်ခဲ့ကြသည်၊ ပေါ်တူဂီတို့သည် မြန်မာပြည်ကိုပင်လျှင်အလွတ်မပေးခဲ့ပါ၊ ပေါ်တူဂီဒီဘရစ်တို ( de Brito) သည် (၁၅၉၉)ခုတွင် သံလျှင်ကိုသိမ်းပိုက်ခဲ့သည်။ သို့သော်လည်း (၁၆၁၃)ခုနှစ်တွင် အနောက်ဘက်လွန်မင်း က သံလျှင်ကိုပြန်လည်သိမ်းယူပြီး ဒီဘရစ်တိုကို ကွပ်မျက်ပစ်ခဲ့သည်။

ဥရောပတိုက်သားများ အရှေ့တိုင်းသို့သွားရောက်ပြီး ကူးသန်းရောင်းဝယ်ရေးလုပ်ကြသည့်အခါ ဤလုပ်ငန်းသည် ကုန်သည်တဦးချင်း၏ ဓနအင်အားနှင့်မစွမ်းဆောင်နိုင်တော့သည့်မနိုင်ဝန်ဖြစ်လာခဲ့သည်။ ထို့ကြောင့် စုပေါင်းအရင်းအနှီးနှင့်ကုမ္ပဏီများ စတင်ထူထောင်လာကြရ တော့သည်။
(၁၂)ရာစုကတည်းက ဥရောပမြို့ကြီးများတွင် ကုန်သည်ကြီးများအသင်းဆိုတာမျိုးရှိနေခဲ့ပြီ။ (၁၂)ရာစုမှသည် (၁၅)ရာစုအတွင်း အီတလီပြည်ကိုဗဟိုပြုပြီး ဘဏ်စနစ်ဖွံ့ဖြိုးလာခဲ့သည်။ ဤအချက်က ကိုလိုနီဈေးကွက်သစ်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကို များစွာအထောက်အကူပြုပေးခဲ့သည်။ ဤနည်းဖြင့် အင်္ဂလိပ်အရှေ့အိန္ဒိယ ကုမ္ပဏီ၊ ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီနှင့်ပြင်သစ် အရှေ့အိန္ဒိယကုမ္ပဏီ…..စသည်တို့ ပေါ်လာခဲ့ကြသည်။ ဤသို့သောကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနိုင်ငံ၏ဘုရင်များက အပြိုင်အဆိုင်အားပေးအားမြှောက်ပြုခဲ့ကြသည်။ ချုပ်ကြည့်လျှင် အရှေ့တိုင်းဆိုင်ရာကုန်သွယ်မှု၊ လုယက်မှု၊ သွေးစုပ်မှုတို့မှရရှိလာသောအမြတ်အစွန်းများသည် ဥရောပတိုက် အရင်းရှင်စနစ်ကြီးထွားဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေခဲ့သည်။ အထောက်အကူပြုပေးသည့်အတိုင်းအတာ ပမာဏသည်လည်း ကြီးမားသည်ဟုဆိုနိုင်သည်၊ ဥပမာ — (၁၇၆ဝ)ခုနှစ်က အင်္ဂလန်၏ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ပေါင်ငွေ ၆-သန်း။ ၇ သန်းသာ ရှိနေသေးသည့်အချိန်တွင် အိန္ဒိယပြည်မှအင်္ဂလန်သို့ “ပဏ္ဏာ”အဖြစ်ဆက်သရသည့်အခွန်တော်ငွေသည်ပင်လျှင် တနှစ်လျှင် ပေါင် ၂-သန်း အရေအတွက်ရှိခဲ့သည်။
ဥရောပဓနရှင်လူတန်းစား၏ တခြားသောကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတခုမှာ “ကျွန်ကုန်ကူးခြင်း” ဖြစ်သည်၊ ဥရောပတိုက်သားတို့သည် အမေရိကတိုက်တွင်ကိုလိုနီထူထောင်ပြီး သီးနှံများစိုက်ပျိုးလာကြသည့်အခါ လုပ်အားမလုံလောက်မှုဖြစ်ခဲ့သည်၊ ထို့ကြောင့် အာဖရိကတိုက် အနောက်ဘက်ကမ်းခြေမှတိုင်းရင်းသားတို့ကို အမေရိကသို့ ကျွန်အဖြစ်တင်ပို့ရောင်းချကြသည်။ ဥရောပတိုက်သားတို့ အမေရိကတိုက်ကိုတွေ့ရှိလိုက်ခြင်းသည် ရွှေကြောကြီးတွေ့ရှိလိုက်သည့်နှယ်ဖြစ်ခဲ့ရသည်။ (တကယ့်ရွှေများကိုလည်း ရရှိခဲ့ကြပါသေးသည်။) သို့ရာတွင် တခြား သောလူ့အဖွဲ့အစည်းတခုမှာကား နာလန်ပြန်မထူနိုင်တော့သည်အထိ ဖျက်ဆီးပစ်ခြင်းခံခဲ့ရသည်။ (အမေရိကတိုက်မှ ဒေသခံတိုင်းရင်းသားများ) တခြားသောလူ့အဖွဲ့အစည်းတခုသည်လည်း ကျွန်ပြုခံလိုက်ရသည်။ (အာဖရိကတိုက်မှ ဒေသခံတိုင်းရင်းသားများ)အမေရိကတိုက် (ကမ္ဘာသစ်)ကို (၁၄၉၂)ခုနှစ်မှာ ကိုလံဘတ်(Columbus)ွ က စပိန်နယ်သစ်ရှာဖွေသူများနှင့်အတူရောက်ရှိသွားခဲ့ကြပြီး ကမ္ဘာသစ်ကိုသိမ်းပိုက်နိုင်အောင်ကြိုးပမ်းခဲ့ကြသည်။ (၁၄၅၁)ခုနှစ်မှသည် (၁၅၂၆)ခုအတွင်းဟု အကြမ်းအားဖြင့်သတ်မှတ်နိုင်သည်။ အမေရိကတိုက်သို့ ရှေးဦး ရောက်ရှိသွားခဲ့သူ အမေရိဂိုဗက်စ်ပုချီ (Amerigo Vespucci) က သူ ရောက်ရှိသွားခဲ့သောကမ္ဘာသစ်အကြောင်း စာဖြင့်ရေးသားဖြန့်ချိခြင်း ပြုလုပ်ခဲ့သည်။ သူ့ကိုအစွဲပြုပြီး ယင်းကမ္ဘာသစ်ကို ‘အမေရိက’ ဟု အမည်ပေးခဲ့ခြင်းသာဖြစ်သည်။ (၁၅၁၉-၂၁)ခုနှစ်များတွင် စပိန်စွန့်စားသူ (Corte’s) က မက္ကဆီကိုအားသိမ်းပိုက်ခဲ့သည်။ ပီဇာရို (Pizarro) က (၁၅၃၁-၃၅) ခုနှစ်များတွင် ပီရူးကိုသိမ်းပိုက်သည်။ ယင်းဒေသများကို ဗဟိုပြုပြီး ရေကြောင်းနှင့်ကုန်းကြောင်းတို့မှချီတက်ပြီး တောင်အမေရိကတလွှား နယ်မြေအများအပြားကို ထပ်မံသိမ်းယူခဲ့ကြပြန်သည်။ (၁၆)ရာစုသို့ရောက်ရှိသည့်အခါတွင် (ဘရာဇီးလ်ကို ပေါ်တူဂီတို့သိမ်းပိုက်ထားခြင်းမှအပ) လက်တင်အမေရိကတခုလုံးကို စပိန်တို့သိမ်းပိုက်ပြီးဖြစ်သွားသည်။ (ရင်းမြစ်ကျကျလေ့လာလျှင် အလွန်အဆင့်အတန်းမြင့်မား ခဲ့ကြောင်းသိရှိလာရသော) အင်ဒီးယန်းယဉ်ကျေးမှုသည် ခရစ်ယာန်ယဉ်ကျေးမှုသစ်အောက်တွင် တနည်းပြောရလျှင် လူဖြူနှင့်စပိန်ကပြားတို့၏ဓနရှင်ယဉ်ကျေးမှုသစ်အောက်တွင် တိမ်ကောပပျောက်သွားသည့်အဖြစ်သို့ ဆိုက်ရောက်ခဲ့ရသည်။ (၁၅၄၁)ခုနှစ်တဝိုက်က အင်ဒီးယန်းတို့ကို စပိန်တို့ကသတ်ဖြတ်ချေမှုန်းခဲ့သည်မှာအရေအတွက် (၁၂)သန်းမှ (၁၅)သန်းအထိ ရှိခဲ့သည်။ သူတို့သည် (၁၅၂၁)ခုနှစ်မှ (၁၅၆ဝ)ခုနှစ်အထိ ကမ္ဘာသစ်မှ ရွှေ (၁၅၇,ဝဝဝ)ကီလို။ ရွှေဖြူ (၄,၆၇ဝ,ဝဝဝ)ကီလို ရရှိသွားခဲ့ကြသည်။ ကိုလံဘတ် ပထမဦးဆုံးစတင်ခြေချခဲ့ရာနေရာဖြစ်သော ‘မောတီ’ ဒေသခံ ဟာရာဝက်အင်ဒီးယန်းလူမျိုး သန်းဝက်လောက်သည် မျိုးဆက် (၂ )က်အတွင်း မျိုးပြုတ်အောင်အသတ်ခံခဲ့ကြရသည်။ မက္ကဆီကိုတွင် (၁၅၂ဝ)ခုနှစ်က အင်ဒီးယန်း လူဦးရေသန်း(၂ဝ)ရှိခဲ့ရာက (၁၆ဝ၇)ခုနှစ်တွင် (၂)သန်းလောက်သာကျန်တော့သည့်အခြေ ဆိုက်ရောက်သွားခဲ့ရသည်၊ ထို့ကြောင့် ကားလ်မာ့က်စ်က “ဥရောပတိုက်တွင် အခစားအလုပ်သမားများကို ဇာပဝါပါးဖုံးပြီးကျွန်ပြုခဲ့သည်၊ ကမ္ဘာသစ်ကကျွန်ပြုခြင်းတွင်မူ ကျွန်ပြုမှုကို အောက်ခြေပဏ္ဏက် စိုက်ပြီး ဗြောင်ကျကျပြုလုပ်ခဲ့ကြလေသည်” ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ဒေသခံတိုင်းရင်းသားများနေထိုင်ခဲ့သော နေရာဒေသများတွင် ဒေသခံများအစား ကျွန်တို့ဖြင့်အစားထိုးခဲ့ခြင်းဖြစ်သည်။ အာဖရိကတိုက်သားများအား ကျွန်အဖြစ်ကုန်ကူးခြင်းနှင့် စပ်လျဉ်းသောစာရင်းဇယားများကို လေ့လာကြည့်ရှုမည်ဆိုပါက….
အမေရိကတိုက်သို့ ကျွန်အဖြစ်အပို့ခံကြရသော အာဖရိကတိုက်သားများအရေအတွက်သည်….
၁၆ ရာစုနှစ်တွင် ၉ဝဝ,ဝဝဝ။
၁၇ ရာစုနှစ်တွင် ၂,၇၅ဝ,ဝဝဝ။
၁၈ ရာစုနှစ်တွင် ၇,ဝဝဝ,ဝဝဝ။
အနှစ် ၄ဝဝ အတွင်း အာဖရိကတိုက်သား သန်း (၁ဝဝ)ခန့် ကျွန်ပြုခံရသည့်အဖြစ်အောက်တွင် နည်းမျိုးစုံဖြင့်သေကြေသွားခဲ့ရသည်။ ၄င်းအပြင် (၁၅)ရာစုအနှောင်းပိုင်းမှသည် (၁၆)ရာစု အနှောင်းပိုင်းကာလအတွင်း ပေါ်တူဂီတို့သည် အာဖရိကတိုက်မှနေ၍ ရွှေ (၂၇ဝ,ဝဝဝ) ကီလိုဂရမ်ကို ရယူသွားနိုင်ခဲ့ကြသည်။
(ဒီစာတမ်းကိုအပိုင်း ဆယ်ပိုင်းခွဲထားတာတွေ့ရပါတယ်။ စာမျက်နှာအနေနဲ့ ၆ဝ လောက်ရှိပါတယ်။ အကုန်လုံးတချိန်တည်းတင်မရတာရယ်၊ ဖတ်သူအနေနဲ့ နားနားဖတ် ပြန်ပြန်တွေးဖို့အချိန်လိုမယ်လို့ယူဆတာရယ်ကြောင့် တစ်ကြိမ်တင် ၂ မျက်နှာနှုန်းနဲ့ အကြိမ် ၃ဝ ခွဲတင်မယ်တွေးမိ ပါတယ်။ လူ့သမိုင်းမှာရှောင်လို့မရတဲ့ရုန်းကန်ရင်ဆိုင်ရမှုတွေအကြောင်း လေ့လာတယ်ဆိုတာကိစ္စကောင်းဖြစ်သလို၊ ကိုယ်တိုင်“ဆိုင်”ရမယ့် အခါမှာလည်း အတွေးအခေါ်အရ၊ လုပ်ဟန်နည်းနာအရ၊ လက်တွေ့အရပြင်ဖို့အထောက်အမဖြစ်ဖို့ရည်ရွယ်ပါတယ်။ (မျိုးမြင့်ချို)