အစိုးရသစ်နဲ့လွှတ်တော်သစ်ရင်ဆိုင်ရမယ့် ပြဿနာ သုံးရပ်
ဒီကနေ့ကာလမှာ “ဖက်ဒရယ်”အကြောင်း ပြောဆိုဆွေးနွေးနေကြတဲ့အခါမှာ အန္တရာယ်နှစ်ခုရှိနေတာကို သတိပြုမိကြလိမ့်မယ်လို့ ထင်ပါတယ်။
ပထမတစ်ခုက “ခွဲထွက်ကြလိမ့်မယ်၊ ပြည်ထောင်စုကြီး ပြိုကွဲလိမ့်မယ်”ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုကအာဏာသိမ်းမယ့်အန္တရာယ်ဖြစ်ပြီး၊ ဒုတိယ တစ်ခုကတော့ “အတုအယောင်ဖက်ဒရယ်”ညွှတ်ကွင်းထဲ သက်ဆင်းကျရောက် သွားနိုင်တဲ့အန္တရာယ်တွေပဲဖြစ်ပါတယ်။
အဲဒီလို သတ်ကွင်းတွေ၊ ညွတ်ကွင်းတွေထောင်ထားတဲ့ အနေအထားအောက်မှာ လက်ရှိစစ်အုပ်စုက “ဖက်ဒရယ်စကား”ကို ပြောလာနေတာပါ။
သူတို့ပြောနေတဲ့ “ဖက်ဒရယ်”ဆိုတာက သမ္မတကပြောတဲ့အခါ “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီး”လို့ဆိုပြီး။ ကာချုပ်ကပြောတဲ့အခါမှာ “ဒီမိုကရေစီနဲ့ Federalကို အခြေခံတဲ့ ပြည်ထောင်စုအရေး”ဆိုပြီးတော့ဖြစ်ပါတယ်။ ဘာမှ မကွဲဘူး အတူတူပဲ။
ဒီတူညီချက်အပြင် အရေးကြီးတဲ့အချက်က သူတို့ပြောနေတဲ့ ဖက်ဒရယ်ဆိုတာကို “၂၀၀၈ အခြေခံဥပဒေဘောင်”ထဲကနေသွားဖို့ဖြစ်တယ်။
ဒီလိုသွားဖို့ရာမှာလည်း ကြိုတင်ကန့်သတ်ချက်ထားက ရှိသေးတယ်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဆိုရင်(NCA) စာချုပ် လက်မှတ်ထိုးထားသူဖြစ်စေ/မထိုးရသေးသူဖြစ်ပါစေ (DDR/SSR) လုပ်ငန်းစဉ်ကို လိုက်နာကြရမယ်။ ဒါမှ “ဖက်ဒရယ် ပြည်ထောင်စုအရေး”ျဆွေးနွေးရာမှာ ပါဝင်ဆွေးနွေးနိုင်ခွင့်ရှိမှာ ဖြစ်တယ်။ ဒီအချက်ကို လက်ရှိကာချုပ်က “ငြိမ်းညီလာခံ”ဖွင့်ပွဲနဲ့ စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံရာမှာ အလေးတင်းပြီး ပြောသွားတာတွေ့ရတယ်။
ကာချုပ်ရဲ့ပြောဆိုချက် အနှစ်သာရက လက်နက်ကိုင်ပြီး နိုင်ငံရေးစကားမပြောရ/လက်နက်ချပြီးမှသာ/လက်နက်အပ်ပြီးမှသာ၊ လက်နက်ဖြုတ်သိမ်းပြီးမှသာ နိုင်ငံရေးစကား ပြောခွင့်ပေးမယ်ဆိုတာပါပဲ။ ဒီလို လက်နက်ချရမယ်ဆိုတာကို နှစ်ကြိမ်နှစ်ခါပြောနေတာဟာ
လက်နက်ကိုင်အင်အားစုတွေဘက်ကိုသာ ရည်ရွယ်ပုံမကဘဲ ပေါ်လာမယ့်“အစိုးရသစ်နဲ့လွှတ်တော်သစ်”ကိုပါ တမင်တကာရည်ရွယ်ပြီး သတိပေးတာဖြစ်မယ်လို့ ယူဆပါတယ်။
“လက်နက်အရင်ချရမယ်၊ ပြီးမှ နိုင်ငံရေးစကား ပြောခွင့်ပေးမယ်” ဆိုတာ အုပ်စိုးသူအစိုးရအဆက်ဆက် မပြောင်းမလဲ တစ်ဖက်သတ် အသေကိုင်စွဲခဲ့ကြတဲ့၊ ကိုင်စွဲနေကြဆဲဖြစ်တဲ့ သဘောထားနဲ့ ရပ်တည်ချက်ပဲဖြစ်ပါတယ်။
အုပ်စိုးသူအစိုးရအဆက်ဆက် ရပ်တည်ကိုင်စွဲခဲ့ကြတဲ့ ငြိမ်းချမ်းရေးပေါ်လစီရဲ့ အတွင်းသဘောနဲ့ အနှစ်သာရလည်း ဖြစ်တယ်။
ဒါကြောင့်ကာချုပ်ကဒီသဘောထား၊ ဒီရပ်တည်ချက်အတိုင်း လိုက်နာကိုင်စွဲဖို့ “အစိုးရသစ်နဲ့လွှတ်တော်သစ်”ကို ဖိအားပေးနေတာ၊ လမ်းကြောင်းပေးနေတာပါ။
ဒီသဘောထား၊ ဒီရပ်တည်ချက်အတိုင်း အသေကိုင်စွဲထားလို့ကတော့ “ထာဝရငြိမ်းချမ်းရေး”ဟာ ထာဝစဉ် ဝေးကွာမြဲဝေးကွာနေမှာပဲဖြစ်တယ်ဆိုတာကို ဖြတ်သန်းလာခဲ့တဲ့ အနှစ် ၇၀ နီးပါး ပြည်တွင်းစစ်သမိုင်းက လက်တွေ့သက်သေပြသနေပါတယ်။
အုပ်စိုးသူအစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေး မရရှိခဲ့ကြတာဟာ ဒီသဘောထား၊ ဒီရပ်တည်ချက်ကို အလျော့မပေးစတမ်း တစ်ဖက်သတ်အသေကိုင်စွဲထားခဲ့ကြလို့ပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီပေါ်လစီရဲ့အကျိုးဆက်အနေနဲ့ (ဖဆပလ)အစိုးရမှ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအထိ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှ “ငြိမ်းချမ်းရေး” မရရှိခဲ့ကြပါဘူး။ ပုံစံအမျိုးမျိုး၊ နာမည်လှလှလေးတွေတပ်ထားတဲ့ လက်နက်ချပွဲတွေ/လက်နက်စွန့်လွှတ် အပ်နှံပွဲဆိုတာတွေတော့ စည်စည်ကားကား ရှိခဲ့ဖူးပါတယ်။ နိဂုံးချုပ်လိုက်တော့ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးလည်း တကယ်တမ်းမရခဲ့သလို၊ ဖက်ဒရယ်ပြည်ထောင်စုလည်း ပေါ်ပေါက်မလာခဲ့ပါဘူး။
အခုနောက်ဆုံးပေါ်နှပ်ကြောင်းကတော့ တိုင်းရင်းသားလူငယ်တွေက “လက်နက်မကိုင်ချင်ကြတော့ဘူး -Laptop ပဲကိုင်ချင်ကြတော့တယ်”ဆိုတာပါပဲ။ “လက်နက်အရင်ချရမယ်၊ ပြီးမှ နိုင်ငံရေးစကားပြောခွင့်ပေးမယ်”ဆိုတဲ့ပေါ်လစီရဲ့ ဒိုင်ကြောင်တစ်ခုဖြစ်ပါ တယ်။
ဖက်ဒရယ်စကားပြောလို့ရလာတော့ ဖက်ဒရယ်အကြောင်း ကိုယ့်ရှုထောင့်နဲ့ကိုယ်၊ အသီးသီးကိုယ်စီကိုယ်ငှ ပြောလာကြပါတယ်။ ဒါဟာ တစ်ဖက်ကပြောရင် ကောင်းတဲ့ကိစ္စပါ။ သဘောထားတွေ၊ အမြင်တွေ၊ ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း သိရတာမို့ ကြိုဆိုကြရမယ့်ကိစ္စပါ။ ဒီလိုပြောနေတာနဲ့တပြိုင်နက်တည်း အထက်မှာ သတိပေးခဲ့တဲ့ အန္တရာယ်နှစ်ခု တည်ရှိနေတာကိုလည်း အားလုံးက အသိအမှတ်ပြုထားကြဖို့ လိုပါတယ်။
ဒါ့အပြင် “၈ ပြည်နယ်မူနဲ့ ၁၄ ပြည်နယ်မူ”ဆိုတဲ့ ကွဲလွဲမှုတွေ၊ ပြည်နယ်ဖွဲ့စည်းပေးဖို့တောင်းဆိုနေတဲ့အသံတွေ၊ ဒါ့အပြင် “ပ လက်ဝ နယ်ထဲက ထွက်မသွားရင်တိုက်ထုတ်မယ်”ဆိုတဲ့ အပြောအဆိုမျိုးတွေ၊ ရှမ်းနီအမျိုးသားတပ်မတော်(SNA)ဆိုတာတွေ၊ (KRA- Kachin Republic Army)ဆိုတဲ့ ဖွဲ့စည်းလာမှုတွေ၊ မူလ(DKBA)အဖြစ် ပြန်လည်ဖွဲ့စည်းတယ် ဆိုတာတွေ၊ ကယန်းပြည်သစ်ပါတီရဲ့ “ကရင်နီပြည်နယ်/ကရင်နီပြည်၊ ကယန်းဒေသဟူ၍ ပြောဆိုနေခြင်းများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်” ဆိုတာတွေ ကြားနေသိနေ၊ ဖတ်နေကြရတယ်မဟုတ်ပါလား။
အခြားတစ်ဖက်ကနေပြောရရင် ဒီလိုပေါ်ပေါက်လာနေတဲ့ အကြောင်းအချက်တွေဟာ အထက်မှာတင်ပြခဲ့တဲ့ အန္တရာယ်အလားအလာ နှစ်ရပ်အတွက် အကြောင်းပြစရာ၊ လက်ညှိုးထိုးစရာ၊ ဆင်ခြေပေးစရာ အကွက်အကွင်းတွေအဖြစ်အသုံးချမယ်ဆိုရင် အသုံးချလို့ရနေတဲ့ အနေအထားဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးကဆုတ်ခွာလို့ မဖြစ်သေးဘူးဆိုတဲ့ ဆင်ခြေလိမ်ပေးစရာတွေအဖြစ်ပေါ့။
ဒီလို အကြောင်းအချက်တွေဗန်းပြပြီး “ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲစေမည့်၊ အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမည့် အရေးအပေါ်အခြေအနေ”အတွက် စစ်အုပ်စုက လိုအပ်သလိုအသုံးချ မသွားဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ စစ်တပ်နဲ့ကာချုပ်အဖို့ကတော့ “၂၀၀၈ အခြေခံဥပဒေ”ပုဒ်မ ၂၀(စ)ကို သုံးဖို့ ဆင်ခြေဆင်လက်တွေ ဖြစ်နေပါတယ်။
ဒါ့အပြင် ဒီအခြေအနေအကြောင်းအချက်တွေကို လက်ညှိုးထိုးပြပြီး “အတုအယောင်ဖက်ဒရယ်”ဆိုတဲ့ ညွတ်ကွင်းထဲ ဆွဲသွင်းနိုင်တဲ့အန္တရာယ်ကလည်း မသေးပါဘူး။ “စစ်တပ်ကကိုင်တွယ်ရင် လုံခြုံမှုရှိတယ်” ဗြောင်ဖွင့်ပြောနေတဲ့သူတွေလည်းရှိနေတယ် မဟုတ်ပါလား။
ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးကို လေးလေးနက်နက်စဉ်းစားမယ်၊ အကောင်အထည်ဖော်မယ်လို့ဆိုတဲ့အခါမှာ အဓိက ပထမဆုံးလိုအပ်ချက်ကတော့ အုပ်စိုးသူ အစိုးရအဆက်ဆက် တစ်ဖက်သတ်အသေ ရပ်တည်ကိုင်စွဲခဲ့ကြတဲ့ ငြိမ်းချမ်းရေးပေါ်လစီနဲ့ ပြတ်ပြတ်သားသားလမ်းခွဲနိုင်ဖို့ပဲဖြစ်ပါတယ်။
ဒီပေါ်လစီဟာ ပုံစံတမျိုးမျိုးနဲ့ နောင်တက်လာမယ့် “အစိုးရသစ်နဲ့ လွှတ်တော်သစ်” အပေါ်မှာ အရိပ်ထိုးနေမယ်/ လွှမ်းမိုးနေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးဟာ ရှည်ကြာမြဲ ရှည်ကြာနေမှာဖြစ်ပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ်ဆိုတာကို အသိအမှတ်ပြုရုံ၊ လက်ခံရုံနဲ့တင်မရပါဘူး။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ တန်းတူရည်တူရှိပြီး ဒီမိုကရေစီနည်းလမ်းတကျဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။
(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ စစ်တပ်က“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်း”ဖို့ အသိအမှတ်ပြုတယ်၊ လက်ခံတယ်လို့တော့ တွင်တွင်ပြောနေတာပါပဲ။ “နိုင်ငံရေးယဉ်ကျေးမှုအသစ်”လို့တောင် လေလုံးထွားနေတာပဲ မဟုတ်ပါလား။ ဒါပေမယ့် သူတို့ပြောနေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာက သူတို့စိတ်ကြိုက်ရေးဆွဲအတည်ပြုထားတဲ့ “၂၀၀၈ အခြေခံဥပဒေ ဘောင်” ထဲအရင်ဝင်ပြီးမှ/လက်နက်ချပြီးမှသာ ဖြေရှင်းနိုင်မှာဖြစ်တယ်ဆိုတဲ့အချက်ကို လေးလေးနက်နက် သတိပြုကြဖို့ဖြစ်ပါတယ်။ “အရင် မပြောနိုင်တာတွေ အခုပြောခွင့်ရနေပြီ” ဆိုရုံလောက်နဲ့ ကျေနပ်တင်းတိမ်နေကြလို့ မဖြစ်သေးပါဘူး။
အဓိကအချက်က တန်းတူရည်တူပါဝင်ဆွေးနွေးနိုင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရရှိဖို့ဖြစ်ပါတယ်။
ကျယ်ပြန့်လေးနက်တဲ့ တန်းတူရည်တူရှိမှုကို အဓိကဘက်အဖြစ် အလေးထားကြမယ်၊ဦးတည်ကြမယ်ဆိုရင် သွေးစည်းညီညွတ်မှုကိုဖော်ဆောင်တဲ့
ပုံစံရွေးချယ်ရေးပြဿနာဟာ သိပ်မခက်ခဲနိုင်သလို၊ ကျယ်ပြန့်လေးနက်တဲ့ တန်းတူရည်တူရှိမှုနဲ့ သွေးစည်းညီညွတ်မှုကသာလျှင် အရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပြီး တတိုင်းတပြည်လုံးဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ မင်းလမ်းမကြီးကိုလည်း အခိုင်အမာဖောက်လုပ် ချီတက်နိုင်ကြမှာဖြစ်ပါတယ်။
ပြည်တွင်းစစ်ပြဿနာကို ကိုင်တွယ်မယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမှာပါ။ ပြည်တွင်းစစ်ပြဿနာထဲမှာ အဓိကပါဝင်နေတဲ့အစိတ်အပိုင်းနှစ်ရပ်ဖြစ်တဲ့ ဒီမိုကရေစီပြဿနာနဲ့ ဖက်ဒရယ်ပြည်ထောင်စုပြဿနာကို ဖြေရှင်းရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီပြဿနာနှစ်ရပ်ကို “၂၀၀၈ အခြေခံဥပဒေဘောင်”ကို အခြေခံပြီး စဉ်းစားနေရင် လုပ်ဆောင်နေမယ်ဆိုရင် ဘယ်လိုမှအဖြေမရနိုင်ပါဘူး။
ဒီတော့ ပေါ်ပေါက်လာမယ့် “အစိုးရသစ်နဲ့လွှတ်တော်သစ်” အနေနဲ့ ပြည်တွင်းစစ်ပြဿနာကို တကယ်တမ်းဖြေရှင်းနိုင်ဖို့ဆိုရင် ဒီမိုကရေစီပြဿနာ၊ ဖက်ဒရယ်ပြည်ထောင်စုပြဿနာနဲ့ ၂၀၀၈ အခြေ ခံဥပဒေပြဿနာဆိုတဲ့ သုံးနားညီတြိဂံသဖွယ်ဖြစ်နေတဲ့ ပြဿနာသုံးရပ်စလုံးကို တပြိုင်နက်တည်း ဖြေရှင်းရမယ်ဆိုတဲ့အနေအထားကို ရောက်ရှိနေပါတယ်။
“အစိုးရသစ်နဲ့လွှတ်တော်သစ်”အတွက် လွှဲဖယ်လို့မရနိုင်တဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းပဲဖြစ်ပါတယ်။
“အမှန်တကယ်ပြောင်းလဲဖို့” ဆိုတဲ့ကြွေးကြော်သံအတွက် လက်တွေ့အကောင်အထည်ဖော်ရမယ့်အရာဟာလည်း အဆိုပါ ပြဿနာသုံးရပ်ပဲဖြစ်ပါတယ်။
မောင်ထွန်းကျော်မြိုင်
(ဗမာပြည် ကွန်မြူနစ်ပါတီ ဝဘ်ဆိုက်မှ ကူးယူဖော်ပြပါတယ်)

0 comments:
Post a Comment