Wednesday, April 6, 2016

လူထုတိုက်ပွဲဆိုတာ ပါလီမန်လမ်းကြောင်းရဲ့အစွယ်အပွား မဟုတ်ဘူး။ (အပိုင်း ၁) မောင်လှဝင်း

0 comments

လူထုတိုက်ပွဲဆိုတာ ပါလီမန်လမ်းကြောင်းရဲ့အစွယ်အပွား မဟုတ်ဘူး။ (အပိုင်း ၁)
မောင်လှဝင်း

ပါတီအဖွဲ့အစည်းအသီးသီးမှာ ကိုယ့်အမြင်နဲ့ကိုယ် လမ်းစဉ်သတ်မှတ်တာ လုပ်ကြရတာပဲ။ လမ်းစဉ်အတွင်းမှာ ဘယ်လမ်းကြောင်းနဲ့ လျှောက်လှမ်းပြီး ဘယ်တိုက်ပွဲပုံသဏ္ဌာန်ကိုအဓိကထားကာ ဘယ်တိုက်ပွဲပုံသဏ္ဌာန်ကို အရန်အဖြစ်ထားမယ်ဆိုတာ ကိုယ့်ဘာသာ သတ်မှတ်ပြဌာန်းထားလေ့ရှိကြတယ်။

ဒါကို ပေါ်လွင်အောင် ဥပမာအနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တိုက်ပွဲပုံသဏ္ဌာန်များသတ်မှတ်ပြဌာန်းပုံကို ဖော်ပြပါမယ်။ ဗကပဟာ ၇၉ လမ်းစဉ်မှာ လက်နက်ကိုင်တိုက်ပွဲကို အဓိကထား၊ တခြားတိုက်ပွဲပုံသဏ္ဌာန်နဲ့ပေါင်းစပ်ဆိုတာကို သတ်မှတ်ပြဌာန်းခဲ့တယ်။

ဒါပေမဲ့ တိုက်ပွဲသဏ္ဌာန်ဆိုတာ အချိန်ကာလအရ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေနဲ့ မိမိအဖွဲ့အစည်းရဲ့အနေအထားအရ ပြောင်းလဲ သတ်မှတ်ရတာ ရှိတယ်။ ဗကပဟာ လက်နက်ကိုင်တိုက်ပွဲ အဓိကဆင်နွှဲတဲ့ပါတီအဖြစ်မှ မြေအောက်ပါတီအဖြစ် မိမိအနေအထား ပြောင်းလဲသွားတဲ့အောက်မှာ ဥပဒေပနည်းနဲ့ဥပဒေတွင်းနည်းကို ပေါင်းစပ်ကျင့်သုံးတဲ့ တိုက်ပွဲသဏ္ဌာန်ကိုတင်ပြခဲ့တယ်။

ဗကပ က ဥပဒေပ ပါတီဖြစ်တော့ ဥပဒေပတိုက်ပွဲဏ္ဌာန်တွေက အဓိကပဲ။ ဒါပေမဲ့ ဥပဒေတွင်းမှာ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂစတဲ့ လူထုလူတန်းစားအဖွဲ့အစည်းတွေ ဖြစ်ပေါ်ဖွံ့ဖြိုးရေးကို အားပေးလှုံ့ဆော်တယ်။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ ပြည်သူ့အင်အားစုစည်းရေးလမ်းကြောင်းအတိုင်း ဦးတည်လျှောက်လှမ်းသွားဖို့ ပိုင်းဖြတ်ချက်ချထားတယ်။

အုပ်စိုးသူလူတန်းစားက အုပ်စိုးခံလူတန်းစားအပေါ် လက်နက်နဲ့အကြမ်းဖက်ဖိနှိပ်လာခဲ့လျှင် လက်နက်နဲ့ခုခံတော်လှန်တာဟာ တရားတယ်လို့ ယုံကြည်ယူဆတဲ့အလျောက် လက်နက်ကိုင်တိုက်ပွဲကိုလည်း အရန်ရွေးလမ်းအဖြစ်သတ်မှတ်တယ်။ (တကယ်က ပြည်သူလူထုကြီးရော၊ နိုင်ငံရေးအင်အားစုတွေကပါ ဖြစ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့တောင်းဆိုပြီး တရားမျှတမှုနဲ့ငြိမ်းချမ်းရေးကို ရလိုကြတာပါ။ ဒါပေမဲ့ အုပ်စိုးသူလူတန်းစားက ပြည်သူလူထုရဲ့လိုလားမှုတောင်းဆိုမှုတွေ၊ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ လူ့အခွင့်အရေးတွေကို လက်နက်နဲ့ ဖိနှိပ်လာခဲ့ရင်တော့ နိုင်ငံရေးအင်အားစုတွေရော အဖိနှိပ်ခံပြည်သူလူထုတွေပါ မလွှဲမရှောင်သာ လက်နက်ကိုင်ဖိနှိပ်မှုကို လက်နက်ကိုင်ခုခံမှု ပြုလာကြရတာ ဖြစ်ပါတယ်။)

တခြားပါတီ အဖွဲ့အစည်းအသီးသီးဆိုရင်လည်း တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေနဲ့ မိမိတို့အနေအထားအရ အဖွဲ့အစည်းရဲ့လမ်းစဉ်နဲ့ အဓိကတိုက်ပွဲပုံသဏ္ဌာန်ကို ပြောင်းလဲချမှတ်ရတာ ဖြစ်လေ့ရှိတာပါပဲ။ အရင်ကလည်း ရှိခဲ့တယ်။ ခုလည်း ရှိနေမယ်။ ဒါနဲ့ပတ်သက်လို့ အထူးတလည် မှတ်ချက်ပေးစရာ မရှိပါဘူး။

ဒါပေမဲ့ တတိုင်းပြည်လုံးဆိုင်ရာ ဗမာပြည်နိုင်ငံရေးအခင်းအကျင်းမှာ ဘယ်တိုက်ပွဲပုံသဏ္ဌာန်က အဓိကဖြစ်တယ်လို့ သတ်မှတ်ပြောဆို တာမျိုးကျ ပိုမို အလေးအနက်ထား စဉ်းစားသုံးသပ်ဖို့ လိုလာပါတယ်။

ဒီလိုမျိုး ပြောဆိုချက်တွေ ဗမာပြည်နိုင်ငံရေးအခင်းအကျင်းထဲမှာ စောစွာကတည်းက ပေါ်ပေါက်လာခဲ့တာ သတိပြုမိတယ်။ ဥပမာ- လမ်းပေါ်ထွက် နိုင်ငံရေးခေတ်ကုန်ပြီဆိုတာမျိုး။ ဒါဟာ ဗမာပြည်မှာ လူထုတိုက်ပွဲတွေ မတိုက်ကြနဲ့တော့၊ ခေတ်မမီတော့ဘူးလို့ ပြောလိုက်တာပဲ။ အရင်းစစ်လိုက်ရင် ဒါဟာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ လူထုတိုက်ပွဲရဲ့အရှိန်အဟုန်ကို ရိုက်ချိုးပစ်လိုက်တဲ့ အတွေးအခေါ်ပဲ ဖြစ်တယ်။ ကမ္ဘာပေါ်မှာ လမ်းပေါ်ထွက်တိုက်ပွဲဝင်ကြတဲ့ လူထုလှုပ်ရှားမှုတွေကနေ တိုင်းပြည်ရဲ့အပြောင်းအလဲကို ဆောင်ကြဉ်းးပေးတဲ့ လက်တွေ့ဖြစ်ရပ်တွေ ဆက်လက်ပေါ်ထွက်နေတာပဲ။ ဒါကြာင့် ဒီအတွေးအခေါ်အယူအဆတွေ မှန်ကန်မှုမရှိကြောင်း လက်တွေ့ဖြစ်ရပ်တွေက ရှင်းလင်းစွာဖော်ပြနေပါတယ်။ ဗမာပြည်နိုင်ငံရေးမှာလည်း အဖိနှိပ်ခံ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသားတွေရဲ့ လမ်းမပေါ်ထွက်လှုပ်ရှားတဲ့ လူထုတိုက်ပွဲတွေ စဉ်ဆက်မပြတ်ပေါ်ထွက်နေတာပဲ မဟုတ်ပါလား။ ဗမာပြည်မှာ ယခုလို ပါတိစုံစနစ်တွေဆိုတာပေါ်ပေါက်လာပြီး ပြည်သူလူထုတွေ ရွေးကောက်ပွဲမှာ ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်လာနိုင်တာကိုက တပြည်လုံး ပြည်သူတွေ လှည်းနေလှေအောင် မြင်းဇောင်းမကျန် လမ်းမတွေပေါ်မှာ ထွက်လှုပ်ရှားခဲ့ကြတဲ့ ၈ လေးလုံးအရေးတော်ပုံရဲ့ အောင်သီးအောင်ပွင့်တခုပဲ မဟုတ်လား။

ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာ ဗမာပြည်တွင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ အင်အားစုတွေဟာ နယ်စပ်ကို ထွက်ခွာကာ လက်နက်ကိုင်တပ်တွေ ထူထောင်လာရတာတွေ ရှိခဲ့တယ်။ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်နဲ့ ဒီပီအေ (ဒီမိုကရေစီ ပြည်ချစ်တပ်မတော်)တို့လို လက်နက်ကိုင်ပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်တဲ့အဖွဲ့အစည်းတွေ ဖြစ်ပေါ် လာတယ်။ လက်နက်ကိုင်တပ် ထူထောင်တာမလုပ်ဘဲ ပြည်ပမှာ ပြည်ပရောက်အဖွဲ့အစည်းတွေဖွဲ့စည်းပြီး နိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းတွေ ဆက်လက်လှုပ်ရှားရတာတွေ ရှိလာခဲ့တယ်။

၈ လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာ လူထုတိုက်ပွဲအရှိန်အဟုန်နဲ့ လက်နက်ကိုင်တိုက်ပွဲ အရှိန်အဟုန်ကို သေးသိမ်မှေးမှိန်စေတဲ့ အနောက်ဥရောပက အတွေးအခေါ်အယူအဆတချို့ဟာ ပြည်ပနဲ့ နယ်စပ်အဖွဲ့အစည်းတွေထဲ ထိုးဖောက်စိမ့်ဝင်လာသလို ပြည်တွင်း နိုင်ငံရေးအင်အားစုတွေအတွင်းလည်း ပုံစံတမျိုးနဲ့ ပြန့်ပွားလာတယ်။ အဲဒီအတွေးအခေါ်အယူအဆတွေထဲမှာ အကြမ်းမဖက်တဲ့နည်း (တနည်းဆိုရင်) ငြိမ်းအေးတဲ့အပျော့နည်းနဲ့ အုပ်စိုးသူကိုဆန့်ကျင်သွားရေး အတွေးအခေါ်အယူအဆတွေလည်း ပါတယ်။

ပြည်ပနဲ့နယ်စပ်အဖွဲ့အစည်းတွေကို (လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းတွေအတွင်းမှာကို)သင်တန်းပို့ချပြီး ဒီအတွေးအခေါ် အယူအဆတွေ သွတ်သွင်းပေးခဲ့တာအထိ ရှိခဲ့တယ်။ အဲဒါရဲ့အကျိုးဆက်အဖြစ် ပြည်တွင်းနိုင်ငံရေးအခြေအနေ အပြောင်းအလဲတချို့ ပေါ်ပေါက်လာချိန်မှာ(ပြည်တွင်းနိုင်ငံရေးအခြေအနေ အပြောင်းအလဲဆိုတာက အုပ်စိုးသူဘက်က ဒီမိုကရေစီမျက်နှာဖုံးစွပ်ပြီး အနောက်မျှော်တဲ့သဘောထားတွေ စတင်ဖြစ်တည်လာတဲ့ အနေအထားပဲ။) ပြင်ပနဲ့ နယ်စပ်ရောက်အဖွဲ့အစည်းတချို့ ပြည်တွင်းပြန်ဝင်ပြီး နိုင်ငံရေးလှုပ်ရှားမှုပုံသဏ္ဌာန်ပြောင်းလဲကာ လှုပ်ရှားလာတာတွေ ဖြစ်ပေါ်လာတယ်။

ဒီလို အနောက်နိုင်ငံက စနစ်တကျ ဖြန့်ဖြူးတင်သွင်းလာတဲ့ အယူအဆတွေအနက် ဂျာမနီက ဖောင်းဒေးရှင်းအဖွဲ့အစည်းတွေကနေ ဒီမိုကရေစီအင်အားစုများအတွင်း ထိုးဖောက်ဝင်ရောက်လာတဲ့ အတွေးအခေါ်အယူအဆတခုကို သာဓကအနေနဲ့တင်ပြပါမယ်။ သင်တန်းတွေမှာ သူတို့ပို့ချတဲ့အယူအဆတွေကတော့- နှစ်ဖက် အတိုက်အခံဖြစ်နေတဲ့အင်အားစုတွေအတွင်း အောက်ပါနည်းနာများကို ချမှတ်ဆောင်ရွက်ရေးဖြစ်တယ်။

၁။ နှစ်သိမ့်ချွေးသိပ်ခြင်း Appeasement---A
၂။ သဘောတူညီချက်အသွင်သဏ္ဌာန်နဲ့ လက်နက်ချစေခြင်း Capitulation--C
၃။ ပူးပေါင်းဆောင်ရွက်ခြင်း Collaboration နဲ့ --C
၎။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်စေခြင်း Development--D

ဒီ (ACCD) အယူအဆနဲ့ နည်းနာတွေကို ဗမာပြည် ဒီမိုကရေစီအတိုက်အခံအင်အားစုတွေထဲက တချို့ စွဲကိုင်သုံးစွဲရုံသာမက အုပ်စိုးသူလူတန်းစားကလည်း အသုံးပြုလာတာတွေဟာ ယနေ့ကာလမှာ ပိုပြီး ပီပြင်ထင်ရှားလာတယ်။ အုပ်စိုးသူလူတန်းစားက သဘောတူချက်အသွင်သဏ္ဌာန် လက်နက်ချစေခြင်းနည်းလမ်းဆိုတာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်စေခြင်းဆိုတဲ့နည်းလမ်းကို အဓိကအသုံးပြုလာတယ်။

ဒီမိုကရေစီအင်အားစုတွင်းက တချို့တလေကတော့ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းကို အသုံးပြုလာတယ်။ အဲဒီကနေ အုပ်စိုးသူ လူတန်းစားကိုပူးသတ်ရေးအယူအဆဟာ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုအတွင်းမှာ ပိုမိုလှိုက်စားလာတယ်။ ဒါနဲ့အတူ ဗမာပြည်နိုင်ငံရေး အဝန်းအဝိုင်းမှာ ဗဟုဝါဒအတွေးအခေါ် လှိုက်စားလာတာရှိသလို အနောက်နိုင်ငံက အတွေးအခေါ်အယူအဆတွေကို စွဲကိုင်ဖြန့်ဖြူးတဲ့ နိုင်ငံရေးအုပ်စုတွေလည်း ပေါ်လာပါတယ်။
(အပိုင်း ၂ ကို ဆက်ဖတ်ပါရန်)

0 comments:

Post a Comment