Sunday, April 3, 2016

စာတည်းအဖွဲ့အမှာ(အရေးတော်ပုံဂျာနယ် အတွဲ၂၊ အမှတ်၎)

0 comments
စာတည်းအဖွဲ့အမှာ
(၁)
အစိုးရဟောင်းနဲ့ အစိုးရသစ်
အဟောင်းထွက် အသစ်တက်လာတဲ့ပွဲက ပြေပြေချောချောကြီးတော့ မဟုတ်။ အများညီလိုက်ကြရပြီး ‘ဤ’ကို ‘ကျွဲ’ ဖတ်လိုက်ရတဲ့သဘော ဆောင်နေပါတယ်။

(သန့်ရှင်းသော)အစိုးရဟောင်းက အောင့်သက်သက်နဲ့ထွက်သွားရပေမယ့် ကိုယ့်အရှက်ကိုယ်ခွဲပြီး မြက်ပင်ပါမကျန် လက်ကုန်နှိုက်သွားခဲ့ကြတယ်။ ဒါ့အရင် လွတ်တော်တွင်းမှာ တင်လာသမျှဖော်ထုတ်ချက်တွေကို စစ်တပ်ကိုယ်စားလှယ်တွေက မတ်တတ်ရပ်တားရတဲ့အထိ အရှက် ဟက်တက်ကွဲခဲ့ပြီးလည်း ဖြစ်တယ်။

အစိုးရသစ်ဘက်မှာလည်း တာထွက်ကောင်းလှသည်တော့ မဟုတ်။ ဒုသမ္မတတဦးနဲ့ ဝန်ကြီးနှစ်ပါးကိစ္စကြောင့် ရှင်းရလင်းရလုပ်ခဲ့ရတယ်။

(၂)
စစ်အာဏာရှင်စနစ်က တည်ရှိဆဲ
အပေါ်ယံကြည့်ရင်တော့ စစ်အာဏာရှင်စနစ်က ခံစစ်ပဲ၊ နိုင်ငံရေးအရ ဥပဒေကြောင်းအရ အောက်စည်းမှာရောက်နေတယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့ ပြည်သူတွေရဲ့ထောက်ခံမှုက အစိုးရသစ်ဘက်မှာရှိတယ်။
ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေကြီးက စစ်အုပ်စုဘက်မှာရှိနေပြီး ဒီဥပဒေကို ဒီချုပ်ကလက်ခံထားရတယ်။ ဒါကြောင့်လည်း ဒီချုပ်ဥက္ကဋ္ဌကိုယ်တိုင်က ‘တပ်မတော်နဲ့ထိပ်တိုက်တိုးမယ့်ဟာဆို ဘာမှ မလုပ်ဘူး’ လို့ ပြောခဲ့ဟန်ရှိတယ်။

တဖက်မှာ စစ်အုပ်စုက ၂၀၀၈ အခြေခံဥပဒေနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးကို အကျအနပြင်ဆင်ထားတာဖြစ်လို့ အခွင့်သာတဲ့အခါ ပါဝါမာကို ကောင်းကောင်းအသုံးချလိမ့်မယ်ဆိုတာကို မမေ့ဖို့လိုတယ်။

နောက်- ကာချုပ်ပြောခဲ့တဲ့မိန့်ခွန်းတွေကို ကြည့်ရင်-
- ၂၀၀၈ ခြေဥကို ကာကွယ်စောင့်ရှောက်သွားမယ်။
- တပ်မတော်ရဲ့ မူ ၆ ချက်အတိုင်းလုပ်ဆောင်သွားမယ်။
- တိုင်းပြည်အေးချမ်းစေဖို့ဆိုရင် လက်နက်ချမှဖြစ်မယ်... ဆိုတာတွေပဲ။

ခု မတ်လ ၂၇ မိန့်ခွန်းမှာ ‘ပြည်ထောင်စုပြိုကွဲမှုကိုဦးတည်လာမယ့် အခြေအနေမျိုးတွေကို တပ်မတော်အနေနဲ့ ရောက်ရှိခံမှာမဟုတ်’ဆိုတဲ့ အဆင့်အထိပြောပြီး ဒီချုပ်ကိုရော တိုင်းရင်းသားတွေကိုပါ သတိပေးသွားခဲ့တယ်။

ဒါ့အပြင် သဘောထားတင်းမာတဲ့ လက်မရွံ့ဗိုလ်ချုပ်ဟောင်းတယောက်ကို ဒုသမ္မတင်လိုက်တာကလည်း မပြေလည်ချင်တဲ့သဘော ပြနေတယ်။

NCA လက်မှတ်မထိုးတဲ့တိုင်းရင်းသားတွေကို ဖိတိုက်လာနေတာကလည်း သံသယရှိစရာတွေပါ။ ဒါတွေဟာ ဒီနေ့စစ်အုပ်စုသွားနေတဲ့ စစ်အာဏာရှင်စနစ် လမ်းကြောင်းဖြစ်တယ်။

(၃)
စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလမ်းကြောင်း (၂) ခု
လစ်ဘရယ်လမ်းကြောင်းနဲ့ ရယ်ဒီကယ်လမ်းကြောင်း....တို့ အပြိုင်ပေါ်နေတယ်။ ပြည်သူတွေက နိုးကြားနေကြပြီဖြစ်တယ်။ မျှော်လင့်ချက်လည်း ကြီးတယ်။
တဖက်မှာ စစ်အုပ်စုက စစ်ရေးတိုးချဲ့နေကြတာကို ငြိမ်းချမ်းရေးလိုချင်သူတွေပီပီ ဆန့်ကျင်ကန့်ကွက်နေကြသလို၊ တပြိုင်တည်းမှာ အစိုးရသစ်က သူတို့ပေးထားတဲ့ကတိတွေ တည်ရဲ့လား၊ တည်နိုင်ပါ့မလား။ တမတ်သားက ဘယ်လိုများကန့်လန့်တိုက်လေမလဲလို့ စောင့်ကြည့်နေကြပါတယ်။

ဒီချုပ်သွားနေတဲ့ လမ်းကြောင်းကို ကျွန်တော်တို့ မြင်နေပါပြီ။ တကယ်က

စစ်အစိုးရပြုတ်ကျသွားတာ ကောင်းတဲ့ကိစ္စဖြစ်တယ်။

အရပ်သားတပိုင်းအစိုးရ ဖြစ်တည်လာတာလည်း နှိုင်းယှဉ်ချက်အရ ကြိုဆိုနိုင်ပါတယ်။
ဒါပေမဲ့ ၂၀၀၈ ချုပ်ကိုင်မှုကိုနာခံလုပ်နေရမယ့်လမ်းကြောင်းနဲ့ ၂၀၀၈ ကိုဖျက်သိမ်းချင်သူတွေရဲ့ ဖျက်သိမ်းရေးလမ်းကြောင်းက မတူနိုင်ပါဘူး။ သို့တိုင် ဦးတည်ချက်တူညီကြတာမို့ မိတ်ဖက် ရပ်တည်သွားလို့ရပါတယ်။

အစိုးရသစ်ရဲ့လုပ်ဆောင်ချက်တွေကိုစောင့်ကြည့်ပြီး အားပေးစရာတွေ့ရင်အားပေးပါမယ်။ ဝေဖန်စရာရှိရင် ဝေဖန်ပါမယ်။

ဒီအချိန်မှာ စစ်ဗျူရိုကရက်လူတန်းစားရဲ့ ဖောက်ပြန်မှားယွင်းတဲ့ပေါ်လစီအရပ်ရပ်ကို နိုင်ငံရေးအရ အတွေးအခေါ်အရ စည်းရုံးရေးအရ လုပ်ရပ်အရ ဘက်စုံကနေတိုက်ရင်း လူထုအားကိုစုစည်းထားဖို့လိုတယ်။

ဖွဲ့စည်းပုံဥပဒေပြဿနာဆိုတာ အရင်းစစ်ရင် နိုင်ငံရေးပြဿနာပါပဲ။ ၄၃၆ တို့ ၅၉(စ) တို့ဟာ နိုင်ငံရေးတွေပဲ။ ပြည်တွင်းစစ်ပြဿနာဟာ ရေမရောတဲ့နိုင်ငံရေးပြဿနာဖြစ်တယ်။

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတာ နိုင်ငံရေးအင်အားစုတွေကို စမ်းသပ်တဲ့ စံဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့ လျှောက်မယ့်လမ်းက အဆန်းမဟုတ်ဘူး။ သမိုင်းမှာ ဗကပ လျှောက်ခဲ့တဲ့လမ်းကြောင်းပဲ ဖြစ်တယ်။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် ပြည်နယ်ပြည်မ မရွေး တိုင်းရင်းသား-ဗမာ မခွဲခြားဘဲ တပြည်လုံးရှိ လူတန်းစား (၄)ရပ်(အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသားနဲ့ အမျိုးသားဓနရှင်)အကျိုးစီးပွားအတွက် ရပ်တည်သွားမယ်။

ပြည်သူကိုယုံကြည်ပြီး ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ် ပြိုပျက်သည်အထိ ဆက်လက်တိုက်ပွဲဆင်သွားကြပါမယ်။
စာတည်းအဖွဲ့ ၃၀၊ ၃၊ ၂၀၁၆
(ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုဒ်မှ ကူးယူဖော်ပြပါတယ်)

0 comments:

Post a Comment