Wednesday, April 6, 2016

လူထုတိုက်ပွဲဆိုတာ ပါလီမန်လမ်းကြောင်းရဲ့အစွယ်အပွား မဟုတ်ဘူး(အပိုင်း ၂) မောင်လှဝင်း

0 comments
လူထုတိုက်ပွဲဆိုတာ ပါလီမန်လမ်းကြောင်းရဲ့အစွယ်အပွား မဟုတ်ဘူး(အပိုင်း ၂)

မောင်လှဝင်း



ဒါထက်ပိုဆိုးတာကတော့ ဒီအယူအဆတွေ ဖြစ်ပေါ်လာတာကနေ အစောကပြောတဲ့အတိုင်း လူထုတိုက်ပွဲလှုပ်ရှားမှုတွေကို ဆန့်ကျင် ချေဖျက်တဲ့အထိ ဖြစ်တည်လာခြင်းပါပဲ။ လူထုတိုက်ပွဲခေတ်မမီတော့ဘူးလို့မပြောတော့ဘဲ ပုံစံတမျိုးနဲ့ (လူထုထိခိုက်နစ်နာမှာ မလိုလားဘူး။ လူထု သွေးထွက်သံယိုဖြစ်မှာကို မလိုလားဘူး) စတဲ့ လူထုအပေါ်စေတနာထားသယောင်ဆင်ခြေများနဲ့ လူထုတိုက်ပွဲများကို ဆန့်ကျင် လာကြခြင်း ဖြစ်ပါတယ်။ (ဒါပေမဲ့ လူထုတိုက်ပွဲတွေကတော့ အရင်က ဆက်တိုက်ပေါ်ထွက်ခဲ့သလို အခုလည်း ဆက်တိုက်ပေါ်ထွက် နေတာပါပဲ။



လက်ပံတောင်းတောင်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တဲ့ သံဃာတော်တွေနဲ့လယ်သမားတွေကို မီးလောင်ဗုံးနဲ့ဖြိုခွဲတာ ခံရတယ်။ ဒေါ်ခင်ဝင်း သေနတ်အပစ်ခံရတယ်။ ရွာထဲက ရွာသူရွာသားတွေကို သေနတ်နဲ့လှမ်းပစ်တာအထိ ရှိခဲ့တယ်။ ဒါတောင် လူထုတိုက်ပွဲဟာ ရပ်တံ့မသွားဘူး။ လက်ပံတောင်းတောင်မှာရော တပြည်လုံးမှာရော လယ်သမားတိုက်ပွဲတွေ ဆက်ဖြစ်တယ်။ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ကျောင်းသာားတွေဟာ ခရီးရှည်ချီတက်ပွဲဆင်နွှဲခဲ့ရုံမက အကျဉ်းထောင်နဲ့တရားရုံးတွေမှာပင်လျှင် မတရားမှုကို ခုခံရင်ဆိုင်တဲ့တိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေရတယ်။)


ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ မိမိတို့ရဲ့လမ်းစဉ်နဲ့ တိုက်ပွဲပုံသဏ္ဌာန် ပြောင်းလဲကျင့်သုံးရတဲ့အဖွဲ့အစည်းတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ပါတယ်။ တိုက်ပွဲနည်းနာနဲ့ကြွေးကြော်သံမှာကို သိသာထင်ရှားစွာပြောင်းလဲလာရတယ်။ (မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဆန့်ကျင်ကြ)ကို ဆက်လက်မကျင့်သုံးတော့ဘူး။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆက်လက် မရပ်ခံတော့ဘူး။ အရင်က လွှတ်တော်တွင်း င်ရောက်ခြင်းမပြုရာကနေ လွှတ်တော်တွင်း ဝင်-ပြင်လမ်းစဉ် ဖြစ်လာတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကိုမဝင်ခဲ့ရာကနေ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်လာတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကို လေးစားလိုက်နာ ပါမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုရတဲ့အခြေအနေအထိ တိုက်ပွဲနည်းနာပြောင်းသွားတယ်။


ဦးသိန်းစိန် စစ်အစိုးရရဲ့လွှတ်တော် ပေါ်လာပြီးတဲ့နောက်ပိုင်း အထူးသဖြင့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲသို့ ဒီချုပ်ဝင်ရောက်ပြီး ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တွင်းရောက်သွားပြီးနောက်ပိုင်းမှာ လွှတ်တော်တွင်းတိုက်ပွဲကို အဓိကတိုက်ပွဲ ပုံသဏ္ဌာန်အဖြစ်ထားရေးဆိုတဲ့ အယူအဆတရပ် ပေါ်လာပါတယ်။ ဒီအယူအဆကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပေါ်စေ၊ ပျံ့နှံ့စေတယ်လို့ မဆိုပါ။ ဗမာပြည်နိုင်ငံရေးအဝန်းအဝိုင်းမှာ ဒီအယူအဆစိမ့်ဝင်လာတယ်ဆိုတာကိုပဲ ပြောချင်တာပါ။ ဒီအယူအဆကနေ လွှတ်တော်ပြင်ပ လူထုတိုက်ပွဲတွေ ဒီနေ့ကာလမှာ မအောင်မြင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ လွှတ်တော်တွင်းတိုက်ပွဲက အဓိက တိုက်ပွဲ သဏ္ဌာန်ဖြစ်လာလို့ပဲ-ဆိုတဲ့အထိပြောကြားလာတာဖြစ်လို့ ဒီအယူအဆကို ဝေဖန်ပြောကြားဖို့လိုအပ်လာတာပါ။


လွှတ်တော်တွင်းတိုက်ပွဲတွေက ပြည်တွင်းလူထုဆန္ဒတွေနဲ့ လူထုတိုက်ပွဲတွေကို ရောင်ပြန်ဟပ်ပြမှုတွေ အမှန်ပဲရှိပါတယ်။ ရောင်ပြန်ဟပ်မပြနိုင်တဲ့အချိန်ကာလလည်း ရှိတတ်ပါတယ်။ လွှတ်တော်တွင်းတိုက်ပွဲတွေက ပြင်ပလူထုတိုက်ပွဲတွေနဲ့ လူထု အခြေအနေတွေကို အကျိုးသက်ရောက်မှု တစုံတရာပြုတာတွေလည်း အမှန်ရှိပါတယ်။ အကျိုးမပြုတဲ့အပြင် လွှတ်တော်က ပြည်သူ့အကျိုးစီးပွားထိခိုက်စေတဲ့ ဥပဒေနဲ့ဖိနှိပ်ချုပ်ချယ်တဲ့ဆုံးဖြတ်ချက်တွေပဲချမှတ်လို့ ပြည်သူလူထုက လွှတ်တော်ကိုဆန့်ကျင် သပိတ်မှောက်တာတွေလည်း ရှိပါတယ်။ လွှတ်တော်ကို စင်ပြိုင်လွှတ်တော်အဖြစ်အပြိုင်ကျင်းပပြီး တိုက်ပွဲဝင်ခဲ့တာလည်း ရှိခဲ့ဖူးတာပဲ၊(ပြင်သစ်ပြည်မှာ ၁၇၈၉ ခုနှစ်တုန်းက မတရားတဲ့ လူဝီ(၁၆)ဘုရင်ရဲ့ အထက်လွှာတွေပါဝင်တဲ့လွှတ်တော်၂ ရပ်ကို ဆန့်ကျင်ကာ တတိယလွှတ်တော်ထဲမှ ပြည်သူ့ကိုယ်စားလှယ်တွေက တင်းနစ်ကွင်းထဲမှာ အမျိုးသားလွှတ်တော်ကျင်းပပြီး တိုက်ပွဲဆင်ခဲ့ဖူးတယ်။ လွတ်တော်တွင်း လွှတ်တော်ပတိုက်ပွဲပေါင်းစပ်သွားပြီး ဘုရင်က အကြမ်းဖက်ဖိနှိပ်တဲ့အခါ လူထုကြီးတရပ်လုံးက လက်နက်နဲ့ ပြန်လည် ခုခံတွန်းလှန်ပြီး ပဲရစ်တမြို့လုံးနဲ့ ဗာစတီးအကျဉ်းထောင်ကိုပါ သိမ်းပိုက်နိုင်လိုက်တာလည်း ရှိပါတယ်။)


အဲသလိုပဲ လွှတ်တော်ကို နိုင်ငံရေးစကားပြောစင်မြင့်အဖြစ် အသုံးပြုခဲ့တာတွေလည်း ရှိတယ်။ ဗမာပြည်မှာ လွတ်လပ်ရေးခေတ်ဦးက ကွန်မြူနစ်အမတ်တွေ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာပါဝင်ကာ လွှတ်တော်ကို နိုင်ငံရေးစကားပြောစင်မြင့်အဖြစ် အသုံးချခဲ့တာရှိတယ်။ ရုရှားတော်လှန်ရေးမှာ လီနင်တို့ ဘော်ရှီဗစ်တွေက လွှတ်တော်ကိုသပိတ်မှောက်တာလည်း ရှိခဲ့တယ်။ စကားပြောစင်မြင့်အဖြစ် အသုံးချခဲ့တာလည်း တွေ့နိုင်တယ်။ (၁၉ဝ၅-၁၉ဝ၆)


ဆိုလိုတာက တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေ၊ လူထုလှုပ်ရှားမှုအခြေအနေ၊ အုပ်စိုးသူရဲ့အနေအထား စသည်တို့ကိုတွက်ချက်ချိန်ဆပြီးမှ လွှတ်တော်ကို ဘယ်လိုသဘောထားမလဲ၊ လွှတ်တော်တွင်းတိုက်ပွဲအပေါ် ဘယ်လိုသဘောထားမလဲဆိုတာ တွက်ချက်ဆုံးဖြတ်ရတယ်-ဆိုတဲ့အချက်ပါ။


ဒီနေရာမှာ ပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုနဲ့တိုက်ပွဲပုံသဏ္ဌာန်ကို အဆုံးအဖြတ်ပြုသူဟာ အုပ်စိုးသူလူတန်းစားပဲ ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း အလေးအနက်ထားရမှာပါ။ မိမိတို့က ငြိမ်းချမ်းတဲ့နည်းနဲ့၊ ဒါမှမဟုတ် ငြိမ်းချမ်းစွာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ တိုင်းပြည်ရဲ့ပြဿနာတွေကို ဖြေရှင်းလိုစိတ်ဘယ်လောက်ပဲ ရှိနေစေ၊ အုပ်စိုးသူက ဒါကို ခွင့်မပြုဘဲ လက်နက်နဲ့ ဖိနှိပ်မှုပြုလုပ်ရင် မိမိတို့ဆန္ဒသဘောထားအတိုင်း တိုက်ပွဲပုံသဏ္ဌာန်ကိုရွေးချယ်လို့ မရတော့ပါဘူး။


မျက်မှောက် အနေအထားကို ကြည့်ပါ။
တိုင်းပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတာ ဖြစ်စေ၊ အလုပ်သမား၊ လယ်သမားနဲ့လူတန်းစားပေါင်းစုံပြည်သူတွေ မတရားဖိနှပ်ခံနေရတာ စစ်အုပ်စုက စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်ထားလို့ဖြစ်တယ်။ စစ်အုပ်စုဟာ သူတို့ရဲ့ဖိနှိပ်အုပ်ချုပ်မှုကို တရားဝင်အောင် ၂ဝဝ၈ အခြေခံဥပဒေနဲ့အကာအကွယ်ယူထားတယ်။ အဲသလိုအခြေအနေမှာ တိုင်းပြည်ရဲ့အုပ်ချုပ်မှုစနစ်ဟာ ၂ဝဝ၈ အခြေခံဥပဒေအရဖြစ်သလို လွှတ်တော်နဲ့အစိုးရတို့ဆိုတာကလည်း လက်ရှိအနေအထားအရ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေအောက်မှာ ဖြစ်နေတယ်။



ဒါ့အပြင် တိုင်းပြည်ရဲ့အမြင့်ဆုံးအာဏာကိုရယူထားတဲ့ ကာလုံကလည်း ၂ဝဝ၈ အခြေခံဥပဒေနဲ့ပတ်သက်လို့ နည်းနည်းပါးပါးတောင် အတို့အထိမခံတဲ့အနေအထားမျိုးပါ။ ဒါကို လွှတ်တော်တွင်း တိုက်ပွဲဝင်တဲ့နည်းလမ်းတခုတည်းနဲ့ ဘယ်လိုမှ အောင်မြင်အောင် စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ ပုဒ်မ ၄၃၆ ပြင်ရေးနဲ့ပတ်သက်လို့ ပြင်ပလူထု သဘောထားဆန္ဒကောက်ခံရယူပြီး လွှတ်တော်မှာ တင်ပြတာတောင် ပယ်ဖျက်ခံလိုက်ရတဲ့အခြေအနေ ဖြစ်ပါတယ်။ လွှတ်တော်တွင်းမှာ ၂ဝဝ၈ အခြေခံဥပဒေပြင်ရေးရဲ့ အရေးကြီးတဲ့ အောင်မြင်မှုတွေရနိုင်ဖို့ဆိုရင် လွှတ်တော်ပပြည်သူလူထုရဲ့အားနဲ့ လူထုတိုက်ပွဲတွေရဲ့အရှိန်အဟုန်တွေ ရရှိဖို့ မုချလိုပါတယ်။


ပိုရှင်းအောင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီရဲ့ (နှစ် ၂ဝ နိဂုံးချုပ်နဲ့ ရှေ့လုပ်ငန်း)ထဲမှာ အတိအလင်းဖော်ပြခဲ့တာကို ကိုးကားတင်ပြပါရစေ။


(ပါလီမန် လမ်းကြောင်းဖြင့် တစတစ ပြုပြင်ရေး NLD လုပ်မှာကို မိမိတို့ မကန့်ကွက်ပါ။ သို့သော် အောင်မြင်မည်ဟု မထင်ပါ။
NLD က ပါလီမန်ထဲဝင်ပြီး “၂ဝဝ၈ အခြေခံဥပဒေ”ကို ဘယ်ကစပြီး ပြုပြင်ဖို့လုပ်မလဲဆိုတာကို စောင့်ကြည့်ပါမည်။ ပါလီမန် ပြင်ပလမ်းကြောင်းမှနေပြီး အားပေးပါမည်။


ဗကပ သဘောထားကို ရှင်းအောင် တင်ပြပါမည်။
- ပါလီမန်ပလမ်းကြောင်းသည် အဓိကဖြစ်သည်။
- ပါလီမန်လမ်းကြောင်း၏ အရန်မဟုတ်၊ အစွယ်အပွားမဟုတ်ဟု ခံယူသည်။
- ပါလီမန်လမ်းကြောင်းအတွင်းမှ NLD ၏ လုပ်ဆောင်ချက်များကို အပြုသဘောဖြင့်ဝေဖန်သွားမည်။ ကဖျက်ယဖျက် လုပ်မည်မဟုတ်။)


(ပြီး)

0 comments:

Post a Comment