Tuesday, April 12, 2016

လူသားနဲ့ သမိုင်းတန်ဖိုး (လင်းခါး)

0 comments
လူသားနဲ့ သမိုင်းတန်ဖိုး(ရနံ့သစ်-ဝတ္ထုတို-ဇွန်လ 2012)
လင်းခါး
တစ်ညလုံး မိုးလေးဖွဲဖွဲရွာပြီးအေးချမ်းခဲ့သမျှ မနက်မိုးလင်းတော့ သံလမ်းဂိတ်မှာ လူတွေအုံနေတော့တယ်။ လူတစ်ယောက် ရထားကြိတ်ခံထားရတာ နှစ်ပိုင်းပိုင်းနေပြီ။ ဒါပေမယ့် လတ်လတ်ဆတ်ဆတ်ပဲ။ ရွာထားတဲ့မိုးရေနဲ့အတူ သွေးတွေကတော့ အတော်လေးပြန့်နေတာပေါ့။  ကြည့်မကောင်းဘူး။ ဘယ်သူကမှ ဘယ်လိုလုပ်ရကောင်းမလဲ စဉ်းစားနေတာ၊ စဉ်းစားထားတာ မရှိဘူး။ ဒီအတိုင်းပဲ ကြည့ရခဲလို့ ကြည့်နေကြတာပဲ။ ဒီအတိုင်းပဲ လူတစ်ယောက် နှစ်ပိုင်းပြတ်နေတာမမြင်ဘူးလို့ ကြည့်နေကြတာပဲ။ တစ်ချို့က ]အယ် . . .မကြည့်ရဲပါဘူး} ဆိုပြီး လက်ချောင်းတွေကြားက ပြန်ချောင်းတယ်။ တစ်ချို့က ရထားအပြစ် လူသားအပြစ် ခွဲခြမ်း စိတ်ဖြာတယ်။ တစ်ချို့က နှစ်ပိုင်းပြတ်ကိုယ်ပေါ်က စုတ်ပြတ်ဖာထေးညစ်တွနေတဲ့ အဝတ်စတွေကို ကြည့်ပြီး စုံထောက်ဆန်ဆန် ]ဒါ အိမ်ခြေအတည်တကျမရှိသူပဲ ဖြစ်ရမယ်} တွေးတယ်။ တစ်ချို့ကလည်း ]ပလတ်စတစ်ကောက်သူ}၊ ]အရက်သမား}၊ ]ကလေကလွင့်}၊ ]လူသား တစ်ယောက်ပါပဲ} အမျိုးမျိုးပေါ့လေ။ ရှုထောင့်အစုံစုံပေါ့။
ရုပ်ရှင်တွေထဲကလို ရထားအကြိတ်ခံရတဲ့လူရဲ့ ဝိညာဉ်ဟာ သူ့အလောင်းသူ အံ့ဩတကြီး ပြန်ကြည့်နေမလား။ လူက လူငယ်ပဲ ရှိသေးတယ်။ အသက်နှစ်ဆယ်နဲ့ နှစ်ဆယ့်ငါးခြောက်ကြား ထင်ရတာပေါ့။ မြန်မာဗီဒီယိုဇာတ်လမ်းတွေထဲကလိုပဲ အတော်လေး ကြာမှ ဘူတာတာဝန်ရှိသူတွေ၊ ရဲသားတွေ ရောက်လာတယ်။ လူတွေကို အရင်ရှဲရတယ်။ ပြီးတော့ ]ဆေးရုံကိုအကြောင်းကြားဟေ့ လောလောဆယ် ပိုင်ရှင်မဲ့လား ပိုင်ရှင်ရှိလား စုံစမ်းရမယ်} လို့ ဘယ်သူ့ကိုပြောမှန်းမသိဘူး အသံကြားလိုက်တယ်။ ]ပိုင်ရှင်မဲ့ပဲ ဖြစ်မှာပါ} တဲ့။ နောက်ထပ်ပြောသံကြားသေးတယ်။ ဘယ်အချိန်လောက်ကဖြစ်မလဲ။ ဘာညာပေါ့။ ဓါတ်ပုံတွေ လည်း ရိုက်ကြသေးတယ်။ ဘူတာက လူတွေက နည်းနည်းတွေးတွေးဆဆတော့ ဖြစ်နေကြပုံပဲ။
ဆေးရုံက လူတွေရောက်လာတယ်။ အများကြီးတော့လည်း မဟုတ်ပါဘူး။ သုံးယောက်ပါပဲ။ အလောင်း ကောက်မယ့်လူက စောစောစီးစီး ရီရီဝေဝေ တည်တည်ငြိမ်ငြိမ်ပဲ။ လက်အိတ် သေချာစွပ်ပြီး ဆာလာအိတ်ထဲ တစ်စချင်း ကောက်ထည့်တယ်။ ပထမဆုံးအကြိမ် မဟုတ်တဲ့ စစ်သားတစ်ယောက်လိုပဲ။ အကြောက်အရွံ့ကင်း၊ မေးခွန်းမထုတ်၊ တွေဝေမှုမရှိ။ ထုပ်ပိုးပြီးသွားတော့ ဆေးရုံကားတွေ ဘာတွေရောက်လာပြီး တင်သွားမယ်မှတ်တာ မဟုတ်ဘူး။ လက်တွန်းလှည်းပေါ်တင် တွန်းသွားတယ်။ နောက်ကနေ လိုက်ကြည့်တဲ့သူကလည်း လိုက်ကြည့် ကြတာပေါ့။
ဘယ်အချိန်က ဘယ်လိုဖြစ်ရတာလဲ တွေးတဲ့သူလည်း တွေးမယ်၊ မတွေးတဲ့သူလည်း ရှိမှာပဲ။ ကံဆိုးလိုက်တာနော်လို့ တွေးတဲ့သူ ရှိချင်လည်းရှိမယ်။ ကမ္ဘာထဲက လူသားတစ်ယောက် ဆိုပေမယ့် ဘယ်သူနဲ့မှ မဆိုင်တဲ့ လူသားတစ်ယောက်ဖြစ်ပုံရပါတယ်။
Ò Ò Ò
ဒီလူ သူသေတာမှ သူသိလိုက်ပါ့မလား၊ ရထားအကြိတ်ခံရစဉ်က အော်ချိန်ရော ရလိုက်ရဲ့လား မသိဘူး။ ရတော့ရမှာပေါ့။ ရထားအကြိတ်ခံရတိုင်း တန်းသေကြတာချည်းပဲတော့ မဟုတ်ပါဘူး။ အော်လည်း ရထားအသံနဲ့ဆိုတော့ ဘယ်သူမှ ကြားမှာမဟုတ်ဘူး။ သူရဲ့ အသက်လုအော်သံက ဆူညံနေတဲ့ သံလမ်းနဲ့ဘီးပွတ်တိုက်သံတွေ၊ တွဲတွဲချင်း ရိုက်သံတွေ၊ မူလီချောင်နေတဲ့ ရထားပေါ်က ခုံတွေလှုပ်သံ အစစအရာရာ အသံနဲ့ ပျောက်သွားမှာပဲ။ သူ့ဘာသာသူ အသက်ပဲလုလု၊ အရှက်ပဲလုလု ဘာကိုပဲလုလု ရထားက သူ့အလုပ်သူလုပ်၊ သူ့အသံသူထွက်နေမှာပဲ။
သေတဲ့လူဟာ မူးနေမယ်။ တစ်ညလုံး မိုးဖွဲဖွဲလေးရွာနေပြီး လူတွေ ကိုယ့်ဘဝ အဆင့်အတန်း၊ ကိုယ့်လူနေမှုနဲ့ကိုယ် အေးချမ်းအောင်နေနေရမယ့်အချိန် ရထားလမ်းပေါ် အိပ်ရအောင် မူးနေတာပဲဖြစ်ရမယ်။ မူးနေတာလည်း ဟုတ်ချင်မှဟုတ်မှာပေါ့။ ရုပ်ရှင်ထဲက အဖြစ်အပျက်ထိုင်ကြည့်ပြီးပြောတာဆိုရင်တောင် အဲဒီအခန်း ဒါရိုက်တာထည့်ရိုက်မှ သိရမယ့်ကိစ္စ။ မူးနေတယ်ပဲ ဆိုပါစို့။ ပြီးတော့ ရထားလမ်းပေါ် လှဲချလိုက်မယ်။ ပစ်လဲသွားပြီး အဲဒီအချိန် ကတည်းက သံလမ်းနဲ့ခေါင်းနဲ့ရိုက်မိပြီး သေနေတာလည်း ဖြစ်နိုင်တာပဲ။ လှဲချလိုက်တယ်ပဲ ထားပါတော့။ ကောင်းကင်ကို မြင်ရမယ် ကောင်းကင်မှာက ကြယ်လည်းမြင်ရလိမ့်မယ်မထင်ဘူး။ မိုးကရွာနေတာဆိုတော့ မှောင်မှောင်မည်းမည်းကြီးထဲက မိုးစက်တွေ ကိုယ့်ဆီ ဆင်းဆင်း လာတာကိုမြင်ရမယ်။ ရာသီဥတုကလည်းအေး ညကလည်းမှောင် လူကလည်း လှဲရက်ဆိုတော့ ဘာမှ အခြားမတွေးရဘဲ အိပ်ပျော်သွားမယ်။ တွေးရင်လည်း ခဏပဲ။ ကြာကြာ တွေးခွင့်ရမယ့် ကာလဒေသမဟုတ်ဘူး။ တွေးရင်ကော ဒီလူ ဘာတွေတွေးမလဲ။ အိပ်ပျော်တယ်ပဲ ထားပါတော့။ အိပ်ပျော်နေတုန်း ရထားကလာ သံလမ်းပေါ်အိပ်နေတာဆိုတော့ ရထားနီးလာရင်တော့ သိမှာပဲ။ မူးနေရင်တော့ ရထားမကလို့ လေယာဉ်တွေ ငရဲတွေလာတောင် မသိတော့ဘူး။ ရထားကလာ တစ်ခါတည်းကိစ္စပြတ်။ အခုမနက်မှာ အခုလိုတွေ ဆူဆူညံညံရဲသားတွေ၊ လူတွေ၊ ရှုပ်ရှုပ် ယှက်ယှက်ဖြစ်လာမယ့် ကိစ္စတွေဟာ ကိစ္စပြတ်တာရဲ့ နောက်ဆက်တွဲဂယက်တွေပေါ့။
Ò Ò Ò
မျှော်လင့်မထားဘဲ သတင်းတစ်ခု ရှင်းရှင်းကြီး ကြားသိလိုက်တယ်။ ဘူတာတာဝန်ရှိ သူတွေဆီကပေါ့။ အဲဒီညက ဒီဘူတာမတိုင်ခင် တောင်ဘက် နှစ်ဘူတာကြားမှာ မိုးရေကြောင့် သံလမ်းချော်နေတယ် အဲဒီညက ဒီလမ်းပေါ်ကို မြောက်ဘက်ကဖြစ်ဖြစ် တောင်ဘက်ကဖြစ်ဖြစ် ဘယ်ဘူတာက ဘယ်ရထားမှ မလာဘူးတဲ့။ အဲဒီဘက်မှာက မိုးအရမ်းကြီးတယ်တဲ့။
အဲဒီမှာ အစောပိုင်းက လူသေအလောင်းလာရှုကြသူတွေ တွေးစရာအသစ်ရလာတာပဲ။ ဒါဆို ဒီလူငယ်အလောင်းဟာ အရင်ရက်ကတည်းက အကြိတ်ခံထားလိုက်ရတာလား။ မဖြစ်နိုင်ဘူး လူတွေသွားလာလှုပ်ရှားနေတဲ့ နေရာမျိုးပဲ။ နောက်ပြီး အလောင်းကလည်း လတ်လတ်ဆတ်ဆတ်။ ဒါဆိုရထားမကြိတ်ဘဲ ဘာအကြိတ်ခံရတာလဲ။ ရထားလမ်းပေါ်တော့ တခြားဘာမှမောင်းလို့လည်း မရဘူး။ ဘယ်လိုဖြစ်တာတုန်းဟ ဒါကပေါ့လေ။ တစ်ခါတလေ မြင်ရတတ်တဲ့၊ ဟို ရထား လမ်းပေါ်မောင်းတတ်တဲ့ ရထားအသေးစားလေးတွေလား နှစ်ယောက်သုံးယောက်ပဲ စီးရတဲ့ ဟာမျိုးလေးလေ။ ဒါလည်း လူတစ်ယောက်ခုလို နှစ်ပိုင်းပြတ်သွားရအောင်တော့ မဖြစ်နိုင်ဘူး။ နောက်ပြီး အဲဒါလေးတွေက တိုက်လည်းသိမှာပဲဥစ္စာ။ အခုက မနက်ကျမှ လူတိုင်းသိကြတာ။ ဒါဆို ဒီအလောင်းကို အစောကတည်းက ဓါးနဲ့ခုတ်ပိုင်းထစ်ပြီး ရထားလမ်းပေါ် ရထားအတိုက်ခံ ရသလို ဖြစ်အောင် လာစီစဉ်ထားတာလား။
ဒီလိုဆိုရင်တော့ ဒီအမှုကို ရဲတွေဆက်လိုက်ကြမှာပဲ။ ပြောသာပြောရတယ်။ အလောင်းက တကယ့်ကို ရထားကြိတ်လို့ပြတ်တဲ့ဒဏ်ရာမျိုးတွေပါတဲ့။ ဘူတာနောက်ဆက်တွဲ သတင်းအရ သိရတယ်။ ဟာ ဒါဆိုရင်တော့ ထူးဆန်းပြီ။ ဒီသတင်းကတော့ မှုခင်းဂျာနယ် မျက်နှာဖုံးသတင်းတွေ ဖြစ်တော့မှာပေါ့။
Ò Ò Ò
တစ်ကယ်ပဲ နောက်တစ်နေ့မှာ (_____)မြို့ဘူတာအနီး မည်သည့်ရထားမှ မဖြတ်သန်းဘဲ လူတစ်ဦး ရထားအကြိတ်ခံရပြီး သေဆုံးနေခြင်းဆိုတဲ့သတင်းကြီးပါလာတယ်။ သတင်းအသေးစိတ်ကတော့ အစုံပေါ့။ သတင်းထောက်တွေရဲ့ ထင်မြင်ချက်ကလည်း အစုံပဲ။ ဘူတာတာဝန်ရှိသူတွေကိုလည်း သတင်းထောက်တွေ တစ်ဦးပြီး တစ်ဦးလာမေးကြတယ်။ အစကတော့ ဘူတာကလူတွေက ဂျာနယ်ထဲ အင်တာဗျူးကို ကိုယ့်ဓါတ်ပုံနဲ့ပါမှာ ဆိုတော့ လိုလိုချင်ချင် ဖြေကြတယ်။ သတင်းထောက်တွေကလည်းများလာ ဖြေရတာလည်း ဒါချည်းပဲဆိုတော့ နည်းနည်း စိတ်ညစ်လာတယ်။
ရဲတွေလည်း ခေါင်းတောက်နေကြပြီ။ ဘာမှ အစအနလည်း လိုက်လို့မရဘူး။ ဆေးရုံနဲ့ဘူတာက လူတွေရဲ့ အလောင်းကိုစစ်ဆေးပြီး အတည်ပြုချက်အရ သေချာတယ် ဒါ ရထားကြိတ်ခံရတာပဲတဲ့။ ရထားမလာဘဲ ရထားအကြိတ်ခံရတယ်ဆိုတော့ ဘာဆက်လုပ်ရမှန်း မသိအောင်ကို ဖြစ်နေတာပေါ့။ တဖြည်းဖြည်း ဒီသတင်းက ကြီးလာတော့ မှုခင်းဂျာနယ်တွေ တင်မကဘဲ အနုပညာဂျာနယ်တွေ၊ နိုင်ငံရေးသတင်းဂျာနယ်တွေ၊ ဖက်ရှင်ဂျာနယ်တွေကပါ သတင်းထောက်တွေ လွှတ်ပြီး သတင်းတွေ ယူကြတယ်။ အလောင်းကတော့ ရက်ကြာကြာ မထားနိုင်ဘူးလေ။ သဂြိုလ်ပြီးပေါ့။ ဒီအလောင်းနဲ့ ပတ်သက်ပြီး လူပျောက်ရှာတွေ ဘာတွေလည်း မရှိဆိုတော့ သဂြိုလ်တာအပြင် ဘယ်သူမှလည်း ဆေးရည်စိမ်နေမှာ မဟုတ်ဘူး။
အခင်းဖြစ်တဲ့နေ့က အလောင်းကို ကိုယ်တိုင်သွားကြည့်သူတွေကတော့ လက်ဖက်ရည် ဆိုင်၊ အရက်ဆိုင်တွေမှာ နေရာကောင်းကောင်းယူပြီး ဝေဝေဆာဆာ ပြောနေကြပြီ။ ဘာလို့ဆို သူတို့က တပ်အပ်မြင်ခဲ့တာလေ။ ရှင်းရှင်းကြီးတွေ့ခဲ့တာလေ။ ရထားအကြိတ်ခံရတာမှ ရထားအကြိတ်ခံရတာ စစ်စစ်ပဲ။ သူတို့က သူတို့ မြင်ခဲ့ရတဲ့ အနေအထားကို အတိအကျ ပြန်ပြောပြကြတယ်။ ပိုတာတွေလည်း ပါတာပေါ့။ တစ်ချို့က အလောင်းရဲ့ မျက်နှာဟာ နာကျင်လွန်းလို့ အံတောင်ကြိတ်ထားတယ်ဆိုပဲ။
Ò Ò Ò
သုံးပတ်လောက်ကြာပြီး တစ်နေ့မှာ ဂျာနယ်တစ်ခုက ဒီလိုဖော်ပြလာတယ်။ ဒီအလောင်းဟာ ရထားအကြိတ်ခံရတာမှန်ကြောင်း ဒါပေမယ့် အဲဒီဘူတာနေရာမှာ မဟုတ်ကြောင်း။ အခင်းဖြစ်ဘူတာနဲ့ မိုင်(၈၀)လောက်ဝေးတဲ့ ဘူတာမှာဖြစ်နိုင်ကြောင်း ၎င်းဘူတာမှာ ၎င်းအခင်းဖြစ်ညက တစ်စင်းတည်းသော ရထားဖြတ်ကြောင်း အဲဒီရထားဟာလည်း ရှေ့ဆက်သွားဖို့ မြောက်ဘက်ပိုင်းမှာ ရထားလမ်းချော်နေခဲ့တာကြောင့် ရောက်ရာဘူတာမှာပဲ တစ်ည အိပ်လိုက်ရကြောင်း။ အဲဒီဘူတာမှာ အဲဒီရထားကြိတ်သွားအောင်လို့ သေသေချာချာ အကွက်ဆင်လုပ်ထားပြီး မိုင်(၈၀)အကွာကို ကားနဲ့တင် အခင်းဖြစ်ဘူတာမှာ ချထားသွားခြင်း ဖြစ်နိုင်ကြောင်း သေသူဟာ မသေခင် ကြိုးနဲ့အတုပ်ခံထားရနိုင်ကြောင်း။ လူသတ်မှုစစ်စစ် ဖြစ်ကြောင်း၊ စသည်ဖြင့် စသည်ဖြင့် ရန်ငြိုးရန်စတွေ၊ ရထားလမ်းကို တမင်ဖျက်ထားတာတွေ ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်လာတယ်။
အထင်တွေနဲ့ဖော်ပြတဲ့ ဂျာနယ်လည်း အဲဒီသတင်းပါတဲ့ အပတ်မှာတော့ အတော်လေး ရောင်းလိုက်ရတယ်။ နောက်အပတ်တော့ မဆင်မခြင်ဖော်ပြမှုနဲ့ နှစ်ပတ်အပိတ်ခံလိုက်ရတယ်။ ဒါပေမယ့် လူတွေကတော့ အဲဒီဂျာနယ်ရဲ့ ရေးသားချက်ဟာ ဖြစ်နိုင်ကြောင်း၊ သေသူဟာ ဒီမြို့ကမဟုတ်နိုင်ကြောင်း ပြောစရာဆက်ဖြစ်လာတယ်။ ဒီမြို့မှာ ဒီလူကို မမြင်ဖူးဘူး ဘာညာပေါ့လေ။ တကယ်တော့ အလောင်းကို သူတို့ သေချာမြင်လိုက်ရဲ့လားတောင် မသိပါဘူး။ ဘယ်သူကမှတော့ တိကျတဲ့ အဖြေကိုမရနိုင်ကြသေးဘူးပေါ့လေ။ အမှန်တကယ်ဖြစ်ခဲ့တာနဲ့ နီးစပ်ရဲ့လား၊ တလွဲကြီးလားဆိုတာတော့ သေသူက ထရှင်းမှပဲ သိနိုင်တော့မယ့်အချိန်ထိ ထင်မြင်ချက်တွေက များပြားလာတယ်။ စုံထောက်ဝတ္ထုရေးဆရာတွေတောင် ဇာတ်လမ်းဖန်တီးပြီး ရေးလာကြတယ်။ ဒီအဖြစ်အပျက်ကို ကျောရိုးထားပြီးတော့ပေါ့လေ။ တစ်ချို့ ဝတ္ထုလေးတွေများ အတော်ဖတ်ကောင်းတယ်၊ ဆွဲဆောင်မှုလည်းရှိကြတယ်။
သူတို့ရေးထားတဲ့ ဇာတ်လမ်းကတောင် ပိုပြီး လျှို့ဝှက်နက်နဲနေသေးတယ်။ ပိုပြီး လျှို့ဝှက်သည်းဖို ဖြစ်နေသေးတယ်။ ဝတ္ထုတစ်ပုဒ်မှာများဆို သေသူဟာ ဒုစရိုက်ခေါင်းဆောင် အဘိုးကြီးတဲ့။ သူ့ကြောင့်ဘဝပျက်သွားတဲ့ မိန်းမချောလေးရဲ့ အကွက်ကျကျ ဖန်တီးလုပ်ကြံ သွားခြင်းတဲ့။ တယ်လည်းလာတဲ့ဇာတ်လမ်းပါ။ အပြင်မှာတော့ သေသူက လူငယ်လေးတစ်ယောက် ဆိုတာတောင် ဝတ္ထုရေးဆရာ သိပုံမရဘူး။
Ò Ò Ò
ကိစ္စပြတ်ပြီး လေးငါးလအကြာမှာတော့ ဘာဆိုဘာမှ မဟုတ်တော့ပါဘူး။ လူတွေရဲ့စိတ်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေမှန် အဖြစ်မှန်ကို သိချင်ကြပေမယ့် မဖြစ်မနေမဟုတ်တော့ဘူး၊ အရေးတကြီးလည်း မဟုတ်တော့ဘူး။ အဲဒီကိစ္စမတိုင်မီက လူတွေရဲ့ နေ့စဉ် လုပ်ဆောင်ပုံတွေ၊ ဖြတ်သန်းသွားလာပုံမျိုးတွေပဲ ဖြစ်သွားတယ်။ လူတိုင်းမှာ ခက်ခဲကျပ်တည်းတဲ့ လူမှုဘဝတွေ ရှိနေကြသေးတယ်မဟုတ်လား။ ပြောရရင် အဲဒီအဖြစ်အပျက် က လူတွေကို အကြာကြီးဆွဲဆောင်မထားနိုင်ဘူး။ ဒီကိစ္စမျိုးက လူသားဘဝကို အပြောင်းလဲကြီး ပြောင်းလဲသွားနိုင်တဲ့ နယူတန်၊ အိုင်းစတိုင်း၊ ကိုလံဘတ်တို့လို ရှာဖွေတွေ့ရှိမှုမျိုးလည်း မဟုတ်ဘူး။ စက်မှုတော်လှန်ရေးလည်းမဟုတ်၊ စံပယ်တော်လှန်ရေးလည်း မဟုတ်တော့ ဒါမျိုးရှိခဲ့တယ် ဆိုတာတောင် သံသယဝင်လောက်အောင် အခြေအနေက အရမ်းအေးခဲသွားကြပြီ။ ဥပေက္ခာပြုနိုင် သွားကြပြီ။
ရဲသားတွေအတွက်လည်း ဒီလို၊ ဘူတာဝန်ထမ်းတွေအတွက်လည်း ဒီလိုပဲ။ အချိန်က အရာရာကို ကုစားသွားကြပြီ။ ဝတ္ထုရေးဆရာတွေကမှ အတွေးတစ်ခု ဇာတ်လမ်းတစ်ခု ဖန်တီးဖြစ်သွားကြသေးတယ်။ ဒါလည်း ဒီလောက်နဲ့ရပ်တယ်။ ဝတ္ထုရေးတယ်၊ စာမူခ ရတယ်၊ ပြီးသွားပဲ။ (လုံးဝ)ဘာဆိုဘာမှ မဟုတ်တော့ဘူး။
Ò Ò Ò
ကျွန်တော်လည် အခုအချိန်ကျမှတော့ ဝတ္ထုရေးဆရာတွေဖန်တီးသလို ဇာတ်လမ်းကို ဖန်တီးမနေချင်ပါဘူး။ ကျွန်တော်လည်း အဖြစ်အမှန်ကို မသိဘူး။ မသိတဲ့အပြင် တွေးလို့ကို မရတာပိုသေးတယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မလဲဗျာ။ ရထားလည်းမလာဘဲနဲ့ ရထားအကြိတ်ခံရ တယ်လို့။ ဒါပေမယ့် ဖြစ်ပြီးသွားခဲ့ပြီ။ ဘယ်သူမှလည်း မသိ၊ ဘယ်သူမှလည်း တွေးလို့မရ။ လူတွေကလည်း သူတို့ဘာသာ ဇာတ်လမ်းအမျိုးမျိုးဖန်တီးခဲ့ပြီးကြပြီ။ ဒီတော့ ကျွန်တော်က အသစ်ဖန်တီးမနေတော့ဘူး။ ဖန်တီးလို့လည်း ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။ ဒါက ဘာမှမဟုတ်တော့တာကိုး။ ကြာလည်းကြာခဲ့ပြီကိုး။ အဲတော့ ဒီအတိုင်းပဲထားလိုက်တော့တယ်။ဒီဇာတ်လမ်းကို ခင်ဗျားတို့က မသိသေးဘူးဆိုရင်တော့ ခင်ဗျားတို့ဘာသာ ဆက်စပ်တွေး ကြည့်ပေါ့။ အချက်အလက်တွေ ကျွန်တော်ပေးထားတာပဲ။ ဒါလည်း ခဏပါ။ ကြာရင် ခင်ဗျားတို့လည်း မေ့သွားမှာပါ။ လူသားတစ်ယောက်အကြောင်း လူသားတွေ အကြာကြီး တွေးမနေနိုင်ပါဘူးဗျာ။ ။
လင်းခါး
ရနံ့သစ်မဂ္ဂဇင်း
ဇွန်လ ၂၀၁၂

0 comments:

Post a Comment